မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ

သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ

၁။ သေလွန်သူတွေ​အတွက် ဘာ​သတင်းကောင်း ရှိ​သလဲ။

ဂျေရုဆလင်​မြို့အနီး ဗေသနိရွာ​ကို ယေရှု ရောက်​တော့ မိတ်ဆွေ လာဇရု ဆုံးသွား​တာ လေး​ရက်​ရှိနေ​ပြီ။ ဒါနဲ့ ယေရှုဟာ သေလွန်သူ​ရဲ့ အစ်မ နှစ်ယောက် မာ​သ၊ မာရိ​တို့​နဲ့​အတူ​ သင်္ချိုင်း​ကို သွားခဲ့တယ်။ မကြာ​ပါဘူး၊ လူအုပ်​တစ်အုပ်​လည်း ရောက်လာတယ်။ လာဇရု အသက်ပြန်ရှင်​လာအောင် ယေရှု လုပ်ပေးတဲ့အခါ မာ​သ​နဲ့ မာရိ​တို့ ဝမ်းသာအားရ​ဖြစ်​သွား​တာကို မြင်ယောင်ကြည့်​နိုင်ပါတယ်။​—ယောဟန် ၁၁:၂၁-၂၄၊ ၃၈-၄၄ ကိုဖတ်ပါ။

သေလွန်သူတွေ​နဲ့ပတ်သက်တဲ့ သတင်းကောင်းကို မာ​သ သိရှိ​ပြီးသား​ပါ။ ယေဟောဝါ​ဘုရားက သေလွန်သူတွေကို မြေကြီး​ပေါ်မှာ အသက်ပြန်ရှင်​ခွင့် ပေးမယ်​ဆိုတာ မာ​သ သိထား​တယ်။​—ယောဘ ၁၄:၁၄၊ ၁၅ ကိုဖတ်ပါ။

၂။ သေလွန်သူတွေ​ရဲ့ အခြေအနေ​က ဘယ်လို​ရှိ​သလဲ။

ဘုရား​သခင်​က အာဒံ​ကို ဒီလို​ပြောခဲ့တယ်– “မင်းဟာ မြေမှုန့်​ဖြစ်တဲ့​အတွက် မြေမှုန့်​ကိုပဲ ပြန်​ရမယ်။”​—ကမ္ဘာဦး ၃:၁၉

လူသား​တွေဟာ မြေမှုန့်​နဲ့ ဖန်ဆင်း​ခံ​ရတာ ဖြစ်ပါတယ်။ (ကမ္ဘာဦး ၂:၇။ ၃:၁၉) ကျွန်တော်တို့ရဲ့​ကိုယ်ခန္ဓာ​ထဲမှာ မမြင်နိုင်​တဲ့ ဝိညာဉ်​ဆိုတာ မရှိ​ပါဘူး။ သေပြီး​တဲ့​နောက် ဘာ​အစိတ်အပိုင်း​မှ အသက်​ရှင်​ကျန်ရစ်​တာမျိုးလည်း မရှိဘူး။ လူသေ​သွားတဲ့​အခါ ဦးနှောက်​ရဲ့​လုပ်ဆောင်မှု​ပါ ရပ်ဆိုင်း​သွားတာ​မို့ ဘာ​ကြံစည်တွေးတော​နိုင်စွမ်း​မှ မရှိတော့​ပါဘူး။ ဒါကြောင့်​လည်း လာဇရု​ဟာ သေဆုံး​တုန်းက ဘာမှ​မတွေ့ကြုံ​ခဲ့ရတဲ့​အတွက် ဘာမှ​ပြောပြ​စရာ မရှိ​ခဲ့​ပါဘူး။ ဘာဖြစ်​လို့လဲ​ဆိုတော့ သေလွန်သူတွေ​ဟာ ဘာကိုမှ မသိ​တော့​လို့​ပါပဲ။​—ဆာလံ ၁၄၆:၄။ ဒေသနာ ၉:၅၊ ၆၊ ၁၀ တို့ကိုဖတ်ပါ။

