အခန်း ၂
ဘုရားသခင်က ဘယ်သူလဲ
၁။ ဘုရားသခင်ကို ကျွန်တော်တို့ ဘာကြောင့် ကိုးကွယ်သင့်သလဲ။
စစ်မှန်တဲ့ ဘုရားသခင်ဟာ အရာအားလုံးကို ဖန်ဆင်းတဲ့အရှင်ပါ။ ဘုရားသခင်မှာ အစမရှိသလို အဆုံးလည်း မရှိပါဘူး။ (ဆာလံ ၉၀:၂) ကျမ်းစာမှာပါတဲ့ သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာပါ။ (၁ တိမောသေ ၁:၁၁) ဘုရားသခင်ကြောင့် ကျွန်တော်တို့ အသက်ရှင်နေတဲ့အတွက် ဘုရားသခင်ကိုပဲ ကိုးကွယ်သင့်ပါတယ်။—ဗျာဒိတ် ၄:၁၁ ကိုဖတ်ပါ။
၂။ ဘုရားသခင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။
ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးကြဘူး။ အကြောင်းကတော့ ဘုရားသခင်ဟာ လူတွေထက် အဆင့်မြင့်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ (ယောဟန် ၁:၁၈။ ၄:၂၄) ဘုရားသခင် ဖန်ဆင်းထားသမျှအရာတွေထဲမှာ ဘုရားရဲ့ အရည်အသွေးတွေကို တွေ့ရတယ်။ ဥပမာ၊ မျိုးပေါင်းစုံလင်လှတဲ့ သစ်သီးဝလံတွေ၊ ပန်းမန်တွေကို အသေအချာ လေ့လာကြည့်ရင် ဘုရားသခင့်မေတ္တာနဲ့ ဉာဏ်ပညာကို တွေ့မြင်နိုင်ပါတယ်။ ကျယ်ပြောလှတဲ့ စကြဝဠာကို ကြည့်လိုက်ရင်လည်း ဘုရားသခင့်တန်ခိုးတော်ကို တွေ့မြင်နိုင်ပါတယ်။—ရောမ ၁:၂၀ ကိုဖတ်ပါ။
ကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်ရဲ့ အရည်အသွေးတွေအကြောင်း ပိုသိလာနိုင်ပါတယ်။ ဥပမာ၊ ဘုရားသခင် နှစ်သက်ရာ၊ မနှစ်သက်ရာ၊ လူတွေနဲ့ ပြုမူဆက်ဆံပုံ၊ အခြေအနေကိုကြည့်ပြီး တုံ့ပြန်တတ်ပုံကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။—ဆာလံ ၁၀၃:၇-၁၀ ကိုဖတ်ပါ။
၃။ ဘုရားသခင်မှာ နာမည်ရှိသလား။
“ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” ဆိုပြီး ယေရှု ပြောခဲ့တယ်။ (မဿဲ ၆:၉) ဘုရားသခင်မှာ ဘွဲ့အမျိုးမျိုး ရှိပေမဲ့ နာမည်ကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒီနာမည်ကို ဘာသာစကားလိုက် အသံထွက်အမျိုးမျိုးထွက်ကြတယ်။ မြန်မာလိုဆိုရင် “ယေဟောဝါ” လို့ အသံထွက်ပါတယ်။—ဆာလံ ၈၃:၁၈။ ယေရမိ ၃၃:၂ ကိုဖတ်ပါ။
ဘာသာပြန်ကျမ်း အတော်များများမှာ ဘုရားသခင့်နာမည်ကို ဖယ်ထုတ်ပြီး သခင်၊ ဘုရားသခင်ဆိုတဲ့ ဘွဲ့တွေနဲ့ အစားထိုးထားကြတယ်။ ဒါပေမဲ့ မူရင်းကျမ်းစောင်တွေမှာတော့ ဘုရားသခင့်နာမည်ကို အကြိမ်ပေါင်း ၇,၀၀၀ နီးပါး ဖော်ပြထားပါတယ်။ လူတွေကို ဘုရားသခင်အကြောင်း ယေရှု သွန်သင်တဲ့အခါ ဘုရားသခင့်နာမည်ကို ကြားသိစေခဲ့တယ်။—ယောဟန် ၁၇:၂၆ ကိုဖတ်ပါ။
ဘုရားသခင်မှာ နာမည်ရှိသလား ဗီဒီယိုကိုကြည့်ပါ
၄။ ကျွန်တော်တို့ကို ဘုရားသခင် ဂရုစိုက်သလား။
