မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ
စာသားပြောင်းလဲဖို့ ကြိုးစားမှုတွေကြား ရှင်သန်တည်တံ့ခဲ့တဲ့ ကျမ်းစာ
အန္တရာယ်– ဆွေးမြည့်ပျက်စီးမှု၊ ဆန့်ကျင်မှုစတဲ့ အန္တရာယ်တွေကြားကနေ ကျမ်းစာဟာ ရှင်သန်တည်တံ့လာခဲ့တယ်။ ဒါပေမဲ့ ကျမ်းကူးသူတချို့နဲ့ ဘာသာပြန်သူတချို့က ကျမ်းစာသတင်းတရားကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ယုံကြည်ချက်ကို ကျမ်းစာနဲ့ကိုက်ညီအောင်လုပ်မယ့်အစား ကျမ်းစာကို သူတို့ယုံကြည်ချက်နဲ့ကိုက်ညီအောင်လုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဖြစ်ရပ်တချို့ကို သုံးသပ်ကြည့်ပါ–
-
ဝတ်ပြုရာနေရာ– ဘီစီ လေးရာစုနဲ့ နှစ်ရာစုကြားမှာ ရှမာရိပင်တကျွတ်ကျမ်းကို ရေးသားသူတွေက ထွက်မြောက်ရာ ၂၀:၁၇ ရဲ့နောက်ပိုင်းမှာ ဒီစာသားတွေကို ထပ်ထည့်ခဲ့ကြတယ်– “အာဂါရီးဇိမ်မှာ ပလ္လင်တစ်ခုကို တည်ဆောက်ရမယ်။” ရှမာရိတွေဟာ “အာဂါရီးဇိမ်” ဒါမှမဟုတ် ဂေရဇိမ်တောင်ပေါ်မှာ သူတို့ ဗိမာန်တည်ဆောက်တာကို ကျမ်းစာက ထောက်ခံတဲ့ပုံစံမျိုးဖြစ်အောင် လုပ်ခဲ့ကြတယ်။
-
သုံးပါးတစ်ဆူအယူဝါဒ– ကျမ်းစာရေးသားပြီးစီးလို့ နှစ် ၃၀၀ လောက်မှာ သုံးပါးတစ်ဆူအယူဝါဒကိုလက်ခံတဲ့ စာရေးသူတစ်ဦးက ၁ ယောဟန် ၅:၇ မှာ “ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပါဌ်တော်တစ်ပါး၊ သန့်ရှင်းသောဝိညာဥ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်းဖြစ်တော်မူ၏” ဆိုပြီး ထပ်ထည့်ခဲ့တယ်။ အဲဒီဖော်ပြချက်ကို မူရင်းစာသားမှာ မတွေ့ရဘူး။ ကျမ်းပညာရှင် ဘရုစ် မက်စ်ဂါ အခုလိုပြောတယ်– “ခြောက်ရာစုနောက်ပိုင်းကျမှ အဲဒီစကားတွေကို ရှေးလက်တင်ကျမ်းနဲ့ [လက်တင်] ဗားလ်ဂိတ်ကျမ်းရဲ့ လက်ရေးစာမူတွေမှာ ပိုပိုတွေ့လာရတယ်။”
-
ဘုရားသခင့်နာမည်– ဂျူးတွေရဲ့အယူသည်းမှုကို အစွဲပြုပြီး ကျမ်းစာဘာသာပြန်သူ အတော်များများက ဘုရားသခင့်နာမည်ကို ကျမ်းစာကနေ ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နာမတော်ပါတဲ့နေရာတိုင်းမှာ “ဘုရားသခင်၊” “သခင်” စတဲ့ဘွဲ့တွေနဲ့ အစားထိုးခဲ့ကြတယ်။ တကယ်တော့ ကျမ်းစာထဲမှာ အဲဒီဘွဲ့တွေကို ဖန်ဆင်းရှင်အတွက်သာမက လူသားတွေ၊ အယူမှားဘာသာကိုးကွယ်သူတွေနဲ့ မာရ်နတ်အတွက်တောင် အသုံးပြုထားတယ်။—ယောဟန် ၁၀:၃၄၊ ၃၅; ၁ ကောရိန္သု ၈:၅၊ ၆; ၂ ကောရိန္သု ၄:၄။ *
