မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုစည်းဝေးရတဲ့ အကြောင်းရင်းများ

ဝတ်ပြုစည်းဝေးရတဲ့ အကြောင်းရင်းများ

‘အချင်းချင်း ထောက်ထားစာနာနိုင်မည်အကြောင်း အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။’—ဟေဗြဲ ၁၀:၂၄၊ ၂၅

သီချင်း– ၂၀၊ ၁၁၉

၁–၃။ (က) ခရစ်ယာန်တွေဟာ အစည်းအဝေးတွေကို တန်ဖိုးထားကြောင်း ဘယ်လို ဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။

ညီအစ်မကော်ရီနာ အသက် ၁၇ နှစ်အရွယ်မှာ အမေဖြစ်သူ အဖမ်းခံရပြီး အလုပ်ကြမ်းစခန်းကို ပို့ခံရတယ်။ နောက်ပိုင်း ကော်ရီနာလည်း အိမ်နဲ့ မိုင်ပေါင်းများစွာဝေးတဲ့ ဆိုက်ဘေးရီးယားကို ပြည်နှင်ခံရတယ်။ ကျွန်တစ်ယောက်လို ဆက်ဆံခံရပြီး မွေးမြူရေးခြံမှာ အလုပ်လုပ်ရတယ်။ တစ်ခါတလေ အေးခဲနေတဲ့နှင်းတောထဲ အနွေးထည်အလုံအလောက်မပါဘဲ အလုပ်လုပ်ရတယ်။ ဒီလောက်ဆိုးရွားလှတဲ့ အခြေအနေတွေကြား အသင်းတော် အစည်းအဝေးတစ်ခုကို မရမက သွားတက်ဖို့ သူနဲ့ နောက်ညီအစ်မတစ်ယောက် ဆုံးဖြတ်လိုက်တယ်။

ကော်ရီနာ အခုလို ပြောတယ်– “ညနေပိုင်းမှာ အလုပ်ကနေ ထွက်လာပြီး ၁၅ မိုင် (၂၅ ကီလိုမီတာ) အကွာမှာရှိတဲ့ ဘူတာရုံကို လမ်းလျှောက်သွားတယ်။ မနက် နှစ်နာရီမှာ ရထားထွက်တယ်။ ခြောက်နာရီလောက် ရထားစီးပြီးနောက် အစည်းအဝေးနေရာကို ရောက်ဖို့ နောက်ထပ် ခြောက်မိုင် (တစ်ဆယ်ကီလိုမီတာ) လမ်းလျှောက်ရတယ်။” ဒီလိုလာရတာ အကျိုးနပ်ရဲ့လား။ သူ အခုလို ဆက်ပြောတယ်– “အစည်းအဝေးမှာ ကင်းမျှော်စင် လေ့လာပြီး နိုင်ငံတော်သီချင်းတွေ သီဆိုကြတယ်။ ကျွန်မတို့အတွက်တော့ တကယ့်ကို ယုံကြည်ခြင်း ခိုင်မာစေတဲ့ အတွ့ေအကြံုပါပဲ။” ညီအစ်မနှစ်ယောက်ဟာ သုံးရက်ကြာပြီးနောက် လယ်တောကို ပြန်သွားတယ်။ သူတို့ ထွက်သွားမှန်း အလုပ်ကြီးကြပ်သူ သတိတောင်မထားမိဘူး။

