တေးဂီတ၊ အသက်နဲ့ သမ္မာကျမ်းစာကို ကျွန်တော်မြတ်နိုး
တေးဂီတ၊ အသက်နဲ့ သမ္မာကျမ်းစာကို ကျွန်တော်မြတ်နိုး
ဘာရီစ် အဲန် ဂူလာရှာဗ်စကီ ပြောပြသည်
အကြီးအကျယ် နှလုံးရောဂါထတာ နှစ်ခါကြုံခဲ့ရတဲ့ အသက် ၆၅ နှစ်ခန့်အရွယ်ရှိ မျက်မမြင်တစ်ဦးကို မြင်ယောင်ကြည့်လိုက်ပါ။ သူဟာ ဘုရားသခင်အကြောင်း သိခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းပြောရင်း မျက်ရည်တွေကျလာတယ်။ဒါကတော့ လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ကျွန်တော့်ရဲ့အခြေအနေ ဖြစ်ပါတယ်။
၁၉၃၀ ပြည့်နှစ်မှာ ယူကရိန်းနိုင်ငံ၊ ချာကာစီခရိုင်က စီဘူးလက်ဗ်ရွာမှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ ၁၉၃၇ ခုနှစ်မှာ စတာလင်ဖိနှိပ်မှုအတောအတွင်း ကျွန်တော့်အဖေ အဖမ်းခံရပြီး “နိုင်ငံ့ရန်သူ” အဖြစ် ပြစ်ဒဏ်စီရင်ခံခဲ့ရတယ်။ ကျွန်တော်တို့ရဲ့တိုက်ခန်း အသိမ်းခံရပြီး အသိမိတ်ဆွေအများစုက ကျွန်တော်တို့ကို ရှောင်ခဲ့ကြတယ်။ မကြာခင်မှာ သူတို့ထဲက အတော်များများလည်း အဖမ်းခံခဲ့ရတယ်။ အဲဒီအချိန်ဟာ သံသယရှိမှု၊ သစ္စာဖောက်မှုနဲ့ ကြောက်ရွံ့မှုတွေ ပျံ့နှံ့နေတဲ့အချိန်ဖြစ်တယ်။
အဖေအဖမ်းခံရပြီးနှစ်လမှာ ကျွန်တော့်ရဲ့ညီမလေးလီနာ မွေးလာတယ်။ အမေ၊ လီနာ၊ အစ်ကိုနီကာလိုင်နဲ့ ကျွန်တော်တို့ဟာ ပြတင်းပေါက်လည်းမရှိ၊ မီးဖိုလည်းမရှိတဲ့ အခန်းကျဉ်းလေးထဲမှာ အဲဒီနှစ်ဆောင်းရာသီကို ကုန်လွန်စေခဲ့ကြတယ်။ အဲဒီနောက် အဖေဘက်ကအဘိုးအိမ်ကို ကျွန်တော်တို့ ပြောင်းရွှေ့ခဲ့ကြတယ်။ နီကာလိုင်နဲ့ ကျွန်တော်က အိမ်ရဲ့တာဝန်ကိုယူခဲ့ရတယ်။ ထင်းခုတ်တာ၊ ပြုပြင်တာတွေကိုလုပ်ရတယ်။ ကျွန်တော်က လက်မှုပညာဝါသနာပါတယ်။ ရှူးဖိနပ်ချုပ်တယ်၊ လက်သမားလည်းလုပ်တယ်။ တေးဂီတကိုလည်း မြတ်နိုးတာကြောင့် အထပ်သားပိုင်းတစ်ခုနဲ့ တြိဂံပုံ ဂီတာတစ်လက်ကို ကိုယ်တိုင်လုပ်ပြီး တီးတတ်အောင် သင်ယူခဲ့တယ်။ နောက်ပိုင်းမှာ ဂီတာနဲ့ မယ်ဒလင်ကို တီးတတ်အောင်လည်း သင်ယူခဲ့တယ်။
ကျွန်တော်အသက်ငါးနှစ်အရွယ်မှာ ကက်သလစ်ချာ့ခ်ျမှာ ရေဖြန်းမင်္ဂလာခံယူခဲ့တယ်။ ဒါပေမဲ့ ချာ့ခ်ျရဲ့သွန်သင်ချက် ဒါမှမဟုတ် ဓလေ့ထုံးစံတွေကို ကျွန်တော်နားမလည်ခဲ့တဲ့အတွက် ဘုရားသခင်မရှိဘူးဆိုတဲ့အယူအဆက ကျွန်တော့်အတွက် ယုတ္တိရှိပုံပေါက်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက်မှာ ကော်စမော (ကွန်မြူနစ်လူငယ်အသင်း) အဖွဲ့ထဲ ကျွန်တော်ဝင်ခဲ့တယ်။ အခွင့်အရေးပေါ်လာတဲ့အခါ တခြားအဖွဲ့ဝင်တွေနဲ့ ကျွန်တော်ဟာ ဘုရားသခင်ကိုယုံကြည်တဲ့သူတွေနဲ့ငြင်းခုံပြီး ဘုရားသခင်မရှိဘူးဆိုတာကို သက်သေထူဖို့ ကြိုးစားခဲ့ကြတယ်။
ကျွန်တော်မျက်စိကွယ်သွားသောအခါ
