အခန်း ၇၄
ဧည့်ဝတ်ကျေပွန်ခြင်းနဲ့ ဆုတောင်းခြင်းအကြောင်း သွန်သင်ပေး
-
မာသနဲ့ မာရိအိမ်ကို ယေရှု လည်ပတ်
-
ဇွဲမလျှော့ဘဲ ဆုတောင်းဖို့ အရေးကြီး
ဂျေရုဆလင်မြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ သံလွင်တောင် အရှေ့ဘက်ခြမ်းမှာ ဗေသနိရွာ ရှိတယ်။ (ယောဟန် ၁၁:၁၈) ယေရှုဟာ အဲဒီရွာမှာရှိတဲ့ မာသနဲ့ မာရိတို့ ညီအစ်မနှစ်ယောက်ရဲ့အိမ်ကို သွားလည်တယ်။ သူတို့နဲ့ သူတို့ရဲ့မောင် လာဇရုဟာ ယေရှုရဲ့ မိတ်ဆွေတွေဖြစ်တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။
သူတို့အိမ်ကို မေရှိယ လာလည်တာ ဂုဏ်ယူစရာပဲ။ ဒါကြောင့် မာသက ယေရှုကို ဧည့်ဝတ်ပြုဖို့ ဗျာများနေပြီး အစားအသောက်တွေကို ဖွယ်ဖွယ်ရာရာ ပြင်ဆင်နေတယ်။ မာသ အလုပ်လုပ်နေတုန်း သူ့ညီမမာရိက ယေရှုရဲ့ခြေရင်းမှာ ထိုင်ပြီး သွန်သင်ပေးသမျှကို နားထောင်နေတယ်။ ခဏကြာတော့ မာသက ယေရှုဆီလာပြီး အခုလိုပြောတယ်– “သခင်၊ ညီမလေးက ကျွန်မကို ဒိုင်ခံလုပ်ခိုင်းနေတာ။ ဒီအတိုင်း ကြည့်နေတော့မှာလား။ ကျွန်မကို ဝိုင်းကူဖို့ ပြောပေးပါဦး။”—လုကာ ၁၀:၄၀။
ယေရှုက မာရိကို အပြစ်တင်မယ့်အစား အစားအစာနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်နေတဲ့ မာသကို အခုလို ဆုံးမတယ်– “မာသက များများစားစား မလုပ်နိုင်မှာကို စိတ်ပူပြီး ဗျာများနေတာကိုး။ တကယ်တော့ များများစားစား မလိုပါဘူး။ တစ်မျိုးတည်းဆိုရင်လည်း ဖြစ်ပါတယ်။ မာရိကတော့ အကောင်းဆုံးကို ရွေးလိုက်ပြီ။ အဲဒါကို သူ့ဆီကနေ ဘယ်သူမှ လုယူလို့မရဘူး။” (လုကာ ၁၀:၄၁၊ ၄၂) မှန်ပါတယ်၊ အချိန်အများကြီး အကုန်ခံပြီး ဟင်းအမယ်စုံအောင် ချက်နေဖို့ မလိုဘူး။ ရိုးရှင်းတဲ့ ဟင်းတစ်မယ်သာ လိုတယ်လို့ ယေရှု အလေးပေး ပြောနေတာ။
မာသက စေတနာကောင်းပြီး ဧည့်ဝတ်ကျေပွန်ချင်တယ်။ ဒါပေမဲ့ အစားအသောက်အတွက်ပဲ စိုးရိမ်ပြီး အာရုံစိုက်နေတာကြောင့် ဘုရားရဲ့ သားတော်ဆီက အဖိုးတန် သွန်သင်ချက်တွေကို လွတ်သွားတယ်။ မာရိကတော့ ကောင်းတဲ့အရာကို ရွေးချယ်တဲ့အတွက် ထာဝစဉ် အကျိုးခံစားရမယ်လို့ ယေရှု အလေးပေးပြောတယ်။ ကျွန်တော်တို့အားလုံး သတိရသင့်တဲ့ သင်ခန်းစာပါပဲ။
