မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်ခြောက်

ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်ခဲ့

ပညာရှိရှိ၊ သတ္တိရှိရှိ ကိုယ်ကျိုးမငဲ့ဘဲ သူလုပ်ဆောင်ခဲ့

၁-၃။ (က) ခင်ပွန်းရဲ့ ရာဇ​ပလ္လင်​နား တိုး​ကပ်​သွား​ရင်း ဧသတာ ဘယ်လို ခံစား​နေရ​သလဲ။ (ခ) ဧသတာ ရောက်​လာတာကို ဘုရင် ဘယ်လို တုံ့ပြန်​သလဲ။

ဧသတာဟာ ရာဇ​ပလ္လင်​နား တဖြည်းဖြည်း နီး​လာ​လေ ရင်တဒိတ်ဒိတ် ခုန်​လာ​လေ​ပဲ။ ကြီးကျယ်ခမ်းနား​တဲ့ ရှုရှန်​နန်းတော်​ထဲ​က ဘုရင့်​ခန်းမဆောင်ကြီးဟာ တိတ်ဆိတ်​ငြိမ်သက်​လို့ နေတယ်။ ဧသတာဟာ သူ့ရဲ့ ညင်သာ​တဲ့ ခြေလှမ်း​တွေ​နဲ့ နန်း​ဝတ်​နန်း​စား​တွေ တရွှမ်းရွှမ်း မြည်သံ​ကိုတောင် ပြန်ကြား​နေရ​သလိုပဲ။ နန်းတွင်း ခန်းမဆောင်ရဲ့ တင့်တယ်​လှပတဲ့ တိုင်လုံးကြီး​တွေ၊ လက်ဘနွန် ထင်းရှူး​သား ပန်း​ပု​လက်ရာ​တွေ အပြည့်​ရှိတဲ့ မျက်နှာကြက်​တွေ​ဆီ သူ​အာရုံရောက်​သွား​လို့ မဖြစ်​ဘူး။ သူ့ရဲ့ သေရေးရှင်ရေး​က ရာဇ​ပလ္လင်​ပေါ်မှာ ထိုင်​နေတဲ့ ဘုရင်​ပေါ်မှာ မူတည်​နေလို့ ဘုရင်ကိုပဲ အာရုံစိုက်​နေတယ်။

သူ့​ဆီ တစ်​လှမ်း​ချင်း လျှောက်လာ​နေတဲ့ ဧသတာ​ကို ရှင်ဘုရင် ကြည့်နေ​ရင်း လက်ထဲက ရွှေ​ရာဇ​လှံတံ​ကို ကမ်းပေး​လိုက်တယ်။ အဲဒီ​အ​ပြု​အမူ​က သာမန်​ပဲ​လို့ ထင်ရပေမဲ့ ဧသတာ​အတွက်တော့ အသက်ဘေး​က လွတ်​ပြီဆို​တဲ့ အမှတ်အသား​ပါပဲ။ မ​ဆင့်ခေါ်​ဘဲ ဘုရင့်​ရှေ့ အခစားဝင်​လာတဲ့ ဧသတာရဲ့​အပြစ်ကို ခွင့်လွှတ်တယ် ဆိုတဲ့​သဘော ဖြစ်တယ်။ ဧသတာဟာ ရာဇ​ပလ္လင်​အနား တိုးလာ​ပြီး ကမ်း​ပေးတဲ့ ရာဇ​လှံတံရဲ့ ထိပ်ဖျား​ကို ကျေးဇူးတင်​စိတ်နဲ့ လှမ်း​ထိ​လိုက်တယ်။—ဧသ. ၅:၁၊ ၂

ဘုရင်ရဲ့ သနား​ကြင်နာ​မှုကို ဧသတာ နှိမ့်ချ​စွာ အသိအမှတ်ပြု​ခဲ့

ဘုရင်​အာရွှေရုဟာ အလွန် ချမ်းသာ​ကြွယ်ဝ​ပြီး တန်ခိုး​အာဏာ​ကြီးတဲ့​ပုံပဲ။ အဲဒီခေတ်​က ပါရှား​ဘုရင်ရဲ့​ဝတ်စုံ တန်ဖိုးဟာ အမေရိကန်​ဒေါ်လာ သန်းနဲ့​ချီ တန်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ဧသတာ တွေ့​လိုက်တာ​ကတော့ ချစ်​ရိပ်​သန်း​နေတဲ့ သူ့​ခင်ပွန်းရဲ့ မျက်ဝန်း​တွေကို​ပါပဲ။ အဲဒီ​အခါ ဘုရင်​က “မိဖုရား​ဧသတာ၊ ဘာ​ကိစ္စ​များ​ရှိလို့လဲ။ ဘာများ တောင်းဆို​ချင်​သလဲ။ နိုင်ငံ​တစ်ဝက်​ကို တောင်းမယ်​ဆိုရင်တောင် ငါ​ပေး​မှာပါ” ဆိုပြီး​ပြော​လိုက်တယ်။—ဧသ. ၅:၃

၄။ ဘယ်​အခက်အခဲတွေကို ဧသတာ ရင်ဆိုင်​စ​ရာ ရှိသေး​သလဲ။

ဧ​သ​တာ​ရဲ့ ယုံ​ကြည်​ခြင်း​နဲ့ ရဲ​စွမ်း​သတ္တိ​က အရမ်း​ကို ထူး​ခြား​ပါ​တ​ယ်။ မျိုး​ဖြုတ်​သတ်ဖြတ်​ခံ​ရ​တော့​မ​ယ့် သူ့​လူမျိုး​ကို ကာ​ကွယ်​ပေး​ဖို့ ဘု​ရ​င့်​ရှေ့​ကို သူ​ရောက်​လာ​ပါ​ပြီ။ အခု​ထက်​ထိ​တော့ အောင်​မြင်​နေ​ပါ​တ​ယ်။ ဒါ​ပေမဲ့ ကြီး​မား​တဲ့ စိန်​ခေါ်​ချက်​တွေ​ကို သူ​ရင်ဆိုင်​ရ​ဦး​မ​ယ်။ ဘုရင် စိတ်​အချဆုံး အတိုင်ပင်ခံ​အမတ်ဟာ တကယ်တော့ ယုတ်မာ​တဲ့​သူ၊ မ​လိမ့်​တ​ပတ်​နဲ့ ဧသတာရဲ့​လူမျိုးကို သေတွင်း​ပို့​တဲ့​သူ ဆိုတာ ဒီ​မာနကြီးတဲ့​ဘုရင် ယုံကြည်​လာ​အောင် ပြော​ရဦးမယ်။ ဘုရင် ယုံကြည်​လာ​အောင် သူ ဘယ်လို ပြောမလဲ။ ဧသတာရဲ့ ယုံကြည်ခြင်း​ကနေ ဘာသင်ခန်းစာ ရနိုင်မလဲ။

