မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ပြုဖို့ ငါတို့အသင့် ဖြစ်ပြီလား

အိမ်ထောင်ပြုဖို့ ငါတို့အသင့် ဖြစ်ပြီလား

အခန်း ၃၀

အိမ်ထောင်ပြုဖို့ ငါတို့အသင့် ဖြစ်ပြီလား

ဘဝလက်တွဲဖော်နဲ့တွေ့ပြီး အချင်းချင်း မေတ္တာမျှနေကြပြီဆိုတော့ သာယာပျော်ရွှင်တဲ့အိမ်ထောင် တည်ဆောက်ဖို့ စိတ်ကူးနေမှာပဲ။ ဒါပေမဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲစေမယ့် ဒီဆုံးဖြတ်ချက်ချတဲ့အခါ

‘ငါ အိမ်ထောင်ပြုဖို့ အသင့်ဖြစ်ပြီလား’ ဆိုပြီးတွေးမိနိုင်တယ်။

နှစ်ယောက်စလုံးက ချစ်နေရင်တောင် အဲဒီလိုအတွေးမျိုး တွေးမိတတ်တယ်။ အိမ်ထောင်ရေးမသာယာမှုတွေ၊ ကွာရှင်းနှုန်းတွေ တိုးများလာနေတော့ ကိုယ့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် ဆုံးဖြတ်ချက်ချဖို့ သေချာစဉ်းစားချင်မှာပဲ။ အိမ်ထောင်ပြုဖို့ အသင့်ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ စိတ်ကူးယဉ်ကမ္ဘာထဲကထွက်ပြီး လက်တွေ့ကျကျစဉ်းစားပါ။

စိတ်ကူးယဉ် ၁ “အချစ်တစ်ခုတည်းနဲ့ ဘဝကိုတည်ဆောက်နိုင်တယ်။”

လက်တွေ့– ချစ်နေရုံနဲ့ ရေခ၊ မီးခ၊ အိမ်သုံးစရိတ်တွေ၊ ငွေကြေးအခက်အခဲတွေ ပြေလည်သွားမှာ မဟုတ်ဘူး။ ငွေကြောင့် အိမ်ထောင်ရေး ကတောက်ကဆဖြစ်ကြတယ်၊ နောက်ဆုံး ကွာရှင်းတဲ့အထိ ဖြစ်ကြတယ်။ ငွေအပေါ် မျှတတဲ့အမြင်မရှိဘူးဆိုရင် စိတ်ပိုင်းထိခိုက်နိုင်တယ်။ ဒါ့အပြင် ယေဟောဝါဘုရားနဲ့ဆက်ဆံရေး၊ အိမ်ထောင်ဖက်နဲ့ဆက်ဆံရေး ထိခိုက်နိုင်တယ်။ (၁ တိမောသေ ၆:၉၊ ၁၀) ဘာသင်ခန်းစာရသလဲ။ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်မပြုခင်ကတည်းက ဆွေးနွေးထားဖို့လိုတယ်။

ကျမ်းစာအဆို– “သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကိုသိရန် ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။”—လုကာ ၁၄:၂၈

အကြံပြုချက်– ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး လက်မထပ်ခင်ကတည်းက အိမ်ထောင်ဖက်လောင်းနဲ့ ဆွေးနွေးထားပါ။ (သုတ္တံ ၁၃:၁၀) ဒီမေးခွန်းတွေကို စဉ်းစားကြည့်ပါ– ဝင်ငွေ၊ ထွက်ငွေကို ဘယ်လိုဘတ်ဂျက်ဆွဲမလဲ။ ဘဏ်စာရင်းတစ်ခုတည်း ထားမလား၊ သပ်သပ်စီထားမလား။ ဘယ်သူက ငွေကိုင်မလဲ။ * အိမ်ထောင်ဖက်နဲ့တိုင်ပင်စရာမလိုဘဲ ငွေ ဘယ်လောက်အထိ သုံးနိုင်မလဲ။ အခုကတည်းက ဆွေးနွေးတိုင်ပင်ပြီးလုပ်ပါ။—ဒေသနာ ၄:၉၊ ၁၀

