သင်ခန်းစာ ၄
အဖေနဲ့ ယေဟောဝါဘုရားကို ပျော်အောင်လုပ်ခဲ့တဲ့ မိန်းကလေး
ပုံထဲက မိန်းကလေးကို သားတို့သမီးတို့ တွေ့လား။— သူက ယေဖသရဲ့ သမီးလေးပေါ့။ ကျမ်းစာထဲမှာ သူ့နာမည် မပါဘူး။ ဒါပေမဲ့ အဖေနဲ့ ယေဟောဝါဘုရားကို သူ ပျော်အောင်လုပ်ခဲ့တယ်။ သူနဲ့ သူ့အဖေ ယေဖသအကြောင်း ဆက်ဖတ်ကြည့်ရအောင်။
ယေဖသဟာ လူကောင်းတစ်ယောက်ဖြစ်ပြီး သမီးလေးကို ယေဟောဝါဘုရားအကြောင်း အမြဲသင်ပေးတယ်။ သူက အရမ်းအားရှိတယ်၊ ရှေ့ဆုံးကနေ ဦးဆောင်ပေးနိုင်သူလည်း ဖြစ်တယ်။ ဒါကြောင့် အစ္စရေးတွေက ရန်သူတွေကို စစ်တိုက်တဲ့အခါ ခေါင်းဆောင်လုပ်ပေးဖို့ သူ့ကို တောင်းဆိုကြတယ်။
ယေဖသက စစ်နိုင်ဖို့ ကူညီပေးပါလို့ ယေဟောဝါဘုရားဆီ ဆုတောင်းခဲ့တယ်။ စစ်နိုင်ပြီး အိမ်ပြန်လာတဲ့အခါ ဦးဆုံးထွက်ကြိုတဲ့သူကို ယေဟောဝါဘုရားဆီ အပ်ပါ့မယ်လို့လည်း ကတိပေးခဲ့တယ်။ ယေဟောဝါဘုရားဆီ ပေးဆက်ခံရမယ့်သူဟာ ဝတ်ပြုရာတဲတော်နားမှာ တစ်သက်လုံးနေပြီး အလုပ်လုပ်ရလိမ့်မယ်။
ဝတ်ပြုရာတဲတော်ဆိုတာ ဘုရားကိုဝတ်ပြုဖို့ လူတွေသွားတဲ့နေရာပေါ့။ အခု ယေဖသ စစ်နိုင်သွားပြီ။ သူအိမ်ပြန်ရောက်သွားတဲ့အခါ ဘယ်သူ ဦးဆုံးထွက်ကြိုသလဲ သိလား။—ယေဖသရဲ့ သမီးဖြစ်နေတယ်။ သူက ယေဖသရဲ့ တစ်ဦးတည်းသော သမီးလေးပေါ့။ ခုတော့ သမီးလေးနဲ့ ခွဲရတော့မယ်။ ဒါကြောင့် ယေဖသ တအားဝမ်းနည်းသွားတယ်။ ဒါပေမဲ့ ဘုရားကို သူ ကတိပေးထားတယ်ဆိုတာ မှတ်မိလား။ သူ့ရဲ့သမီးက ‘အဖေ၊ ယေဟောဝါဘုရားကို ကတိပေးပြီးရင် ကတိတည်ရမှာပေါ့’ လို့ ပြောတယ်။
ယေဖသရဲ့သမီးလည်း ဝမ်းနည်းမှာပဲ။ ဝတ်ပြုရာတဲတော်မှာ သူသွားနေရမယ်ဆိုတော့ အိမ်ထောင်ပြုလို့ မရတော့ဘူး။ ကလေးလည်း မမွေးနိုင်တော့ဘူး။ ဒါပေမဲ့ ယေဖသရဲ့ သမီးက သူ့အဖေကို ကတိတည်စေချင်တယ်။ ယေဟောဝါဘုရားကိုလည်း ပျော်စေချင်တယ်။ အဲဒါက သူအိမ်ထောင်ပြုတာ၊ ကလေးမွေးတာထက် ပိုအရေးကြီးတယ်။ ဒါနဲ့ ဝတ်ပြုရာတဲတော်မှာ နေထိုင်ဖို့ အိမ်ကနေ ထွက်သွားတော့တယ်။
သူ့ကြောင့် သူ့အဖေနဲ့ ယေဟောဝါဘုရား ပျော်ခဲ့သလား။— ဟုတ်တယ်၊ ပျော်ခဲ့တယ်။ သားတို့သမီးတို့လည်း ယေဟောဝါဘုရားကို ချစ်ပြီး စကား နားထောင်ရင် ယေဖသရဲ့သမီးနဲ့ တူလိမ့်မယ်။ ဒါဆိုရင် အဖေ၊ အမေနဲ့ ယေဟောဝါဘုရား သိပ်ပျော်မှာ။