မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပေးကမ်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားကြည့်ပါ

ပေးကမ်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားကြည့်ပါ

“ကားထွက်နိုင်ပြီ။ ဟိုတရုတ်လေး နေခဲ့။” တောင်အမေရိကနိုင်ငံတစ်ခုကနေ နောက်တစ်ခုကို အကူး၊ ကားပေါ်မှာ ထိုင်နေတုန်း အဲဒီလိုပြောသံကို အလက်ဇန်းဒရား အမှတ်တမဲ့ ကြားလိုက်ရတယ်။ ဒါနဲ့ ဘာများလဲဆိုပြီး ကားပေါ်ကနေ ဆင်းကြည့်တဲ့အခါ တရုတ်လူငယ်တစ်ယောက် သူ့ရဲ့ အခက်အခဲအကြောင်း နယ်ခြားစောင့်စစ်သားကို စပိန်စကား မတောက်တခေါက်နဲ့ ရှင်းပြနေတာ တွေ့လိုက်ရတယ်။ အလက်ဇန်းဒရားဟာ ယေဟောဝါသက်သေတွေရဲ့ တရုတ်အသင်းတော်နဲ့ ပူးပေါင်းနေတဲ့အတွက် တရုတ်လူငယ်ကို စကားပြန်လုပ်ပေးနိုင်ခဲ့တယ်။

အဲဒီလူငယ်က သူဟာ တရားဝင်နေထိုင်သူဖြစ်ပြီး သူ့ရဲ့စာရွက်စာတမ်းတွေ၊ ငွေတွေ လုယက်ခံရတဲ့အကြောင်း ရှင်းပြတယ်။ အစပိုင်းမှာ အရာရှိဟာ သူပြောတာကို မယုံတဲ့အပြင် အလက်ဇန်းဒရားကိုတောင် လူကုန်ကူးမှုမှာ ပါနေတယ်လို့ သံသယဝင်တယ်။ နောက်ဆုံး၊ အဲဒီလူငယ် ရှင်းပြတာကို လက်ခံလိုက်တယ်၊ ဒါပေမဲ့ တရားဝင်စာရွက်စာတမ်း မရှိတဲ့အတွက် ဒဏ်ငွေ ဆောင်ရမယ်။ သူ့မှာ ပိုက်ဆံမရှိတဲ့အတွက် အလက်ဇန်းဒရားက ဒေါ်လာ ၂၀ ချေးပေးလိုက်တယ်။ အဲဒီလူငယ်က ကျေးဇူးတင်လွန်းလို့ ဒီထက်မက ပြန်ဆပ်ပါ့မယ်လို့ ပြောတယ်။ အဲဒီအခါ အလက်ဇန်းဒရားက အကျိုးလိုချင်လို့ ကူညီတာ မဟုတ်ကြောင်း၊ ကူညီသင့်သူကို ကူညီလိုက်ရလို့ ပျော်တဲ့အကြောင်း ပြောပြတယ်။ ကျမ်းစာစာပေတချို့ ပေးလိုက်တဲ့အပြင် သက်သေခံတွေနဲ့ ကျမ်းစာလေ့လာဖို့လည်း တိုက်တွန်းတယ်။

သူစိမ်းတွေကို ရက်ရက်ရောရော ကူညီတဲ့အကြောင်း ကြားရတာ စိတ်ချမ်းသာစရာပဲ။ ဘာသာတရား ရှိတဲ့သူတွေရော မရှိတဲ့သူတွေပါ အဲဒီလို ကူညီပေးတတ်ကြတယ်။ သင်ကော ကိုယ်ကျိုးငဲ့ဘဲ အဲဒီလို ကူညီပေးဖူးသလား။ အဲဒီမေးခွန်းဟာ စိတ်ဝင်စားစရာဖြစ်တယ်။ ယေရှုက “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်” တယ်ဆိုပြီး ပြောခဲ့လို့ပဲ။ (တမန်တော် ၂၀:၃၅) သိပ္ပံပညာအရလည်း စိတ်ဝင်စားစရာ ဖြစ်တယ်။ ပေးကမ်းခြင်းက ပေးတဲ့သူကို ကောင်းကျိုးပြုတဲ့အကြောင်း သုတေသီတွေ တွေ့ရှိခဲ့လို့ပဲ။ ဘယ်လို ကောင်းကျိုးပြုသလဲ ကြည့်ကြအောင်။

