မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

လူတွေရဲ့​ရန်​က​နေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ဖို့ ခရစ်ယာန်​တစ်ယောက် သေနတ်​ကိုင်ဆောင်​သင့်​သလား။

ခရစ်ယာန်တွေ​ဟာ ကိုယ့်​လုံခြုံရေး​အတွက် ကျမ်းစာမူ​ဘောင်​အတွင်းမှာပဲ တော်သင့်​ရုံ လုပ်ဆောင်ကြ​တယ်။ ကျမ်းစာမူ​တွေ​က လူတွေရဲ့​ရန်​က​နေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ဖို့ ပစ္စတို၊ ရိုင်ဖယ်​စတဲ့ သေနတ်​တစ်မျိုးမျိုး ကိုင်ဆောင်​တာ​ကို ဆန့်ကျင်​တယ်။ အောက်ပါအချက်​တွေကို သုံးသပ်ကြည့်ပါ–

ယေဟောဝါရဲ့ အမြင်မှာ အသက်၊ အထူးသဖြင့် လူ့အသက်​ဟာ မြင့်မြတ်​တယ်။ ယေဟောဝါဟာ “အသက်​ရဲ့ ပင်ရင်း” ဖြစ်မှန်း ဆာလံဆရာ​ဒါဝိဒ် သိထား​တယ်။ (ဆာ. ၃၆:၉) ဒါကြောင့် ခရစ်ယာန်​တစ်ယောက်​ဟာ ကိုယ်တိုင်​နဲ့ ကိုယ့်​ပိုင်ဆိုင်မှု​ကို ကာကွယ်​ဖို့ ကြိုးစားရာမှာ လူသတ်မှု၊ သွေးထွက်သံယို​မှု မကျူးလွန်​မိ​ဖို့ လုပ်ဆောင်​ပါလိမ့်မယ်။—တရား. ၂၂:၈။ ဆာ. ၅၁:၁၄

ဘယ်​ပစ္စည်း​မဆို အသုံးပြု​လိုက်ရင် လူသတ်မှု ဖြစ်စေ​နိုင်​ပေ​မဲ့ သေနတ်​က​တော့ မတော်တဆ​ပဲ​ဖြစ်ဖြစ်၊ တမင်တကာ​ပဲ​ဖြစ်ဖြစ် လူ​သတ်​မိ​ဖို့ ပိုလွယ်​တယ်။ * ဒါ့အပြင် တိုက်ခိုက်​တဲ့သူ​က တစ်ဖက်​လူ သေနတ်​ကိုင်​ထားမှန်း သိ​လို့ ကြောက်နေ​ရင် အခြေအနေ ပို​ဆိုပြီး လူသေ​မှု ဖြစ်သွား​နိုင်တယ်။

မြေကြီးအသက်တာ နောက်ဆုံးည​မှာ တပည့်​တွေကို ဓား​ဆောင်ဖို့ ယေရှု ပြောတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ဖို့ မဟုတ်ဘူး။ (လု. ၂၂:၃၆၊ ၃၈) လက်နက်ကိုင် လူအုပ်နဲ့ ရင်ဆိုင်​ရတဲ့​အခါမှာ​တောင် အကြမ်းမဖက်​ဖို့ သင်ပေး​ချင်​လို့ပဲ။ (လု. ၂၂:၅၂) ပုရောဟိတ်မင်း​ရဲ့ ကျွန်​ကို ပေတရု ဓား​နဲ့ ခုတ်​တဲ့အခါ ယေရှုက “ဓား​ကို ဓား​အိမ်ထဲ ပြန်​ထည့်​လိုက်ပါ” လို့ မိန့်မှာ​ခဲ့တယ်။ အဲဒီနောက် မိမိ​နောက်လိုက်​တွေ ဒီနေ့​အထိ လိုက်လျှောက်​ရမယ့်၊ “ဓား​ကို​ကိုင်​တဲ့သူ​က ဓား​နဲ့​ပဲ သေဆုံး​ရ​လိမ့်မယ်” ဆိုတဲ့ အခြေခံမူ​တစ်ခု ချမှတ်​ခဲ့တယ်။—မ. ၂၆:၅၁၊ ၅၂