ယေဟောဝါရဲ့ လူမျိုးဟာ အတူစည်းဝေးတဲ့ အချိန်အခါတွေကို အမြဲ တန်ဖိုးထားတယ်။ ဥပမာ၊ ခရစ်ယာန်အသင်းတော် တည်ထောင်ပြီးနောက် ယေရှုရဲ့နောက်လိုက်တွေဟာ “ဗိမာန်တော်၌ နေ့စဥ်မပြတ် တညီတညွတ်တည်းနေ” ခဲ့ကြတယ်။ (တ. ၂:၄၆) သူတို့လိုပဲ သင်လည်း အစည်းအဝေး ပုံမှန်တက်ချင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မအားလုံးဟာ အစည်းအဝေး ပုံမှန်တက်နိုင်ဖို့ အခက်အခဲ ကိုယ်စီ ရှိကြတယ်။ သင်လည်း လောကအလုပ်ကြောင့်၊ လုပ်စရာတွေ များလွန်းတာကြောင့်၊ ပင်ပန်းနွမ်းနယ်နေတာကြောင့် အစည်းအဝေးတက်ဖို့ ခက်ခဲနိုင်တယ်။ အစည်းအဝေးတက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဖို့ ဘာက ကူညီပေးမလဲ။ [၁] အစည်းအဝေး ပုံမှန်တက်ဖို့ ကျမ်းစာသင်သားတွေနဲ့ တခြားသူတွေကို ဘယ်လို အားပေးနိုင်သလဲ။ ဒီဆောင်းပါးမှာ အစည်းအဝေးတက်ရတဲ့ အကြောင်းရင်း ရှစ်ခုကို ဆွေးနွေးပါမယ်။ အဲဒီအကြောင်းရင်းတွေကို အခုလို အမျိုးအစား ခွဲနိုင်တယ်– အစည်းအဝေးတက်ရောက်ခြင်းက (၁) ကျွန်တော်တို့ကို အကျိုးပြုပုံ၊ (၂) တခြားသူတွေအပေါ် အကျိုးသက်ရောက်ပုံ၊ (၃) ယေဟောဝါအပေါ် အကျိုးသက်ရောက်ပုံတို့ ဖြစ်တယ်။ [၂]

ကျွန်တော်တို့ကို အကျိုးပြုပုံ

၄။ အစည်းအဝေးတွေက ယေဟောဝါအကြောင်း ပိုသိလာအောင် ဘယ်လို ကူညီပေးသလဲ။

အစည်းအဝေးတွေက ကျွန်တော်တို့ကို သွန်သင်ပေးတယ်။ အစည်းအဝေးတွေက ယေဟောဝါအကြောင်း ပိုသိလာအောင် ကူညီပေးတယ်။ ဥပမာ၊ အသင်းတော်အများစုဟာ မကြာသေးခင်က အသင်းတော် ကျမ်းစာလေ့လာမှုမှာ ယေဟောဝါထံချဥ်းကပ်လော့ စာအုပ်ကို လေ့လာခဲ့ကြတယ်။ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ဆွေးနွေးတဲ့အခါ၊ ညီအစ်ကိုညီအစ်မတွေရဲ့ မှတ်ချက်တွေကို ကြားရတဲ့အခါ သင် ဘယ်လို ခံစားရသလဲ။ ယေဟောဝါကို ပိုချစ်လာမှာ သေချာပါတယ်။ ဟောပြောချက်တွေ၊ သရုပ်ပြတွေ၊ ကျမ်းစာဖတ်ရှုခြင်းတွေကို အာရုံစိုက်နားထောင်တဲ့အခါ ကျမ်းစာအသိပညာ တိုးများလာတယ်။ (နေ. ၈:၈) အပတ်တိုင်း ကျမ်းစာဖတ်ရှုခြင်းအတွက် ပြင်ဆင်တဲ့အခါ၊ ပေါ်လွင်ချက်တွေကို ကြားရတဲ့အခါ ဘုရားရေးရာရတနာ ဘယ်လောက် တိုးများလာတယ်ဆိုတာ စဥ်းစားကြည့်ပါ။

၅။ အစည်းအဝေးတွေက ကျမ်းစာကနေ သိလာတာတွေကို အသုံးပြုဖို့၊ ဟောပြောနည်း တိုးတက်လာဖို့ ဘယ်လို ကူညီပေးသလဲ။

အစည်းအဝေးတွေက ဘဝကဏ္ဍတိုင်းမှာ ကျမ်းစာမူတွေကို ကျင့်သုံးနိုင်အောင် သွန်သင်ပေးတယ်။ (၁ သက်. ၄:၉၊ ၁၀) ဥပမာ၊ ကင်းမျှော်စင် သင်တန်းက ဘုရားသခင့်လူမျိုးရဲ့ လိုအပ်ရာတွေကို သတ်သတ်မှတ်မှတ် ဖော်ပြလေ့ရှိတယ်။ ကိုယ့်ပန်းတိုင်တွေကို ပြန်ဆန်းစစ်ဖို့၊ ဆုတောင်းခြင်း အရည်အသွေး တိုးတက်အောင်လုပ်ဖို့၊ တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့ လှုံ့ဆော်ပေးတဲ့ ကင်းမျှော်စင် သင်တန်းကို သင် မှတ်မိသလား။ ကြားရက်အစည်းအဝေးတွေကလည်း သတင်းကောင်း ဘယ်လို ဟောပြောရမယ်၊ ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေ နားလည်လာအောင် ဘယ်လို ထိထိရောက်ရောက် ကူညီပေးရမယ်ဆိုတာ သွန်သင်ပေးတယ်။—မ. ၂၈:၁၉၊ ၂၀