“စကားပြော​ရတဲ့​အချိန်” ကို သူ ပညာရှိရှိ ရွေးချယ်​ခဲ့

၅၊ ၆။ (က) ဒေသနာ ၃:၁၊ ၇ ပါ ကျမ်းစာမူကို ဧသတာ ဘယ်လို လက်တွေ့​ကျင့်သုံး​ခဲ့သလဲ။ (ခ) ခင်ပွန်းသည်​ကို ဧသတာ ချဉ်းကပ်​ပုံ​က ဘာကြောင့် ပညာ​ရှိရာ​ရောက်သလဲ။

ဧသတာဟာ မှူးမတ်​တွေ​ရှေ့မှာ ဘုရင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြ​သင့်​ပါသလား။ အဲဒီလိုသာ ပြောပြ​လိုက်မယ်​ဆိုရင် ဘုရင်ကို အရှက်ခွဲ​သလို ဖြစ်သွား​နိုင်ပါတယ်။ ဒါ့အပြင် ဘုရင့်​အတိုင်ပင်ခံ​အမတ် ဟာမန်​အတွက်လည်း ဧသတာရဲ့ စွပ်စွဲချက်​ကို​ငြင်း​ဖို့ အချိန်​ရသွား​စေနိုင်တယ်။ ဒါကြောင့် ဧသတာ ဘယ်လို​လုပ်ခဲ့သလဲ။ အစောပိုင်း ရာစုနှစ်တွေ​က ပညာရှင် ဘုရင်​ရှောလမုန် ဒီလို​ရေးသားခဲ့တယ်– “အရာအားလုံး​အတွက် အချိန်​အခါ​ဆိုတာ ရှိတယ်။ . . . နှုတ်ဆိတ်​နေရတဲ့​အချိန်နဲ့ စကားပြော​ရတဲ့​အချိန် ရှိတယ်။” (ဒေ. ၃:၁၊ ၇) ဧသတာရဲ့ သစ္စာရှိ မွေးစား​အဖေ မော်ဒကဲ​က အဲဒီလို မူတွေ သင်​ပေးခဲ့တာကို မြင်ယောင်​ကြည့်​နိုင်ပါတယ်။ ဒါကြောင့် ဧသတာဟာ “စကားပြော​ရတဲ့​အချိန်” ကို ဂရုတစိုက် ရွေး​ဖို့ အရေးကြီးတယ်ဆိုတာ သိထားတယ်။

ဧသတာ​က “အလိုတော်​ရှိမယ်ဆိုရင် ဒီနေ့ မင်းကြီး​အတွက် ကျွန်မ​ပြင်ဆင်​တဲ့ စားသောက်​ပွဲကို ဟာမန်​နဲ့​အတူ ကြွတော်မူပါ” လို့​ပြန်​ဖြေတယ်။ (ဧသ. ၅:၄) ဘုရင်​က သဘောတူ​ပြီး ဟာမန်​ကို ဆင့်ခေါ်​လိုက်တယ်။ ဧသတာ ပညာရှိရှိ ပြောလိုက်​ပုံကို သတိပြုမိ​ပါသလား။ ခင်ပွန်းသည်ရဲ့ သိက္ခာ​ကို ထိန်းပေး​တဲ့​အပြင် သူ​စိုးရိမ်​နေတဲ့ အကြောင်း​တွေ ခင်ပွန်းသည်​ကို ပြောပြဖို့ အချိန်​အခါ​ကောင်း ဖန်တီး​လိုက်​ပါပြီ။ပညာအလိမ္မာ ၁၀:၁၉ ကိုဖတ်ပါ။

၇၊ ၈။ ပထမ စားသောက်ပွဲကြီး​ကို ဧသတာ ဘယ်လို တည်ခင်း​သလဲ။ ဘုရင်ကို စကား​ပြောဖို့ သူ​ဘာကြောင့် အချိန်ဆွဲ​နေသလဲ။

ဧသတာဟာ အဲဒီ​နေ့ စားသောက်​ပွဲကို ခင်ပွန်းသည်​အကြိုက် လို​လေ​သေး​မရှိအောင် ပြင်ဆင်​ထား​မှာ သေချာတယ်။ စိတ်​ကို​ပျော်ရွှင်​စေတဲ့ ဝိုင်​အကောင်းစားလည်း ပါ​မှာ​ပဲ။ (ဆာ. ၁၀၄:၁၅) ဘုရင်​အာရွှေရုဟာ ပျော်ရွှင်​နေတဲ့​အတွက် ဧသတာ​ကို ဘာ​အလိုရှိ​သလဲ​လို့ ထပ်​မေးတယ်။ ဒီ​အချိန်​က သူ စကားပြော​ရမယ့် အချိန်လား။

အချိန်​အခါ​ကောင်း မဟုတ်​သေး​ဘူးလို့ ဧသတာ ယူဆ​ပြီး မနက်ဖြန် မင်းကြီး​နဲ့ ဟာမန်​အတွက် ပြင်ဆင်​ပေးမယ့် ဒုတိယ​စားသောက်​ပွဲကို ဟာမန်​နဲ့​အတူ ကြွပါ​လို့ ထပ်​ဖိတ်​ခေါ်လိုက်တယ်။ (ဧသ. ၅:၇၊ ၈) သူ ဘာကြောင့် အချိန်ဆွဲ နေရ​တာလဲ။ ဧသတာရဲ့ လူမျိုးဟာ ဘုရင့်​အမိန့်​ကြောင့် သေ​ဘေး​နဲ့ ရင်ဆိုင်​နေ​ရတယ်ဆိုတာ သတိရပါ။ သေရေးရှင်ရေး​ ကိစ္စ ဖြစ်နေလို့ အချိန်​အခါ​ကောင်း​ကို သေသေချာချာ​ရွေး​ဖို့ လိုတယ်။ ဒါကြောင့် ခင်ပွန်းသည်ကို သူ ဘယ်လောက် လေး​စားတယ်​ဆိုတာ နောက်ထပ်​ပြ​ခွင့်​ရဖို့ သူ စောင့်ဆိုင်း​လိုက်တာပါ။

၉။ စိတ်ရှည်ခြင်းရဲ့ အကျိုးကျေးဇူး​က ဘာလဲ။ စိတ်ရှည်ခြင်း​ကို တင်ပြခဲ့တဲ့ ဧသတာ​ကို ဘယ်လို အတုယူ​နိုင်သလဲ။

