ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
“ယုံကြည်ခြင်းသည် . . . မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေ ဖြစ်၏။”—ဟေဗြဲ ၁၁:၁။
၁။ ခရစ်ယာန် ယုံကြည်ခြင်းကို ဘယ်လို သဘောထားသင့်သလဲ။
ခရစ်ယာန် ယုံကြည်ခြင်းဆိုတာ အဖိုးတန် အရည်အသွေး ဖြစ်ပြီး လူတိုင်း ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူး။ (၂ သက်. ၃:၂) ဒါပေမဲ့ ယေဟောဝါက ဝတ်ပြုသူတွေကို ယုံကြည်ခြင်း ပေးသနားတယ်။ (ရော. ၁၂:၃။ ဂလ. ၅:၂၂) ယုံကြည်ခြင်း ပိုင်ဆိုင်ထားသူတိုင်း အလွန်ကျေးဇူးတင်သင့်တယ်။
၂၊ ၃။ (က) ယုံကြည်ခြင်းရှိသူတစ်ယောက် ဘယ်ကောင်းချီးတွေ ရနိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။
၂ ယေဟောဝါက သားတော်ကတစ်ဆင့် လူတွေကို မိမိဆီ သွေးဆောင်တယ်လို့ ယေရှု ပြောတယ်။ (ယော. ၆:၄၄၊ ၆၅) ယေရှုကို ယုံကြည်မယ်ဆိုရင် အပြစ်တွေ ခွင့်လွှတ်ခံရနိုင်တယ်။ ယေဟောဝါနဲ့ ထာဝရမိတ်ဆွေ ဖြစ်ခွင့် ရရှိနိုင်တယ်။ (ရော. ၆:၂၃) အဲဒီကောင်းချီးတွေနဲ့ ထိုက်တန်အောင် ကျွန်တော်တို့ ဘာလုပ်ခဲ့ကြသလဲ။ အပြစ်သားတွေအနေနဲ့ ကျွန်တော်တို့ ရထိုက်တာ သေခြင်းပါပဲ။ (ဆာ. ၁၀၃:၁၀) ဒါပေမဲ့ ကျွန်တော်တို့ဆီမှာရှိတဲ့ ကောင်းကွက်ကို ယေဟောဝါ မြင်တယ်။ မဟာကရုဏာတော်ကြောင့် သတင်းကောင်း ကြားနာခွင့် ပေးခဲ့တယ်။ ဒါကြောင့် ယေရှုကို ယုံကြည်လာပြီး ထာဝရအသက် မျှော်လင့်ချက် ရလာကြတယ်။—၁ ယောဟန် ၄:၉၊ ၁၀ ကိုဖတ်ပါ။
၃ ယုံကြည်ခြင်းဆိုတာ ဘာလဲ။ ဘုရားသခင် ကတိပေးထားတဲ့ ကောင်းချီးတွေကို သိနားလည်ထားရုံလောက်ပဲလား။ ယုံကြည်ခြင်းကို ဘယ်နည်းတွေနဲ့ တင်ပြရမလဲ။
‘စိတ်နှလုံးထဲ၌ ယုံကြည်ပါ’
၄။ ယုံကြည်ခြင်းက ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၄ ယုံကြည်ခြင်းမှာ ဘုရားသခင့် ရည်ရွယ်ချက်တွေကို နားလည်ထားခြင်းထက်မက ပါဝင်တယ်။ ဘုရားသခင့် အလိုတော်နဲ့အညီ ပြုမူနေထိုင်ဖို့ တွန်းအားပေးနိုင်တဲ့ အရည်အသွေးတစ်ခု ဖြစ်တယ်။ ဘုရားသခင့် ကယ်တင်ခြင်း နည်းလမ်းတွေကို ယုံကြည်ခြင်းက တခြားသူတွေကို သတင်းကောင်း ဟောပြောဖို့ လှုံ့ဆော်ပေးတယ်။ “ယေရှုသည် သခင်ဖြစ်တော်မူကြောင်း နှုတ်ဖြင့် ဝန်ခံမည်၊ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ထမြောက်စေတော်မူကြောင်း စိတ်နှလုံးထဲ၌ ယုံကြည်မည်ဆိုလျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ အကြောင်းမူကား စိတ်နှလုံးနှင့် ယုံကြည်သဖြင့် ဖြောင့်မတ်ရာသို့ ရောက်၏။ ယုံကြည်ကြောင်း နှုတ်နှင့် ဝန်ခံသဖြင့် ကယ်တင်ခြင်းသို့ ရောက်၏” လို့ တမန်တော် ပေါလု ပြောတယ်။—ရော. ၁၀:၉၊ ၁၀။ ၂ ကော. ၄:၁၃။