၆။ အစည်းအဝေးတွေက ကျွန်တော်တို့ကို ဘယ်လို အားရှိစေသလဲ။

အစည်းအဝေးတွေက ကျွန်တော်တို့ကို အားရှိစေတယ်။ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း အားနည်းသွားအောင်၊ စိတ်ဓာတ်ချုံးချုံးကျသွားအောင် လုပ်ဖို့ စာတန့်လောက ကြိုးပမ်းနေတယ်။ ဒါပေမဲ့ အစည်းအဝေးတွေက ယေဟောဝါကို ဆက်ဝတ်ပြုနိုင်ဖို့ အားရှိစေတယ်။ (တမန်တော် ၁၅:၃၀–၃၂ ကိုဖတ်ပါ။) ပြည့်စုံလာတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေအကြောင်း အစည်းအဝေးတွေမှာ ဆွေးနွေးလေ့ရှိတယ်။ ဒါက ယေဟောဝါရဲ့ အနာဂတ်ကတိတွေ ပြည့်စုံလာမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုကို ခိုင်မာစေတယ်။ ဟောပြောချက်တွေ၊ ညီအစ်ကိုညီအစ်မတွေရဲ့ မှတ်ချက်တွေ၊ သူတို့ အားရပါးရ ချီးမွမ်းသီချင်းဆိုတာတွေက ကျွန်တော်တို့ကို အားရှိစေတယ်။ (၁ ကော. ၁၄:၂၆) အစည်းအဝေး မစခင်နဲ့ ပြီးနောက်မှာ ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောတဲ့အခါ စစ်မှန်တဲ့ နွေးထွေးလုံခြံုမှုနဲ့ လန်းဆန်းမှု ခံစားရတယ်။—၁ ကော. ၁၆:၁၇၊ ၁၈

အစည်းအဝေးတွေက ယေဟောဝါကို ဆက်ဝတ်ပြုနိုင်ဖို့ အားရှိစေတယ်

၇။ အစည်းအဝေးတက်ဖို့ ဘာကြောင့် သိပ်အရေးကြီးသလဲ။

အစည်းအဝေးတွေမှာ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ရဲ့ အကူအညီကို ရရှိတယ်။ ယေရှုဟာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် အသင်းတော်တွေကို ဦးဆောင်နေတယ်။ “အသင်းတော်တို့အား စွမ်းအားတော် ဆင့်ဆိုသောစကားကို နားရှိသောသူ ကြားပါစေ” လို့ ယေရှု ပြောတယ်။ (ဗျာ. ၂:၇) သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ဖို့၊ သတ္တိရှိရှိ ဟောပြောနိုင်ဖို့၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ သန့်ရှင်းသောစွမ်းအားတော်ရဲ့ အကူအညီကို ကျွန်တော်တို့ လိုအပ်တယ်။ ဒါကြောင့် အစည်းအဝေးတွေကို အတတ်နိုင်ဆုံး တက်ရောက်ပြီး သန့်ရှင်းသောစွမ်းအားတော်ရဲ့ အကူအညီရရှိအောင် ကြိုးစားရမယ်။

တခြားသူတွေအပေါ် အကျိုးသက်ရောက်ပုံ

၈။ အစည်းအဝေးတွေမှာ ကျွန်တော်တို့ကို တွ့ေတဲ့အခါ၊ ကျွန်တော်တို့ မှတ်ချက်ပေးတာ၊ သီချင်းဆိုတာတွေကို ကြားတဲ့အခါ ညီအစ်ကိုညီအစ်မတွေ ဘယ်လို အကျိုးရရှိသလဲ။ (“ အစည်းအဝေးကနေ ပြန်တိုင်း ပိုနေကောင်းလာတယ်” လေးထောင့်ကွက်ကိုကြည့်ပါ။)