စိတ်ရှည်ခြင်း​ဆိုတာ ရှားပါး​တဲ့ အရည်အသွေးကောင်း တစ်ခုပါ။ ဧသတာဟာ စိတ်သောက ရောက်နေပြီး စိတ်ထဲ​ရှိတာ​အားလုံး ပြောပြချင်​နေပေမဲ့ အခွင့်အခါ​ကောင်း​ကို စိတ်ရှည်ရှည် စောင့်​လိုက်တယ်။ တစ်​ခါ​တ​လေ ကျွန်တော်​တို့​လည်း မှား​နေ​တာ​တွေ တွေ့​တဲ့အခါ ဧသတာ​ရဲ့ စံ​န​မူ​နာ​က​နေ အများ​ကြီး သင်​ယူ​နိုင်​ပါ​တ​ယ်။ ကိစ္စရပ်​တစ်ခုကို ဖြေရှင်း​ပေးဖို့ အခွင့်အာဏာ​ရှိသူ​ဆီ တင်ပြ​စ​ရာ​လို​ရင် ဧသတာ​ကို အတု​ယူပြီး စိတ်ရှည်ရှည် စောင့်ဆိုင်းဖို့ လိုကောင်းလိုမယ်။ ပညာအလိမ္မာ ၂၅:၁၅ က ဒီလို​ဆိုတယ်– “စိတ်ရှည်မယ်​ဆိုရင် တပ်မှူး​ကိုတောင် စည်းရုံး​နိုင်တယ်။ ညင်ညင်သာသာ ပြောတဲ့​စကားက အရိုး​ကိုတောင် ချိုး​နိုင်တယ်။” ဧသတာ​လို အချိန်​အခါ​ကောင်း​ကို စိတ်ရှည်ရှည် စောင့်​ပြီး စကားကို ချိုချိုသာသာ ပြောဆို​မ​ယ်​ဆိုရင် အရိုး​လို မာကျော​တဲ့ ဆန့်ကျင်​သူကို​တောင် စိတ်​ပျော့ပျောင်း သွား​စေနိုင်ပါတယ်။ စိတ်ရှည်​ပြီး ဉာဏ်ပညာ​ရှိတဲ့ ဧသတာ​ကို ယေဟောဝါ​ဘုရား ကောင်းချီး​ပေးခဲ့​သလား။

စိတ်ရှည်ခြင်း​ကြောင့် တရား​မျှတမှု​အတွက် လမ်းပွင့်​သွား

၁၀၊ ၁၁။ စားသောက်ပွဲ​က ထွက်လာတဲ့​အခါ ဟာမန် ဘာကြောင့် ဒေါသ​ထွက်သွား​သလဲ။ သူ့​ဇနီးနဲ့ မိတ်ဆွေ​တွေ​က ဘာလုပ်ဖို့ အကြံပေး​သလဲ။

၁၀ ဧသတာရဲ့ စိတ်ရှည်ခြင်း​ကြောင့် ထူးခြားတဲ့​ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပျက်ခဲ့တယ်။ ဘုရင်​နဲ့ မိဖုရားရဲ့ မျက်နှာသာ​ရလို့ ဟာမန်ဟာ ပထမ စားသောက်ပွဲ​ကနေ “အပျော်​ကြီး​ပျော်​ပြီး ပြန်​သွားတယ်။” ဒါပေမဲ့ နန်းတော်​ဂိတ်​တံခါး​ကို ဖြတ်သွား​တော့ အခုထိ သူ့ကို အရိုအသေ မပေး​သေး​တဲ့ မော်ဒကဲ​ကို တွေ့တယ်။ ရှေ့​အခန်းမှာ ဖော်ပြ​ထားတဲ့​အတိုင်း မော်ဒကဲ အရိုအသေ မပေးတာက သူနဲ့ ယေဟောဝါ​ဘုရားရဲ့ ဆက်ဆံရေး​အပြင် သူ့ရဲ့ အမှားအမှန်​သိစိတ်​ကြောင့် ဖြစ်တယ်။ ဟာမန်​ကတော့ အဲဒီ​အတွက် “ဒေါသ​ပေါက်ကွဲ” သွားတယ်။—ဧသ. ၅:၉

၁၁ ဟာမန်ဟာ ဇနီးနဲ့ မိတ်ဆွေတွေကို အဲဒီ​အကြောင်း ပြော​ပြတယ်။ ဒါ​နဲ့ သူတို့​က ၇၂ ပေ​ကျော်​ရှိ​တဲ့ တိုင်​ကြီး​တစ်​တိုင် စိုက်​ထူ​ဖို့၊ မော်​ဒ​ကဲ​ကို ကွပ်​မျက်​ပြီး အဲဒီ​တိုင်​မှာ ချိတ်​ဆွဲ​ထား​ဖို့ ဘု​ရ​င့်​ဆီ ခွင့်​တောင်း​ပါ​ဆို​ပြီး ဟာ​မ​န်​ကို အကြံ​ပေး​ကြ​တ​ယ်။ အဲဒီ​အကြံ​ကို ဟာမန် သဘော​ကျသွား​ပြီး ချက်ချင်းပဲ အကောင်အထည် ဖော်တော့​တ​ယ်။—ဧသ. ၅:၁၂-၁၄

၁၂။ ဘုရင်​က နန်းတွင်း​မှတ်တမ်း​ကို ဘာကြောင့် ဖတ်ပြ​ခိုင်း​သလဲ။ အဲဒီအခါ သူ ဘာကို သိလိုက်​ရသလဲ။

၁၂ ထူးဆန်းတာ​က အဲဒီ​ညမှာ​ပဲ ဘုရင်ဟာ “အိပ်မပျော်​တဲ့​အတွက်” နန်းတွင်း​မှတ်တမ်းတွေကို ဖတ်ပြ​ခိုင်းတယ်။ အဲဒီအခါ ဘုရင်​အာရွှေရု​ကို လုပ်ကြံ​ဖို့ ကြံ​စဉ်​ခဲ့​ဖူး​တဲ့ မှတ်တမ်း​ကို ဖတ်​မိ​သွားတယ်။ အဲဒီ​ကိစ္စ​ကို ဘုရင် မှတ်မိ​သွားတယ်။ အဲဒီတုန်းက လုပ်ကြံ​ဖို့ ကြံစည်​တဲ့​သူတွေကို ဖမ်း​ပြီး ကွပ်မျက်ခဲ့တယ်။ ဒါပေမဲ့ လျှို့ဝှက်​ကြံစည်မှုကို ဖော်ထုတ်ခဲ့​တဲ့ မော်ဒကဲ​ကို ဘာ​လုပ်ပေးခဲ့​သလဲ။ အဲဒါကို ဘုရင် ရုတ်တရက် သတိ​ရပြီး မော်ဒကဲ​ကို ဘယ်လို ဆုချ​ခဲ့သလဲ​လို့ မေးလိုက်တယ်။ ဆု​မချရ​သေး​ဘူးလို့ ပြန်​ဖြေကြတယ်။ဧသတာ ၆:၁-၃ ကိုဖတ်ပါ။