စိတ်ကူးယဉ် ၂ “ဘယ်တော့မှ သဘောထားမကွဲလွဲဘဲ အမြဲတမ်း စိတ်တူကိုယ်တူဖြစ်လို့ ငါတို့က လက်တွဲဖော်ကောင်းတွေပဲ။”

လက်တွေ့– ဘယ်တော့မှ သဘောထားမကွဲလွဲတာက စကားများရန်ဖြစ်စေတဲ့မီးပွားလေး ဆက်မကြီးလာအောင် သင့်ဘက်က အလျှော့ပေးနေလို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လင်နဲ့မယား လျှာနဲ့သွားဆိုသလို အိမ်ထောင်ပြုပြီးတဲ့အခါ သဘောထားကွဲလွဲမှုတွေ ရှိလာမှာပဲ။ အားနည်းချက်ရှိတဲ့လူနှစ်ယောက် ပေါင်းဖက်ထားတာကိုး။ (ရောမ ၃:၂၃; ယာကုပ် ၃:၂) ဒါကြောင့် ဘယ်လောက်ထိ သဘောထားတိုက်ဆိုင်တယ် ဆိုတာကိုပဲ မစဉ်းစားပါနဲ့။ သဘောထားမတိုက်ဆိုင်တဲ့အခါ ဘာတွေဖြစ်လာမယ်ဆိုတာကိုလည်း စဉ်းစားထားပါ။ အမြင်ချင်းမတူတာကို အသိအမှတ်ပြုပြီး ကိစ္စရပ်တွေကို တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး ဖြေရှင်းမယ်ဆိုရင် ခိုင်မြဲတဲ့အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။

ကျမ်းစာအဆို– “ဒေါသမပြေဘဲ အိပ်ရာမဝင်နဲ့။”—ဧဖက် ၄:၂၆Contemporary English Version။

အကြံပြုချက်– အပျိုလူပျိုဘဝမှာ မိဘတွေ၊ မောင်နှမတွေနဲ့ စကားများတုန်းက ဘယ်လိုဖြေရှင်းသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ဒီစာအုပ်ရဲ့ စာမျက်နှာ ၉၃ မှာပါတဲ့ ဇယားမျိုးဆွဲပါ။ ဘာကြောင့်စကားများခဲ့တယ်၊ ဘယ်လိုတုံ့ပြန်ခဲ့တယ်၊ ဘယ်လိုတုံ့ပြန်ရင် ပိုကောင်းမယ်ဆိုတာတွေကို မှတ်သားပါ။ ဥပမာ၊ သင်က စကားများတဲ့အခါ အခန်းထဲကို ဒေါသတကြီး၀င်သွားပြီး တံခါးကိုဆောင့်ပိတ်လိုက်တယ် ဆိုပါစို့။ အဲဒီလိုလုပ်ရင် ပြဿနာပိုဆိုးသွားနိုင်တာမို့ ဘယ်လိုတုံ့ပြန်ရင် ပိုကောင်းမယ်ဆိုတာ ရေးပါ။ အိမ်ထောင်မပြုခင်ကတည်းက ပြဿနာတွေကို ကောင်းကောင်းဖြေရှင်းတတ်အောင် သင်ယူထားမယ်ဆိုရင် ပျော်ရွှင်တဲ့အိမ်ထောင် တည်ဆောက်နိုင်မှာ သေချာပါတယ်။

စိတ်ကူးယဉ် ၃ “လက်ထပ်လိုက်တာနဲ့ လိင်ဆန္ဒတွေ ပြည့်ဝသွားမှာပါ။”