၁၉၄၁ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုကို ဂျာမနီတိုက်ခိုက်ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ရွာဟာ ရှေ့တန်းစစ်မျက်နှာ အကြိမ်ကြိမ်ဖြစ်ခဲ့ရတယ်။ ၁၉၄၄၊ မတ်လ ၁၆ ရက်နေ့မှာ ဗုံးကြဲနေတုန်း ကျွန်တော်ထိခိုက်ဒဏ်ရာရခဲ့ပြီး မျက်စိကွယ်သွားတယ်။ ကျွန်တော်စိတ်ဓာတ်ကျပြီး မျှော်လင့်ချက်မဲ့နေတဲ့အပြင် နာကျင်မှုဝေဒနာကိုလည်း ခံစားခဲ့ရတယ်။
စစ်မြေပြင်က အနောက်ဘက်ကိုပြောင်းသွားပြီး ဂျာမန်တွေ ပြန်ဆုတ်ခွာသွားချိန်မှာ ကျွန်တော် ဥယျာဉ်ထဲမှာလမ်းလျှောက်ရင်း ငှက်တွေရဲ့တေးသီကျူးသံကို နားထောင်ခဲ့တယ်။ ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်နေတဲ့အမေက ကျွန်တော်သောက်ဖို့ ဗော့ဒ်ကာအရက်ပေးတယ်။ ဒေသခံတွေကလည်း သူတို့ရဲ့ပါတီပွဲတွေတက်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီပါတီပွဲတွေမှာ ကျွန်တော် တူရိယာနဲ့တီးမှုတ်ဖျော်ဖြေတယ်။ ကျွန်တော်ဟာ ဆေးလိပ်သောက်တဲ့အပြင် စိတ်ဓာတ်ကျတာကို ခံရပ်နိုင်အောင် အရက်လည်းသောက်တယ်။ ဒီအရာတွေက ကျွန်တော့်ရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုတာ မကြာခင်မှာပဲ သဘောပေါက်လာတယ်။
ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ကျွန်တော့်ရဲ့ဒေါ်လေးက မျက်မမြင်ကျောင်းတွေအကြောင်း သိထားပြီး ကျွန်တော့်ကို မျက်မမြင်ကျောင်းတစ်ကျောင်းမှာထားဖို့ အမေ့ကိုဖျောင်းဖျခဲ့တယ်။ ၁၉၄၆ ခုနှစ်ရောက်တော့ ကမ်ယာနက် ပါဒီလ်စကီ မြို့မှာ ကျွန်တော် ကျောင်းစတက်တယ်။ အဲဒီကျောင်းမှာ ထက်ထက်သန်သန် လေ့လာဆည်းပူးခဲ့တယ်။ မျက်မမြင်စာကို ဖတ်တတ်၊ ရေးတတ်လာတယ်။ ဂီတပညာကိုလည်း ဆက်လက်ဆည်းပူးပြီး လက်ဆွဲဘာဂျာကို ကျွမ်းကျွမ်းကျင်ကျင်တီးတတ်အောင် အချိန်အတန်ကြာ လေ့လာသင်ယူခဲ့တယ်။ ကျွန်တော့်ရဲ့ကြိုးစားမှုကိုကြည့်ပြီး လက်ထောက်ကျောင်းအုပ်ကြီးက သူ့ရဲ့အကော်ဒီယံ ကိုတောင် အသုံးပြုခွင့်ပေးတယ်။ စန္ဒရားတီးတတ်အောင်လည်း သင်ယူခဲ့တယ်။
ကျွန်တော့်ရဲ့ကိုယ်ပိုင်အိမ်
ကျွန်တော့်ရဲ့ပညာသင်ကြားရေးမှာ အကူအညီပေးခဲ့တဲ့ ကျောင်းကဆရာမတစ်ဦးနဲ့ ၁၉၄၈ ခုနှစ်မှာ လက်ထပ်လိုက်တယ်။ သူ့ရဲ့ခင်ပွန်းက ဒုတိယကမ္ဘာစစ်အတွင်းမှာသေဆုံးသွားပြီး သူနဲ့အတူ သမီးလေးနှစ်ဦးကျန်ခဲ့တယ်။ ကျွန်တော်ကျောင်းပြီးသွားတဲ့နောက် သူ့ရဲ့အိမ်ကို ပြောင်းရွှေ့ ခဲ့တယ်။ ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး ဂီတပညာနဲ့ အသက်မွေးခဲ့တယ်။ အဲဒီနောက် ၁၉၅၂ ခုနှစ်မှာ ကျွန်တော်တို့ သားတစ်ယောက်ရလာတယ်။
မိသားစုအတွက် အိမ်တစ်လုံးဆောက်ဖို့ အစီအစဉ်တွေပြုလုပ်ပြီး အုတ်မြစ်ချဖို့နဲ့ အပြင်နံရံတွေဆောက်ဖို့ တခြားသူတွေကို ငှားခဲ့တယ်။ ဒါပေမဲ့ တခြားကဏ္ဍအများကြီးကိုတော့ ကိုယ်တိုင်လုပ်တယ်။ ထိတွေ့ မှုအာရုံနဲ့ စိတ်အာရုံက ကျွန်တော့်ရဲ့ အမြင်အာရုံကို အစားထိုးဖြည့်ဆည်းပေးတယ်။ သစ်သားပိုင်းတစ်ခုကို လက်နဲ့ကိုင်ပြီး စမ်းကြည့်တယ်။ အဲဒါကို စိတ်ထဲမှာ ပုံဖော်တယ်။ အဲဒီနောက် သစ်သားနဲ့လုပ်တဲ့ ပစ္စည်းကိရိယာတွေကို ကျွန်တော်လုပ်နိုင်ခဲ့တယ်။ စတီးနဲ့လုပ်တဲ့ကိရိယာတွေကိုတော့ စက်ရုံကနေမှာယူတယ်။ အုတ်မီးဖို၊ အိမ်ထောင်ပရိဘောဂနဲ့ တခြားအလုပ်တွေကိုလည်း လုပ်နိုင်ခဲ့တယ်။