၁၃၊ ၁၄။ (က) ဟာမန်​အတွက် အခြေအနေ​တွေ ဘယ်လို စ​လွဲချော်​လာသလဲ။ (ခ) သူ့​ဇနီးနဲ့ မိတ်ဆွေ​တွေ​က ဘာ​ဝိုင်း​ပြော​ကြသလဲ။

၁၃ စိတ်​မကောင်း​ဖြစ်​သွား​တဲ့ ဘုရင်​ဟာ မော်​ဒ​ကဲ​ကို ဆု​ချ​ချင်​နေ​တ​ယ်။ ဒါ​နဲ့ ဒီ​ကိစ္စ​မှာ သူ့ကို​ကူညီ​ဖို့ ဘယ်​နန်း​တွင်း​အရာ​ရှိ အဆင်​သင့်​ရှိ​နေ​သလဲ​လို့ မေး​လိုက်​တ​ယ်။ တိုက်​တိုက်ဆိုင်​ဆိုင်​ပါပဲ၊ နန်းတော်​တံတိုင်း​တွင်း​မှာ ဟာမန် အစောကြီး ရောက်နေတယ်။ မော်ဒကဲ​ကို သတ်မိန့်​တောင်းဆိုဖို့ စိတ်စော​ပြီး သူ​ရောက်နေ​တာ ဖြစ်နိုင်တယ်။ သူ​ခွင့်ပြုချက် မ​တောင်း​ရ​သေး​ခင်မှာ အာရွှေရု​က ဘု​ရ​င့်​မျက်​နှာ​သာ ရရှိ​ထား​တဲ့​သူ​ကို ဘယ်​လို​ချီး​မြှောက်​ရင် ကောင်း​မလဲ​လို့ မေး​တ​ယ်။ သူ့ကို ချီးမြှောက်​ချင်​တာ​လို့ ဟာမန် ထင်နေ​ပြီး ခမ်းခမ်းနားနား ချီးမြှောက်​ဖို့ ဒီလို အကြံပေး​လိုက်တယ်။ အဲဒီ​လူ​ကို ဘု​ရ​င့်​ဝတ်​ရုံ​ဝတ်​စေ​ပြီး ဘု​ရ​င့်​စီး​တော်​မြင်း​နဲ့ ရှု​ရှန်​နန်း​တော်​တစ်​ပတ် လှည့်​လ​ည်​စေ​ပါ။ အဲဒီ​အချိန်​မှာ အရာ​ရှိ​တစ်​ယောက်​က သူ့​ကို ကြွေး​ကြော် ချီး​မွမ်း​စေ​ပါ​ဆို​ပြီး အကြံ​ပေး​လိုက်​တ​ယ်။ ဒါပေမဲ့ ချီးမြှောက်ခံရ​မ​ယ့်​သူက မော်ဒကဲ​ဖြစ်နေမှန်း ဟာမန် သိလိုက်တဲ့​အခါ သူ့​မျက်နှာ ဘယ်လို ဖြစ်သွား​မလဲ​ဆိုတာ မြင်ယောင်​ကြည့်​လိုက်ပါ။ မော်ဒကဲ​ကို ကြွေးကြော်​ချီးမွမ်းဖို့ ဘယ်သူ့ကို ဘုရင်​တာဝန်ပေး​လိုက်သလဲ။ ဟာမန်​ကို​ပါပဲ။—ဧသ. ၆:၄-၁၀

၁၄ ဟာမန်ဟာ သူ​အမုန်း​ဆုံး အဲဒီ​တာဝန်ကို ကြိတ်မှိတ်​လုပ်ပြီး​တဲ့​နောက် စိတ်ညစ်​ညစ်​နဲ့ အိမ်ကို အမြန်​ပြန်​ပြေးတော့​တ​ယ်။ အိမ်ကို​ရောက်တော့ ဇနီး​ဖြစ်သူ​နဲ့ မိတ်ဆွေ​တွေ​က အခြေအနေ​တွေ ပြောင်းပြန်​ဖြစ်သွား​တာ​ဟာ အဲဒီ​ဂျူး မော်ဒကဲ​ရှေ့မှာ ဟာမန်​ကျဆုံး​ရတော့မယ့် နိမိတ်​ပဲ​လို့ ဝိုင်း​ပြော​ကြတယ်။—ဧသ. ၆:၁၂၊ ၁၃

၁၅။ (က) ဧသတာ စိတ်ရှည်​တဲ့​အတွက် ဘယ်လို အကျိုး​ရခဲ့​သလဲ။ (ခ) “စိတ်ရှည်ရှည်​နဲ့ စောင့်” တတ်တဲ့ သဘောထား​က ဘာကြောင့် ပညာ​ရှိရာ​ရောက်သလဲ။

၁၅ ဘုရင်ကို ချက်ချင်း​မပြောပြ​ဘဲ ဧသတာ စိတ်ရှည်ရှည်​နဲ့ တစ်ရက် ထပ်​စောင့်​လိုက်လို့ ဟာမန် ကျဆုံး​ဖို့​အကြောင်း ပေါ်လာတယ်။ ရှင်ဘုရင် အိပ်မပျော်​နိုင်တာကလည်း ယေဟောဝါ​ဘုရား ပြုလုပ်​တဲ့​အမှု မဖြစ်နိုင်ဘူးလား။ (ပညာ. ၂၁:၁) ဒါကြောင့် “စိတ်ရှည်ရှည်​နဲ့ စောင့်” တတ်တဲ့ သဘောထား​ရှိဖို့ ကျမ်းစာက တိုက်တွန်းတာပါ။ (မိက္ခာ ၇:၇ ကိုဖတ်ပါ။) ဘုရားသခင်ကို စောင့်​တဲ့​သဘောထား​ရှိရင် ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်​နဲ့ ဖြေရှင်း​တာ​ထက် ပို​ကောင်းတဲ့ ဘုရားရဲ့ ဖြေရှင်း​နည်းကို တွေ့ရမှာ သေချာတယ်။

သတ္တိရှိရှိ သူ ထုတ်ဖော်​ပြောဆို​ခဲ့

၁၆၊ ၁၇။ (က) ဘယ်​အချိန်မှာ ဧသတာ “စကားပြော​ရတဲ့​အချိန်” ရောက်​လာသလဲ။ (ခ) ဧသတာရဲ့ အပြု​အမူ​က မိဖုရား​ဟောင်း ဝါရှတိ​နဲ့ ဘယ်လို ကွာခြား​သလဲ။

