မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်း ၁

ငါကဘယ်လိုလူစားမျိုးလဲ

ငါကဘယ်လိုလူစားမျိုးလဲ

ဘာကြောင့်အရေးကြီးတာလဲ

သင်က ဘယ်လိုလူစားမျိုးလဲ၊ ဘာကိုယုံကြည်သလဲဆိုတာ သိထားမယ်ဆိုရင် ဖိအားတွေ ကြုံရတဲ့အခါ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်မှာဖြစ်တယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ– ကာရင်တစ်ယောက် ပါတီပွဲရောက်တာ ဆယ်မိနစ်တောင် မပြည့်သေးခင်မှာ အနောက်ကနေ ရင်းနှီးတဲ့အသံကို ကြားလိုက်ရတယ်။

“ဟေ့၊ နင် ဒီမှာ ဘာရပ်လုပ်နေတာလဲ။”

ကာရင် လှည့်ကြည့်လိုက်တော့ သူငယ်ချင်းဂျက်စီကာကို ဖောက်ခါစဘီယာနှစ်ပုလင်းနဲ့ တွေ့လိုက်ရတယ်။ ဂျက်စီကာက ကာရင့်ကို ဘီယာတစ်ပုလင်း လှမ်းပေးရင်း “ငယ်သေးတယ်လို့တော့ မပြောနဲ့နော်” ဆိုပြီးပြောတယ်။

ကာရင် ငြင်းလိုက်ချင်ပေမဲ့ ဂျက်စီကာက ကိုယ့်သူငယ်ချင်းဖြစ်နေတယ်လေ။ မပျော်တတ်တဲ့သူလို့ အပြောလည်း မခံချင်ဘူး။ ဂျက်ဆီကာကလည်း မိန်းမကောင်းတစ်ယောက်ပဲ။ ဒါလေးသောက်တာနဲ့ ဘာဖြစ်သွားမှာမို့လို့လဲ။ ‘ဘီယာသောက်တာပဲ၊ မူးယစ်ဆေးသုံးတာမှ မဟုတ်တာ’ လို့ ကာရင်တွေးမိတယ်။

သင်ကော ကာရင်လို အခြေအနေမျိုးနဲ့ကြုံရရင် ဘယ်လိုလုပ်မလဲ။

ပြန်စဥ်းစားကြည့်ပါ

ဒီလိုအခြေအနေမျိုးမှာ ဆုံးဖြတ်ချက်ကောင်းချနိုင်ဖို့ ကိုယ်က ဘယ်လိုလူစားမျိုးလဲ၊ ဘာကိုယုံကြည်သလဲဆိုတာ သိထားဖို့လိုတယ်။ အဲဒီလို သိထားမယ်ဆိုရင် တခြားသူတွေရဲ့ လွှမ်းမိုးမှုမခံဘဲ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်မှာ ဖြစ်တယ်။—၁ ကောရိန္သု ၉:၂၆၊ ၂၇

ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်တတ်အောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ။ နောက်ပိုင်းမှာပါတဲ့ မေးခွန်းတွေကို ဖြေဆိုပြီး အစပြုလုပ်ဆောင်ကြည့်ပါ။

၁ ငါရဲ့အားသာချက်က ဘာလဲ

ကိုယ့်ရဲ့ အရည်အချင်းကောင်းတွေကို သိထားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိနေမှာဖြစ်တယ်။

ကျမ်းစာပုံနမူနာ– “ငါသည် အဟောအပြော ညံ့လျှင်ပင် အသိပညာတွင် မညံ့” လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ (၂ ကောရိန္သု ၁၁:၆) သူသိထားတဲ့ ကျမ်းစာအသိပညာကြောင့် ဆန့်ကျင်မှုတွေ ကြုံရတဲ့အခါမှာ အခိုင်အမာ ရပ်တည်နိုင်ခဲ့တယ်။ အပျက်သဘောထား ဝေဖန်ချက်တွေကြောင့် သူ့ရဲ့ယုံကြည်စိတ်ချမှု လျော့မသွားခဲ့ဘူး။—၂ ကောရိန္သု ၁၀:၁၀; ၁၁:၅

သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ– သင့်ရဲ့ ပင်ကိုယ်စွမ်းရည် ဒါမှမဟုတ် ကျွမ်းကျင်ရာတစ်ခုကို အောက်မှာချရေးပါ။

အခု သင့်မှာရှိတဲ့ အရည်အသွေးကောင်းတစ်ခုကို ဖော်ပြပါ။ (ဥပမာ၊ သင်က ဂရုစိုက်တတ်တဲ့သူ၊ စေတနာကောင်းတဲ့သူ၊ ယုံကြည်စိတ်ချရတဲ့သူ၊ အချိန်တိကျတဲ့သူ။)

၂ ငါရဲ့အားနည်းချက်က ဘာလဲ

သံကြိုးတစ်ချောင်းမှာ ကွင်းဆက်တွေက အားနည်းချက်ဖြစ်သလို ကိုယ့်ရဲ့ အားနည်းချက်ကလည်း ကိုယ့်ခံယူချက်အတိုင်း ဆက်မရပ်တည်နိုင်တော့အောင် ဖြစ်စေနိုင်တယ်။

ကျမ်းစာပုံနမူနာ– ပေါလုက သူ့ရဲ့အားနည်းချက်ကို သတိပြုမိပြီး အခုလို ရေးခဲ့တယ်– ‘ငါသည် အတွင်းသဘောအားဖြင့် ဘုရားသခင်၏ပညတ်တရားကို အမှန်ပင် နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ အခြားသော တရားတစ်ပါးသည် ငါ့စိတ်သဘော၌ရှိသောတရားကို တိုက်လှန်၍ အပြစ်တရားလက်သို့ ငါ့ကိုအပ်နှံကြောင်း ငါမြင်၏။’—ရောမ ၇:၂၂၊ ၂၃

သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ– ဘယ်အားနည်းချက်တွေကို သင်ထိန်းချုပ်ဖို့လိုသလဲ။

၃ ငါ့ပန်းတိုင်တွေက ဘာလဲ

တက္ကစီတစ်စီးငှားပြီး ဆီကုန်သွားတဲ့အထိ တစ်နေရာတည်းကိုပဲ ထပ်ခါထပ်ခါ ပတ်ခိုင်းနေမလား။ အဲဒီလိုလုပ်တာက မိုက်မဲရာကျပြီး ငွေကို ဖြုန်းတီးပစ်တာပဲ။

သင်ခန်းစာကဘာလဲ။ ကိုယ့်မှာ ပန်းတိုင်မရှိဘူးဆိုရင် ဘဝလမ်းစပျောက်နေမှာဖြစ်ပြီး ပန်းတိုင်ရှိတယ်ဆိုရင်တော့ အဲဒီကိုရောက်ဖို့ ဘယ်လိုသွားရမယ်ဆိုတာ ကြိုတင်စီစဥ်ပါလိမ့်မယ်။

ကျမ်းစာပုံနမူနာ– “ငါသည် ပြေးသောအခါ ဦးတည်ရာမဲ့ ပြေးသည်မဟုတ်” လို့ ပေါလုပြောခဲ့တယ်။ (၁ ကောရိန္သု ၉:၂၆) ပေါလုဟာ ဘဝရေစုန်မှာ မျောနေမယ့်အစား ပန်းတိုင်တွေ ချမှတ်တယ်၊ အဲဒီပန်းတိုင်တွေအတိုင်း အသက်ရှင်နေထိုင်ခဲ့တယ်။—ဖိလိပ္ပိ ၃:၁၂-၁၄

သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ– နောက်နှစ်အတွင်းမှာ သင်ပြည့်မီချင်တဲ့ ပန်းတိုင်သုံးခုကို ချရေးပါ။

၄ ငါ့ရဲ့ခိုင်မာတဲ့ ယုံကြည်ချက်က ဘာလဲ

ကိုယ်က ဘယ်လိုလူစားမျိုးလဲဆိုတာ သိထားမယ်ဆိုရင် ပြင်းထန်တဲ့မုန်တိုင်း တိုက်ခတ်တဲ့အချိန်မှာ ခိုင်ခိုင်မာမာအမြစ်စွဲနေတဲ့သစ်ပင်နဲ့ တူမှာဖြစ်

ခိုင်မာတဲ့ယုံကြည်ချက်သာ မရှိရင် မပြတ်မသားဖြစ်နိုင်တယ်။ သင့်မှာ ကိုယ်ပိုင်ခံယူချက်မရှိဘူးဆိုရင် အရောင်အမျိုးမျိုးပြောင်းလဲတတ်တဲ့ ပုတ်သင်ညိုလို ရွယ်တူချင်းတွေကြားမှာ ဖြစ်နေပါလိမ့်မယ်။

အဲဒီအစား၊ တခြားသူတွေ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်း လုပ်မယ်ဆိုရင် ကိုယ်က ဘယ်လိုလူစားမျိုးလဲဆိုတာ ဖော်ပြရာရောက်တယ်။

ကျမ်းစာပုံနမူနာ– ပရောဖက်ဒံယေလဟာ ဆယ်ကျော်သက်အရွယ်တုန်းက မိဘတွေနဲ့ ဝေးနေပေမဲ့ ဘုရားသခင့်ပညတ်တွေကို နာခံဖို့ ‘စိတ်ပိုင်းဖြတ်ထားတယ်။’ (ဒံယေလ ၁:၈ကဘ) ဒီနည်းနဲ့ သူ့ကိုယ်သူယုံကြည်စိတ်ချခဲ့တယ်။ သူ့ရဲ့ ခိုင်မာတဲ့ယုံကြည်ချက်အတိုင်း နေထိုင်ခဲ့တယ်။

သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ– သင့်ရဲ့ ခိုင်မာတဲ့ယုံကြည်ချက်က ဘာလဲ။ ဥပမာ၊ ဘုရားသခင်ကို ယုံကြည်သလား။ ယုံကြည်တယ်ဆိုရင် ဘာကြောင့်ယုံကြည်တာလဲ။ ဘာအထောက်အထားရှိလို့ ယုံကြည်တာလဲ။

ဘုရားသခင် ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေဟာ သင့်ကို ကောင်းကျိုးပြုတယ်လို့ ယုံကြည်သလား။ ယုံကြည်တယ်ဆိုရင် ဘာကြောင့်လဲ။

ပြင်းထန်တဲ့မုန်တိုင်းတိုက်ခံရတာတောင် မပြိုမလဲကြံ့ကြံ့ခံနိုင်တဲ့သစ်ပင်နဲ့ တူချင်သလား။ ဒါမှမဟုတ် လေပြေလေညင်းတိုက်ခတ်ရုံလေးနဲ့ ကြွေကျတဲ့သစ်ရွက်လေးနဲ့ တူချင်သလား။ သင့်ရဲ့ ကိုယ်ပိုင်ခံယူချက်ကို သန်မာအောင်လုပ်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ကြံ့ကြံ့ခံနိုင်တဲ့သစ်ပင်နဲ့ တူပါလိမ့်မယ်။ ဒီအပြင် ငါက ဘယ်လိုလူစားမျိုးလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရရှိပါလိမ့်မယ်။