ကျမ်းစာ ရှင်သန်တည်တံ့လာခဲ့ပုံ– ပထမ၊ ကျမ်းကူးသူတချို့ဟာ ပေါ့ပေါ့ဆဆ၊ မရိုးမသားလုပ်ခဲ့ပေမဲ့ ကျမ်းကူးသူအများစုကတော့ တကယ့်ကိုကျွမ်းကျင်ပြီး စေ့စပ်သေချာသူတွေဖြစ်တယ်။ အေဒီ
ခြောက်ရာစုနဲ့ ဆယ်ရာစုကြားမှာ မက်စရိတွေဟာ ဟေဗြဲကျမ်းစောင်တွေကို ကူးရေးခဲ့ပြီး အဲဒီကျမ်းစောင်တွေကို မက်စိုရက်တစ်ကျမ်းအဖြစ် လူသိများတယ်။ သူတို့ ကူးရေးတဲ့အခါ အမှားအယွင်းမပါအောင် အက္ခရာစာလုံးတွေကိုတောင် ရေတွက်ထားကြတယ်။ မူရင်းစာသားမှာ အမှားအယွင်းရှိတယ်လို့ သံသယဝင်တာနဲ့ အဲဒီစာသားရဲ့ ဘေးကွက်လပ်မှာ မှတ်ချက်ရေးထားကြတယ်။ မက်စရိတွေဟာ ကျမ်းစာသားကို ပြောင်းလဲတာမျိုး လုံးဝမလုပ်ခဲ့ကြဘူး။ “ကျမ်းစာသားကို တမင်တကာပြောင်းလိုက်တာဟာ သူတို့အတွက် အဆိုးရွားဆုံးရာဇဝတ်မှုပဲ” ဆိုပြီး ကျမ်းပညာရှင် မော်ရှာ ဂေါရှန် ဂေါ့တ်စတင်း ရေးသားခဲ့တယ်။ဒုတိယ၊ အခုရှိနေတဲ့ ကျမ်းလက်ရေးစာမူအမြောက်အမြားက အမှားရှာတွေ့ဖို့ ကျမ်းပညာရှင်တွေကို အထောက်အကူပြုတယ်။ ဥပမာ၊ ဘာသာရေးခေါင်းဆောင်တွေက လက်တင်ကျမ်းစာတွေမှာပဲ ကျမ်းစာသားအစစ်အမှန်ကိုတွေ့ရတယ်ဆိုပြီး နှစ်ရာနဲ့ချီ သွန်သင်ခဲ့တယ်။ ဒါပေမဲ့ အစမှာဖော်ပြသလို ၁ ယောဟန် ၅:၇ မှာ စာသားအမှားတွေကို ဖြည့်စွက်ခဲ့တယ်။ ဒီအမှားက လူသုံးများတဲ့ အင်္ဂလိပ် ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းမှာတောင် ကူးစက်သွားတယ်။ ဒါပေမဲ့ တခြားလက်ရေးစာမူတွေကို ရှာဖွေတွေ့ရှိတဲ့အခါ ဘယ်အချက်ကို သိလာသလဲ။ ဘရုစ် မက်စ်ဂါ အခုလိုရေးခဲ့တယ်– “[၁ ယောဟန် ၅:၇] ပါ စာသားကို (ဆီးရီးယား၊ ရှေးသုံးအီဂျစ်၊ အာမေးနီးယား၊ အီသီယိုးပီးယား၊ အာရပ်၊ ဆလာဗိုနစ်) ရှေးလက်ရေးစာမူအားလုံးမှာ မတွေ့ရဘူး။ လက်တင်ကျမ်းမှာပဲ တွေ့ရတယ်။” ဒါကြောင့် တည်းဖြတ်ထားတဲ့ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းနဲ့ တခြားကျမ်းစာတွေမှာ အဲဒီစာသားအမှားကို ဖယ်ထုတ်လိုက်တယ်။