နောက်တစ်ကြိမ်မှာ ယေရှုက အရေးကြီးတဲ့ သင်ခန်းစာ နောက်တစ်ခုကို သွန်သင်ပေးတယ်။ တပည့်တစ်ယောက်က “သခင်၊ ကျွန်တော်တို့ကို ဆုတောင်းနည်း သင်ပေးပါ။ ယောဟန်လည်း သူ့တပည့်တွေကို သင်ပေးခဲ့တယ်” လို့ပြောတယ်။ (လုကာ ၁၁:၁) လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်တုန်းက သံလွင်တောင်ပေါ်မှာ တပည့်တွေကို ဆုတောင်းနည်း သင်ပေးခဲ့ပြီးပြီ။ (မဿဲ ၆:၉-၁၃) ဒါပေမဲ့ အဲဒီတုန်းက သူတို့တွေ မရှိတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ယေရှုက ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ အဓိကအချက်တွေကို ထပ်ပြောပြတယ်။ ဒီနောက် ဇွဲမလျှော့ဘဲ ဆုတောင်းဖို့ အရေးကြီးကြောင်း ပုံဥပမာတစ်ခုသုံးပြီး သွန်သင်ပေးတယ်။
“ခင်ဗျားတို့မှာ မိတ်ဆွေတစ်ယောက်ရှိတယ် ဆိုပါစို့။ မိတ်ဆွေရဲ့အိမ်ကို ညသန်းခေါင်ကြီး သွားပြီး ‘မုန့်သုံးလုံးလောက် ချေးပါဦး။ ငါ့သူငယ်ချင်းတစ်ယောက် ခရီးသွားရင်း အခုလေးတင် ရောက်လာတာ။ သူ့ကိုကျွေးစရာ ဘာမှမရှိလို့ပါ’ ဆိုပြီး ပြောတဲ့အခါ၊ မိတ်ဆွေက ‘မနှောင့်ယှက်ပါနဲ့ကွာ။ တံခါးပိတ်ပြီးလို့ ငါ့သားသမီးတွေတောင် အိပ်ကုန်ပြီ။ ထပြီး မပေးနိုင်ဘူး’ လို့ အိမ်ထဲကနေ လှမ်းပြောတယ်။ ကျွန်တော်ပြောမယ်။ သူက မိတ်ဆွေဖြစ်နေတာတောင် အိပ်ရာကထပြီး မပေးချင်ဘူး။ ဒါပေမဲ့ တောင်းတဲ့သူက ဇွဲမလျှော့ဘဲ တောင်းနေတော့ လိုသမျှ ထပေးလိုက်ရတာပဲ။”—လုကာ ၁၁:၅-၈။
မပေးချင်တဲ့ မိတ်ဆွေလိုပဲ၊ ယေဟောဝါဟာ အသနားခံချက်တွေကို နားမထောင်ပေးချင်ဘူးလို့ ယေရှု ပြောနေတာမဟုတ်ဘူး။ ဇွဲမလျှော့ဘဲ တောင်းတဲ့အခါ မပေးချင်တဲ့မိတ်ဆွေကတောင် ပေးတယ်ဆိုရင် မေတ္တာရှင်ကောင်းကင်ဖခင်က သစ္စာရှိကျေးကျွန်တွေရဲ့ အသနားခံချက်တွေကို ကျိန်းသေ နားထောင်ပေးမယ်ဆိုတာ ပြောနေတာ။ ယေရှု အခုလို ဆက်ပြောတယ်– “ကျွန်တော်ပြောမယ်။ တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်။ တောင်းတဲ့သူတိုင်း ရလိမ့်မယ်။ ရှာတဲ့သူတိုင်း တွေ့လိမ့်မယ်။ ခေါက်တဲ့သူတိုင်းအတွက် တံခါးပွင့်လာလိမ့်မယ်။”—လုကာ ၁၁:၉၊ ၁၀။
အဲဒီနောက် ယေရှုက သူပြောချင်တဲ့အချက်ကို မြင်သာအောင် လူသားဖခင်တွေနဲ့ နှိုင်းယှဉ်ပြတယ်– “သားက ငါးကို တောင်းရင် မြွေကိုပေးမယ့်အဖေ ရှိသလား။ ကြက်ဥတောင်းရင် ကင်းမြီးကောက် ပေးမှာလား။ ခင်ဗျားတို့ အပြစ်သားတွေတောင် ကိုယ့်သားသမီးကို ကောင်းတာတွေ ပေးတတ်ရင် ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော် ပိုလို့တောင်ပေးမှာ မဟုတ်လား။” (လုကာ ၁၁:၁၁-၁၃) ဒါကြောင့် ကောင်းကင်ဖခင်ဟာ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို လိုလိုလားလား နားထောင်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုတာ သိရတယ်။ တကယ်ကောင်းတဲ့ အာမခံချက်ပါပဲ။