ပလွေသံစုံတီးဝိုင်း
ဂီတပညာနဲ့ပတ်သက်တဲ့ ထပ်ဆင့်သင်တန်းတွေ ကျွန်တော်တက်ခွင့်ရခဲ့ပြီး ဂီတပညာရှင်တစ်ဦးဖြစ်လာတယ်။ တူရိယာအမျိုးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်တတ်ပြီးတဲ့နောက် ပလွေမှုတ်တတ်အောင်လည်း သင်ယူခဲ့တယ်။ တစ်ခါတုန်းက ဝါးပလွေလေးတစ်ခုကို ကျွန်တော်ပြုပြင်ခဲ့တယ်။ နောက်ပိုင်းမှာ ပလွေကို ကိုယ့်ဘာသာကိုယ်လုပ်တတ်လာတယ်။ အဲဒီအချိန်က ပညာရှင်တွေဟာ ပလွေကနေ အနိမ့်သံထွက်အောင် လုပ်နိုင်မယ်လို့ မထင်ခဲ့ကြဘူး။ ဘာကြောင့်လဲဆိုတော့ ပလွေရဲ့ အရွယ်အစားကြီးလေ အသံထွက်တိုးလေဖြစ်လို့ပဲ။ ဒါကြောင့် ပလွေသံစုံတီးဝိုင်းဆိုတာ မရှိခဲ့ဘူး။
ဒါပေမဲ့ အသံကိုကျယ်စေတဲ့ အထူးအသံဟိန်းကိရိယာတစ်ခုပါတဲ့ ပလွေတစ်ခုတီထွင်ဖို့ စီစဉ်ခဲ့တယ်။ အဲဒါကြောင့် အသံပမာဏကို မဆုံးရှုံးစေဘဲ အနိမ့်သံထွက်တဲ့ပလွေကို ပြုလုပ်နိုင်ခဲ့တယ်။ အတန်ကြာတဲ့အခါ သံစုံထွက်နိုင်တဲ့ ပလွေအမျိုးမျိုးကို ကျွန်တော် စတီထွင်ခဲ့တယ်။
အရင်က ရိုးရာတူရိယာတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ သံစုံတီးဝိုင်းတွေကို ကျွန်တော်စီစဉ်ခဲ့ဖူးတယ်။ ကျွန်တော့်သံစုံတီးဝိုင်းတွေထဲက တစ်ဖွဲ့ကို မျက်မမြင်ဂီတပညာရှင်တွေနဲ့ပဲ ဖွဲ့စည်းထားတယ်။ ဒီလိုနဲ့ ၁၉၆၀ ပြည့်နှစ်မှာ ပလွေတွေကိုပဲ သီးသန့်တီးမှုတ်တဲ့ သံစုံတီးဝိုင်းတစ်ဖွဲ့ကို စီစဉ်ခဲ့တယ်။ အဲဒီအချိန်က ဆိုဗီယက်ပြည်ထောင်စုမှာ ဒီလိုတီးဝိုင်းမျိုး တစ်ဖွဲ့ပဲရှိခဲ့တယ်။ ကမ္ဘာပေါ်မှာလည်း ဒီတစ်ဖွဲ့တည်းရှိတာ ဖြစ်နိုင်တယ်။
ရှာဖွေတွေ့ရှိမှုများနဲ့ သံသယများ
၁၉၆၀ ပြည့်နှစ်မှာ ကျွန်တော့်ရဲ့တူရိယာတချို့ကို ပြုပြင်ပေးတဲ့သူက ကျွန်တော့်ကို ဘာသာတရားအကြောင်း စပြောလာတယ်။ ခါတိုင်းလိုပဲ သူနဲ့ငြင်းခုံပြီး ဘုရားသခင်ဆိုတာ မရှိပါဘူးလို့ ပြောလိုက်တယ်။ သူက သမ္မာကျမ်းစာကနေ သူဖတ်ခဲ့ရတဲ့အရာကို နားထောင်ကြည့်ပါလို့ အကြံပေးတယ်။ ကျမ်းစာကို ကျွန်တော် တစ်ခါမှမဖတ်ဖူးလို့ နားထောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
မိသားစုကိုကျွေးမွေးဖို့ အလုပ်ကြိုးစားခဲ့တဲ့ ယာကုပ်ရဲ့မှတ်တမ်းက ကျွန်တော့်ရဲ့နှလုံးကို အလွန်ထိမိခဲ့တယ်။ သူတို့ရဲ့ ညီကို ကျွန်အဖြစ်ရောင်းစားခဲ့တဲ့ ယောသပ်ရဲ့အစ်ကိုတွေနဲ့ ယောသပ်ကြုံခဲ့ရတဲ့ စမ်းသပ်မှုတွေအကြောင်း၊ နောက်ပိုင်းမှာ အစ်ကိုတွေကို ယောသပ်ခွင့်လွှတ်ခဲ့တဲ့အကြောင်းတွေကို နားထောင်ရတဲ့အခါ ကျွန်တော်ငိုခဲ့ရတယ်။ (ကမ္ဘာဦး အခန်းကြီး ၃၇၊ ၃၉-၄၅) ကိုယ်ဆက်ဆံခံလိုတဲ့အတိုင်း သူတစ်ပါးကို ဆက်ဆံပါဆိုတဲ့ ရွှေပညတ်ကိုလည်း ကျွန်တော် တကယ်သဘောကျတယ်။ (မဿဲ ၇:၁၂) ဒီလိုနဲ့ သမ္မာကျမ်းစာကို အကျွမ်းဝင်လာပြီး မြတ်နိုးလာတယ်။