‘စေတနာစိတ်နဲ့ ပေးလှူတဲ့သူ’

ပေးကမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းဟာ ဆက်စပ်လေ့ရှိတာကို တွေ့ရတယ်။ “စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏” လို့ တမန်တော်ပေါလု ရေးခဲ့တယ်။ ယုံကြည်သူချင်းတွေရဲ့ အခက်အခဲတွေ လျော့နည်းစေဖို့ ရက်ရက်ရောရော ပေးလှူတဲ့ ခရစ်ယာန်တွေအကြောင်း ပြောနေတာ ဖြစ်တယ်။ (၂ ကောရိန္သု ၈:၄။ ၉:၇) သူတို့ ပျော်လို့ပေးတာဆိုပြီး ပေါလု ပြောနေတာ မဟုတ်ဘူး။ ပေးကမ်းရလို့ ပျော်ကြတာ။

လေ့လာမှုတစ်ခုအရ ပေးကမ်းခြင်းဟာ “လူမှုဆက်ဆံရေး၊ ပျော်ရွှင်မှု၊ ယုံကြည်မှုနဲ့ ဆက်နွှယ်တဲ့ ဦးနှောက်ရဲ့ အပိုင်းလေးတွေကို လှုံ့ဆော်ပေး” ပြီး ‘ပျော်ရွှင်ကျေနပ်မှု’ ဖြစ်စေတယ်။ နောက်လေ့လာမှုတစ်ခုအရ “ငွေကို ကိုယ့်အတွက် သုံးမယ့်အစား တခြားသူကိုပေးတာက နှစ်ဦးစလုံးကို ပိုပျော်စေမှန်း” တွေ့ရှိရတယ်။

ကိုယ့်ရဲ့အခြေအနေကြောင့် ဆန္ဒရှိလောက် မပေးနိုင်ဘူးလို့ ခံစားရဖူးသလား။ တကယ်တော့ ‘စေတနာစိတ်နဲ့ ပေးလှူ’ တာကနေ လူတိုင်း ပျော်ရွှင်မှု ခံစားရနိုင်တယ်။ ပေးတဲ့ပမာဏက အရေးမကြီးဘူး၊ စိတ်ရင်းစေတနာက အဓိကပဲ။ ယေဟောဝါသက်သေတစ်ယောက်က ဒီမဂ္ဂဇင်းထုတ်ဝေသူတွေဆီ အလှူငွေ ပေးပို့ရင်း ဒီစာတိုလေး ရေးလိုက်တယ်– “နှစ်တွေတစ်လျှောက် နိုင်ငံတော်ခန်းမမှာ အလှူငွေ များများစားစား မထည့်နိုင်ဘူး၊ နည်းနည်းပဲ ထည့်နိုင်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက ကျွန်မ ပေးနိုင်တာထက် အများကြီး ပြန်ပေးတယ်။ . . . ဒီအလှူငွေလေး ပေးခွင့်ရတဲ့အတွက် စိတ်ချမ်းသာတယ်၊ ကျေးဇူးလည်းတင်တယ်။”

တကယ်တော့ ငွေပေးတာကိုပဲ ပေးတယ်လို့ မဆိုလိုဘူး။ ပေးကမ်းနိုင်တဲ့နည်း အမျိုးမျိုးရှိတယ်။