၅။ ယုံကြည်ခြင်းဟာ ဘာကြောင့် အလွန်အရေးကြီးရသလဲ။ ခိုင်ခံ့မြဲမြံအောင် ဘယ်လို လုပ်ရမလဲ။ ဥပမာပေးပါ။
၅ ဘုရားသခင့် ကမ္ဘာသစ်မှာ ထာဝရအသက်ရဖို့ ယုံကြည်ခြင်း ရှိပြီး ခိုင်မာနေစေရမယ်။ ယုံကြည်ခြင်းဟာ အပင်နဲ့ တူတယ်။ ရှင်သန်ကြီးထွားဖို့ ရေလောင်းပေးရမယ်။ ရေမလောင်းရင် ညှိုးနွမ်းခြောက်သွေ့ပြီး သေဆုံးသွားပါလိမ့်မယ်။ ယုံကြည်ခြင်းလည်း အဲဒီလိုပဲ။ လျစ်လျူရှုလိုက်ရင် ညှိုးနွမ်းသေဆုံးသွားလိမ့်မယ်။ (လု. ၂၂:၃၂။ ဟေဗြဲ ၃:၁၂) ဂရုစိုက်ပေးမယ်ဆိုရင်တော့ “အလွန်တိုးပွား” ပြီး “ခိုင်ခံ့မြဲမြံ” နေပါလိမ့်မယ်။—၂ သက်. ၁:၃။ တိ. ၂:၂။
ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအဆို
၆။ ဟေဗြဲ ၁၁:၁ မှာ ယုံကြည်ခြင်းကို ဘယ်နည်းနှစ်နည်းနဲ့ ဖော်ပြထားသလဲ။
၆ ဟေဗြဲ ၁၁:၁ (ဖတ်ပါ) မှာ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကို တွေ့ရတယ်။ (၁) ယုံကြည်ခြင်းဆိုတာ “မျှော်လင့်သောအရာများကို စိတ်ချစွာ စောင့်မျှော်ခြင်း” ဖြစ်တယ်။ ဥပမာ၊ ဆိုးသွမ်းမှုအားလုံး အဆုံးတိုင်မယ်၊ ကမ္ဘာသစ် ရောက်လာမယ်ဆိုတာကို စိတ်ချနေခြင်း ဖြစ်တယ်။ (၂) ယုံကြည်ခြင်းဆိုတာ “မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေ” ဖြစ်တယ်။ ယေဟောဝါဘုရား၊ ယေရှုခရစ်၊ ကောင်းကင်တမန်တွေ၊ နိုင်ငံတော်တို့ဟာ မမြင်နိုင်ပေမဲ့ တကယ်တည်ရှိတဲ့အရာတွေ ဖြစ်တယ်။ (ဟေဗြဲ ၁၁:၃) ဘုရားသခင့် ကတိတွေ၊ ကျမ်းစာမှာပါတဲ့ မမြင်နိုင်တဲ့အရာတွေကို တကယ် ယုံကြည်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ အပြောအဆို၊ အပြုအမူအားဖြင့် ဖြစ်တယ်။ အပြောနဲ့ အလုပ်မပါရင် ယုံကြည်ခြင်းဟာ ပြည့်စုံမှာ မဟုတ်ဘူး။
၇။ နောဧရဲ့ ပုံသက်သေက ယုံကြည်ခြင်း ပိုင်ဆိုင်ခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ဘယ်လို ကူညီပေးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)
၇ ဟေဗြဲ ၁၁:၇ မှာ နောဧဟာ “မမြင်ရသေးသောအရာများအကြောင်း သတိပေးတော်မူခြင်းခံရပြီးနောက် ဘုရားသခင်ကို ကြောက်ရွံ့သောသဘောတင်ပြလျက် မိမိအိမ်သူအိမ်သားများကို ကယ်တင်ရန် သင်္ဘောဆောက်လေ၏” လို့ပြောထားတယ်။ သင်္ဘောဆောက်ခြင်းအားဖြင့် ယုံကြည်ခြင်းကို နောဧ တင်ပြခဲ့တယ်။ ဘာလို့ သင်္ဘောဆောက်တာလဲလို့ အိမ်နီးချင်းတွေ မေးကြမှာပဲ။ နောဧ နှုတ်ဆိတ်နေသလား။ ခင်ဗျားတို့နဲ့ မဆိုင်ဘူးလို့ ပြောလိုက်သလား။ မဟုတ်ပါဘူး။ ယုံကြည်ခြင်းက ဘုရားသခင့် တရားစီရင်ခြင်းအကြောင်း သတ္တိရှိရှိ သတိပေးဟောပြောဖို့ နောဧကို လှုံ့ဆော်ပေးခဲ့တယ်။ “သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ . . . အသက်ရှင်သော သတ္တဝါအပေါင်း တို့ကို ကောင်းကင်အောက်မှ ငါကိုယ်တိုင်ပယ်ရှင်းခြင်းငှာ မြေကြီးကို ရေလွှမ်းမိုးစေသဖြင့် မြေပေါ်မှာရှိသမျှတို့သည် သေရကြမည်” ဆိုပြီး ယေဟောဝါ ပြောခဲ့တဲ့စကားအတိုင်း နောဧ ပြောခဲ့မှာပဲ။ “သင်္ဘောထဲသို့ ဝင်” မှသာ လွတ်မြောက်မယ်လို့လည်း ရှင်းပြခဲ့မှာပဲ။ နောဧဟာ “ဖြောင့်မတ်ခြင်းတရားကို ဟော” ခြင်းအားဖြင့် ယုံကြည်ခြင်း တင်ပြခဲ့တယ်။—က. ၆:၁၃၊ ၁၇၊ ၁၈။ ၂ ပေ. ၂:၅။
၈။ စစ်မှန်တဲ့ ယုံကြည်ခြင်းရဲ့ အဓိပ္ပာယ်ကို တပည့်တော် ယာကုပ် ဘယ်လို ရှင်းပြခဲ့သလဲ။
၈ ယုံကြည်ခြင်းအကြောင်း တမန်တော် ပေါလု ရေးပြီးတဲ့နောက် မကြာခင်မှာ ယာကုပ်လည်း ရေးခဲ့တယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းဟာ ယုံကြည်ရုံသက်သက် မဟုတ်ဘဲ လုပ်ရပ်ပါတယ်ဆိုပြီး ရှင်းပြခဲ့တယ်။ “အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ငါ့အား ပြလော့။ ငါ၏ယုံကြည်ခြင်းကို အကျင့်အားဖြင့် သင့်အား ပြမည်” လို့ ယာကုပ် ရေးခဲ့တယ်။ (ယာ. ၂:၁၈) ယုံကြည်ခြင်းရှိတယ်လို့ ပြောတာနဲ့ ယုံကြည်ခြင်းရှိကြောင်း တင်ပြခြင်းရဲ့ ကွာခြားချက်ကို ယာကုပ် ဖော်ပြခဲ့တယ်။ နတ်ဆိုးတွေဟာ ဘုရားသခင် ရှိကြောင်း ယုံကြည်ပေမဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိကြဘူး။ ဘုရားသခင့် ရည်ရွယ်ချက်တွေ မပြည့်စုံအောင် ဆန့်ကျင်တားဆီးနေကြတယ်။ (ယာ. ၂:၁၉၊ ၂၀) ဆန့်ကျင်ဘက်အနေနဲ့ ရှေးခေတ် သစ္စာရှိသူတစ်ယောက်အကြောင်း ယာကုပ် အခုလို ပြောတယ်– “ငါတို့အဖ အာဗြဟံသည် မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ပြီးနောက် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည် မဟုတ်လော။ သူ၏ယုံကြည်ခြင်းသည် အကျင့်နှင့်အတူ လုပ်ဆောင်၍ အကျင့်အားဖြင့် သူ၏ယုံကြည်ခြင်း စုံလင်ရာသို့ ရောက်သည်ကို သင်သိမြင်၏။” အဲဒီနောက် ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ တင်ပြရမယ်ဆိုတာ ဒီလိုဆက်ပြောတယ်– “အသက်စွမ်းအား မရှိသော ကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ အကျင့်မရှိသော ယုံကြည်ခြင်းသည် အသေဖြစ်၏။”—ယာ. ၂:၂၁-၂၃၊ ၂၆။
