မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ

၁။ ဘုရားသခင့်​နိုင်ငံ​တော်​ဆိုတာ ဘာလဲ။

ယေရှု ဘာကြောင့် အကောင်းဆုံး ဘုရင် ဖြစ်သလဲ။ —မာကု ၁:၄၀-၄၂

ဘုရားသခင့်​နိုင်ငံ​တော်​ဆိုတာ ကောင်းကင်အစိုးရ​ပါ။ အဲဒီ​အစိုးရ​က လူ့အုပ်ချုပ်မှု​မှန်သမျှကို ဖယ်ရှားပြီး ဘုရားသခင့်​အလိုတော်ကို ကောင်းကင်မှာ ပြည့်စုံ​စေခဲ့​သလို ကမ္ဘာ​ပေါ် ပြည့်စုံ​စေ​ပါမယ်။ ဒါဟာ သတင်းကောင်း​ပါပဲ။ မကြာခင်​မှာ ဘုရားသခင့်​နိုင်ငံ​တော်​က ကမ္ဘာ​ပေါ် ကောင်းစွာ အုပ်ချုပ်ခြင်းအားဖြင့် လူသားတွေ​ရဲ့ လိုအပ်ရာ တွေကို ဖြည့်ဆည်း​ပေးပါ​လိမ့်မယ်။ ပြီးတော့ လူသား အားလုံး​ကို စည်းလုံး​စေမယ်။​—ဒံယေလ ၂:၄၄။ မဿဲ ၆:၉၊ ၁၀။ ၂၄:၁၄ တို့ကိုဖတ်ပါ။

အစိုးရ​တစ်ခုမှာ အုပ်ချုပ်သူ​ဆိုတာ ရှိ​ရမယ်။ ဒါကြောင့် ယေဟောဝါ​ဘုရားက သားတော်​ယေရှု​ကို ကောင်းကင်အစိုးရ​မှာ အုပ်ချုပ်ဖို့ ဘုရင်အဖြစ် ခန့်အပ်​လိုက်တယ်။​—ဗျာဒိတ် ၁၁:၁၅ ကိုဖတ်ပါ။

ဘုရားသခင့်​နိုင်ငံ​တော်​ဆိုတာ ဘာလဲ ဗီဒီယိုကိုကြည့်ပါ။

၂။ ယေရှု​က ဘာကြောင့် အကောင်းဆုံး​ဘုရင် ဖြစ်သလဲ။

အကြောင်းရင်း​က ယေရှုဟာ သနားကြင်နာ​ပြီး မှန်ရာ​ကို ပြတ်ပြတ်သားသား လုပ်ဆောင်​လို့​ပါပဲ။ (မဿဲ ၁၁:၂၈-၃၀) ဒါ့အပြင် ယေရှုဟာ ကောင်းကင်​က​နေ မြေကြီး​ပေါ်​ကို အုပ်ချုပ်မှာ​မို့ လူတွေ​ကို ကူညီပေး​နိုင်တဲ့ အစွမ်းတန်ခိုး​လည်း ရှိတယ်။ ယေရှု ရှင်ပြန်ထမြောက်​ပြီးတဲ့နောက် ကောင်းကင်​ကို ပြန်သွား​ခဲ့​ပြီး အုပ်ချုပ်ခွင့်​အာဏာ​ရဖို့ ယေဟောဝါ​ဘုရားရဲ့ လက်ယာဘက်​မှာ ထိုင်​စောင့်နေ​ခဲ့တယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) နောက်ဆုံးမှာ ဘုရား​သခင်​က ယေရှု​ကို အုပ်ချုပ်ခွင့်​အာဏာ အပ်နှင်း​လိုက်တယ်။​—ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။

၃။ ယေရှု​နဲ့အတူ ဘယ်သူ​တွေ အုပ်ချုပ်ကြ​မ​လဲ။

“သန့်ရှင်းသူ​တွေ” လို့ခေါ်တဲ့ အုပ်စု​တစ်စု​က ယေရှု​နဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်ကြပါ​မယ်။ (ဒံယေလ ၇:၂၇) အဲဒီ​သန့်ရှင်းသူ​တွေ​ထဲမှာ ဦးဆုံး​ရွေးချယ်​ခံရတဲ့​သူတွေက​တော့ ယေရှုရဲ့ သစ္စာရှိ​တဲ့​တမန်တော်​တွေ ဖြစ်ပါတယ်။ သစ္စာရှိ​တဲ့ အမျိုးသား၊ အမျိုးသမီး​တွေကို သန့်ရှင်းသူ​တွေအဖြစ် ယေဟောဝါ​ဘုရား ရွေးချယ်​ခဲ့​ပါတယ်။ ဒီနေ့​အထိ ဆက်​ရွေးချယ်​နေတုန်း​ပါ။ သူတို့​လည်း ယေရှု​လိုပဲ နာမ်​ခန္ဓာ​နဲ့ ရှင်ပြန်ထမြောက်​ကြပါ​မယ်။​—ယောဟန် ၁၄:၁-၃။ ၁ ကောရိန္သု ၁၅:၄၂-၄၄ တို့ကိုဖတ်ပါ။