ကျမ်းစာသတင်းတရား မပြောင်းလဲဘူးဆိုတာ ရှေးလက်ရေးစာမူတွေက အတည်ပြုပေးသလား။ ၁၉၄၇ ခုနှစ်မှာ ရှာဖွေတွေ့ရှိတဲ့ ပင်လယ်သေကျမ်းလိပ်တွေဟာ ဟေဗြဲမက်စိုရက်တစ်ကျမ်း မတိုင်ခင် နှစ်ပေါင်းတစ်ထောင်ကျော်လောက်က ရေးသားခဲ့တာဖြစ်တယ်။ အဲဒီကျမ်းနှစ်ကျမ်းကို ကျမ်းပညာရှင်တွေ နှိုင်းယှဥ်ကြည့်ခဲ့တယ်။ “ဂျူးကျမ်းကူးသူတွေဟာ နှစ်ပေါင်းတစ်ထောင်ကျော်ကာလအတွင်း ကျမ်းစာသားတွေကို သစ္စာရှိရှိ၊ စေ့စပ်သေချာစွာ ကူးရေးခဲ့မှန်း ကျမ်းလိပ်တစ်လိပ်နဲ့တင် အခိုင်အမာ သက်သေထူတယ်” လို့ ပင်လယ်သေကျမ်းလိပ် တည်းဖြတ်အဖွဲ့ဝင်တစ်ဦး မှတ်ချက်ချတယ်။
အိုင်ယာလန်နိုင်ငံ၊ ဒါဘလန်မြို့က ချက်စ်တာဘီတီ စာကြည့်တိုက်မှာ အေဒီဒုတိယရာစုက လက်ရေးစာမူတွေအပါအဝင် ခရစ်ယာန်ဂရိကျမ်းစောင်အားလုံးနီးပါးရဲ့ ကျူစာတွေကို ပြသထားတယ်။ ကျမ်းစာရေးသားပြီးစီးလို့ နှစ် ၁၀၀ လောက်အကြာမှာပဲ အဲဒါတွေကို ရေးသားခဲ့တာ။ စာအုပ်တစ်အုပ် (The Anchor Bible Dictionary) က အခုလိုဖော်ပြတယ်– “ကျူစာတွေကြောင့် ကျမ်းစာသားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် အသစ်တွေကို သိလာရသလို တစ်ချိန်တည်းမှာ ကျမ်းစာကို သမိုင်းတစ်လျှောက် တိတိကျကျကူးရေးခဲ့တယ် ဆိုတာကိုလည်း သိလာရတယ်။”
“ကျမ်းစာလိုမျိုး တိတိကျကျ ကူးရေးထားတဲ့ တခြားရှေးဟောင်းစာပေ လုံးဝမရှိဘူးဆိုတာ ကျိန်းသေပြောရဲတယ်”
အကျိုးရလဒ်– ကျမ်းစာလက်ရေးစာမူတွေရဲ့ သက်တမ်းနဲ့ အရေအတွက်များပြားမှုက ကျမ်းစာသားတွေကို အမှားအယွင်း ဖြစ်စေမယ့်အစား ပိုကောင်းအောင် အထောက်အကူပြုတယ်။ ဆာ ဖရက်ဒရစ် ကင်ညွန်က ခရစ်ယာန်ဂရိကျမ်းစောင်တွေနဲ့ပတ်သက်ပြီး အခုလိုရေးသားခဲ့တယ်– “ကျမ်းစာကလွဲရင် ဘယ်ရှေးစာအုပ်မှာမှ ဒီလောက်များတဲ့ ရှေးဟောင်းအထောက်အထားတွေ မရှိဘူး။ ကျွန်တော်တို့လက်ထဲရှိတဲ့ ကျမ်းစာသားတွေဟာ ပြည့်စုံမှန်ကန်တယ်ဆိုတာ ဘက်မလိုက်တဲ့ ကျမ်းပညာရှင်တိုင်း အသိအမှတ်ပြုမှာပဲ။” ဟေဗြဲကျမ်းစောင်တွေနဲ့ပတ်သက်ပြီး ကျမ်းပညာရှင် ဝီလျံ ဟင်နရီ ဂရင်း အခုလိုပြောတယ်– “ကျမ်းစာလိုမျိုး တိတိကျကျ ကူးရေးထားတဲ့ တခြားရှေးဟောင်းစာပေ လုံးဝမရှိဘူးဆိုတာ ကျိန်းသေပြောရဲတယ်။”
^ စာပိုဒ်၊ 6 ထပ်ဆင့်အချက်အလက်အတွက် သမ္မာကျမ်းစာလေ့လာမှုလမ်းညွှန် (sgd) စာမျက်နှာ ၁-၁၃ ကို ကြည့်ပါ။ www.mr1310.com/mya မှာလည်း ကူးယူနိုင်ပါတယ်။