၉၊ ၁၀။ ယုံကြည်ကြောင်း တင်ပြခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ တမန်တော် ယောဟန် ဘယ်လို ကူညီပေးသလဲ။
၉ နှစ်ပေါင်း ၃၀ ကျော်ကြာပြီးတဲ့နောက် တမန်တော် ယောဟန်က ခရစ်ဝင်ကျမ်းတစ်စောင်နဲ့ စာသုံးစောင် ရေးသားခဲ့တယ်။ တခြားကျမ်းရေးသူတွေလိုပဲ သူလည်း ယုံကြည်ခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်တယ်။ “ယုံကြည်ကြောင်း တင်ပြ” လို့ပြန်ဆိုထားတဲ့ ဂရိကြိယာပုဒ်ကို တခြားကျမ်းရေးသူတွေထက် အကြိမ်များစွာ သုံးနှုန်းခဲ့တယ်။
၁၀ ဥပမာ၊ “သားတော်ကို ယုံကြည်ကြောင်း တင်ပြသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို ငြင်းပယ်သူမူကား အသက်ကို ရလိမ့်မည် မဟုတ်။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေ၏” လို့ ယောဟန် ပြောတယ်။ (ယော. ၃:၃၆) စစ်မှန်တဲ့ ယုံကြည်ခြင်းမှာ ယေရှုရဲ့ မိန့်မှာချက်တွေကို နာခံခြင်း ပါဝင်တယ်။ ထာဝရအသက်ရဖို့ ယုံကြည်ကြောင်း တင်ပြရမယ်ဆိုတဲ့ ယေရှုရဲ့ စကားတွေကို ယောဟန် မကြာခဏ ကိုးကားခဲ့တယ်။—ယော. ၃:၁၆။ ၆:၂၉၊ ၄၀။ ၁၁:၂၅၊ ၂၆။ ၁၄:၁၊ ၁၂။
၁၁။ အမှန်တရား သိလာတဲ့အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။
၁၁ ယေဟောဝါက အမှန်တရားကို ဖော်ပြဖို့၊ ကျွန်တော်တို့ ယုံကြည်ခြင်း တင်ပြနိုင်စေဖို့ သန့်ရှင်းသော စွမ်းအားတော်ကို သုံးနေတဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ (လုကာ ၁၀:၂၁ ကိုဖတ်ပါ။) “ယုံကြည်ခြင်းကို စုံလင်စေသူ၊ ကိုယ်စားလှယ်ချုပ်” ယေရှုကတစ်ဆင့် မိမိဆီ သွေးဆောင်ခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်သင့်တယ်။ (ဟေဗြဲ ၁၂:၂) အဲဒီလို မဟာကရုဏာတော်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဆောင်နေသင့်တယ်။—ဧ. ၆:၁၈။ ၁ ပေ. ၂:၂။
၁၂။ ဘယ်နည်းတွေနဲ့ ယုံကြည်ခြင်း တင်ပြသင့်သလဲ။
၁၂ ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်ကြောင်း တင်ပြနေရမယ်။ အဲဒါကို ထင်ရှားမြင်သာတဲ့နည်းတွေနဲ့ တင်ပြကြရမယ်။ ဥပမာ၊ ဘုရားသခင့် နိုင်ငံတော်အကြောင်း ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပါဝင်ကြရမယ်။ ‘လူတိုင်းကို၊ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုကြ’ ရမယ်။ (ဂလ. ၆:၁၀) “ပင်ကိုစရိုက်ဟောင်းနှင့်တကွ ယင်း၏အကျင့်အကြံများကို ချွတ်ပယ်” ပြီး ယုံကြည်ခြင်း အားနည်းစေနိုင်တဲ့အရာ မှန်သမျှကို ရှောင်ကြဉ်ကြရမယ်။—ကော. ၃:၅၊ ၈-၁၀။
ဘုရားသခင်ကို ယုံကြည်ခြင်းက အခြေခံအုတ်မြစ်ရဲ့ အစိတ်အပိုင်း ဖြစ်