၁၆ ဘုရင် စိတ်မရှည်​တော့​မှာ​စိုးလို့ ဒုတိယ​အကြိမ် စားသောက်ပွဲ​မှာ ဖြစ်ကြောင်းကုန်စင် ပြောပြဖို့ ဧသတာ ဆုံးဖြတ်တယ်။ ဒါပေမဲ့ သူ ဘယ်လို​ပြော​ရမလဲ။ ဖြစ်ချင်​တော့ ဘုရင်​ကိုယ်တိုင်​က ဘာ​အလိုရှိ​သလဲ​လို့ စပြီး မေးတယ်။ (ဧသ. ၇:၂) အခု ဧသတာ “စကားပြော​ရတဲ့​အချိန်” ကျပြီ။

၁၇ ဧသတာ ဘာမှ​မပြော​ခင် စိတ်ထဲ​ကနေ ဆုတောင်း​လိုက်တာ​ကို မြင်ယောင်​ကြည့်​နိုင်ပါတယ်။ သူက “အရှင်မင်းကြီး၊ ကျွန်မကို စိတ်တော်​နဲ့ တွေ့တယ်၊ အလိုတော် ရှိတယ်ဆိုရင် ကျွန်မ​အသက်ကို ကယ်တင်​ပေးဖို့ အသနားခံ​ပါတယ်။ ကျွန်မရဲ့ လူမျိုးကို​လည်း အသက်​ချမ်းသာပေး​ဖို့ အသနားခံ​ပါတယ်” လို့​တောင်းပန်တယ်။ (ဧသ. ၇:၃) ဘုရင့်ရဲ့ အဆုံး​အဖြတ်​ကို လက်ခံ​ပါ့​မ​ယ်​လို့ ဧသတာ လျှောက်တင်​ရင်း သူ့ကို ရိုသေ​လေးစားကြောင်း ဖော်ပြခဲ့တယ်။ အဲဒီ​အ​ပြု​အမူ​က ဘုရင်​အရှက်ရ​အောင် တမင်တကာ​လုပ်ခဲ့တဲ့ မိဖုရား​ဟောင်း ဝါရှတိ​နဲ့ တစ်ခြား​စီ​ပဲ။ (ဧသ. ၁:၁၀-၁၂) ဒါ့အပြင် ဟာမန်​အပေါ် ဘုရင် မျက်စိမှိတ်​ယုံနေတာကို ဧသတာ အပြစ်မတင်​ခဲ့​ဘူး။ အဲဒီအစား အသက်​အန္တရာယ် ကြုံနေ​ရတဲ့ သူ့ကို ကာကွယ်​ပေးဖို့ ဘုရင်ကို အသနားခံ​တ​ယ်။

၁၈။ ဧသတာဟာ ပြဿနာကို ဘုရင့်​ဆီ ဘယ်လို တင်ပြ​လိုက်သလဲ။

၁၈ ဧသတာရဲ့ စကားကို​ကြား​တော့ ဘုရင် အံ့သြ​သွားပြီး သူ့ကို သနား​သွားမှာ သေချာတယ်။ မိဖုရား​ကို အန္တရာယ်​ပေးဝံ့​သူက ဘယ်သူ​လဲ။ ဧသတာ​က “ကျွန်မ​နဲ့ ကျွန်မရဲ့​လူမျိုး ရောင်းစား​ခံ​လိုက်​ရပြီ။ ကျွန်မတို့ အသတ်ခံ​ရတော့မယ်။ သုတ်သင်​ပယ်ရှင်း ခံ​ရတော့မယ်။ ကျွန်​အဖြစ် ရောင်းစား​ခံရ​ရုံ​ပဲ​ဆိုရင်တော့ ကျွန်မ နှုတ်ဆိတ်​နေ​ဦး​မှာပါ။ အခုတော့ ဒီ​ဘေးဆိုးကြီးဟာ မင်းကြီး​ကိုလည်း အကျိုး​ယုတ်စေမှာ​ဖြစ်လို့ ခွင့်ပြုတော်​မမူပါနဲ့” ဆိုပြီး ပြော​လိုက်တယ်။ (ဧသ. ၇:၄) ဧသတာ​က ပြဿနာကို အကုန်​ထုတ်ပြော​လိုက်​ပေမဲ့ ကျွန်​အဖြစ် ခိုင်း​ဖို့​လောက်​ပဲ​ဆိုရင် ထုတ်​ပြောမှာ မဟုတ်ဘူးလို့ ပြောတာကို သတိပြုပါ။ ဒါပေမဲ့ ရေငုံ​နှုတ်ပိတ် နေ​လိုက်မယ်​ဆိုရင် အဲဒီ မျိုး​ဖြုတ်​သတ်ဖြတ်မှု​ကြောင့် ဘုရင်ပါ အကြီးအကျယ် ဆုံးရှုံး​နစ်နာ​သွားမယ်လို့ သူပြောတယ်။

၁၉။ သဘော​ပေါက် လက်ခံ​လာ​အောင် ပြော​ဆို​ပုံ​နဲ့ ပတ်​သက်​ပြီး ဧသတာ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၉ လူ​တစ်​ယောက် သဘော​ပေါက်​လက်ခံ​လာ​အောင် ဘယ်​လို ပြော​ရ​မလဲ​ဆို​တာ ဧ​သ​တာ​ရဲ့ စံနမူ​နာ​က သင်​ပေး​ပါ​တ​ယ်။ ကိုယ်​ချစ်တဲ့​သူ၊ အခွင့်အာဏာ​ရှိတဲ့​သူကို ကြီးလေး​တဲ့ ပြဿနာ​တစ်ခု ပြောပြ​တော့​မ​ယ်​ဆိုရင် စိတ်ရှည်မှု၊ လေးစားမှု၊ ပွင့်လင်းမှု ရှိတာ​က နား​ဝင်​အောင်​ပြောဆိုဖို့ အတော်လေး အကူအညီ​ဖြစ်စေတယ်။—ပညာ. ၁၆:၂၁၊ ၂၃

၂၀၊ ၂၁။ (က) ဟာမန်ရဲ့ အကြံအစည်​ကို ဧသတာ ဘယ်လို ဖော်ထုတ်​ခဲ့သလဲ။ ဘုရင် ဘယ်လို တုံ့ပြန်​သလဲ။ (ခ) သူရဲဘော​နည်းတဲ့ အကြံ​သ​မား​အဖြစ် ဖော်ထုတ်​ခံ​လိုက်ရ​တဲ့အခါ ဟာမန် ဘာ​လုပ်သလဲ။