အစည်းအဝေးတွေက ညီအစ်ကိုညီအစ်မတွေကို ချစ်တယ်ဆိုတာ တင်ပြဖို့ အခွင့်အရေး ရရှိစေတယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မများစွာဟာ အခက်အခဲဒုက္ခတွေကို ခါးစည်းခံနေရတယ်။ “အချင်းချင်း ထောက်ထားစာနာကြစို့” လို့ တမန်တော်ပေါလု ပြောပြီးနောက် “အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှု” ခြင်းအားဖြင့် အဲဒီလို ထောက်ထားစာနာနိုင်တယ်လို့ ရှင်းပြတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစည်းအဝေးတက်ရောက်ခြင်းက ညီအစ်ကိုညီအစ်မတွေနဲ့အတူ ရှိချင်မှန်း၊ စကားပြောချင်မှန်း၊ သူတို့ကို ဂရုစိုက်မှန်း ဖော်ပြရာရောက်တယ်။ သင့်ရဲ့ အားရှိစရာမှတ်ချက်တွေ၊ အားရပါးရ သီချင်းဆိုတာတွေကလည်း ညီအစ်ကိုညီအစ်မတွေကို အားရှိစေတယ်။—ကော. ၃:၁၆

၉၊ ၁၀။ (က) ယောဟန် ၁၀:၁၆ မှာပါတဲ့ ယေရှုရဲ့စကားက ညီအစ်ကိုညီအစ်မတွေနဲ့ အတူစည်းဝေးဖို့ အရေးကြီးရတဲ့ အကြောင်းရင်းကို နားလည်အောင် ဘယ်လို ကူညီပေးသလဲ။ (ခ) ကျွန်တော်တို့ အစည်းအဝေး ပုံမှန်တက်ရောက်တာက မိသားစုရဲ့ စွန့်ပစ်မှုခံရသူကို ဘယ်လို ကူညီပေးနိုင်သလဲ။

အစည်းအဝေးတွေက ညီအစ်ကိုညီအစ်မတွေနဲ့ နီးနီးကပ်ကပ် ရှိနေစေတယ်။ (ယောဟန် ၁၀:၁၆ ကိုဖတ်ပါ။) ယေရှုက ကိုယ့်ကိုယ်ကိုယ် သိုးထိန်းအဖြစ်၊ တပည့်တွေကို သိုးအုပ်အဖြစ် ခိုင်းနှုိင်းခဲ့တယ်။ ဒီအချက်ကို စဥ်းစားကြည့်ပါ– သိုးနှစ်ကောင်က တောင်ပေါ်မှာ၊ နောက်နှစ်ကောင်က ချိုင့်ဝှမ်းထဲမှာ၊ နောက်တစ်ကောင်က တခြားတစ်နေရာမှာ ကျက်စားနေတယ်ဆိုပါစို့။ အဲဒီသိုးငါးကောင်ကို သိုးအုပ်လို့ ခေါ်နိုင်မလား။ မခေါ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သိုးအုပ်ဆိုတာ သိုးထိန်းရဲ့ ဂရုစိုက်စောင့်ရှောက်မှုအောက်မှာ အမြဲ အတူရှိနေလို့ပဲ။ အဲဒီလိုပဲ ကျွန်တော်တို့လည်း အစည်းအဝေးတွေ မတက်ဘဲ တစ်သီးပုဂ္ဂလ မနေသင့်ဘူး။ “သိုးထိန်းတစ်ပါးတည်း” ရဲ့ လက်အောက်မှာရှိတဲ့ “သိုးအုပ်တစ်အုပ်” ထဲမှာ ပါဝင်နိုင်ဖို့ဆိုရင် အတူစည်းဝေးဖို့ လိုအပ်တယ်။

၁၀ အစည်းအဝေးတွေက ညီအစ်ကိုညီအစ်မတွေနဲ့ စည်းလုံးနေဖို့ ကူညီပေးတယ်။ (ဆာ. ၁၃၃:၁) ညီအစ်ကိုညီအစ်မတချို့ဟာ မိဘ၊ မောင်နှမစတဲ့ မိသားစုဝင်တွေရဲ့ စွန့်ပစ်မှုခံရသူတွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကို ချစ်ပြီး ဂရုစိုက်တဲ့ ပုံဆောင်မိသားစုကို ပြန်ရရှိမယ်လို့ ယေရှု ကတိပေးထားတယ်။ (မာ. ၁၀:၂၉၊ ၃၀) သင်ဟာ အစည်းအဝေး ပုံမှန်တက်ရောက်ခြင်းအားဖြင့် အဲဒီညီအစ်ကိုညီအစ်မတွေရဲ့ အဖေ၊ အမေ၊ မောင်နှမ ဖြစ်လာနိုင်ပါတယ်။ ဒီအချက်က အစည်းအဝေးအားလုံးကို အတတ်နိုင်ဆုံး ကြိုးစားတက်ဖို့ သင့်ကို လှုံ့ဆော်ပေးတယ်မဟုတ်လား။