၁၃။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဘယ်လောက် အရေးကြီးသလဲ။ ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ။ ဘာကြောင့်လဲ။
၁၃ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင် ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်” လို့ ကျမ်းစာမှာ ပြောတယ်။ (ဟေဗြဲ ၁၁:၆) “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟာ ခရစ်ယာန်စစ် ဖြစ်လာဖို့၊ ဆက်ဖြစ်နေဖို့ လိုအပ်တဲ့ “အခြေခံအုတ်မြစ်” ရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ (ဟေဗြဲ ၆:၁) အဲဒီအုတ်မြစ်ပေါ်မှာ “ယုံကြည်ခြင်း” နဲ့ တခြားအရည်အသွေးတွေကို “ထပ်ဆင့်” ရမယ်။ ဒါမှ “ဘုရားသခင့် မေတ္တာတော်၌ တည်နေ” နိုင်မယ်။—၂ ပေတရု ၁:၅–၇ ကိုဖတ်ပါ။ ယု. ၂၀၊ ၂၁။
၁၄၊ ၁၅။ ချစ်ခြင်းမေတ္တာနဲ့ယှဉ်ရင် ယုံကြည်ခြင်းက ဘယ်လောက် အရေးကြီးသလဲ။
၁၄ ကျမ်းရေးသူတွေက ယုံကြည်ခြင်းကို အကြိမ်ပေါင်း ရာနဲ့ချီ ဖော်ပြခဲ့ကြတယ်။ တခြားအရည်အသွေးတွေကို အဲဒီလောက် မဖော်ပြထားဘူး။ ဒါက ယုံကြည်ခြင်းဟာ အရေးကြီးဆုံး အရည်အသွေး ဖြစ်တယ်လို့ ဆိုလိုသလား။
၁၅ ပေါလုက ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို နှိုင်းယှဉ်ပြခဲ့တယ်– “တောင်များကို ရွှေ့နိုင်လောက်အောင် ယုံကြည်ခြင်း ပြည့်ဝသော်လည်း ချစ်ခြင်းမေတ္တာ မရှိလျှင် အချည်းနှီး ဖြစ်၏။” (၁ ကော. ၁၃:၂) ယေရှုကလည်း ဘုရားသခင်ကို ချစ်ခြင်းဟာ ‘ပညတ်ကျမ်းတွင် အကြီးမြတ်ဆုံးပညတ် ဖြစ်’ တယ်လို့ ပြောခဲ့တယ်။ (မ. ၂၂:၃၅-၄၀) ချစ်ခြင်းမေတ္တာက ယုံကြည်ခြင်းအပါအဝင် တခြားအရည်အသွေးများစွာ ရှိလာအောင် ကူညီပေးတယ်။ ‘မေတ္တာသည် အရာရာကို ယုံတတ်၏’ လို့ကျမ်းစာမှာ ပြောတယ်။ ကျမ်းစာမှာ ဘုရားသခင် ပြောထားသမျှကို ယုံကြည်ဖို့ မေတ္တာက ကူညီပေးပါလိမ့်မယ်။—၁ ကော. ၁၃:၄၊ ၇။
၁၆၊ ၁၇။ ကျမ်းစာမှာ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လို ယှဉ်တွဲဖော်ပြထားသလဲ။ ဘာက အကြီးမြတ်ဆုံးလဲ။ ဘာကြောင့်လဲ။
၁၆ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာနှစ်ခုစလုံး အရေးကြီးတဲ့အတွက် ကျမ်းရေးသူတွေက ဒီအရည်အသွေးနှစ်ခုကို ယှဉ်တွဲပြီး အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ကြတယ်။ “ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်” ပါလို့ ပေါလု အားပေးခဲ့တယ်။ (၁ သက်. ၅:၈) ‘သင်တို့သည် [ယေရှု] ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုလည်း