ခရစ်ယာန်အသင်းတစ်သင်းရဲ့ ဝတ်ပြုပွဲတွေကို ကျွန်တော့်မိတ်ဆွေနဲ့အတူ စတက်တဲ့အခါ မျက်မမြင်စာနဲ့ရေးထားတဲ့ “ဓမ္မသစ်ကျမ်း” ကို ကျွန်တော်ရရှိခဲ့ပြီး အဲဒါကို သေသေချာချာ ဖတ်ကြည့်တယ်။ ဒါပေမဲ့ ကျမ်းစာမှာပြောထားတာနဲ့ သူတို့ရဲ့သွန်သင်ချက်တွေ ကွဲလွဲနေတာကို ကျွန်တော်သတိထားမိတယ်။ ဥပမာအနေနဲ့ ဘုရားသခင်နဲ့ ယေရှုဟာ သီးခြားပုဂ္ဂိုလ်နှစ်ပါးဖြစ်ပြီး ဘုရားသခင်က ယေရှုထက် ပိုကြီးမြတ်တယ်လို့ သမ္မာကျမ်းစာကဖော်ပြတယ်။ (မဿဲ ၃:၁၆၊ ၁၇; ယောဟန် ၁၄:၂၈; တမန်တော် ၂:၃၂) ဒါပေမဲ့ သူတို့ရဲ့အသင်းသားတွေက ဘုရားသခင်နဲ့ ယေရှုဟာ အတူတူဖြစ်ပြီး သုံးပါးပေါင်းတစ်ဆူရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့ ဇွတ်ပြောတယ်။ ကျွန်တော်ရထားတဲ့ “ဓမ္မသစ်ကျမ်း” ကို အကြိမ်ကြိမ်ဖတ်တယ်။ စာလုံးတိုင်းကို စမ်းပြီးဖတ်တယ်။ သူတို့ရဲ့သွန်သင်ချက်တွေဟာ ကျမ်းစာထဲက မဟုတ်ဘူးဆိုတာ သေချာတယ်။
ကျွန်တော်တို့မှာရှိထားတဲ့ ဘာသာပြန်ကျမ်းမှာ “ငရဲ” ဆိုတဲ့စကားလုံးကို သုံးထားတယ်။ မီးတောက်ထဲမှာ ထာဝရညှဉ်းဆဲတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ခရစ်ယာန်အသင်းတစ်ခုက သွန်သင်ထားတဲ့ငရဲကို ကြိုးစားပုံဖော်ကြည့်ခဲ့တယ်။ အဲဒါက ကျွန်တော့်ကို ထိတ်လန့်စေတယ်။ ဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့အတွက် အဲလိုနေရာမျိုးကို ကိုယ်တော်ဖန်ဆင်းခဲ့မယ်ဆိုတာ စဉ်းစားလို့ကိုမရဘူး။ (၁ ယောဟန် ၄:၈) အချိန်ကြာလာတာနဲ့အမျှ ငရဲအကြောင်းကိုသာမက အဲဒီအသင်းရဲ့ တခြားသွန်သင်ချက်တွေကိုပါ ပိုပြီးသံသယဝင်လာတယ်။
ကြီးမားသောပြောင်းလဲမှုများ
၁၉၆၈ ခုနှစ်ရောက်တော့ ကျွန်တော့်ရဲ့ မယားပါသမီးတွေဟာ အိမ်ထောင်ကျပြီး ကလေးတွေတောင်ရနေပြီ။ အဲဒီအချိန်ကစပြီး ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အကြီးအကျယ်သဘောထားကွဲလွဲလာတယ်။ အဲဒီအချိန်တုန်းကဖြစ်ရပ်တွေကို ပြန်စဉ်းစားကြည့်ရင် တစ်ဦးအပေါ်တစ်ဦး မေတ္တာအလုံအလောက်မပြခဲ့လို့ စိတ်မကောင်းဘူး။ ကျွန်တော်တို့ ပြတ်စဲလိုက်ကြတယ်။ ကျွန်တော့်ရဲ့ နောက်အိမ်ထောင်နှစ်ဆက်စလုံးကိုလည်း ကွာရှင်းလိုက်ရတယ်။
၃၅ နှစ်တိုင်တိုင်နေခဲ့တဲ့ ကမ်ယာနက် ပါဒီလ်စကီ မြို့ကနေ မော်စကိုမြို့ရဲ့အရှေ့ဘက်မိုင် ၄၀၀ လောက်အကွာမှာရှိတဲ့ ရာရှကာအိုလာ မြို့ကို ၁၉၈၁ ခုနှစ်မှာ ပြောင်းရွှေ့သွားတယ်။ အဲဒီမှာ ကျွန်တော် တီထွင်ဖန်တီးမှုတွေ ဆက်လုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ သံစုံတီးဝိုင်းတွေထဲကတစ်ဖွဲ့မှာ ပလွေမျိုးစုံမှုတ်တဲ့ အဖွဲ့ဝင် ၄၅ ဦးပါတယ်။ အရှည်ရှစ်လက်မနဲ့ အချင်းလက်မဝက်နီးပါးရှိ အမြင့်သံထွက်တဲ့ပလွေကနေ အရှည်ကိုးပေကျော်နဲ့ အချင်းရှစ်လက်မရှိ အနိမ့်ဆုံးအသံထွက်တဲ့ပလွေအထိ အမျိုးစုံပါဝင်တယ်။ ကျွန်တော်တို့ရဲ့ဖျော်ဖြေပွဲတွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ထုတ်လွှင့်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ဖျော်ဖြေခဲ့ကြတယ်။
