မယုံကြည်တဲ့ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
“ဆွေမျိုးသားချင်းတွေရှိရာ အိမ်ကိုပြန်ပြီး ခင်ဗျားအတွက် ယေဟောဝါဘုရား လုပ်ပေးခဲ့တာတွေ၊ ကရုဏာပြခဲ့တာတွေကို ပြောပြပါ” ဆိုပြီး နောက်လိုက် ဖြစ်ချင်သူ တစ်ယောက်ကို ယေရှု ပြောခဲ့တယ်။ ဒီစကားကို ဂါလိလဲအိုင်ရဲ့ အရှေ့တောင်ဘက် ဂါဒရပြည်မှာ ပြောခဲ့တာ ဖြစ်နိုင်တယ်။ လူ့သဘာဝအရ စိတ်ဝင်စားစရာတွေ၊ အရေးကြီးကိစ္စတွေအကြောင်း မိသားစုဝင်တွေကို ပြောပြချင်မှန်း ယေရှု သဘောပေါက်တယ်။—မာ. ၅:၁၉။
အခုချိန်လည်း ဒီသဘောထားကို တွေ့နေရပါတယ်။ ယဉ်ကျေးမှု တချို့မှာ ပိုသိသာထင်ရှားတယ်။ လူတစ်ယောက်ဟာ စစ်မှန်တဲ့ဘုရား ယေဟောဝါကို ဝတ်ပြုကိုးကွယ်လာတဲ့အခါ သင်ယူသိရှိရတာတွေအကြောင်း ဆွေမျိုးသားချင်းကို ပြောပြချင်မှာပဲ။ ဒါပေမဲ့ ဘယ်လို ပြောပြမလဲ။ ဘာသာရေး နောက်ခံ မတူသူ၊ ဘာသာတရားမဲ့သူ ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိအောင် ဘယ်လို လုပ်နိုင်မလဲ။ သိပ်ကောင်းပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ကျမ်းစာမှာ တွေ့ရပါတယ်။
“ငါတို့ မေရှိယကို တွေ့ပြီ”
ပထမရာစုတုန်းက ယေရှုကို မေရှိယဆိုပြီး ဦးဆုံး လက်ခံယုံကြည်သူတွေ ထဲမှာ အန္ဒြေပါတယ်။ ဘယ်သူ့ကို သူ အရင်ဆုံး ပြောပြခဲ့သလဲ။ “သူ (အန္ဒြေ) က အစ်ကိုရှိမုန်ကို အရင်ဆုံးရှာပြီး ‘ငါတို့ မေရှိယကို တွေ့ပြီ’ လို့ပြောတယ်။ (မေရှိယဆိုတာ ‘ခရစ်တော်’ ကို ဆိုလိုတယ်။)” အန္ဒြေက ပေတရုကို ယေရှုဆီ ခေါ်လာတော့ ယေရှုရဲ့ နောက်လိုက်ဖြစ်ဖို့ ပေတရုအတွက် အခွင့်အရေး ရသွားတယ်။—ယော. ၁:၃၅-၄၂။
ခြောက်နှစ်ကြာပြီးနောက်မှာ ပေတရုဟာ ယုပ္ပေမြို့မှာရှိနေတုန်း တပ်မှူးကော်နေလိဆီ လည်ပတ်ဖို့ ဖိတ်ခေါ်ခံရလို့ မြောက်ဘက် ကဲသရိမြို့ကို တက်သွားတယ်။ ကော်နေလိအိမ်မှာ ဘယ်သူတွေကို ပေတရု တွေ့ခဲ့ရသလဲ။ “ကော်နေလိက ဆွေမျိုးသားချင်းတွေ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ခေါ်ဖိတ်ထားပြီး သူတို့ (ပေတရုနဲ့ အပေါင်းအပါတွေ) ကို စောင့်မျှော်နေတယ်။” ကော်နေလိ ဒီလိုခေါ်ဖိတ်ထားတော့ ဆွေမျိုးတွေဟာ ပေတရုရဲ့ စကားနားထောင်ဖို့၊ ကြားသိခဲ့ရာတွေအပေါ် ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေး ရသွားတယ်။—တ. ၁၀:၂၂-၃၃။