၂၀ အဲဒီအခါ ဘုရင်​အာရွှေရု​က “ဒီလို​ကြံစည်ဝံ့တာ ဘယ်သူ​လဲ။ အဲဒီ​လူ ဘယ်မှာ​လဲ” လို့​မေးတယ်။ ဟာမန်​ကို လက်ညှိုးထိုး​ပြီး ဧသတာ​က “ကျွန်မတို့ကို တိုက်ခိုက်​တဲ့ ရန်သူကတော့ ဟောဒီ​လူ​ယုတ်မာ ဟာမန်ပါ​ပဲ” လို့​ပြော​လိုက်တာ​ကို မြင်ယောင်​ကြည့်ပါ။ ဧသတာရဲ့ စကား​ကြောင့် ဘုရင်​ရော ဟာမန်ပါ ရုတ်တရက် ကြက်သေသေ​သွားကြတယ်။ ဟာမန်​ကတော့ ကြောက်လို့ တဆတ်ဆတ် တုန်နေတယ်။ ချစ်မြတ်နိုး​ရတဲ့ မိဖုရား​ကို သတ်ပစ်ဖို့ သူကိုယ်တိုင် အမိန့်ထုတ်​အောင် မ​လိမ့်​တ​ပတ် လုပ်ခဲ့​သူက သူ့ရဲ့ အကြံပေး​အရာရှိ ဖြစ်နေတာကို ဘုရင် သိလိုက်​ရတော့ တအား ဒေါသ​ထွက်​သွားတယ်။ ဒါနဲ့ ဘုရင်ဟာ စိတ်တည်ငြိမ်​သွား​အောင် နန်းတော်​ဥယျာဉ်​ဘက် ဒေါသတကြီး​နဲ့ ထွက်​သွားတယ်။—ဧသ. ၇:၅-၇

ဟာမန်ရဲ့ ယုတ်မာ​မှု​ကို ဧသတာ သတ္တိရှိရှိ ဖော်ထုတ်ခဲ့

၂၁ အကြံ​သ​မား​အဖြစ် ဖော်ထုတ်​ခံ​လိုက်ရ​တဲ့ သူရဲဘော​နည်း​သူ ဟာမန်​ကတော့ မိဖုရား​အနား အတင်း​တိုး​ကပ်​ပြီး ခယ​တောင်းပန်​နေတယ်။ ဘုရင် ပြန်​ဝင်​လာ​တဲ့​အခါ အဲ​ဒါ​ကို​မြင်​တော့ မိ​ဖု​ရား​ကို မတော်​မတရား​လုပ်ဖို့ ကြိုးစား​နေ​တာ​လား​ဆို​ပြီး ဟာ​မ​န်​ကို စိတ်​ဆိုး​ဆိုး​နဲ့ စွပ်​စွဲ​လိုက်​ပါ​လေ​ရော။ အဲဒီ​လို စွပ်​စွဲ​လိုက်​တာ​က ဟာ​မ​န်​ကို သေမိန့်​ချ​လိုက်​တာ​နဲ့ အတူ​တူ​ပါ​ပဲ။ အဲဒီအခါ ဟာမန်ရဲ့​မျက်နှာကို အဝတ်​နဲ့​အုပ်​ပြီး ဆွဲထုတ်​သွားကြတယ်။ အဲဒီနောက် ဘုရင့်​မှူးမတ်​တစ်ယောက်က မော်ဒကဲ​ကို​သတ်ဖို့ ဟာမန် စိုက်ထူ​ထားတဲ့ တိုင်​ကြီး​တစ်တိုင်​ရှိတယ်လို့ ဘုရင်ကို ပြောပြ​လိုက်တယ်။ ဒါနဲ့ ဘုရင်​အာရွှေရု​က ဟာမန်​ကို သတ်​ပြီး အဲဒီ​တိုင်​မှာ ချိတ်ဆွဲ​ဖို့ ချက်ချင်း အမိန့်​ပေးတယ်။—ဧသ. ၇:၈-၁၀

၂၂။ ဧသတာရဲ့ စံနမူနာ​က မျှော်လင့်ချက်​မရှိ၊ သံသယဝင်​ပြီး ယုံကြည်ခြင်း​ကင်းမဲ့ မသွားဖို့ ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၂၂ မတရားတဲ့ ဒီ​လောကမှာ တရား​မျှတမှု​ဆိုတာ မရှိဘူးလို့ ယူဆ​ကြမယ်။ သင်​ကော အဲဒီ​လို​ပဲ ယူဆ​သလား။ စိတ်​ပျက်​အား​လျော့​တာ၊ ပြ​စ်​တင်​ဝေ​ဖန်​တာ၊ ယုံ​ကြည်​ခြင်း​ကင်း​မဲ့​တာ​မျိုး ဧ​သ​တာ​မှာ မရှိ​ခဲ့​ပါ​ဘူး။ အချိန်တန်​တဲ့အခါ အမှန်တရား​ဘက် ရပ်တည်​ပြီး ရဲရဲရင့်ရင့် ပြောဆို​ခဲ့​တ​ယ်။ ကျန်တာ​ကို ယေဟောဝါ​ဘုရား​လက်ထဲ ပုံအပ်​လိုက်တယ်။ ကျွန်တော်တို့လည်း အဲဒီလိုပဲ လုပ်ကြစို့။ ယေဟောဝါ​ဘုရားက ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဟာမန်​ကို လုပ်ခဲ့​သလို လူဆိုးတွေကို အလွတ်​ပေးမှာ မဟုတ်ဘူး။ သူတို့​အတတ်​နဲ့ သူတို့​ စူးအောင် ဘုရားသခင် လုပ်ပေး​နိုင်ပါတယ်။ဆာလံ ၇:၁၁-၁၆ ကိုဖတ်ပါ။