၁၉၈၆ ခုနှစ်မှာပြုလုပ်တဲ့ ဆိုဗီယက်ပြည်ထောင်စုတစ်ဝန်းလုံးက ဂီတဝိုင်းတွေပါဝင်တဲ့ပြိုင်ပွဲမှာ ပလွေနည်းပညာတိုးတက်မှုအတွက် လက်မှတ်နဲ့ ဆုတံဆိပ်ကို ကျွန်တော်ရရှိခဲ့တယ်။ နှစ်အတန်ကြာပြီးနောက် Solo for Pipe, or the Fairy Tale of a Musician လို့အမည်တပ်ထားတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကို ထုတ်လုပ်ခဲ့တယ်။ Mariiskaya Pravda သတင်းစာမှာ ဒီလိုဖော်ပြခဲ့တယ်။ “ဤရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဘာရီစ် နီကာလိုင် ဂူလာရှာဗ်စကီ သည် ရုရှားနိုင်ငံတွင် တစ်ခုတည်းသော ပလွေသံစုံတီးဝိုင်းကို တီထွင်ဖန်တီးသူဖြစ်သောကြောင့် အထူးလက်မှတ်ရရှိခဲ့ပါသည်။”
အမှန်တရားကို ရှာဖွေခြင်း
ရာရှကာအိုလာမြို့ကို ကျွန်တော်ပြောင်းရွှေ့သွားတဲ့အခါ မျက်မမြင်တွေအတွက် အကြောင်းအရာများစွာပါရှိတဲ့ စာကြည့်တိုက်စနစ်တစ်ခုကို အသုံးပြုဖို့ မှတ်ပုံတင်ခဲ့တယ်။ ကက်သလစ်၊ ပဲန်တီကော့စ်တဲလ် နဲ့ မက်သဒစ် တို့ရဲ့ သွန်သင်ချက်တွေနဲ့ ကျွန်တော်အကျွမ်းတဝင်ရှိလာတယ်။ ဩသဒေါက်ချာ့ခ်ျ ရဲ့ ဝတ်ပြုဆုတောင်းပွဲတွေကိုလည်း ကျွန်တော်တက်ခဲ့တယ်။ နှစ်ခြင်းအသင်းမှာ ကျွန်တော်ကြားခဲ့တဲ့အရာတွေကိုပဲ သူတို့သွန်သင်တာကိုတွေ့ရလို့ အံ့ဩမိတယ်။ သမ္မာကျမ်းစာအပေါ် အခြေခံထားတဲ့ သွန်သင်ချက်တွေမဟုတ်ဘူးဆိုတာ ကျွန်တော်သိထားပြီးသားဖြစ်တယ်။
ဩသဒေါက်ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ အလက်ဇန္ဒြာမန်က ဘုရားသခင်မှာ ယာဝေး လို့ခေါ်တဲ့ ကိုယ်ပိုင်နာမတော်ရှိတယ်လို့ ရေးသားခဲ့တယ်။ ဂျူးတွေဟာ စင်ကြယ်တဲ့ဝတ်ပြုရေးကို တစ်ချိန်ကလိုက်စားခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အယူမှားသွန်သင်ချက်တွေနဲ့ ရုပ်ပုံကိုးကွယ်မှုကြောင့် ပျက်စီးယိုယွင်းလာတယ်လို့လည်း သူကဆိုခဲ့တယ်။ သူ့ရဲ့ရေးသားချက်တွေက ကျွန်တော့်နှလုံးကို အလွန်ထိမိပြီး အမှန်တရားရှာဖွေလိုတဲ့ ကျွန်တော့်ရဲ့ဆန္ဒကို ပိုပြင်းပြစေခဲ့တယ်။
အလွန်ကောင်းသောစိတ်ပိုင်းဖြတ်မှု
ကျွန်တော့်ရဲ့ သံစုံတီးဝိုင်းတွေထဲကတစ်ဖွဲ့မှာ လီဇာ လို့ခေါ်တဲ့ ဂီတပညာရှင်တစ်ဦးရှိတယ်။ မျက်မမြင်လို့ တရားဝင်သတ်မှတ်ခံရတဲ့အထိ သူ့ရဲ့အမြင်အာရုံက အလွန်အားနည်းတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ကျွန်တော်တို့လက်ထပ်လိုက်ပြီး သူလည်းပဲ ဘာသာတရားကို စိတ်ဝင်စားလာတယ်။ အဲဒီနှစ်မှာပဲ ဘယ်လာရုစ်နိုင်ငံ၊ ဘာရာနာဗီချီ မြို့မှာ ကျွန်တော့်ညီမနဲ့အတူနေတဲ့ အမေ့ဆီ ကျွန်တော်ပြန်လည်ပတ်ခဲ့တယ်။ အမေရဲ့တောင်းဆိုမှုကြောင့် ကက်သလစ်ချာ့ခ်ျကို ကျွန်တော်တက်ရောက်ပြီး ပွဲတော်ဝင်ခဲ့တယ်။ အဲဒီအချိန်က ဆိုဗီယက်ပြည်ထောင်စုမှာ ပြုပြင်ပြောင်းလဲရေးကာလဖြစ်တယ်။ ခရစ်ယာန်ဘုန်းကြီးက သူ့ရဲ့တရားထဲမှာ နိုင်ငံရေးအပြောင်းအလဲတွေအကြောင်း အများဆုံးထည့်ဟောခဲ့တယ်။ ကျွန်တော်လိုအပ်နေတာ အဲဒါမဟုတ်ဘူးဆိုတာ ထပ်သိရပြန်တယ်။