လက်တွေ့– လက်ထပ်လိုက်ပြီဖြစ်လို့ ကိုယ့်လိင်ဆန္ဒကို ဘယ်အချိန်မဆို ဖြည့်ဆည်းနိုင်မယ်လို့ မထင်လိုက်ပါနဲ့။ သင့်အိမ်ထောင်ဖက်ဟာ ပုထုဇဉ်လူသားမို့ သူ့ခံစားချက်တွေကို ထည့်စဉ်းစားပေးရမယ်။ သူ့မှာ လိင်မဆက်ဆံချင်တဲ့အချိန်တွေ ရှိနိုင်တယ်။ ကိုယ့်ဆန္ဒပြည့်၀ဖို့ မရမကတောင်းဆိုပိုင်ခွင့် ရှိတယ်လို့ မထင်သင့်ဘူး။ (၁ ကောရိန္သု ၁၀:၂၄) တစ်ကိုယ်ရေပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ချုပ်တည်းတတ်ဖို့ အရေးကြီးတယ်။—ဂလာတိ ၅:၂၂၊ ၂၃

ကျမ်းစာအဆို– “သင်တို့အသီးသီးသည် သန့်ရှင်း၍ ဂုဏ်အသရေရှိသူများ ဖြစ်စေရန် မိမိ၏ခန္ဓာကိုယ်ကို မည်သို့ထိန်းချုပ်ရမည်ကို သင်တို့သိရှိစေရန်လည်းကောင်း၊ . . . သွေးသားဆန္ဒပြင်းပြခြင်း မရှိစေရန်လည်းကောင်း” ဖြစ်၏။—၁ သက်သာလောနိတ် ၄:၄၊ ၅

အကြံပြုချက်– ကိုယ့်လိင်ဆန္ဒနဲ့ အပြုအမူတွေကို သေချာဆန်းစစ်ကြည့်ပါ။ နောက်ပိုင်း လက်ထပ်တဲ့အခါ အဲဒါတွေက ကိုယ့်အိမ်ထောင်ရေးကို ဘယ်လိုထိခိုက်နိုင်မယ်ဆိုတာ ထည့်စဉ်းစားပါ။ ဥပမာ၊ ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတဲ့အကျင့်ရှိသလား။ ညစ်ညမ်းရုပ်ပုံတွေကြည့်သလား။ လိင်ခြားသူကို တဏှာအကြည့်နဲ့ ကြည့်တတ်သလား။ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ပြီး ဒီလိုမေးပါ– ‘လက်မထပ်ခင် ကိုယ့်လိင်ဆန္ဒကို မချုပ်တည်းနိုင်ရင် လက်ထပ်ပြီးနောက် ဘယ်လိုချုပ်တည်းမလဲ။’ (မဿဲ ၅:၂၇၊ ၂၈) နောက်ကိစ္စတစ်ခုကတော့– သင်ဟာ အီစီကလီလုပ်တတ်ပြီး ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေလို့ မျက်နှာများသူဆိုတဲ့ နာမည်ရထားသလား။ လက်ထပ်ပြီးနောက် ကိုယ့်အိမ်ထောင်ဖက်ကိုပဲ ချစ်ရမှာဖြစ်လို့ လက်မထပ်ခင်ကတည်းက အဲဒီအကျင့်ကို ဘယ်လိုဖျောက်ဖျက်ထားသင့်သလဲ။—သုတ္တံ ၅:၁၅-၁၇

စိတ်ကူးယဉ် ၄ “အိမ်ထောင်သည်ဘဝက ပျော်စရာကောင်းမှာပါ။”

