ဆင်းရဲဒုက္ခကို ဘုရား မကြာခင် အဆုံးတိုင်ပေးတော့မယ်
“ယေဟောဝါဘုရား၊ ကျွန်တော် ဘယ်အချိန်အထိ အော်ဟစ် အကူအညီ တောင်းရမှာလဲ။ ဘယ်အချိန်ကျမှ ကြားမှာလဲ။ အကြမ်းဖက်မှုကနေ ကယ်တင်ပေးပါလို့ ဘယ်အချိန်အထိ အကူအညီတောင်းရမှာလဲ။” (ဟဗက္ကုတ် ၁:၂၊ ၃) ဘုရားမျက်နှာသာ ရထားတဲ့ လူကောင်း ဟဗက္ကုတ် အဲဒီလိုပြောခဲ့တယ်။ သူ့မှာ ယုံကြည်ခြင်း မရှိလို့လား။ မဟုတ်ပါဘူး။ ဆင်းရဲဒုက္ခကို အဆုံးတိုင်ဖို့ အချိန် သတ်မှတ်ထားကြောင်း သူ့ကို ဘုရား စိတ်ချစေခဲ့တယ်။—ဟဗက္ကုတ် ၂:၂၊ ၃။
ကိုယ်တိုင် ဒါမှမဟုတ် မိတ်ဆွေတစ်ဦး ဒုက္ခရောက်တဲ့အခါ ဘုရား နှေးလိုက်တာ၊ အခုထိ ဘာမှ မလုပ်ပေးသေးဘူးလို့ ကောက်ချက်ချဖို့ လွယ်တယ်။ “နှောင့်နှေးတယ်လို့ လူတချို့ ထင်ပေမဲ့ တကယ်တော့ ယေဟောဝါဟာ မိမိကတိနဲ့ပတ်သက်လာရင် မနှောင့်နှေးပါဘူး။ ဘုရားသခင် စိတ်ရှည်ရတဲ့ အကြောင်းရင်းက ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ” ဆိုပြီး ကျမ်းစာ အာမခံတယ်။—၂ ပေတရု ၃:၉။
ဘုရား ဘယ်တော့ လုပ်ဆောင်မှာလဲ
သိပ်မကြာတော့ပါဘူး။ “လောကစနစ်” နိဂုံးပိုင်းမှာ ဖြစ်မယ့် အခြေအနေတွေနဲ့ အဲဒါကို ကြုံရမယ့် လူမျိုးဆက်အကြောင်း ယေရှု ပြောတယ်။ (မဿဲ ၂၄:၃-၄၂) ဒီနေ့ခေတ်မှာ ယေရှုရဲ့ ကြိုဟောချက် ပြည့်စုံနေတာက လူ့အရေးကိစ္စတွေကို မကြာခင် ဘုရား ကြားဝင်ဖြေရှင်းပေးတော့မယ်ဆိုတာ ဖော်ပြတယ်။ *
ဆင်းရဲဒုက္ခအားလုံးကို ဘုရား ဘယ်လို အဆုံးတိုင်ပေးမှာလဲ။ ယေရှု မြေကြီးပေါ် ရှိတုန်းက ဘုရားသခင့်တန်ခိုးကို သုံးပြီး ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးခဲ့တယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။
သဘာဝဘေးများ– ယေရှုနဲ့ တမန်တော်တွေ ဂါလိလဲအိုင်မှာ ခရီးသွားနေတုန်း လေပြင်းမုန်တိုင်းကျလာပြီး လှေနစ်လုမတတ် ဖြစ်လာတယ်။ သဘာဝစွမ်းအားကို မိမိနဲ့ ဖခင် ထိန်းချုပ်နိုင်ကြောင်း ယေရှု ပြခဲ့တယ်။ (ကောလောသဲ ၁:၁၅၊ ၁၆) “တိတ်ဆိတ်ငြိမ်သက်စေ” လို့ ပြောလိုက်တဲ့အခါ “မုန်တိုင်းစဲပြီး ငြိမ်သက်သွားတယ်။”—မာကု ၄:၃၅-၃၉။
ဖျားနာမှု– ယေရှုဟာ မျက်မမြင်သူ၊ ခြေမသန်သူ၊ ဝက်ရူးပြန်သူ၊ အနာကြီးရောဂါသည်တွေနဲ့ မသန်စွမ်းမှုအမျိုးမျိုးကို ကုသပေးနိုင်တယ်လို့ လူသိများတယ်။ “လူတွေရဲ့ ရောဂါဝေဒနာအမျိုးမျိုးကို ကုသပေးတယ်။”—မဿဲ ၄:၂၃၊ ၂၄။ ၈:၁၆။ ၁၁:၂-၅။
အစားအစာ ရှားပါးမှု– ယေရှုဟာ ဖခင်ပေးတဲ့ တန်ခိုးကို သုံးပြီး အစားအစာ အနည်းငယ်ကို အံ့ဖွယ်နည်းနဲ့ ပွားများစေခဲ့တယ်။ အမှုဆောင်ချိန်အတွင်း လူထောင်နဲ့ချီကို နှစ်ကြိမ် ကျွေးမွေးခဲ့တယ်လို့ ကျမ်းစာပြောတယ်။—မဿဲ ၁၄:၁၄-၂၁။ ၁၅:၃၂-၃၈။
သေခြင်း– ယေဟောဝါမှာ သေခြင်းကို ဖယ်ရှားပေးနိုင်တဲ့ တန်ခိုးရှိကြောင်း ယေရှု ထမြောက်ပေးခဲ့တဲ့ မှတ်တမ်း သုံးခုက ဖော်ပြတယ်။ ယေရှု ထမြောက်ပေးခဲ့သူတစ်ယောက်ဆို သေဆုံးတာ လေးရက်တောင် ရှိနေပြီ။—မာကု ၅:၃၅-၄၂။ လုကာ ၇:၁၁-၁၆။ ယောဟန် ၁၁:၃-၄၄။
^ အပိုဒ်၊ 5 နောက်ဆုံးကာလအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၂ မှာကြည့်ပါ။ www.mr1310.com/my မှာလည်း အခမဲ့ ကူးယူနိုင်တယ်။