ပေးကမ်းခြင်းဟာ ကျန်းမာရေးကောင်းစေ

ပေးကမ်းခြင်းဟာ နှစ်ဦးနှစ်ဖက်ကို ကောင်းကျိုးပြု

“သနားကြင်နာတတ်သူဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုးပြုတယ်။ ရက်စက်သူကတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေတယ်” လို့ ကျမ်းစာပြောတယ်။ (သုတ္တံ ၁၁:၁၇ကဘ) သနားကြင်နာတတ်သူတွေဟာ ရက်ရောတယ်။ သူတို့ရဲ့အချိန်၊ ခွန်အား၊ ဂရုစိုက်မှု စတာတွေကို တလိုတလား ပေးတတ်ကြတယ်။ အဲဒီလို ရက်ရက်ရောရော ပေးတာက နည်းအမျိုးမျိုးနဲ့ အကျိုးပြုတယ်။ အထူးသဖြင့် ကျန်းမာရေးကောင်းစေတယ်။

လေ့လာတွေ့ရှိချက်တွေအရ တခြားသူတွေကို ကူညီပေးတတ်သူဟာ နာကျင်ကိုက်ခဲတာ၊ စိတ်ဓာတ်ကျတာ သိပ်မခံစားရဘူး၊ ကျန်းမာရေး ပိုကောင်းကြတယ်။ ရက်ရက်ရောရောပေးကမ်းခြင်းဟာ နာတာရှည် နာဗ်ကြောရောဂါသည်၊ အိပ်ချ်အိုင်ဗွီရောဂါသည် တချို့ကိုတောင် ဝေဒနာ သက်သာစေတယ်။ အရက်ဖြတ်နေချိန်မှာ တခြားသူတွေကိုကူညီပေးတဲ့သူတွေဟာ စိတ်ကျဝေဒနာ ခံစားတာ သိသိသာသာ လျော့သွားတယ်၊ ဒုံရင်းအခြေအနေ ပြန်ရောက်သွားတာ ရှားတယ် ဆိုတာကိုလည်း တွေ့ရတယ်။

“သနားကြင်နာစိတ်နဲ့ စေတနာစိတ်ဟာ အပျက်သဘောထားကို လျော့နည်းစေတယ်” လို့ ဆိုကြတယ်။ ပေးကမ်းခြင်းဟာ စိတ်ဖိစီး တာ၊ သွေးတိုးတာကို လျော့နည်းစေနိုင်တယ်။ အိမ်ထောင်ဖက် သေဆုံးသွားတဲ့သူတွေဟာ တခြားသူတွေကို ကူညီပေးတဲ့အခါ စိတ်ဓာတ်ကျတဲ့ အခြေအနေကနေ အမြန်ဆုံး နာလန်ထူလာကြတယ်။

ပေးကမ်းခြင်းဟာ ကောင်းကျိုးပြုတယ်ဆိုတာ ရှင်းနေပါတယ်။

ပေးကမ်းခြင်းဟာ ကူးစက်တတ်

“ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ ကိုယ်ချိန်ပေးသည့်ပမာဏအတိုင်း ရမည့်အပြင် ဖိသိပ်လှုပ်ခါပြည့်လျှံလျက် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်” လို့ ယေရှု တိုက်တွန်းခဲ့တယ်။ (လုကာ ၆:၃၈) ရက်ရက်ရောရော ပေးကမ်းတဲ့အခါ ရယူတဲ့သူကလည်း ကျေးဇူးတင်စိတ်နဲ့ တုံ့ပြန်ပြီး သူကိုယ်တိုင် ရက်ရောတဲ့သူ ဖြစ်လာဖို့ အကြောင်းများတယ်။ ပေးကမ်းခြင်းက ခင်မင်ရင်းနှီးစိတ်၊ ကူညီရိုင်းပင်းချင်စိတ် တိုးများစေတယ်။