ယေဟောဝါ​ဘုရားနဲ့ ဂျူးလူမျိုး​အတွက် ကိုယ်ကျိုး​မငဲ့ဘဲ သူ​လုပ်ဆောင်ခဲ့

၂၃။ (က) မော်ဒကဲ​နဲ့ ဧသတာ​တို့ကို ဘုရင် ဘယ်လို​ဆုချ​သလဲ။ (ခ) ဗင်ယာမိန်​နဲ့​ပတ်သက်ပြီး ယာကုပ် သေဆုံး​ခါနီး​ပြောခဲ့တဲ့ ပရောဖက်ပြုချက်​က ဘယ်လို ပြည့်စုံခဲ့​သလဲ။ (“ ကြိုဟောချက်​တစ်ခု ပြည့်စုံ​လာ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၂၃ နောက်ဆုံး​တော့ မော်ဒကဲဟာ သူ​လုပ်ကြံ​မခံရအောင် ကာကွယ်​ပေးခဲ့သူ ဖြစ်​ရုံ​သာမက ဧသတာရဲ့ မွေးစား​အဖေ ဖြစ်တယ်ဆိုတာ ဘုရင် သိ​သွားတယ်။ ဒါနဲ့ မော်ဒကဲ​ကို ဟာမန်ရဲ့ ဝန်ကြီးချုပ်​အရာ ပေးအပ်​လိုက်တယ်။ ဧသတာ​ကို​တော့ ဟာမန်ရဲ့​အိမ် အပါအဝင် စည်းစိမ်​အားလုံးကို ပေး​လိုက်တယ်။ အဲဒီ​စည်းစိမ်​တွေကို ထိန်းသိမ်းဖို့ မော်ဒကဲ​ကို ဧသတာ​က တာဝန်ပေး​လိုက်တယ်။—ဧသ. ၈:၁၊ ၂

၂၄၊ ၂၅။ (က) ဟာမန်ရဲ့ အကြံအစည်​ကို ဖော်ထုတ်​ပြီးနောက် ဧသတာ ဘာကြောင့် အေးအေးဆေးဆေး မနေနိုင်​သလဲ။ (ခ) ဧသတာဟာ နောက်​တစ်ခါ ဘယ်လို စွန့်စား​ခဲ့သလဲ။

၂၄ အခု ဧသတာ​နဲ့ မော်ဒကဲ​တို့ အန္တရာယ်ကင်း​သွားပြီ​ဆိုတော့ အေးအေးဆေးဆေး နေလို့​ရပြီ​လား။ တစ်ကိုယ်ကောင်းဆန်​သူ​ဆိုရင်တော့ နေလို့​ရ​ပါပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဂျူး​အားလုံးကို သတ်ပစ်ဖို့ ဟာမန်ရဲ့ အမိန့်ထုတ်ပြန်ချက်​က အင်ပါယာ​အနှံ့ ရောက်နေပြီ။ ဟာမန်​ဟာ ယုတ်မာ​ပက်​စက်​တဲ့ သူ့​အကြံအစည်​ကို အကောင်အထည်ဖော်​ဖို့ ပု​ရလို့​ခေါ်တဲ့ မဲချ​ပြီး ရက်​ကောင်း​ကို ရွေး​ထားပြီးပြီ။ ပါရှား​ဘာသာစကားနဲ့ ပု​ရလို့​ခေါ်တဲ့ အဲဒီ​မဲဟာ နတ်​ဝိဇ္ဇာ​ပညာနဲ့ သက်ဆိုင်ပုံ​ပေါက်တယ်။ (ဧသ. ၉:၂၄-၂၆) ဂျူးတွေကို သတ်ပစ်​ရမယ့် အဲဒီ​နေ့​ရောက်​ဖို့ လ​အနည်းငယ် လို​သေး​ပေမဲ့ တဖြည်းဖြည်း နီး​လာပြီ။ အဲဒီ မျိုး​ဖြုတ်​သတ်ဖြတ်မှု​ကို တားဆီးလို့ ရဦး​မလား။

၂၅ ဒီ​တစ်ခါလည်း ဧသတာဟာ ကိုယ့်​အသက်ကို ပဓာန​မထား​ဘဲ စွန့်စား​ရ​ပြန်တယ်။ ဆင့်ခေါ်​မခံရ​ဘဲ ဘုရင့်​ရှေ့ကို နောက်​တစ်ကြိမ် သူ​ဝင်တယ်။ ဒီ​တစ်ကြိမ်​မှာ​တော့ ထုတ်​ပြီးသား​အမိန့်​ကို ပြန်​ရုပ်သိမ်း​ပေးဖို့ ဘုရင်ကို ငို​ပြီး အသနားခံ​တ​ယ်။ ဒါပေမဲ့ ပါရှား​ဘုရင့်​နာမည်​နဲ့ ထုတ်ပြန်​ထားတဲ့ အမိန့်​တွေကို ပယ်ဖျက်​လို့ မရဘူး။ (ဒံ. ၆:၁၂၊ ၁၅) ဒီတော့ ဘုရင်​က ဧသတာ​နဲ့ မော်ဒကဲ​ကို အမိန့်​အသစ်​တစ်ခု ထုတ်ပြန်​ဖို့ အာဏာ​လွှဲအပ်​လိုက်တယ်။ ဒါနဲ့ ဂျူးတွေ ကိုယ့်ကိုယ်ကိုယ် ခုခံ​ကာကွယ်​ခွင့်​ရှိတယ်ဆိုတဲ့ ဒုတိယ​ကြေညာချက် ထွက်​လာတယ်။ မြင်း​စီး​စေတမန်​တွေ​က အဲဒီ​သတင်းကောင်းကို ဂျူးတွေ​နေထိုင်တဲ့ အင်ပါယာ​အနှံ့ သွားပြီး ကြေညာတယ်။ အခု သူတို့မှာ မျှော်လင့်ချက်​ရှိလာပြီ။ (ဧသ. ၈:၃-၁၆) အဲဒီ​အမိန့်​အသစ်​ကြောင့် ကျယ်ပြန့်​တဲ့​ အင်ပါယာ​တစ်ခွင်​က ဂျူးတွေဟာ လက်နက်​ကိုင်ပြီး ပြန်​တိုက်ခိုက်​ဖို့ အသင့်ပြင်​ဆင်​နေတာကို မြင်ယောင်​ကြည့်ပါ။ အဲဒီထက် အရေးကြီးတာက “ဗိုလ်ခြေ​တို့ရဲ့​အရှင် ယေဟောဝါ” က ဂျူးတွေ​ဘက်မှာ ရှိပါ့မလား။—၁ ရှ. ၁၇:၄၅

ဧသတာ​နဲ့ မော်ဒကဲ​တို့ဟာ ပါရှား​အင်ပါယာ​တစ်ခုလုံး​က ဂျူးတွေဆီ ကြေညာချက် ပေးပို့​ခဲ့

၂၆၊ ၂၇။ (က) ရန်သူတွေ​အပေါ်​အနိုင်ရ​ဖို့ ယေဟောဝါ​ဘုရား ဘယ်​အထိ ကူညီ​ပေးခဲ့သလဲ။ (ခ) ဟာမန်ရဲ့​သားတွေကို ဖျက်ဆီး​တဲ့အခါ ဘယ်​ပရောဖက်ပြုချက် ပြည့်စုံ​သလဲ။