၁၉၉၄ ခုနှစ်မှာ ကျွန်တော် နှလုံးနှစ်ခါရပ်ပြီး အသည်းအသန်ဖျားလာတယ်။ အဲဒီနှစ်မှာပဲ အမေဆုံးသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမ်းစာကို ကျွန်တော်ဆက်ဖတ်ခဲ့တယ်။ “ဓမ္မသစ်ကျမ်း” ကို ၂၅ ကြိမ်တောင် ဖတ်ပြီးသွားပြီ။ အဲဒီနောက် ဆက်မှတ်ထားမနေတော့ဘူး။ ဒါပေမဲ့ ကျမ်းစာကို ကျွန်တော်ဆက်ဖတ်တယ်။ ဖတ်လေ မေးစရာမေးခွန်းတွေ ပိုများလာလေပဲ။ ကိုယ့်ဘာသာကိုယ်ဖတ်လို့ ကျမ်းစာအမှန်တရားကို နားမလည်နိုင်ဘူးဆိုတာ သဘောပေါက်လာတယ်။
နားလည်မှုဆိုင်ရာအလင်း
၁၉၉၆ ခုနှစ်မှာ ယေဟောဝါသက်သေတွေက ရာရှကာအိုလာ မြို့မှာရှိတဲ့ ကျွန်တော်တို့အိမ်တံခါးကို လာခေါက်တယ်။ သူတို့ဟာ အန္တရာယ်ရှိတဲ့ဂိုဏ်းတစ်ခုဖြစ်တယ်လို့ သတင်းစာမှာဖော်ပြထားတဲ့အတွက် သူတို့ကို ကျွန်တော်သံသယဝင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ‘သူတို့က ငါ့ကို ဘာများအန္တရာယ်ပြုနိုင်မှာလဲ’ လို့ ကျွန်တော်စဉ်းစားမိတယ်။ ဒါနဲ့ သုံးပါးပေါင်းတစ်ဆူနဲ့ပတ်သက်ပြီး ဘယ်လိုယူဆသလဲလို့ ဦးဆုံးမေးလိုက်တယ်။ သူတို့က အဲဒီစကားလုံးဟာ ကျမ်းစာထဲမှာမပါဘူး၊ ကျမ်းစာရဲ့အယူအဆလည်းမဟုတ်ဘူးလို့ ပြန်ဖြေကြတယ်။ ကျွန်တော်ဝမ်းသာသွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း အဲဒီအတိုင်းယူဆထားလို့ပဲ။
ချာ့ခ်ျကောင်စီရဲ့ခွင့်ပြုချက်ရထားတဲ့ ရုရှားဘာသာပြန်ကျမ်းထဲမှာ ထွက်မြောက်ရာ ၆:၃ ကိုဖတ်ကြည့်တဲ့အခါ ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမတော်ပါနေတာကို တွေ့ရလို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားတယ်။ ဒီနာမတော်ကို လူတွေမသိအောင် ဖုံးကွယ်ထားတဲ့ ဘာသာတရားတွေရဲ့ လှည့်စားမှုကို ကျွန်တော်အံ့သြမိတယ်။ ဒီအပြင် ယေဟောဝါသက်သေတွေဟာ ဖန်ဆင်းရှင်ရဲ့နာမတော်ကို ခံယူပြီး အဲဒီနာမတော်ကို အခြားသူတွေသိအောင် ထုတ်ဖော်ပြောဆိုတာကို ကျွန်တော် အထင်ကြီးလေးစားမိတယ်။—ဟေရှာယ ၄၃:၁၀။
ကျွန်တော် ယေဟောဝါသက်သေတွေကို မေးခွန်းအများကြီးမေးခဲ့တယ်။ ဥပမာအနေနဲ့ “ငရဲအကြောင်းကို သမ္မာကျမ်းစာက ဘာကြောင့်ပြောတာလဲ၊ ချာ့ခ်ျကောင်စီရဲ့ခွင့်ပြုချက်ရထားပြီး လူကြိုက်များတဲ့ ရုရှားဘာသာပြန်ကျမ်းထဲမှာ ကမ္ဘာမြေကြီးဟာ မီးလောင်ကျွမ်းသွားမယ်လို့ ဘာကြောင့်ပြောတာလဲ” စတဲ့မေးခွန်းတွေမေးခဲ့တယ်။ ကျွန်တော်မေးတဲ့မေးခွန်းတိုင်းအတွက် ကျမ်းစာထဲကအဖြေကိုရရှိတဲ့အခါ နှစ်ပေါင်းများစွာ ကျွန်တော်တမ်းတခဲ့တဲ့ဘာသာတရားကို တွေ့ ပြီဆိုတာ သဘောပေါက်သွားတယ်။ ဝမ်းသာမျက်ရည်နဲ့ ဒူးထောက်ပြီး ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းပြောခဲ့တယ်။