ဆင်းရဲဒုက္ခတွေ တိုးများလာတာက ကျွန်တော်တို့ကို ဘုရားသခင် ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား။ ဘုရားသခင်က ကျွန်တော်တို့ကို စမ်းသပ်ဖို့ ဆင်းရဲဒုက္ခတွေ ခံစေတယ်လို့ လူတချို့က ဆိုကြပေမဲ့ အဲဒါက မမှန်ပါဘူး။—ယာကုပ် ၁:၁၃ ကိုဖတ်ပါ။
ဘုရားသခင်ဟာ လူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားခြင်းအားဖြင့် ဂုဏ်တင်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီလိုရွေးချယ်ခွင့်ပေးထားတဲ့ ဘုရားသခင်ကို ကျေးဇူးတင်သင့်ပါတယ်။ (ယောရှု ၂၄:၁၅) ဒါပေမဲ့ လူအတော်များများကတော့ မကောင်းတာတွေလုပ်ဖို့ ရွေးချယ်ကြတဲ့အတွက် ဆင်းရဲဒုက္ခတွေ ပိုများလာရတာ ဖြစ်တယ်။ အဲဒီလိုမတရားမှုတွေကို ဘုရားသခင် တွေ့တဲ့အခါ ဝမ်းနည်းတယ်။—ကမ္ဘာဦး ၆:၅၊ ၆ ကိုဖတ်ပါ။
ယေဟောဝါဟာ ကျွန်တော်တို့ကို ဂရုစိုက်တဲ့ ဘုရားသခင်ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပျော်ပျော်ရွှင်ရွှင် အသက်ရှင်စေလိုတယ်။ ဒါကြောင့် မကြာခင် ဆင်းရဲဒုက္ခတွေနဲ့ ဆင်းရဲဒုက္ခ ဖြစ်ပေါ်စေတဲ့သူတွေကို ဖယ်ရှားပစ်ပါတော့မယ်။ ဒီအတောအတွင်း ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုထားတာက ဘုရားသခင်မှာ အကြောင်းကောင်းတွေ ရှိလို့ဖြစ်တယ်။ အဲဒီအကြောင်းကို အခန်း ၈ မှာ ရှင်းပြသွားပါမယ်။—၂ ပေတရု ၂:၉။ ၃:၇၊ ၁၃ ကိုဖတ်ပါ။
၅။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်မလဲ။
ဘုရားသခင်က သူ့ဆီ ဆုတောင်းပြီး ရင်းနှီးအောင်လုပ်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ် ထားတယ်။ ကျွန်တော်တို့တစ်ယောက်ချင်းစီကို ဘုရားသခင် စိတ်ဝင်စားတယ်။ (ဆာလံ ၆၅:၂။ ၁၄၅:၁၈) ဘုရားသခင်ဟာ ခွင့်လွှတ်ဖို့အသင့်ရှိတယ်။ ဘုရားစိတ်တော်နဲ့ တွေ့အောင် ကျွန်တော်တို့ ကြိုးစားနေတာတွေ၊ ကြိုးစားနေတဲ့ကြားက မအောင်မြင်တာတွေကိုတောင် ဘုရားသခင် သတိပြုမိတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မစုံလင် သူတွေ ဖြစ်ပေမဲ့လည်း ဘုရားသခင်နဲ့ ရင်းနှီးအောင် လုပ်နိုင်ပါတယ်။—ဆာလံ ၁၀၃:၁၂-၁၄။ ယာကုပ် ၄:၈ တို့ကိုဖတ်ပါ။
ဘုရားသခင်က ကျွန်တော်တို့ကို အသက်ပေးထားတဲ့အတွက် တခြားသူတွေထက် ဘုရားသခင်ကို ပိုချစ်သင့်တယ်။ (မာကု ၁၂:၃၀) ဘုရားသခင့်အကြောင်း ထပ်လေ့လာပြီး တောင်းဆိုရာကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို ချစ်ကြောင်း ဖော်ပြတာနဲ့အမျှ ဘုရားနဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။—၁ တိမောသေ ၂:၄။ ၁ ယောဟန် ၅:၃ တို့ကိုဖတ်ပါ။