ဆွေမျိုးတွေကို အန္ဒြေနဲ့ ကော်နေလိ ဆက်ဆံပုံကနေ ဘာသိရသလဲ။
အန္ဒြေနဲ့ ကော်နေလိဟာ ဒီအတိုင်းမထားလိုက်ဘူး။ အန္ဒြေက ပေတရုကို ယေရှုအကြောင်း ပြောပြတယ်။ ကော်နေလိကလည်း ပေတရုရဲ့ စကားကို ဆွေမျိုးတွေ နားထောင်နိုင်အောင် စီစဉ်တယ်။ ဒါပေမဲ့ ဆွေမျိုးတွေကို ဖိအားပေးတာ၊ ခရစ်တော် နောက်လိုက်ဖြစ်လာဖို့ မသိမသာ သွေးဆောင်တာမျိုး မလုပ်ခဲ့ဘူး။ ဒီကနေ ဘာသင်ယူရသလဲ။ အဲဒီအတိုင်း လုပ်ဆောင်ဖို့ပါပဲ။ ဆွေမျိုးတွေကို ကျမ်းစာ အမှန်တရားအကြောင်း ပြောပြဖို့၊ ယုံကြည်သူတွေနဲ့ မိတ်ဆက်ပေးဖို့ အခွင့်အရေးတွေ ရှာနိုင်တယ်။ တစ်ဖက်မှာ သူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ဖိအားပေးပြီး နေရခက်အောင် လုပ်မှာ မဟုတ်ပါဘူး။ ဥပမာ၊ ဂျာမနီနိုင်ငံက ယော်ဂန်နဲ့ ပက်ထရာတို့ ဇနီးမောင်နှံကို ကြည့်ရအောင်။
ပက်ထရာက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာဖတ်ပြီး၊ နောက်ပိုင်းမှာ နှစ်ခြင်းခံခဲ့တယ်။ ခင်ပွန်းဖြစ်သူ ယော်ဂန်ဟာ စစ်တပ်က အရာရှိတစ်ယောက်ဖြစ်ပြီး အစပိုင်းမှာ ဇနီးရဲ့ ဆုံးဖြတ်ချက်ကို မကြိုက်ခဲ့ဘူး။ နောက်တော့ ယေဟောဝါသက်သေတွေဟာ ကျမ်းစာအမှန်တရားကို သင်ပေးနေတယ်ဆိုတာ နားလည်လာတယ်။ ဒီလိုနဲ့ ယော်ဂန်လည်း ယေဟောဝါဆီ ဆက်ကပ်အပ်နှံခဲ့ပြီး အခုဆိုရင် အသင်းတော်မှာ အကြီးအကဲတစ်ယောက် ဖြစ်နေပြီ။ မယုံကြည်သူ ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေနိုင်ပုံ နဲ့ပတ်သက်ပြီး သူဘာအကြံ ပေးသလဲ။
ယော်ဂန် ဒီလိုပြောတယ်- “ဆွေမျိုးတွေကို ဖိအားမပေးသင့်ဘူး။ ကျမ်းစာအကြောင်းတွေချည်းပဲ တစ်ချိန်လုံး ပြောမနေသင့်ဘူး။ ဒီလိုလုပ်တာက သူတို့ကို အမှန်တရားနဲ့ ပိုတောင် ဝေးသွားစေနိုင်တယ်။ မကြာမကြာ နည်းနည်းစီ ပြောပြတာက ရေရှည်အတွက် အကောင်းဆုံးပါပဲ။ ဆွေမျိုးတွေကို အသက်အရွယ်တူ၊ ဝါသနာတူတဲ့ ညီအစ်ကို/မတွေနဲ့ မိတ်ဆက်ပေးတာကလည်း အကျိုးရှိပါတယ်။ အဲဒီလိုလုပ်ရင် အချင်းချင်း ရင်းနှီးလာမယ်။”