ယေဟောဝါအပေါ် အကျိုးသက်ရောက်ပုံ

၁၁။ အစည်းအဝေးတက်တာက ယေဟောဝါ ရသင့်ရထိုက်တာကို ပေးဆက်ဖို့ ဘယ်လို ကူညီပေးသလဲ။

၁၁ အစည်းအဝေးတက်ရောက်ခြင်းက ယေဟောဝါ ရသင့်ရထိုက်တာကို ပေးဆက်နေတာ ဖြစ်တယ်။ ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်လို့ ကျွန်တော်တို့ရဲ့ ကျေးဇူးတင်ချီးမွမ်းမှုနဲ့ ဂုဏ်တင်မှုမှန်သမျှကို ရရှိထိုက်တယ်။ (ဗျာဒိတ် ၇:၁၂ ကိုဖတ်ပါ။) အစည်းအဝေးတွေမှာ ဆုတောင်းခြင်း၊ သီချင်းဆိုခြင်း၊ ယေဟောဝါအကြောင်း ပြောဆိုခြင်းအားဖြင့် ကိုယ်တော်ရရှိထိုက်တာကို ပေးဆက်နိုင်တယ်။ ယေဟောဝါကို ဝတ်ပြုချီးမွမ်းနိုင်တဲ့ အခွင့်ထူးကြီးပါပဲ။

အစည်းအဝေးတိုင်းကို တက်ရောက်ဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်တာကို ယေဟောဝါ သတိပြုနေပြီး တန်ဖိုးထားတယ်

၁၂။ အစည်းအဝေးတက်ပါဆိုတဲ့ အမိန့်ကို ကျွန်တော်တို့ နာခံတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။

၁၂ ယေဟောဝါဟာ ဖန်ဆင်းရှင်ဖြစ်လို့ ကျွန်တော်တို့ရဲ့ နာခံမှုကိုလည်း ရရှိထိုက်တယ်။ အထူးသဖြင့် ဒီနောက်ဆုံးကာလမှာ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုဖို့ မိန့်မှာထားတယ်။ အဲဒီအမိန့်ကို နာခံတဲ့အခါ ယေဟောဝါ နှစ်သက်တယ်။ (၁ ယော. ၃:၂၂) အစည်းအဝေးတိုင်းကို တက်ရောက်ဖို့ ကျွန်တော်တို့ ကြိုးစားအားထုတ်တာကို ယေဟောဝါ သတိပြုနေပြီး တန်ဖိုးထားတယ်။—ဟေဗြဲ ၆:၁၀

၁၃၊ ၁၄။ အစည်းအဝေးတွေမှာ ဘယ်နည်းအားဖြင့် ယေဟောဝါနဲ့ရော ယေရှုနဲ့ပါ ပိုရင်းနှီးလာသလဲ။

၁၃ အစည်းအဝေးတက်ရောက်ခြင်းက ယေဟောဝါနဲ့ရော သားတော်နဲ့ပါ ရင်းနှီးချင်မှန်း ဖော်ပြတယ်။ အစည်းအဝေးတွေမှာ မဟာသွန်သင်ရှင် ယေဟောဝါက ကျမ်းစာအားဖြင့် ကျွန်တော်တို့ကို လမ်းညွှန်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) အဲဒီလို လမ်းညွှန်နေတာကို အစည်းအဝေးလာတက်တဲ့ မယုံကြည်သူတွေတောင် သတိပြုမိကြတယ်။ (၁ ကော. ၁၄:၂၃-၂၅) ယေဟောဝါက အစည်းအဝေးတွေကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကောင်းချီးပေးပြီး သွန်သင်ပို့ချမှုအစီအစဥ်ကို ညွှန်ကြားပေးနေတယ်။ ဒါကြောင့် အစည်းအဝေးတွေမှာ ယေဟောဝါရဲ့ အသံကို ကြားရပြီး မေတ္တာပါ ဂရုစိုက်မှုကို ခံစားရတယ်။ ဒီနည်းအားဖြင့် ကိုယ်တော်နဲ့ ပိုရင်းနှီးလာတယ်။