မကြာခင်မှာ ယေဟောဝါသက်သေတွေက သူတို့ရဲ့အစည်းအဝေးတွေတက်ဖို့ ကျွန်တော့်ကိုခေါ်သွားတယ်။ ဟောပြောတင်ဆက်နေချိန်မှာ ပရိသတ်ရဲ့ အာရုံစူးစိုက်မှုနဲ့ ကျမ်းစာလှန်တဲ့အသံတွေကို ကျွန်တော်စွဲမှတ်သွားတယ်။ ဟောပြောသူက ကျမ်းချက်တစ်ချက်ခေါ်လိုက်တဲ့အခါ လူတွေက သူတို့ရဲ့ကျမ်းစာမှာ လိုက်ဖွင့်ဖတ်ကြတယ်။ ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။
ယေဟောဝါသက်သေတွေနဲ့ တစ်ပတ်မှာလေးကြိမ် ကျမ်းစာသင်ရတာကို ကျွန်တော်ပျော်မွေ့လာတယ်။ ပြဿနာတွေကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားတာလဲ၊ ဆင်းရဲခက်ခဲမှုတွေရဲ့ အကျိုးဆက်တွေကို ကိုယ်တော် ဘယ်လိုကိုင်တွယ်မလဲဆိုတာတွေကို မကြာခင်မှာ ကျွန်တော်သိရှိလာတယ်။ အထူးသဖြင့် ဘုရားသခင့်နိုင်ငံတော်နဲ့စပ်လျဉ်းတဲ့ ကိုယ်တော့်မေတ္တာပါကတိတော်အကြောင်း၊ ဘုရားသခင့်နိုင်ငံတော်အားဖြင့် နာခံမှုရှိတဲ့လူသားတွေအတွက် မြေကြီးပရဒိသုပေါ် ထာဝစဉ်အသက်ရှင်ဖို့ဆိုတဲ့ ကိုယ်တော့်အလိုတော် ပြည့်စုံလာမယ့်အကြောင်း သိရတဲ့အခါ ကျွန်တော်စိတ်ထဲ စွဲမှတ်သွားခဲ့ရတယ်။ (ကမ္ဘာဦး ၁:၂၈; ဟေရှာယ ၆၅:၁၇-၂၅; ဗျာ. ၂၁:၁-၅) ကျမ်းစာအမှန်တရားဟာ ကျွန်တော့်အတွက် ပိုပြီးရှင်းလင်းပြတ်သားလာတယ်။ ၁၉၉၇၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဘုရားသခင်ထံ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့တယ်။
ဘုရားသခင့်အမှုတော်ကို စည်းစည်းလုံးလုံးထမ်းဆောင်
ကျွန်တော်နှစ်ခြင်းခံပြီးမကြာခင်မှာ လီဇာလည်း ကျမ်းစာစလေ့လာတယ်။ လီဇာဟာ လေဖြတ်နေပေမဲ့ ဝိညာဉ်ရေးမှာ အလျင်အမြန်တိုးတက်လာပြီး ၁၉၉၈ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ နှစ်ခြင်းယူတဲ့ရေကန်အထိ သူ့ကို ပွေ့ချီသွားရပေမဲ့ ဘုရားသခင်ရဲ့အမှုတော်ကို စိုးလ်အကြွင်းမဲ့ထမ်းဆောင်ဖို့ သူသန္နိဋ္ဌာန်ချထားတယ်။ ကျွန်တော်တို့ အနှိပ်ဆရာတစ်ဦးကို ငှားလိုက်တယ်။ လီဇာက ကာယလေ့ကျင့်ခန်းတွေလုပ်တယ်။ အချိန်တန်တော့ ရောဂါပျောက်သွားတယ်။ အခုဆိုရင် လီဇာဟာ အစည်းအဝေးအားလုံးကို တက်နိုင်တဲ့အပြင် တစ်အိမ်မှတစ်အိမ်သက်သေခံရာမှာ ပါဝင်နိုင်တယ်။ ဝေးလံတဲ့ရပ်ကွက်တွေမှာလည်း သွားရောက်ဟောပြောနိုင်တယ်။
ကျွန်တော် ဟောပြောဖို့ထွက်တဲ့အခါတိုင်း ရဲစွမ်းသတ္တိရှိဖို့ ဆုတောင်းတယ်။ ဆုတောင်းပြီးတဲ့အခါ တုတ်ကောက်ကိုကိုင်ပြီး အိမ်ကထွက်တယ်။ ကျွန်တော်အကျွမ်းတဝင်ရှိတဲ့လမ်းအတိုင်း ထရော်လီဘတ်စကားမှတ်တိုင်ကို ဦးတည်ပြီးသွားတယ်။ လျှောက်လာတဲ့ခြေသံကြားတာနဲ့ ကျမ်းစာအကြောင်း ကျွန်တော်စသက်သေခံတယ်။ ဘတ်စကားပေါ်တက်ပြီး အလယ်မှာရှိတဲ့ တစ်နေရာရာမှာ ထိုင်လိုက်တယ်။ အဲဒီနောက် လူတွေကို ကျမ်းစာအကြောင်းဟောပြောပြီး စာပေတွေဝေငှတယ်။ တစ်ဦးဦးက စိတ်ဝင်စားမှုပြတယ်ဆိုရင် တယ်လီဖုန်းနံပါတ် အပြန်အလှန်လဲလှယ်ကြတယ်။