တမန်တော် ပေတရုရော ကော်နေလိရဲ့ ဆွေမျိုးတွေပါ ကျမ်းစာသတင်းစကားကို ချက်ချင်း လက်ခံခဲ့တယ်။ ပထမရာစုက တချို့သူတွေကျတော့ အမှန်တရားကို လက်ခံဖို့ အချိန်ပိုကြာခဲ့တယ်။
ယေရှုရဲ့ ညီအစ်ကိုတွေကော
ယေရှုရဲ့ အမှုဆောင်ချိန်အတွင်းမှာ ဆွေမျိုးအတော်များများက သူ့ကိုယုံကြည်ကြောင်း တင်ပြခဲ့တယ်။ ဥပမာ၊ တမန်တော်ယာကုပ်နဲ့ ယောဟန်တို့ဟာ ယေရှုရဲ့ ဝမ်းကွဲတွေ ဖြစ်ပုံရတယ်။ သူတို့ရဲ့ မိခင်ရှာလုံကလည်း ယေရှုရဲ့ အဒေါ် ဖြစ်နိုင်တယ်။ “ကိုယ့်ပစ္စည်းဥစ္စာတွေ သုံးပြီး ယေရှုနဲ့ တမန်တော်တွေကို အလုပ်အကျွေးပြုဖို့ လိုက်ပါလာကြ” တဲ့ အမျိုးသမီးတွေထဲမှာ ရှာလုံလည်း ပါနိုင်တယ်။—လု. ၈:၁-၃။
ယေရှုရဲ့ မိသားစုဝင်တချို့ကတော့ သူ့ကို ချက်ချင်း မယုံကြည်ခဲ့ကြဘူး။ ဥပမာ၊ ယေရှု နှစ်ခြင်းခံပြီးလို့ တစ်နှစ်အကြာမှာ ယေရှုရဲ့ စကားကို နားထောင်ဖို့ လူတွေစုဝေးတဲ့ “အကြောင်းကို ကြားတဲ့အခါ ယေရှုရဲ့ဆွေမျိုးတွေက ‘သူ စိတ်ဖောက်ပြန်သွားပြီ’ ဆိုပြီး ဖမ်းခေါ်ဖို့ လာကြတယ်။” ယေရှုရဲ့ ညီတွေက ခရီးစဉ်အကြောင်း မေးတဲ့အခါမှာလည်း ယေရှု တိတိကျကျ မဖြေခဲ့ဘူး။ အကြောင်းကတော့ “ယေရှုကို သူတို့ ယုံကြည်သက်ဝင်မှု မရှိကြ” လို့ပဲ။—မာ. ၃:၂၁။ ယော. ၇:၅။
ဆွေမျိုးတွေကို ယေရှု ဆက်ဆံပုံကနေ ဘာသင်ယူရသလဲ။ ရူးသွားပြီဆိုပြီး ဆွေမျိုးတွေ ကဲ့ရဲ့တဲ့အခါ ယေရှု စိတ်မဆိုးခဲ့ဘူး။ ယေရှု အသတ်ခံရပြီးနောက် ရှင်ပြန်ထမြောက်လာတဲ့အခါ ညီဖြစ်သူ ယာကုပ်ဆီ ကိုယ်ထင်ပြပြီး ဆွေမျိုးတွေကို အားပေးစကား ပြောခဲ့တယ်။ အဲဒီလို ကိုယ်ထင်ပြခဲ့လို့ ယေရှုဟာ တကယ်ပဲ မေရှိယဖြစ်မှန်း ယာကုပ်နဲ့ တခြားညီတွေ ယုံကြည်သွားကြတယ်။ ဒီလိုနဲ့ သူတို့ဟာ ဂျေရုဆလင်ရဲ့ အထက်ခန်းမှာ တခြား တမန်တော်တွေနဲ့အတူ သန့်ရှင်းတဲ့ စွမ်းအားတော် ရရှိခဲ့ကြတယ်။ နောက်ပိုင်း ယာကုပ်နဲ့ ယေရှုရဲ့ ညီ နောက်တစ်ယောက်ဖြစ်တဲ့ ယုဒတို့ဟာ အခွင့်ထူးတွေ ရခဲ့တယ်။—တ. ၁:၁၂-၁၄။ ၂:၁-၄။ ၁ ကော. ၁၅:၇။