၁၄ “ငါ၏နာမဖြင့် လူနှစ်ဦးသုံးဦး စုဝေးလျှင် ထိုသူတို့၏အလယ်တွင် ငါရှိ၏” လို့ အသင်းတော်ရဲ့ ဦးခေါင်း ယေရှု ပြောတယ်။ (မ. ၁၈:၂၀) ယေရှုဟာ အသင်းတော်တွေ ‘အလယ်မှာ သွားလာ’ နေတယ်လို့လည်း ကျမ်းစာ ပြောတယ်။ (ဗျာ. ၁:၂၀–၂:၁) ဒါကြောင့် အစည်းအဝေးတွေမှာ ယေဟောဝါနဲ့ ယေရှု ရှိနေပြီး ကျွန်တော်တို့ကို ခွန်အားပေးနေတယ်ဆိုတာ ထင်ရှားတယ်။ သူနဲ့ရော သားတော်နဲ့ပါ ပိုရင်းနှီးလာဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေတာကို ယေဟောဝါ မြင်တဲ့အခါ ဘယ်လို ခံစားရမယ်လို့ သင် ထင်သလဲ။

၁၅။ အစည်းအဝေးတက်တာက ယေဟောဝါကို နာခံချင်မှန်း ဘယ်လိုနည်းနဲ့ ဖော်ပြသလဲ။

၁၅ အစည်းအဝေးတက်ရောက်ခြင်းက ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံမှန်း ဖော်ပြတယ်။ ယေဟောဝါက အစည်းအဝေးတက်ပါဆိုတဲ့ မိန့်မှာချက်ကို နာခံဖို့ ကျွန်တော်တို့ကို အတင်းအကျပ် တွန်းအားမပေးဘူး။ (ဟေရှာ. ၄၃:၂၃) ဒါကြောင့် ယေဟောဝါကို ဘယ်လောက်ချစ်မှန်း၊ အချုပ်အခြာအာဏာရှင်အဖြစ် ဘယ်လောက်ထောက်ခံမှန်း ဖော်ပြဖို့ စိတ်ကြိုက် ရွေးချယ်နိုင်တယ်။ (ရော. ၆:၁၇) ဥပမာ၊ အလုပ်မြဲချင်ရင် အစည်းအဝေးအပျက်ခံပါလို့ အလုပ်ရှင် ဖိအားပေးလာရင် ဘယ်လိုလုပ်မလဲ။ အစည်းအဝေးလုပ်ရင် ဒဏ်ငွေဆောင်ရမယ်၊ ထောင်ချခံရမယ်၊ ဒီထက် ဆိုးဆိုးရွားရွား ဒဏ်ပေးခံရမယ်လို့ အစိုးရ အမိန့်ချမှတ်ရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် အစည်းအဝေးမတက်ဘဲ ကိုယ်ဝါသနာပါတာတစ်ခုခု လုပ်ဖို့ သွေးဆောင်ခံရရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုအခြေအနေတွေမှာ ကိုယ့်စိတ်ကြိုက် ရွေးချယ်ဆုံးဖြတ်နိုင်တယ်။ (တ. ၅:၂၉) ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံဖို့ ကျွန်တော်တို့ ရွေးချယ်မယ်ဆိုရင်တော့ ကိုယ်တော့်ကို ပျော်ရွှင်စေပါလိမ့်မယ်။—သု. ၂၇:၁၁

မပြတ်စည်းဝေးနေပါ

၁၆၊ ၁၇။ (က) ပထမရာစုခရစ်ယာန်တွေအတွက် အစည်းအဝေးတွေ သိပ်အရေးကြီးမှန်း ကျွန်တော်တို့ ဘယ်လို သိရသလဲ။ (ခ) ခရစ်ယာန် အစည်းအဝေးတွေနဲ့ပတ်သက်ပြီး ညီအစ်ကို ဂျော့ဂျ် ဂန်းဂတ်စ် ဘယ်လို ခံစားခဲ့ရသလဲ။