ကောင်းကင်​ကို လူ​ဘယ်​နှစ်ယောက် သွား​ကြ​မှာ​လဲ။ ယေရှု​က သူတို့ကို “သိုးစုငယ်” လို့ခေါ်ခဲ့တယ်။ (လုကာ ၁၂:၃၂) သူတို့ဟာ နောက်ဆုံးမှာ ၁၄၄,၀​၀​၀ အထိ တိုးများ လာ​မှာ​ဖြစ်တယ်။ ပြီးတော့ ယေရှု​နဲ့အတူ ကမ္ဘာ​ကို အုပ်ချုပ်သွား​ကြ​ရမယ်။​—ဗျာဒိတ် ၁၄:၁ ကိုဖတ်ပါ။

၄။ ယေရှု စတင်​အုပ်စိုး​တာနဲ့ ဘာတွေ ဖြစ်ပျက်​ခဲ့​သလဲ။

၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်​နိုင်ငံ​တော် စတင်​အုပ်စိုး​ခဲ့​ပါတယ်။ * ဘုရင်​ဖြစ်တဲ့ ယေရှု ဦးဆုံး​လုပ်ခဲ့တဲ့​အရာက​တော့ စာတန်​နဲ့ အပေါင်းပါ နာမ်ဝိညာဉ်​ဆိုး​တွေကို ကမ္ဘာ​ပေါ် နှင်ချ​လိုက်တာ​ဖြစ်တယ်။ စာတန် အရမ်း​ဒေါသထွက်​သွား​ပြီး ကမ္ဘာ​တစ်ဝန်းလုံး​မှာ ပြဿနာတွေ​တက်အောင် စတင်​ဖန်တီး​ခဲ့တယ်။ (ဗျာဒိတ် ၁၂:၇-၁၀၊ ၁၂) အဲဒီအချိန်ကစပြီး ဆင်းရဲဒုက္ခ​တွေ အကြီးအကျယ် တိုးများလာ​ခဲ့တယ်။ စစ်၊ ငတ်မွတ်မှု၊ ကပ်ရောဂါ၊ မြေငလျင်​တွေဟာ မကြာခင် ကမ္ဘာ့​အရေးကိစ္စ​တွေကို ဘုရားသခင့်​နိုင်ငံ​တော် အရေးယူ​လုပ်ဆောင်​တော့မယ်​ဆိုတာ​ကို ဖော်ပြ​တဲ့ “နိမိတ်” ပဲ ဖြစ်ပါတယ်။​—လုကာ ၂၁:၇၊ ၁၀၊ ၁၁၊ ၃၁ ကိုဖတ်ပါ။

၅။ ဘုရားသခင့်​နိုင်ငံ​တော်​က ဘာတွေ​ကို ဖြစ်မြောက်​စေ​နေသလဲ။

ဘုရားသခင့်​နိုင်ငံ​တော်​က ကမ္ဘာချီဟောပြောခြင်း​လုပ်ငန်း​အားဖြင့် လူမျိုးအသီးသီး​က လူအုပ်ကြီး​တစ်အုပ်​ကို စည်းလုံး​စေ​နေ​ပါ​ပြီ။ သန်းနဲ့ချီတဲ့ စိတ်နှိမ့်ချသူ​တွေဟာ ဘုရင်​ယေရှုရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံ​နေကြ​ပါ​ပြီ။ လက်ရှိ​ကမ္ဘာ့စနစ်​ဆိုး​ကို ဘုရားသခင့်​နိုင်ငံ​တော် ဖျက်ဆီး​တဲ့အခါ သူတို့ ကာကွယ်​ခံရ​မှာ​ဖြစ်တယ်။ ဒါကြောင့် ဘုရားသခင့်​နိုင်ငံ​တော်​က​နေ အကျိုးကျေးဇူး​ခံစား​လို​သူ​အားလုံး ယေရှုရဲ့ နာခံမှု​ရှိတဲ့ လက်အောက်ခံ​တွေ​ဖြစ်ဖို့ သင်ယူ​သင့်ပါတယ်။​—ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၆၊ ၁၇ ကိုဖတ်ပါ။

ယေရှု​အုပ်ချုပ်မယ့် အနှစ်တစ်ထောင်​အတွင်းမှာ လူတွေ​နဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ မူလ​ရည်ရွယ်ချက်​ကို ဘုရားသခင့်​နိုင်ငံ​တော်​က အကောင်အထည်ဖော်​ပါမယ်။ ကမ္ဘာမြေ​တစ်ခုလုံး သာယာလှပ​တဲ့ ပရဒိသု​ဥယျာဉ်​လို ဖြစ်လာမယ်။ နောက်ဆုံးမှာ ယေရှု​က နိုင်ငံတော်ကို ယေဟောဝါ​ဘုရား​သခင်​ဆီ ပြန်လည်​အပ်နှင်း​မယ်။ (၁ ကောရိန္သု ၁၅:၂၄-၂၆) တစ်ယောက်ယောက်​ကို ဘုရားသခင့်​နိုင်ငံ​တော်​အကြောင်း မ​ပြောပြ​ချင်ဘူး​လား။​—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉ ကိုဖတ်ပါ။

 

^ အပိုဒ်၊ 6 ၁၉၁၄ ခုနှစ်​နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို​ကြိုဟော​ထားသလဲဆိုတာ အသေးစိတ် သိချင်​တယ်​ဆို​ရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်​ရဲ့ စာမျက်နှာ ၂၁၇ မှာ ဖတ်ကြည့်ပါ။