တချို့တွေက အချိန် ပိုလိုအပ်
ပထမရာစုမှာလိုပဲ အခုချိန်မှာလည်း ဆွေမျိုးတချို့ အသက်လမ်းပေါ်ရောက်ဖို့ အချိန် ပိုလိုအပ်နိုင်တယ်။ ရိုစ်ဝီတာရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသက်သေအဖြစ် သူ့ ခင်ပွန်း နှစ်ခြင်းခံခဲ့တဲ့ ၁၉၇၈ ခုနှစ်တုန်းက ရိုစ်ဝီတာဟာ ထက်သန်တက်ကြွတဲ့ ရိုမန်ကက်သလစ် တစ်ယောက်ပါ။ ရိုစ်ဝီတာဟာ သူ့ယုံကြည်ချက်ကို အမှန်လို့ထင်ပြီး ခင်ပွန်းကို ဆန့်ကျင်ခဲ့တယ်။ နှစ်တွေကြာလာတော့ ဆန့်ကျင်တာတွေ လျော့နည်းလာပြီး သက်သေခံတွေဟာ အမှန်တရား သွန်သင်ပေးနေမှန်း သိလာတယ်။ ၂၀၀၃ ခုနှစ်မှာ ရိုစ်ဝီတာ နှစ်ခြင်းခံခဲ့တယ်။ ဘာကြောင့် ဒီလို ပြောင်းလဲသွားတာလဲ။ ရိုစ်ဝီတာဆန့်ကျင်တဲ့အခါ ခင်ပွန်းက စိတ်ဆိုးမယ့်အစား သူ့အမြင်ကို ပြောင်းလဲဖို့ အခွင့်အရေးပေးခဲ့တယ်။ ရိုစ်ဝီတာ အခုလို အကြံပေးတယ်- “စိတ်ရှည်ပြီးရင်း စိတ်ရှည်တာဟာ အကျိုးတွေ ဖြစ်ထွန်းစေပါတယ်။”
မော်နီကာဟာ ၁၉၇၄ ခုနှစ်မှာ နှစ်ခြင်းခံခဲ့ပြီး သားနှစ်ယောက်ကတော့ ဆယ်နှစ်အကြာမှာ သက်သေခံတွေ ဖြစ်လာတယ်။ ခင်ပွန်းဖြစ်သူ ဟန့်စ်က သူတို့ကို တစ်ခါမှ မဆန့်ကျင်ခဲ့ပေမဲ့ ၂၀၀၆ ခုနှစ်ကျမှ နှစ်ခြင်းခံခဲ့တယ်။ နောက်ကြောင်းပြန်ကြည့်တဲ့အခါ ဒီမိသားစု ဘာအကြံပေးသလဲ။ “ယေဟောဝါကို ဆက်သစ္စာရှိပါ။ ကိုယ့်ယုံကြည်ချက်နဲ့ ပတ်သက်လာရင် အလျှော့မပေးပါနဲ့” တဲ့။ ဟန့်စ်ကို ချစ်ကြောင်း အမြဲပြခဲ့ကြတယ်။ အမှန်တရားကို ဟန့်စ် တစ်နေ့ လက်ခံလာမယ်ဆိုတာ ယုံကြည်လို့ လက်မလျှော့ခဲ့ကြဘူး။
အမှန်တရား အသက်ရေကြောင့် လန်းဆန်း
အမှန်တရားဟာ ထာဝရအသက်ရစေတဲ့ စမ်းရေနဲ့ တူတယ်လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၄:၁၃၊ ၁၄) ကြည်လင်အေးမြတဲ့ အသက်ရေ သောက်သုံးတာကနေ ဆွေမျိုးတွေကို လန်းဆန်းမှု ရစေချင်တယ်။ မြန်မြန်သောက်ခိုင်းမိလို့ ရေသီးသွားတာမျိုး မဖြစ်စေချင်ဘူး။ လန်းဆန်းသွားမလား၊ ရေသီးသွားမလားဆိုတာ အမှန်တရားကို ကျွန်တော်တို့ ပြောဆိုပုံအပေါ် မူတည်တယ်။ ကျမ်းစာမှာ “ဖြောင့်မတ်သူက စိတ်ထဲမှာ အရင်စဉ်းစားပြီးမှ ပြန်ပြောတတ်တယ်” လို့ ရေးထားတယ်။ “ဉာဏ်ပညာရှိသူက နှုတ်မှာ ထိုးထွင်းဉာဏ်ရှိစေတယ်။ နားဝင်အောင်ပြောနိုင်စွမ်း ရှိစေတယ်” လို့လည်း ပြောထားတယ်။ ဒီအကြံဉာဏ်ကို ဘယ်လို ကျင့်သုံးနိုင်မလဲ။—ပညာ. ၁၅:၂၈။ ၁၆:၂၃။
ဇနီးက ခင်ပွန်းကို မိမိရဲ့ယုံကြည်ချက်အကြောင်း ပြောပြချင်တယ်ဆိုပါစို့။ “စိတ်ထဲမှာ အရင်စဉ်းစား” မယ်ဆိုရင် ပြောမယ့်စကားလုံးတွေကို သေသေချာချာ ရွေးချယ်ထားပြီး သင့်တော်တဲ့အချိန်မှာ ပြောမှာဖြစ်တယ်။ ကိုယ်ပဲမှန်တယ်၊ ကိုယ်ပဲတတ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့လည်း ပြောမှာ မဟုတ်ဘူး။ ဘယ်အချိန်မှာ ဘာပြောမယ်ဆိုတာ သေသေချာချာ ရွေးချယ်ထားမယ်ဆိုရင် တစ်ဖက်သားကို လန်းဆန်းစေပြီး စိတ်အေးချမ်း စေမယ်။ ခင်ပွန်း ဘယ်အချိန်မှာ စိတ်အေးလက်အေးပြီး စကားပြောလို့ ကောင်းမလဲ။ သူ ဘာအကြောင်းတွေ ပြောရတာ၊ ဖတ်ရတာ နှစ်သက်သလဲ။ သိပ္ပံအကြောင်းလား၊ နိုင်ငံရေးလား၊ အားကစားလား။ ခင်ပွန်းရဲ့ ခံစားချက်နဲ့ ထင်မြင်ချက်ကို လေးစားမှုပြရင်း ကျမ်းစာကို စိတ်ဝင်စားလာအောင် ဘယ်လို လှုံ့ဆော်ပေးနိုင်သလဲ။ ဒါတွေကို ထည့်စဉ်းစားတာက ပညာရှိရှိ ပြောဆိုလုပ်ဆောင်စေတယ်။
ယေဟောဝါသက်သေ မဟုတ်တဲ့ မိသားစုဝင်တွေရဲ့ စိတ်နှလုံးကို ထိမိစေဖို့ဆိုတာ အမှန်တရားအကြောင်း ဘယ်အချိန်မှာ ဘယ်လောက်ပဲ ပြောရမယ်ဆိုတာ ချင့်ချိန်တတ်ရုံနဲ့ မပြီးသေးဘူး။ အပြောနဲ့အလုပ် ညီဖို့လည်း လိုသေးတယ်။
အမူအကျင့်ကောင်း ပြပါ
“အပြောနဲ့အလုပ် အမြဲတမ်း ညီပါစေ။ အဲဒါက တရားကို လက်မခံတဲ့ မယုံကြည်သူအတွက် ပိုထိရောက်တယ်” လို့ အထက်မှာ ဖော်ပြခဲ့တဲ့ ယော်ဂန် ပြောပြတယ်။ ဇနီးနှစ်ခြင်းခံပြီးလို့ အနှစ် ၃၀ ကြာမှ နှစ်ခြင်းခံတဲ့ ဟန့်စ်လည်း ဒီလို ထောက်ခံတယ်- “ခရစ်ယာန် အမူအကျင့်ကောင်း တင်ပြဖို့ အရေးကြီးတယ်။ ဒါမှ အမှန်တရားက ကိုယ့်ဘဝအပေါ် ကောင်းကျိုး သက်ရောက်ပါလားဆိုပြီး ဆွေမျိုးတွေ သတိထားမိမယ်။” အမှန်တရားက ကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်စေတယ်ဆိုတာ ဆွေမျိုးတွေကို သိမြင်စေပါ။