၂၆ သတ်မှတ်​ထားတဲ့​နေ့ ရောက်လာတဲ့​အခါ ဘုရားသခင့်​လူမျိုးဟာ အသင့်​ဖြစ်နေကြတယ်။ အဲဒီအပြင် ဝန်ကြီးချုပ်​အသစ် ဂျူးလူမျိုး မော်ဒကဲ​ရဲ့ သတင်းက အင်ပါယာ​အနှံ့ ရောက်ရှိ​သွားတဲ့​အတွက် ပါရှား​အရာရှိ အတော်များများလည်း သူတို့​ဘက်မှာ ရပ်တည်​ကြတယ်။ အဲဒီအချိန်မှာ ယေဟောဝါ​ဘုရားက ဂျူးတွေ​နဲ့​အတူ​ရှိပြီး သူတို့ကို အနိုင်ရ​စေခဲ့တယ်။ ဂျူးတွေကို မခုခံ​နိုင်အောင် ရန်သူတွေကို အပြီးသတ် ရှုံးနိမ့်​စေခဲ့တယ်။ *ဧသ. ၉:၁-၆

၂၇ အဲဒီအပြင် ကောက်ကျစ်တဲ့ ဟာမန်ရဲ့ သား​ဆယ်ယောက် ရှိ​နေသရွေ့ ဟာမန်ရဲ့​အိမ်ကို ကြီးကြပ်​တဲ့ မော်ဒကဲ​အတွက် လုံခြုံ​မှာ​မဟုတ်လို့ သူတို့ကိုလည်း ရှင်းပစ်​လိုက်တယ်။ (ဧသ. ၉:၇-၁၀) ဒီလိုနဲ့ ဘုရား​လူမျိုးရဲ့ ရန်သူ​ဖြစ်တဲ့ ဆိုးညစ်သူ အာမလက်​လူမျိုးကို လက်စတုံး​ပစ်​မ​ယ်​လို့ ရှေး​အချိန်​ကတည်းက ဘုရားသခင်​ကြိုဟောခဲ့တဲ့ ပရောဖက်ပြုချက် ပြည့်စုံ​သွားတယ်။ (တရား. ၂၅:၁၇-၁၉) ဟာမန်ရဲ့​သားတွေ​ဟာ အဲဒီ​လူမျိုးရဲ့ နောက်ဆုံး​လက်ကျန် ဖြစ်နိုင်ပါတယ်။

၂၈၊ ၂၉။ (က) ယေဟောဝါ​ဘုရားက ဧသတာ​နဲ့ သူ့​လူမျိုးကို စစ်မှု​မှာ ပါဝင်ဖို့ ဘာကြောင့် အလို​ရှိခဲ့သလဲ။ (ခ) ဧသတာရဲ့​စံနမူနာ​က ကျွန်တော်တို့​အတွက် ဘာကြောင့် အကျိုး​ရှိသလဲ။

၂၈ ဧသတာဟာ စစ်မှု​နဲ့ သတ်ဖြတ်မှု​တွေ ပါဝင်တဲ့ ကြီးလေး​တဲ့ မင်းမိန့်​တာဝန်တွေကို အရွယ်​နဲ့​မလိုက်​အောင် ထမ်းဆောင်ခဲ့​ရတယ်။ သူ့​အတွက် လွယ်​မှာ​မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါ​ဘုရားရဲ့ အလိုတော်​က သူ့​လူမျိုးကို အသက်ဘေး​ကနေ ကာကွယ်​ပေးဖို့ ဖြစ်တယ်။ အကြောင်းရင်း​က လူသား​အားလုံးကို ကယ်တင်​ပေးမယ့် မေရှိယဟာ အစ္စရေး​လူမျိုး​ကနေ ထွက်ပေါ်​လာ​မှာ ဖြစ်လို့ပဲ။ (က. ၂၂:၁၈) မေရှိယ​ဖြစ်တဲ့ ယေရှုဟာ မြေကြီးပေါ် ရောက်လာတဲ့​အခါ သူ့​နောက်လိုက်​တွေကို စစ်မှု​မှာ မပါဝင်ဖို့ မိန့်မှာခဲ့တာကို ဒီနေ့​ခေတ် ဘုရားသခင့်​ကျေးကျွန်တွေ အရမ်း​ဝမ်းသာ​ကြတယ်။—မ. ၂၆:၅၂

၂၉ ဒါပေမဲ့ ခရစ်ယာန်တွေဟာ တခြား​စစ်ပွဲ​တစ်မျိုးကို တိုက်ခိုက်​နေကြ​ရတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို အရင်ကထက် ပိုပြီး စာတန် ဖြိုဖျက်​ချင်​နေတယ်။ (၂ ကောရိန္သု ၁၀:၃၊ ၄ ကိုဖတ်ပါ။) ဒါကြောင့် ဧသတာရဲ့ စံနမူနာကို သိ​ခွင့်​ရတာဟာ အခွင့်ထူးပါပဲ။ တ​ခြား​သူ​တွေ သဘော​ပေါက် လက်ခံ​လာ​အောင် ပညာ​ရှိ​ရှိ၊ စိတ်​ရှည်​ရှည်​နဲ့ ပြော​ပြ​တဲ့​နေ​ရာ​မှာ ဧ​သ​တာ​ကို အတုယူ​ကြ​ပါ​စို့။ ဘုရားရဲ့ လူမျိုး​ဘက် ကိုယ်ကျိုး​မငဲ့ဘဲ ရပ်တည်​ဖို့ ဆန္ဒရှိ​နိုင်ကြပါစေ။

^ အပိုဒ်၊ 26 ရန်သူတွေကို ဂျူးတွေ အပြီးသတ် အနိုင်ယူ သိမ်းပိုက်​ဖို့ ဘုရင်​က နောက်​တစ်နေ့​အထိ စစ်တိုက်​ခွင့်ပြုခဲ့တယ်။ (ဧသ. ၉:၁၂-၁၄) ဂျူး​တွေ​ဟာ ဒီ​နေ့​ထက်​ထိ ဖေဖော်​ဝါ​ရီ​လ​ကုန်​နဲ့ မတ်​လ​ဆန်း​အတွင်း​မှာ ပု​ရင် (ပု​ရ​ရဲ့ အများ​ကိန်း) လို့​ခေါ်​တဲ့ ပွဲ​တော်​ကို နှစ်​တိုင်း ကျင်း​ပ​ကြ​တ​ယ်။ အစ္စရေး​ကို ဖျက်ဆီးဖို့ ဟာမန် မဲချ​တာ​ကို အစွဲပြုပြီး အဲဒီ​ပွဲကို ပု​ရင်​လို့ ခေါ်တာ​ဖြစ်တယ်။