ကိုယ်တော်ကို မတွေ့မမြင်သည့်တိုင် ယုံကြည်ကြောင်း တင်ပြကြ၏’ လို့ ပေတရု ရေးခဲ့တယ်။ (၁ ပေ. ၁:၈) “ဘုရားသခင်သည် လောကတွင် ဆင်းရဲသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေရန်၊ မိမိအား ချစ်သောသူတို့ကို ကတိထားတော်မူသည့် နိုင်ငံတော်အမွေခံများ ဖြစ်စေရန် ရွေးချယ်သည် မဟုတ်လော” လို့ ဘိသိက်ခံ ညီအစ်ကိုတွေကို ယာကုပ် မေးခဲ့တယ်။ (ယာ. ၂:၅) “ပညတ်တော်ဟူမူကား ကိုယ်တော်၏သားတော် ယေရှုခရစ်၏နာမကို ယုံကြည်ရမည်၊ ငါတို့ကို ပညတ်ထားတော်မူသည်အတိုင်း အချင်းချင်း ချစ်ကြရမည်ဖြစ်၏” လို့ ယောဟန် ရေးခဲ့တယ်။—၁ ယော. ၃:၂၃။
၁၇ ယုံကြည်ခြင်းဟာ မရှိမဖြစ် လိုအပ်ပေမဲ့ ဘုရားသခင့် ကတိတော်တွေ ပြည့်စုံလာတဲ့အခါ၊ မျှော်လင့်ချက်တွေ တကယ် ဖြစ်လာတဲ့အခါ ဒါတွေကို ယုံကြည်ဖို့ မလိုတော့ဘူး။ ဒါပေမဲ့ ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့မေတ္တာကတော့ ဆက်တိုးပွားနေဖို့ လိုတယ်။ ဒါကြောင့် “ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အကြီးမြတ်ဆုံး ဖြစ်၏” လို့ပေါလု ရေးခဲ့တယ်။—၁ ကော. ၁၃:၁၃။
ယုံကြည်ခြင်းကို ယေဟောဝါ ကောင်းချီးပေး
၁၈၊ ၁၉။ ဘုရားသခင့်လူမျိုးရဲ့ ယုံကြည်ခြင်းကြောင့် ဒီနေ့ ဘာရလဒ်တွေ ရရှိနေသလဲ။ ဘယ်သူ့ကို ဂုဏ်တင်ချီးမွမ်းထိုက်သလဲ။
၁၈ ဒီနေ့ခေတ် ယေဟောဝါရဲ့လူမျိုးဟာ တည်ထောင်ပြီးဖြစ်တဲ့ ဘုရားနိုင်ငံတော်ကို ယုံကြည်ကြောင်း တင်ပြနေကြတယ်။ အချင်းချင်းကိုလည်း ချစ်မြတ်နိုးကြတယ်။ ဒါဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းပြမှုနဲ့အညီ အသက်ရှင်နေထိုင်ကြလို့ပဲ။ ရလဒ်အနေနဲ့ ကမ္ဘာတစ်ဝန်းမှာ ညီအစ်ကို/မ ရှစ်သန်းကျော်ဟာ ငြိမ်သက်စည်းလုံးမှု ခံစားနေရတယ်။ (ဂလ. ၅:၂၂၊ ၂၃) ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟာ အစွမ်းထက်တဲ့ အရည်အသွေးတွေ ဖြစ်မှန်း ထင်ရှားတယ်။
၁၉ ဒီစည်းလုံးမှုဟာ ဘယ်လူသားကြောင့်မှ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ အကူအညီကြောင့်ပဲ။ ဒီအတွက် ယေဟောဝါကိုပဲ ဂုဏ်တင်ချီးမွမ်းထိုက်ပါတယ်။ (ဟေရှာ. ၅၅:၁၃) “ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြ” တာဟာ “ဘုရားသခင့် ဆုကျေးဇူး” ကြောင့်ပဲ။ (ဧ. ၂:၈) ယေဟောဝါကို နောက်ထပ်လူများစွာ ယုံကြည်လာဖို့ ကိုယ်တော် ဆက်ကူညီပေးပါလိမ့်မယ်။ နောက်ဆုံး တစ်ကမ္ဘာလုံးဟာ ယေဟောဝါကို ထာဝစဉ် ချီးမွမ်းမယ့် စုံလင်၊ ဖြောင့်မတ်၊ ပျော်ရွှင်တဲ့ လူတွေနဲ့ ပြည့်နေပါလိမ့်မယ်။