မယုံကြည်သူခင်ပွန်းရှိတဲ့ ဇနီးအတွက် တမန်တော်ပေတရုက ဒီအဖိုးတန် အကြံဉာဏ် ပေးခဲ့တယ်- “ဇနီးတို့၊ ခင်ပွန်းကို လက်အောက်ခံကြပါ။ ခင်ပွန်းက တရားစကားကို မနာခံသူ ဖြစ်နေရင်တောင် ဇနီးက တစ်ခွန်းမှ ဟောစရာ မလိုဘဲ ကိုယ့်ရဲ့ အမူအကျင့်ကြောင့် သူ့ကို ယုံကြည်သူ ဖြစ်လာစေနိုင်တယ်။ ဇနီးရဲ့ စင်ကြယ်တဲ့ အမူအကျင့်တွေ၊ အလွန် ရိုသေတတ်တာတွေကို သူကိုယ်တိုင် မြင်ရလို့ပဲ။ ခင်ဗျားတို့ အလှဆင်တဲ့အခါ အပြင်ပန်းချည်းပဲ မဖြစ်ပါစေနဲ့။ ဆံပင်ကို အမျိုးမျိုး ထုံးဖွဲ့နေတာ၊ ရွှေတွေ၊ တန်ဖိုးကြီး အဝတ်အစားတွေနဲ့ ဆင်ယင်တာတွေပေါ့။ အဲဒီအစား စိတ်ထားအလှကိုသာ ပေါ်လွင်စေပါ။ အေးချမ်းပြီး နူးညံ့တဲ့စိတ်နဲ့ ကိုယ်ကို အလှဆင်ပါ။ အဲဒီလိုစိတ်မျိုးဟာ ဘုရားသခင့်ရှေ့မှာ အလွန် အဖိုးတန်တဲ့အပြင် မပျက်စီးတတ်တဲ့ အလှလည်း ဖြစ်နေလို့ပဲ။”—၁ ပေ. ၃:၁-၄။
ခင်ပွန်းဟာ ဇနီးရဲ့ အမူအကျင့်ကောင်းကြောင့် သွေးဆောင်ခံရနိုင်တယ်ဆိုပြီး ပေတရု ရေးသားခဲ့တယ်။ ဒီကျမ်းစာလမ်းညွှန်ချက်ကို ညီအစ်မ ခရစ္စတာ လိုက်နာခဲ့တယ်။ သူနှစ်ခြင်းခံတဲ့ ၁၉၇၂ ခုနှစ်ကတည်းက ခင်ပွန်းကို အမူအကျင့်ကောင်းနဲ့ သွေးဆောင်ဖို့ ကြိုးစားတယ်။ ခင်ပွန်းဖြစ်သူက သက်သေခံတွေနဲ့ ကျမ်းစာလေ့လာပေမဲ့ အမှန်တရားကို ကိုယ်ပိုင် မဖြစ်စေခဲ့ဘူး။ အစည်းအဝေးတွေ တက်တယ်၊ အသင်းတော်ကသူတွေ နဲ့လည်း ခင်ခင်မင်မင်ရှိတယ်။ ညီအစ်ကို/မတွေကလည်း သူ့ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားကြတယ်။ သူ့စိတ်နှလုံးကို ထိမိစေဖို့ ခရစ္စတာ ဘယ်လို ကြိုးစားသလဲ။
“ယေဟောဝါ လျှောက်စေချင်တဲ့ လမ်းစဉ်အတိုင်း လျှောက်ဖို့ ကျွန်မ အခိုင်အမာ စိတ်ပိုင်းဖြတ်ထားတယ်။ တစ်ချိန်တည်းမှာ အမူအကျင့်ကောင်းတွေနဲ့ ခင်ပွန်းကို ‘တစ်ခွန်းမှ ဟောစရာ မလိုဘဲ’ ယုံကြည်သူဖြစ်လာအောင် ကြိုးစားတယ်။ ကျမ်းစာမူတွေနဲ့ မဆန့်ကျင်သရွေ့ ခင်ပွန်းရဲ့ အလိုအတိုင်း လိုက်တယ်။ ပြီးတော့ သူ့ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို လေးစားတယ်။ ကျန်တာ ယေဟောဝါ လက်ထဲ အပ်လိုက်တယ်။”