ပေးကမ်းခြင်းက ခင်မင်ရင်းနှီးစိတ်၊ ကူညီရိုင်းပင်းချင်စိတ် တိုးများစေ

လူမှုဆက်ဆံရေးအကြောင်း လေ့လာတဲ့ သုတေသီတွေရဲ့ တွေ့ရှိချက်အရ “အများအကျိုးဆောင်တတ်သူတွေဟာ  သူတို့လို လိုက်လုပ်ဖို့ တခြားသူတွေကို တွန်းအားဖြစ်စေတယ်။ ရက်ရက်ရောရော ပေးလှူတဲ့အကြောင်းတွေကို ဖတ်ရုံနဲ့တင် ပေးကမ်းချင်စိတ် ပေါ်လာစေတယ်။” လေ့လာမှုတစ်ခုအရ “လူတစ်ဦးစီဟာ လူအမြောက်အမြားကို သြဇာသက်ရောက်နိုင်တယ်။ သူ မသိတဲ့သူ၊ မတွေ့ဖူးတဲ့သူကိုတောင် သြဇာသက်ရောက်နိုင်တယ်။” ရက်ရောတဲ့လုပ်ရပ်တစ်ခုက လူတစ်ဦးစီကနေ လူ့အသိုင်းအဝိုင်းတစ်ခုလုံးအထိ သက်ရောက်မှု ရှိနိုင်တယ်။ အဲဒီလို အသိုင်းအဝိုင်းမျိုးမှာ နေချင်တယ် မဟုတ်လား။ မှန်ပါတယ်၊ ပေးကမ်းတတ်သူတွေ ပိုများရင် အကျိုးကျေးဇူး ပိုများမှာပဲ။

အဲဒီလိုအကျိုးကျေးဇူးကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က တွေ့ကြုံမှုတစ်ခုက ဖော်ပြတယ်။ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ယေဟောဝါသက်သေအုပ်စုတစ်စုဟာ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီကြတယ်။ ပြုပြင်ပေးရမယ့်အိမ်မှာ လိုအပ်တဲ့ပစ္စည်းတွေရဖို့ စောင့်နေတုန်း အိမ်နီးချင်းတစ်ယောက်ရဲ့ ခြံစည်းရိုး ပျက်နေတာကို သတိထားမိတယ်။ ဒါနဲ့ ခွင့်တောင်းပြီး ပြုပြင်ပေးလိုက်တယ်။ နောက်ပိုင်းမှာ အဲဒီအိမ်နီးချင်းက ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ဆီ ဒီလိုစာရေးတယ်– “ကျေးဇူးတင်လို့ မဆုံးဘူး။ ကျွန်တော် တွေ့ဖူးသမျှထဲမှာ သဘောအကောင်းဆုံးလူတွေပဲ။”  ကျေးဇူးတင်စိတ်ကြောင့် သက်သေခံတွေရဲ့ ထူးခြားတဲ့ လုပ်ငန်းတွက် သုံးဖို့ဆိုပြီး  အလှူငွေအများကြီး  ပေးပို့ခဲ့တယ်။

ပေးကမ်းရာမှာ အကောင်းဆုံး စံနမူနာရှင်ကို အတုယူပါ

သိပ္ပံပညာရဲ့ ထူးခြားတဲ့ တွေ့ရှိချက်တစ်ခုအရ “လူတွေမှာ တခြားသူတွေကို ကူညီပေးချင်တဲ့ အခြေခံစိတ်သဘောထား ရှိပုံရတယ်။” ကလေးတွေဟာ “စကားမပြောတတ်ခင်ကတည်းကတောင် စေတနာထားတတ်တယ်” လို့ လေ့လာ  တွေ့ရှိရတယ်။ ဘာကြောင့်လဲ။ လူကို “ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ” ဖန်ဆင်းထားတယ်လို့ ကျမ်းစာမှာ အဖြေပေးထားတယ်။ ဘုရားသခင်ဆီမှာရှိတဲ့ အရည်အသွေးတွေကို လူတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သဘောပဲ။—ကမ္ဘာဦး ၁:၂၇