ဘုရား​လူမျိုး​က မိက္ခာ ၄:၃ နဲ့အညီ “ဓား​ကို ထ​ယ်​သွား​ဖြစ်အောင်၊ လှံ​ကို တံစဉ်​ဖြစ်အောင် ထုလုပ်​ကြ” တယ်။ “အဆိုး​ကို အဆိုး​နဲ့ မတုံ့ပြန်​ပါနဲ့။ . . . ဖြစ်​နိုင်မယ်​ဆိုရင် လူအားလုံး​နဲ့ သင့်မြတ်​အောင် အတတ်နိုင်ဆုံး ကြိုးစားပါ” ဆိုတဲ့ တမန်တော် ပေါလု​ရဲ့ စကားနဲ့​အညီ ခရစ်ယာန်စစ်​တွေ ကြိုးစား​နေထိုင်​ကြ​တယ်။ (ရော. ၁၂:၁၇၊ ၁၈) ပေါလုဟာ “ဓားပြ​ဘေး” အပါအဝင် ဒုက္ခ​မျိုးစုံ ကြုံတွေ့​ခဲ့ရ​ပေ​မဲ့ သူ့​စကား​အတိုင်း နေထိုင်ခဲ့​တယ်။ ကျမ်းစာမူ​ထက် ကိုယ့်​လုံခြုံရေး​ကို အဓိက​မထား​ခဲ့ဘူး။ (၂ ကော. ၁၁:၂၆) ဘုရားသခင်​နဲ့ ကျမ်းစာမှာ တွေ့ရတဲ့ ဉာဏ်​ပညာ၊ “စစ်လက်နက်​တွေ​ထက် သာ” တဲ့ ဉာဏ်​ပညာ​ကိုပဲ အားကိုး​ခဲ့တယ်။—ဒေ. ၉:၁၈

အသက်​က ပစ္စည်းဥစ္စာ​ထက် တန်ဖိုးရှိ​တယ်လို့ ခရစ်ယာန်တွေ ယူမှတ်​ကြ​တယ်။ “စည်းစိမ်​က အသက်​မ​ပေးနိုင်​ဘူး။” (လု. ၁၂:၁၅) ဒါကြောင့် လက်နက်ကိုင်​ထားတဲ့ လုယက်​သူ​ကို အေးအေးဆေးဆေး ပြော​လို့​မရ​ရင် ပညာရှိ​တဲ့ ခရစ်ယာန်​တစ်ယောက်​ဟာ “လူဆိုး​ကို အတိုက်အခံ မလုပ်ပါနဲ့” ဆိုတဲ့ ယေရှုရဲ့​စကားကို လိုက်နာ​တယ်။ အတွင်းအင်္ကျီ​ရော အပေါ်​ဝတ်လုံ​ပါ ပေးလိုက်​တဲ့​သဘော​ပါပဲ။ (မ. ၅:၃၉၊ ၄၀။ လု. ၆:၂၉) * ဒါပေမဲ့ အကောင်းဆုံးနည်း​လမ်း​က​တော့ ကြိုတင်ကာကွယ်​ခြင်း​ပါပဲ။ “မိမိ​စည်းစိမ်​အကြောင်း ဝါကြွားခြင်း” ကို ရှောင်​ရင်၊ အိမ်နီးချင်း​တွေ​က ကျွန်တော်​တို့ကို ငြိမ်သက်ခြင်း​မြတ်နိုး​တဲ့ ယေဟောဝါသက်သေ​တွေအဖြစ် သိထား​မယ်ဆိုရင် ဆိုးဝါး​တဲ့ ရာဇဝတ်မှု​သားကောင် မဖြစ်အောင် ရှောင်နိုင်​ပါတယ်။—၁ ယော. ၂:၁၆။ ပညာ. ၁၈:၁၀

တခြားသူတွေရဲ့ သိစိတ်​ကို ခရစ်ယာန်တွေ လေးစား​တယ်။ (ရော. ၁၄:၂၁) လူတွေရဲ့​ရန်​က​နေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ဖို့ အသင်းသား​တစ်ယောက် သေနတ်​ဆောင်ထား​ကြောင်း သိသွား​ရင် ယုံကြည်သူချင်း​တချို့ ထိတ်လန့်​ပြီး တိုက်မိ​လဲစရာ​တောင် ဖြစ်သွား​နိုင်တယ်။ လုပ်ပိုင်ခွင့် ရှိတယ်​ဆိုရင်​တောင် မေတ္တာ​က ကိုယ်ကျိုးထက် သူတစ်ပါး​အကျိုးကို ဦးစားပေး​ဖို့ လှုံ့ဆော်ပေး​တယ်။—၁ ကော. ၁၀:၃၂၊ ၃၃။ ၁၃:၄၊ ၅