အကျိုးသင့် အကြောင်းသင့်ရှိခြင်းရဲ့ တန်ဖိုးကို ခရစ္စတာရဲ့ အဖြစ်ကနေ နားလည်ရ တယ်။ သူဟာ အစည်းအဝေးတက်တာ၊ အမှုဆောင်ထွက်တာလို ခရစ်ယာန်လုပ်ရိုးလုပ်စဉ်တွေမှာ ပုံမှန်၊ ထိထိရောက်ရောက် ပါဝင်တယ်။ တစ်ဖက်မှာလည်း ခင်ပွန်းကို အချိန်ပေး မေတ္တာပြဖို့၊ အာရုံစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ထားတယ်။ မယုံကြည်သူ ဆွေမျိုးတွေ ရှိတဲ့သူတွေအတွက်လည်း အဲဒီလို နားလည်မှုနဲ့ အကျိုးသင့်အကြောင်းသင့် ရှိမယ်ဆိုရင် ပညာရှိရာရောက်တယ်။ “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ မယုံကြည်သူ မိသားစုဝင်တွေနဲ့၊ အထူးသဖြင့် အိမ်ထောင်ဖက်နဲ့ အချိန်ပေးဖို့လည်း လိုတယ်ဆိုတဲ့ သဘောပါပဲ။ အချိန်ပေးတဲ့အခါ ပြောဆိုဆက်ဆံရေး ပိုကောင်းလာမယ်။ ဒါက အထီးကျန်တာ၊ အပယ်ခံရတာ၊ မနာလိုတာ စတဲ့ ခံစားချက်တွေ လျော့နည်းစေတယ်။—ဒေ. ၃:၁။
လက်မလျှော့ပါနဲ့
“မိသားစုဝင်တွေကို ချစ်တယ်၊ ဆုတောင်းပေးနေတယ်ဆိုတာ သိစေဖို့ သိပ်အရေးကြီးတယ်” လို့ ဟိုဂါ ပြောတယ်။ သူ့အဖေဆိုရင် မိသားစုဝင်တွေ နှစ်ခြင်းခံတာ အနှစ် ၂၀ ကြာပြီးမှ နှစ်ခြင်းခံခဲ့တယ်။ ခရစ္စတာကလည်း ‘သူ့ခင်ပွန်း အမှန်တရားကို လက်ခံလာမယ့်နေ့ကို အမြဲ စောင့်မျှော်နေတယ်’ လို့ ပြောခဲ့တယ်။ ကျွန်တော်တို့လည်း အမှန်တရားကို ဆွေမျိုးတွေ တစ်နေ့ လက်ခံလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ကို အပြုသဘောရှိရှိ ဆက်ဆံချင်ကြတယ်။
ကျွန်တော်တို့ရဲ့ ပန်းတိုင်က ဆွေမျိုးတွေနဲ့ ဆက်ဆံရေး မပြတ်တောက်သွားဘဲ အမှန်တရားကို လက်ခံလာအောင် အခွင့်အရေးပေးဖို့၊ ကျမ်းစာရဲ့ သတင်းစကားနဲ့ စိတ်နှလုံးကို ထိမိစေဖို့ပါပဲ။ ဒါကြောင့် “နူးညံ့တဲ့သဘော၊ အလွန် လေးစားတဲ့သဘော” နဲ့ လုပ်ဆောင်ကြပါစို့။—၁ ပေ. ၃:၁၅။