ပုံသက်သေဖြင့်သင်ပေးပါ
အဆင့် ၇
ပုံသက်သေဖြင့်သင်ပေးပါ
ယင်းသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ အတုမြင်၍ အတတ်သင်နိုင်သည်။ စကားလုံးများသည် အချက်အလက်ကိုသာ ဖော်ပြပေးလေ့ရှိ၏။ ဥပမာ၊ မိဘများက မိမိတို့သားသမီးများအား ရိုသေလေးစားမှုရှိရန်၊ အမှန်ကိုပြောရန် ပြောပြကြပေမည်။ သို့သော် ၎င်းမိဘများက အချင်းချင်းကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ အော်ဟစ်ငေါက်ငေါ်နေမည်၊ အဆင်မပြေမှုများအတွက် ဆင်ခြေပေးရန် လိမ်ညာပြောဆိုနေမည်ဆိုလျှင် လူကြီးများ ဤသို့ ပြုမူသင့်သည်ဟူ၍ သားသမီးများကို သင်ပေးရာရောက်မည်။ မိဘများကိုအတုယူခြင်းသည် “ကလေးများ သင်ယူနိုင်သည့် အစွမ်းထက်ဆုံးနည်းတစ်နည်း” ဖြစ်ကြောင်း စာရေးဆရာ ဒေါက်တာ ဆယ်လ်ဆဗာ ကဆို၏။
အဘယ်အရာက ခက်ခဲစေသနည်း– မိဘများသည် မစုံလင်ကြပါ။ ‘လူအပေါင်းတို့သည် မကောင်းမှုကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ’ ဟုတမန်တော်ပေါလုက ရေးသားခဲ့၏။ (ရောမ ၃:၂၃) ကျွန်ုပ်တို့၏အပြောအဆိုကို ထိန်းချုပ်ခြင်းနှင့်စပ်လျဉ်း၍ တပည့်ဖြစ်သူယာကုပ်က “လျှာကိုကား အဘယ်လူမျှ မအောင်နိုင်” ဟုရေးသားခဲ့သည်။ (ယာကုပ် ၃:၈) ထို့ ပြင် ကလေးများသည် မိဘတစ်ဦး၏စိတ်ရှည်မှုကို အဆုံးစွန်ထိ စမ်းသပ်လိုကြခြင်းမှာ အဆန်းမဟုတ်တော့ပေ။ အများအားဖြင့် အေးဆေးတည်ငြိမ်ပြီး ချုပ်တည်းမှုရှိသည့် သမီးနှစ်ယောက်၏ဖခင်ဖြစ်သူ လယ်ရီက “ကျွန်တော့်ကလေးတွေဟာ ကျွန်တော်ဒေါသထွက်အောင် လွယ်လွယ်ကူကူဆွပေးနိုင်တာကို ကျွန်တော်အံ့သြလို့မဆုံးဘူး” ဟုပြောပြသည်။
အဘယ်အရာက ကူညီပေးနိုင်သနည်း– စုံလင်ရန်မဟုတ်ဘဲ ပုံသက်သေကောင်းရန် ကြိုးစားပါလေ။ မိမိမှားတတ်သည့် အမှားများကိုအသုံးပြု၍ အပြုသဘောဆောင်သော သင်ခန်းစာပေးပါ။ “ကလေးတွေကြောင့် ကျွန်တော်ဒေါသထွက်တဲ့အခါ ဒါမှမဟုတ် သူတို့ကိုထိခိုက်စေတဲ့ ဆုံးဖြတ်ချက်တွေချမိတဲ့အခါ အမှားကိုဝန်ခံပြီး တောင်းပန်လိုက်တယ်။ အဲလိုလုပ်တာက မိဘတွေလည်း အမှားတွေလုပ်တတ်သလို ကျွန်တော်တို့အားလုံး အမူအကျင့်ပိုင်းမှာ တိုးတက်အောင် ကြိုးစားအားထုတ်ကြဖို့လိုတယ်ဆိုတာကို သင်ပေးတယ်” ဟုသမီးနှစ်ဦး၏ဖခင်ဖြစ်သူ ခရစ္စ ကဆို၏။ အစောပိုင်းတွင် ဖော်ပြခဲ့သည့် ကော့စတပ်စ်က “ကျွန်တော်ဒေါသထွက်တဲ့အခါ တောင်းပန်တဲ့အတွက် ကျွန်တော့်သမီးတွေလည်း သူတို့မှားတဲ့အခါ တောင်းပန်ရမယ်ဆိုတာသိသွားတယ်” ဟုပြောပြသည်။
ယေဟောဝါဘုရားသခင်က ဤသို့မိန့်တော်မူ၏– “ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ဧဖက် ၆:၄) အခွင့်အာဏာရှိသူတစ်ဦးသည် အပြောနှင့်အလုပ်မညီသည့်အခါ လူကြီးများကို စိတ်ဆိုးစေသည်ထက် ကလေးများကို သာ၍စိတ်ဆိုးစေလေသည်။ သို့ ဖြစ်၍ တစ်နေ့တာကုန်လွန်သော် ကိုယ့်ကိုယ်ကို ဤမေးခွန်းများမေးလျှင်မကောင်းပေလော– တစ်နေကုန် စကားတစ်ခွန်းမှမပြောခဲ့ရဘူးဆိုရင် ငါ့ရဲ့လုပ်ရပ်တွေကနေ ငါ့ကလေးတွေ ဘာသင်ခန်းစာများ ယူခဲ့ကြပါလိမ့်။ အပြောနဲ့သင်ပေးဖို့ ကြိုးစားခဲ့တဲ့ သင်ခန်းစာတွေပဲလား။
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
“သူတစ်ပါးကိုဆုံးမလျက်ပင် ကိုယ်ကိုမဆုံးမသလော။”—ရောမ ၂:၂၁
[စာမျက်နှာ ၉ ပါ ရုပ်ပုံများ]
မိဘကတောင်းပန်လျှင် ကလေးကလည်း တောင်းပန်တတ်လာ