လက်တွေ့– တစ်ကိုယ်ရေဘဝကတည်းက ပျော်ပျော်မနေတတ်ဘူးဆိုရင် အိမ်ထောင်ကျရင်လည်း ပျော်မှာမဟုတ်ဘူး။ ဘာကြောင့်လဲ။ ပျော်ရွှင်မှုရှိဖို့ဆိုတာ ကိုယ့်အခြေအနေပေါ်မဟုတ်ဘဲ ကိုယ့်သဘောထားပေါ် မူတည်လို့ပဲ။ (သုတ္တံ ၁၅:၁၅) ကိုယ့်ဘဝကို အကောင်းမမြင်တဲ့သူဟာ မရှိတာကို တမ်းတနေပြီး ရှိတာကိုတော့ တန်ဖိုးမထားတတ်ဘူး။ တစ်ကိုယ်ရေဘဝကတည်းက အကောင်းမြင်စိတ်ထား မွေးမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒါမှ အိမ်ထောင်ကျတဲ့အခါ နှစ်ယောက်စလုံး ပျော်ရွှင်မှုခံစားရမယ်။

ကျမ်းစာအဆို– “မိမိတွင်ရှိသမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းသည် တစ်ခုခုကို အစဉ်လိုချင်တောင့်တခြင်းထက် ပို၍ကောင်း၏။”—ဒေသနာ ၆:၉ခမ။

အကြံပြုချက်– မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့အခါ အပျက်သဘော ဝင်လာတတ်တယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သင်မျှော်မှန်းထားတဲ့အချက် နှစ်ချက်၊ သုံးချက်ကို ရေးချပါ။ အဲဒါကိုဖတ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ မျှော်မှန်းထားတာတွေက လက်တွေ့ကျရဲ့လား။ အချစ်ဇာတ်လမ်းတွေကြည့်၊ ဝတ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်နေတာလား။ အိမ်ထောင်ပြုလိုက်ရင် ငါ့အထီးကျန်စိတ်ပျောက်သွားမယ်၊ ငါ့လိင်ဆန္ဒပြည့်ဝသွားမယ်၊ ငါ့သူငယ်ချင်းတွေကြားမှာ လေးစားခံရမယ်ဆိုပြီး ငါ့အတွက်ပဲ စဉ်းစားနေသလား။’ အဲဒီလိုဖြစ်နေရင် “ငါ” လို့တွေးမယ့်အစား “ငါတို့” ဆိုပြီး တွေးဖို့ကြိုးစားပါ။ သင်တို့နှစ်ယောက်စလုံး ပါဝင်ပတ်သက်တဲ့အချက် နှစ်ချက်၊ သုံးချက်ကို ရေးချပါ။

အထက်ပါစိတ်ကူးတွေကြောင့် သင့်အိမ်ထောင်မှာ ပျော်ရွှင်မှုပျောက်ဆုံးသွားနိုင်တယ်။ ဒါကြောင့် စိတ်ကူးယဉ်အတွေးတွေကို ဖျောက်ပစ်ပြီး လက်တွေ့ကျကျတွေးပါ။ ဘဝမှာ အကြီးမားဆုံးကောင်းချီးတစ်ခုဖြစ်တဲ့ သာယာချမ်းမြေ့တဲ့အိမ်ထောင် တည်ဆောက်နိုင်ဖို့ စာမျက်နှာ ၂၁၆၊ ၂၁၇ မှာပါတဲ့အချက်တွေက ထောက်ကူပေးပါလိမ့်မယ်။—တရားဟောရာ ၂၄:၅; သုတ္တံ ၅:၁၈

နောက်အခန်းမှာဖတ်ကြည့်ပါ

လမ်းခွဲရတဲ့အခါ သေမတတ်ခံစားရတယ်။ အဲဒီနောက်ပိုင်း ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 သုတ္တံ ၃၁:၁၀-၂၈ (ကဘ) အရ ‘လုပ်ရည်ကိုင်ရည်ရှိတဲ့ဇနီး’ ဟာ မိသားစုရဲ့ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ကြီးလေးတဲ့တာဝန်တွေ ယူထားတယ်။ အခန်းငယ် ၁၃၊ ၁၄၊ ၁၆၊ ၁၈ နဲ့ ၂၄ တို့ကိုကြည့်ပါ။