လူတွေ​ဟာ သေပြီး​တဲ့​နောက် မီးငရဲ​မှာ နှိပ်စက်​ညှဉ်းပန်း​ခံရ​ပါသလား။ သေလွန်သူတွေ ဘာမှ မသိ​တော့​ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားတဲ့​အတွက် မီးငရဲ​မှာ ညှဉ်းဆဲ​ခံရ​တယ်ဆိုတာ​က ဘုရား​သခင်​ကို ရှုတ်ချ​တဲ့ သွန်သင်ချက်​ဖြစ်တယ်။ လူတွေ​ကို မီး​နဲ့ နှိပ်စက်​ညှဉ်းပန်း​တယ်​ဆိုတဲ့ အယူအဆကို ဘုရား​သခင် လုံးဝ​မနှစ်သက်​ပါဘူး။​—ယေရမိ ၇:၃၁ ကိုဖတ်ပါ။

သေလွန်သူတွေ​ရဲ့ အခြေအနေ​က ဘယ်လို​ရှိ​သလဲ ဗီဒီယိုကိုကြည့်ပါ။

၃။ သေလွန်သူတွေ စကားပြော​နိုင်​သလား။

သေလွန်သူတွေ​ဟာ စကား​လည်း မပြော​နိုင်သလို ကြား​လည်း မကြား​နိုင်​ပါဘူး။ (ဆာလံ ၁၁၅:၁၇) ဒါပေမဲ့ တချို့​ကောင်းကင်တမန်ဆိုး​တွေ​က သေလွန်သူ​အယောင်ဆောင်​ပြီး လူတွေ​နဲ့ စကားပြော​ဆိုနိုင်​ပါတယ်။ (၂ ပေတရု ၂:၄) သေလွန်သူတွေ​နဲ့ စကား​မပြော​ဖို့ ယေဟောဝါ​ဘုရား တားမြစ်ထား​ပါတယ်။​—တရားဟောရာ ၁၈:၁၀၊ ၁၁ ကိုဖတ်ပါ။

၄။ ဘယ်သူ​တွေ အသက်ပြန်ရှင်​လာ​ကြ​မ​လဲ။

သေလွန်သူ သန်းပေါင်းများစွာ ဒီ​ကမ္ဘာပေါ်မှာ အသက်ပြန်ရှင်​လာ​ကြပါ​လိမ့်မယ်။ ဘုရား​သခင်​အကြောင်း မသိ​လိုက်ရ​ဘဲ မ​ကောင်းမှု​တွေ လုပ်ခဲ့တဲ့ သေလွန်သူ​တချို့​တောင် အသက်​ပြန်​ရှင်​လာ​ကြ​မှာ​ဖြစ်တယ်။​—လုကာ ၂၃:၄၃။ တမန်တော် ၂၄:၁၅ တို့ကိုဖတ်ပါ။

အသက်ပြန်ရှင်​လာတဲ့​သူတွေဟာ ဘုရား​သခင်​နဲ့​ဆိုင်တဲ့ အမှန်တရားတွေကို သင်ယူ​ပြီး ယေရှုရဲ့​စကားကို နာခံခြင်း​အားဖြင့် ယေရှု​ကို ယုံကြည်​ကြောင်း တင်ပြ​ခွင့်​ရကြ​ပါမယ်။ (ဗျာဒိတ် ၂၀:၁၁-၁၃) ဘုရား​သခင် နှစ်သက်​တဲ့​အရာ​တွေကို ပြုလုပ်​မယ်ဆိုရင် ကမ္ဘာပေါ်မှာ ထာဝစဉ် အသက်​ရှင်​နိုင်ကြ​ပါလိမ့်မယ်။​—ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။

၅။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​က​နေ ယေဟောဝါ​ဘုရား​အကြောင်း ဘာ​သိရ​သလဲ။

ဘုရား​သခင်​ဟာ သားတော်​ကို အသေခံ​ဖို့ စေလွှတ်ခြင်း​အားဖြင့် သေလွန်သူ တွေကို အသက်ပြန်ရှင်​ခွင့် မျှော်လင့်ချက်​ပေး​ခဲ့တယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​က​နေ ယေဟောဝါ​ဘုရားရဲ့ မေတ္တာနဲ့ သနားကြင်နာမှု​အကြောင်း သိရှိ​ခွင့်ရတယ်။ သေလွန်သူတွေ အသက်ပြန်ရှင်​လာတဲ့အခါ အထူးသဖြင့် ဘယ်သူ့​ကို သင်​တွေ့ချင်​ပါသလဲ။​—ယောဟန် ၃:၁၆။ ရောမ ၆:၂၃ တို့ကိုဖတ်ပါ။