မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Surasak Suwanmake/Moment via Getty Images

သတိနဲ့ စောင့်နေကြပါ

၂၀၂၃ နွေရာသီရဲ့ ကမ္ဘာချီ အပူလှိုင်း—ကျမ်းစာအဆိုက ဘာလဲ

၂၀၂၃ နွေရာသီရဲ့ ကမ္ဘာချီ အပူလှိုင်း—ကျမ်းစာအဆိုက ဘာလဲ

 ကမ္ဘာတစ်ဝန်းကလူတွေဟာ စံချိန်သစ်ချိုးလာတဲ့ အပူဒဏ်နဲ့ နောက်ဆက်တွဲ ရာသီဥတုပြင်းထန်မှုတွေကို ခါးစည်းခံနေရတယ်။ အောက်ပါ သတင်းတွေကို သတိပြုကြည့်ပါ–

  •   “ကမ္ဘာတစ်ဝန်းက အပူချိန်တွေကို မှတ်တမ်းတင်လာခဲ့တာ ၁၇၄ နှစ်ရှိပြီ။ ဇွန်လကတော့ နှစ်တွေတစ်လျှောက် အပူချိန်အမြင့်ဆုံးလပါပဲ။”—အမျိုးသား အဏ္ဏဝါနှင့် လေထု စီမံကွပ်ကဲရေး၊ အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးဌာန၊ ဇူလိုင် ၁၃၊ ၂၀၂၃။

  •   “အီတလီ၊ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ စစ္စလီကျွန်းနဲ့ ဆာဒီးနီးယားကျွန်းတို့မှာ အပူချိန် ၄၈°C အထိ မြင့်တက်နိုင်တယ်။ ဥရောပမှာ အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်ချိုးနိုင်ခြေရှိတယ်။”—ဥရောပ အာကာသအေဂျင်စီ၊ ဇူလိုင် ၁၃၊ ၂၀၂၃။

  •   “ကမ္ဘာကြီး ပိုပူနွေးလာတာနဲ့အမျှ မိုးရွာသွန်းမှု ပိုစိတ်လာမယ်၊ မိုးအားကောင်းလာမယ်၊ ရေကြီးရေလျှံမှုတွေ ပိုဆိုးရွားလာမယ်လို့ ခန့်မှန်းထားပါတယ်။”—ဇလဗေဒ၊ ရေ၊ ရေခဲထု လေ့လာမှုအဖွဲ့ ညွှန်ကြားရေးမှူး စတက်ဖန် အူလန်ဘရွတ်၊ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း၊ ဇူလိုင် ၁၇၊ ၂၀၂၃။

 ရာသီဥတု ဖောက်ပြန်မှု ပိုဆိုးလာတဲ့သတင်းတွေ ကြားရတဲ့အခါ စိုးရိမ်စိတ်ပူမိသလား။ ဒီအရေးကြီးကိစ္စအပေါ် ကျမ်းစာအဆိုကဘာလဲ။

ရာသီဥတု ပြင်းထန်မှုဟာ ကျမ်းစာ ကြိုဟောချက် ပြည့်စုံမှုလား

 မှန်ပါတယ်။ ကမ္ဘာချီ အပူလှိုင်းဖြတ်တာ၊ ရာသီဥတု ပြင်းထန်လာတာတွေဟာ ကျွန်တော်တို့ခေတ်အကြောင်း ကျမ်းစာ ကြိုဟောထားချက်နဲ့ ကိုက်ညီနေပါတယ်။ ဥပမာ၊ “ကြောက်လန့်စရာ မြင်ကွင်းတွေ” ကို ကျွန်တော်တို့ မြင်တွေ့ရလိမ့်မယ်လို့ ယေရှု ကြိုဟောခဲ့တယ်။ (လုကာ ၂၁:၁၁) လူသားတွေရဲ့ စနက်ကြောင့်ဖြစ်လာတဲ့ ကမ္ဘာချီပူနွေးမှုကြောင့် ကမ္ဘာကြီးပျက်စီးသွားမလားဆိုပြီး လူတွေ စိုးရိမ်လာကြတယ်။

လူသားတွေ နေထိုင်လို့မရတော့အထိ ကမ္ဘာကြီး ပျက်စီးသွားမှာလား

 ပျက်စီးသွားမှာ မဟုတ်ပါဘူး။ ဘုရားသခင်က ကမ္ဘာမြေကို ကျွန်တော်တို့ရဲ့ ထာဝရစံအိမ်အဖြစ် ဖန်ဆင်းပေးထားတာ။ ဒါကြောင့် လူသားတွေရဲ့လက်ချက်နဲ့ ကမ္ဘာကြီး ပျက်စီးသွားမယ့်ကိစ္စကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ (ဆာလံ ၁၁၅:၁၆; ဒေသနာ ၁:၄) “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” မယ်လို့လည်း ကတိပြုထားတယ်။—ဗျာဒိတ် ၁၁:၁၈

 ဘုရားသခင်က ကမ္ဘာမြေကို သဘာဝဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တယ်၊ ကာကွယ်ပေးမယ်လို့လည်း ကျမ်းစာဆိုတယ်။

  •   “ဘုရားက မုန်တိုင်းစဲစေတယ်။ ပင်လယ်လှိုင်းတွေကို ငြိမ်သက်စေတယ်။” (ဆာလံ ၁၀၇:၂၉) ဘုရားသခင်က သဘာဝစွမ်းအားတွေကို ထိန်းချုပ်နိုင်စွမ်းရှိသလို ရာသီဥတု ပြင်းထန်မှုအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်းရှိတယ်။

  •   “ဘုရားသခင်က ကမ္ဘာမြေကို ဂရုစိုက်တယ်။ မြေဆီမြေနှစ်တွေ ပြည့်စေပြီး အကြီးအကျယ် သီးပွင့်ဖြစ်ထွန်းစေတယ်။” (ဆာလံ ၆၅:၉) ဘုရားသခင်ရဲ့ကောင်းချီးကြောင့် ကမ္ဘာမြေဟာ သာယာလှပတဲ့ဥယျာဉ် ဖြစ်လာမယ်။

 သဘာဝပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ ကျမ်းစာကတိအကြောင်း သိချင်ရင် “ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။