အဓိကကျမ်းချက်

‘ယောက်ျားက မိဘကိုထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူနေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။’ —ကမ္ဘာဦး ၂:၂၄ကဘ။

အကြံပြုချက်

ကြင်စဦးမောင်နှံအနေနဲ့ သာယာချမ်းမြေ့တဲ့အိမ်ထောင် တည်ဆောက်နိုင်ဖို့ အိမ်ထောင်သက်ကြာတဲ့မောင်နှံဆီကနေ အကြံဉာဏ်တောင်းပါ။ —သုတ္တံ ၂၇:၁၇

သင်သိပါသလား . . . ?

သာယာချမ်းမြေ့တဲ့အိမ်ထောင်မှာ ဇနီးမောင်နှံတွေဟာ မိတ်ဆွေတွေလို ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံပြီး သဘောထားမတိုက်ဆိုင်တာတွေကို ပြေလည်အောင် ဖြေရှင်းကြတယ်။ ရိုးမြေကျပေါင်းသင်းဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

လက်တွေ့လုပ်ကြည့်ပါ

အိမ်ထောင်ဖက်လောင်းနဲ့ အဆင်ပြေအောင် အခုကတည်းက ငါဖျောက်ဖျက်ရမယ့် ဉာဉ်ဆိုးက ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● နိုင်ငံတချို့မှာ အိမ်ထောင်အတော်များများက ကွာရှင်းခြင်းနဲ့ဇာတ်သိမ်းသွားကြတယ်။ အဲဒီလိုဖြစ်တာ ဘာကြောင့်လို့ သင်ထင်သလဲ။

● မိဘအိမ်မှာ မပျော်တာနဲ့ဘဲ လက်ထပ်လိုက်မယ်ဆိုရင် ဘာအန္တရာယ်တွေ ကြုံနိုင်သလဲ။

● အိမ်ထောင်ပြုတဲ့အခါ သမ္မာကျမ်းစာ လမ်းညွှန်ချက်တွေကို လိုက်လျှောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ။

[စာမျက်နှာ ၂၂၀ ပါ အကျဉ်းဖော်ပြချက်]

အစီအစဉ်ဇယား

‘‘အိမ်ထောင်ပြုတယ်ဆိုတာ ပေါ့ပေါ့တန်တန်သဘောထားရမယ့်ကိစ္စ မဟုတ်ဘူး။ ဒါကြောင့် အိမ်ထောင်ရေးအကြောင်းနဲ့ ကိုယ်အိမ်ထောင်ပြုမယ့်သူအကြောင်း ကောင်းကောင်းသိထားဖို့ အရေးကြီးတယ်။’’—အော်ဒရေ

[စာမျက်နှာ ၂၁၆၊ ၂၁၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

သင် အိမ်ထောင်ပြုဖို့ အသင့်ဖြစ်ပြီလား

ဒီစာမျက်နှာတွေမှာပါတဲ့ မေးခွန်းတွေကို စဉ်းစားကြည့်ပါ။ အဲဒီအချက် တွေကို အခြေခံပြီး အိမ်ထောင်ဖက်လောင်းနဲ့ ဆွေးနွေးတိုင်ပင်နိုင်တယ်။ ကိုးကားထားတဲ့ကျမ်းချက်တွေကို ဖွင့်ဖတ်ပါ။

ငွေရေးကြေးရေး

□ ငွေကြေးအပေါ် ဘယ်လိုသဘောထားသလဲ။—ဟေဗြဲ ၁၃:၅၊ ၆

□ ငွေကြေးအပေါ် မျှတတဲ့အမြင်ရှိတယ်ဆိုတာ အခု သင် ဘယ်လိုတင်ပြနေသလဲ။—မဿဲ ၆:၁၉-၂၁

□ အကြွေးရှိသလား။ ရှိတယ်ဆိုရင် ဘယ်လိုပြန်ဆပ်နေသလဲ။—သုတ္တံ ၂၂:၇

□ မင်္ဂလာဆောင်အတွက် ကုန်ကျစရိတ် ဘယ်လောက်မှန်းထားသလဲ။ အဲဒီအတွက် ငွေဘယ်လောက်ချေးရမလဲ။—လုကာ ၁၄:၂၈