ရက်ရောခြင်းဟာ ဖန်ဆင်းရှင် ယေဟောဝါဘုရားရဲ့ ထူးခြားတဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ကို အသက်ပေးထားတဲ့အပြင် ပျော်ရွှင်ဖို့ လိုအပ်တာမှန်သမျှကိုလည်း ပေးထားတယ်။ (တမန်တော် ၁၄:၁၇။ ၁၇:၂၆-၂၈) ကျမ်းစာကို လေ့လာခြင်းအားဖြင့် ဘုရားသခင်နဲ့ ပိုရင်းနှီးလာနိုင်တယ်၊ ကျွန်တော်တို့အတွက် ကိုယ်တော်ရဲ့ မေတ္တာပါတဲ့ ရည်ရွယ်ချက်တွေကိုသိလာနိုင်တယ်။ ကျွန်တော်တို့အတွက် ပျော်ရွှင်စရာအနာဂတ် ပြင်ဆင်ပေးထားတဲ့ အကြောင်းကိုလည်း ကျမ်းစာကနေ သိနိုင်တယ်။ * (၁ ယောဟန် ၄:၉၊ ၁၀) ရက်ရောမှုဟာ ယေဟောဝါဘုရားဆီကနေ အရင်းခံပြီး ကျွန်တော်တို့ဟာ ဘုရားရဲ့ ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရတယ်။ ဒါကြောင့် ဘုရားကို အတုယူတဲ့နေနဲ့ ပေးကမ်းတာဟာ ကျွန်တော်တို့ကို ကောင်းကျိုးပြုတယ်၊ ဘုရားရဲ့ မျက်နှာသာလည်း ရစေတယ်။—ဟေဗြဲ ၁၃:၁၆

ဆောင်းပါးအစမှာပါတဲ့ အလက်ဇန်းဒရားအကြောင်း ပြန်စဉ်းစားကြည့်ပါ။ သူ ဘာတွေ ဆက်ကြုံခဲ့ရသလဲ။ ခရီးသွားဖော်တစ်ယောက်က အလက်ဇန်းဒရားရဲ့ ပိုက်ဆံ ပြန်တော့မှာ မဟုတ်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ သူကူညီပေးလိုက်တဲ့ လူငယ်ဟာ မြို့တစ်မြို့မှာ ခရီးတစ်ထောက် ကားရပ်နားတဲ့အခါ အဲဒီမြို့မှာရှိတဲ့ မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြီး ဒေါ်လာ ၂၀ ကို ချက်ချင်းပြန်ဆပ်တယ်။ ဒါ့အပြင် အလက်ဇန်းဒရား ပြောတဲ့အတိုင်း ကျမ်းစာ စပြီးလေ့လာတယ်။ သုံးလကြာပြီးနောက် ပီရူးမှာ ကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ တရုတ်အစည်းအဝေးကြီးမှာ သူနဲ့ ပြန်ဆုံရလို့ ဝမ်းသာသွားတယ်။ ကူညီပေးခဲ့သမျှအတွက် ကျေးဇူးတင်တဲ့နေနဲ့ အဲဒီလူငယ်ဟာ အလက်ဇန်းဒရားကိုရော အတူပါလာသူတွေကိုပါ သူ့စားသောက်ဆိုင်ကို လာဖို့ ဖိတ်တယ်။

သူတစ်ပါးကို ပေးကမ်း ကူညီတာဟာ အကြီးအကျယ် ပျော်ရွှင်စေတယ်။ ကောင်းမြတ်စုံလင်တဲ့ ဆုလက်ဆောင် မှန်သမျှကိုပေးတဲ့အရှင် ယေဟောဝါဘုရားကို ပိုသိကျွမ်းလာဖို့ လူတွေကို ကူညီပေးမယ်ဆိုရင် ပိုလို့တောင် ပျော်ရွှင်ပါလိမ့်မယ်။ (ယာကုပ် ၁:၁၇) အဲဒီလို ပေးကမ်းခြင်းရဲ့ အကျိုးကျေးဇူးကို သင်ခံစားနေရသလား။