၁၆ အစောပိုင်းခရစ်ယာန်တွေဟာ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ အစည်းအဝေးပြီးနောက်မှာလည်း “ဗိမာန်တော်၌ နေ့စဥ်မပြတ် တညီတညွတ်တည်းနေ” ကြတယ်။ (တ. ၂:၄၆) ရောမအုပ်ချုပ်မှုနဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ နှိပ်စက်ညှဥ်းပန်းမှုကြောင့် အခက်အခဲတွေ ကြံုရတာတောင် သူတို့ မပြတ်စည်းဝေးခဲ့ကြတယ်။

၁၇ ဒီနေ့ခေတ် ယေဟောဝါရဲ့ကျေးကျွန်တွေလည်း ခရစ်ယာန် အစည်းအဝေးတွေကို တန်ဖိုးထားလေးမြတ်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ၂၂ နှစ်ကျော် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို ဂျော့ဂျ် ဂန်းဂတ်စ် အခုလို ပြောတယ်– “ညီအစ်ကိုတွေနဲ့ တွ့ေဆုံစည်းဝေးရတာဟာ ကျွန်တော့်ဘဝမှာ အပျော်ရွှင်ရဆုံးပဲ။ အားပေးမှုလည်း ရရှိတယ်။ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတော်ခန်းမကို ဦးဆုံးရောက်တဲ့သူ၊ နောက်ဆုံးမှ ပြန်တဲ့သူ ဖြစ်ချင်တယ်။ ဘုရားသခင့်လူမျိုးနဲ့ စကားပြောရတာ သိပ်ပျော်တယ်။ သူတို့နဲ့အတူရှိနေချိန်မှာ ကိုယ့်မိသားစုနဲ့အတူ ရှိနေရသလိုပဲ။ ပုံဆောင်ပရဒိသုထဲ ရောက်နေသလို ခံစားရတယ်။ သံလိုက်အိမ်မြှောင်က မြောက်ဘက်ကို အမြဲ ညွှန်ပြသလို ကျွန်တော့်ရဲ့ အပြင်းပြဆုံးဆန္ဒကလည်း အစည်းအဝေးတွေ အမြဲ တက်ရောက်ဖို့ပါပဲ။”

၁၈။ အစည်းအဝေးတွေနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ ဘယ်လို သန္နိဌ္ဌာန်ချထားသလဲ။

၁၈ ယေဟောဝါကို ဝတ်ပြုဖို့ အတူစည်းဝေးတာနဲ့ပတ်သက်ပြီး သင်လည်း အဲဒီလို ခံစားရသလား။ ဒါဆိုရင် အစည်းအဝေး ပုံမှန်တက်ရောက်နိုင်ဖို့ အားသွန်ခွန်စိုက် ဆက်ကြိုးစားမယ်လို့ သန္နိဌ္ဌာန်ချထားပါ။ ‘အို ယေဟောဝါ၊ စံမြန်းရာအိမ်တော်ကို ကျွန်တော် ချစ်မြတ်နိုးလှပါတယ်’ လို့ ပြောခဲ့တဲ့ ဘုရင်ဒါဝိဒ်လို သင် တကယ် ခံစားရမှန်း ယေဟောဝါကို ဖော်ပြပါ။—ဆာ. ၂၆:၈ကဘ။

^ [၁] (အပိုဒ် ၃) ညီအစ်ကိုညီအစ်မတချို့ဟာ ကျန်းမာရေးမကောင်းတာစတဲ့ ကိုယ့်ဘက်က ဘာမှမတတ်နိုင်တဲ့ အခြေအနေတွေကြောင့် အစည်းအဝေး ပုံမှန်မတက်နိုင်ကြဘူး။ သူတို့အခြေအနေကို ယေဟောဝါ နားလည်မှန်း၊ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုတာကို သိပ်တန်ဖိုးထားမှန်း သူတို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ အစည်းအဝေး အစီအစဥ်တွေကို ဖုန်းနဲ့ချိတ်ဆက်ပြီးတော့ဖြစ်စေ၊ အသံသွင်းပြီးတော့ဖြစ်စေ သူတို့ နားထောင်နိုင်အောင် အကြီးအကဲတွေ ကူညီပေးနိုင်တယ်။

^ [၂] (အပိုဒ် ၃) “ အစည်းအဝေးတက်ရတဲ့ အကြောင်းရင်းများ” လေးထောင့်ကွက်ကို ကြည့်ပါ။