□ လက်ထပ်ပြီးရင် နှစ်ယောက်စလုံး အလုပ်လုပ်ဖို့ လိုမလား။ လိုတယ်ဆိုရင် အချိန်ကို ဘယ်လိုညှိမလဲ၊ ကြိုပို့လုပ်ပေးဖို့ လိုမလား။—သုတ္တံ ၁၅:၂၂

□ ဘယ်မှာနေကြမလဲ။ အိမ်ငှားခ၊ စားဖို့သောက်ဖို့၊ အဝတ်အစားဝယ်ဖို့နဲ့ တခြားအသုံးစရိတ်တွေအတွက် ဘယ်လိုစီစဉ်ထားသလဲ။—သုတ္တံ ၂၄:၂၇

မိသားစုရေးရာ

□ မိဘ၊ မောင်နှမတွေနဲ့ အဆင်ပြေသလား။—ထွက်မြောက်ရာ ၂၀:၁၂; ရောမ ၁၂:၁၈

□ အိမ်မှာ စကားများတဲ့အခါ ဘယ်လိုဖြေရှင်းတတ်သလဲ။—ကောလောသဲ ၃:၁၃

□ သင်ဟာ အမျိုးသမီးငယ်တစ်ယောက်ဆိုရင် “နူးညံ့ငြိမ်သက်ခြင်းသဘော” ကို ဘယ်လိုပြမလဲ။—၁ ပေတရု ၃:၄

□ ကလေးယူဖို့ အစီအစဉ်ရှိသလား။ (ဆာလံ ၁၂၇:၃) မရှိဘူးဆိုရင် ဘာတားဆေးသုံးမလဲ။

□ သင်ဟာ အမျိုးသားငယ်တစ်ယောက်ဆိုရင် မိသားစုမှာ ယေဟောဝါဘုရားနဲ့ ကောင်းတဲ့ဆက်ဆံရေးအမြဲရှိဖို့ ဘယ်လိုဦးဆောင်မလဲ။—မဿဲ ၅:၃

ပင်ကိုစရိုက်

□ အလုပ်ကြိုးစားတယ်ဆိုတာ သင် ဘယ်လိုနည်းတွေနဲ့ ပြနေသလဲ။ —သုတ္တံ ၆:၉-၁၁; ၃၁:၁၇၊ ၁၉၊ ၂၁၊ ၂၂၊ ၂၇

□ သင့်မှာ ကိုယ်ကျိုးစွန့်စိတ်ထားရှိတာကို ဘယ်လိုပြနေသလဲ။—ဖိလိပ္ပိ ၂:၄

□ သင်ဟာ အမျိုးသားငယ်တစ်ယောက်ဆိုရင် အခွင့်အာဏာကို ခရစ်တော် သုံးသလို ဘယ်လိုအသုံးပြုနိုင်မလဲ။—ဧဖက် ၅:၂၅၊ ၂၈၊ ၂၉

□ သင်ဟာ အမျိုးသမီးငယ်တစ်ယောက်ဆိုရင် အခွင့်အာဏာကို လက်အောက်ခံတယ်ဆိုတာ ဘယ်လိုပြမလဲ။—ဧဖက် ၅:၂၂-၂၄

[စာမျက်နှာ ၂၁၉ ပါ ရုပ်ပုံ]

ရေအတိမ်အနက်ကို မသိဘဲ ရေထဲခုန်ချမှာ မဟုတ်သလို အိမ်ထောင်ရေးအကြောင်း မသိဘဲ အလောတကြီး လက်မထပ်ပါနဲ့