နာတာရှည်ဆေးကုဌာနတစ်ခုမှာ ဂီတဆရာတစ်ဦးနဲ့ မကြာသေးခင်က စကားပြောခွင့်ရခဲ့တယ်။ သမ္မာကျမ်းစာမှာတွေ့ရတဲ့ ပညာရှိစကားကြောင့် သူအရမ်းအံ့သြသွားတယ်။ သူအိမ်ပြန်သွားတဲ့အခါ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတယ်။ အဲဒီနာတာရှည်ဆေးကုဌာနမှာပဲ ဒေသန္တရစက်ရုံတစ်ခုရဲ့ ညွှန်ကြားရေးမှူးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ရတယ်။ သူ့သားလည်း မျက်မမြင်တစ်ဦးဖြစ်တယ်။ ကျွန်တော့်ရဲ့မျှော်လင့်ချက်အကြောင်း သူ့ကိုပြောပြတော့ သူစိတ်ဝင်စားလာပြီး ကြားရတဲ့ ကျမ်းစာအမှန်တရားတွေအတွက် ကျေးဇူးတင်ကြောင်းပြောတယ်။
ကျွန်တော်နှစ်ခြင်းခံပြီးတဲ့အချိန်ကစပြီး လူရှစ်ဦးကို ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများဖြစ်လာအောင် ကူညီပေးခဲ့တယ်။ တခြားသူများစွာနဲ့လည်း ကျမ်းစာသင်အံမှုကျင်းပခဲ့ရတယ်။ ယေဟောဝါဟာ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေကို အသုံးပြုပြီး ကျွန်တော်နဲ့ ကျွန်တော့်ဇနီးကို အများကြီး ထောက်မကူညီပေးခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို ကျမ်းစာအခြေပြုစာပေတွေဖတ်ပြပြီး အတူတကွဆွေးနွေးကြတယ်။ ကျွန်တော်တို့အတွက် စည်းဝေးကြီးနဲ့ အသင်းတော်ဟောပြောချက်တွေကိုလည်း အသံသွင်းထားပေးတယ်။ အဲဒီလုပ်ရပ်အားလုံးကြောင့် ကျွန်တော်တို့ရဲ့နှလုံးထဲမှာ ကျမ်းစာအမှန်တရားတွေ အလွန်စွဲမှတ်သွားပြီး အခြားသူတွေကို ဝေမျှနိုင်ခဲ့တယ်။ ဒီလိုနဲ့ အသင်းတော်ဟာ ကျွန်တော်တို့ကို “များစွာကူညီ” ပေးခဲ့တယ်။—ကောလောသဲ ၄:၁၁၊ ခမ။
ကျွန်တော် ဂီတပညာကို နှစ်ပေါင်းများစွာလိုက်စားခဲ့ပြီး အခုတော့ ဘုရားသခင့်နိုင်ငံတော်တေးသံသာကို ဝမ်းမြောက်စွာသီဆိုရတယ်။ ရုရှားဘာသာစကားနဲ့ထုတ်ထားတဲ့ ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း သီချင်းစာအုပ်ထဲက သီချင်းအများစုကို ကျွန်တော်အလွတ်ရတယ်။ ဆိုးညစ်တဲ့ဒီလောကမှာ ဝိညာဉ်ရေးအမှောင်ထုကနေ လွတ်မြောက်တဲ့လမ်းကို ရှာတွေ့ဖို့ ယေဟောဝါကူညီပေးခဲ့တာလို့ ကျွန်တော်ယုံကြည်တယ်။ ဒီအတွက်ကြောင့် တစ်နေ့သောအခါမှာ ကိုယ်တော်ဟာ ကျွန်တော့်ကို ပကတိအမှောင်ထုကနေ လွတ်မြောက်စေမယ်လို့လည်း ယုံကြည်တယ်။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စီ-မေဂျာ အသံနိမ့်ပလွေကို တီးမှုတ်နေခြင်း
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
၁၉၆၀ ပြည့်နှစ်တွင် အကော်ဒီယံကို တီးနေခြင်း
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ပလွေသံစုံတီးဝိုင်း
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ယနေ့ လီဇာနှင့်အတူ