ပုံသက်သေကောင်း​ပြဖို့ ခရစ်ယာန်တွေ ကြိုးစားကြ​တယ်။ (၂ ကော. ၄:၂။ ၁ ပေ. ၅:၂၊ ၃) ခရစ်ယာန်​တစ်ယောက်​ဟာ ကျမ်းစာအကြံပြုချက် ရပြီး​နောက်မှာ​တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ဖို့ သေနတ်​ကိုင်ဆောင်​ထားတယ်​ဆိုရင် ပုံသက်သေကောင်း​သူ​အဖြစ် သတ်မှတ်​ခံရ​မှာ မဟုတ်ဘူး။ အသင်းတော်​မှာ တာဝန်တွေ၊ အခွင့်ထူးတွေ ရရှိ​ဖို့ အရည်အချင်း​ပြည့်မီ​မှာ မဟုတ်ဘူး။ အလုပ်​ကြောင့် သေနတ်​ကိုင်ဆောင်​ရတဲ့ ခရစ်ယာန်​လည်း အလားတူ​ပါပဲ။ ဒါကြောင့် တခြား​အလုပ် ရှာ​တာ ပိုကောင်းပါ​တယ်။ *

ကိုယ့်ကိုယ်ကိုယ်၊ မိသားစု၊ ပိုင်ဆိုင်ရာ​ကို ကာကွယ်ခြင်း၊ အလုပ်အကိုင် ရွေးချယ်ခြင်း​ဟာ ခရစ်ယာန်​တစ်ယောက်​ရဲ့ ကိုယ်ရေးကိုယ်တာ​ကိစ္စ ဖြစ်တယ်။ ကျမ်းစာမူ​တွေမှာ ဘုရားသခင့်​မေတ္တာနဲ့ ဉာဏ်​ပညာ​ကို တွေ့ရ​ပါတယ်။ အဲဒီ​မူတွေ​ကြောင့် လူတွေရဲ့​ရန်​က​နေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ဖို့ ရင့်ကျက်​တဲ့ ခရစ်ယာန်တွေ သေနတ်​ကိုင်ဆောင်​မှာ မဟုတ်ဘူး။ ဘုရားကို ယုံကြည်ကိုးစား​ခြင်း၊ ကျမ်းစာမူ​နဲ့အညီ အသက်ရှင်နေ​ထိုင်​ခြင်းက​သာ စစ်မှန်​တည်မြဲ​တဲ့ လုံခြုံမှု ရရှိ​စေမယ်​ဆိုတာ သိ​ကြ​တယ်။—ဆာ. ၉၇:၁၀။ ပညာ. ၁:၃၃။ ၂:၆၊ ၇

ကြီးစွာသောဒုက္ခအတွင်းမှာ ခရစ်ယာန်တွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မကြိုးစားဘဲ ယေဟောဝါကိုပဲ အားကိုးကြပါလိမ့်မယ်

^ စာပိုဒ်၊ 3 ခရစ်ယာန်​တစ်ယောက်က စားစရာ​အတွက် အမဲလိုက်​ဖို့၊ တော​ကောင်​ရန်​က​နေ ကာကွယ်​ဖို့ သေနတ်​ဆောင်ထား​နိုင်ပါတယ်။ ဒါပေမဲ့ မ​သုံး​တဲ့အချိန်မှာ ကျ​ည်​ဆံ ထုတ်​ထားတာ၊ သေနတ်​ကို ဖြုတ်​ထားတာ​က အကောင်းဆုံး​ပါပဲ။ သေနတ် ကိုင်ဆောင်​ခွင့် မပြု​တဲ့၊ ကန့်သတ်​ထားတဲ့ နေရာဒေသ​မှာ ခရစ်ယာန်တွေ ဥပဒေ​ကို နာခံ​ကြ​တယ်။—ရော. ၁၃:၁

^ စာပိုဒ်၊ 2 မုဒိမ်းမှု ကျူးလွန်​မခံ​ရ​အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း​နဲ့ပတ်သက်ပြီး ၁၉​၉၃၊ မတ် ၈ ရက်ထုတ် နိုးလော့! [အင်္ဂလိပ်] မှာပါတဲ့ “မုဒိမ်းကျင့်​မခံ​ရ​အောင် ကာကွယ်​နိုင်​ပုံ” ဆောင်းပါးကို ကြည့်ပါ။

^ စာပိုဒ်၊ 4 လက်နက်ကိုင်​ရတဲ့​အလုပ်​နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်​ကို ၂၀​၀၅၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၃၁ နဲ့ ၁၉​၈၃၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၂၆ [အင်္ဂလိပ်] မှာကြည့်ပါ။