အတင်းအဖျင်းတွေကို ငါဘယ်လို တားရမလဲ
လူငယ်များအမေး . . .
အတင်းအဖျင်းတွေကို ငါဘယ်လို တားရမလဲ
“တစ်ခါတုန်းက ကျွန်မပါတီပွဲတက်ပြီး နောက်တစ်နေ့မှာ အဲဒီမှာရှိတဲ့ ကောင်လေးတစ်ယောက်နဲ့ ကျွန်မလိင်အကျင့်ယိုယွင်းခဲ့တယ်ဆိုတဲ့ ကောလာဟလသတင်း ပြန့်သွားတယ်။ အဲဒါ လုံးဝမဟုတ်ဘူး။”—လင်ဒါ။ *
“တစ်ခါတလေ တစ်ယောက်ယောက်နဲ့ ကျွန်တော်ချိန်းတွေ့တယ်ဆိုတဲ့ ကောလာဟလ ကြားရတယ်။ တကယ်တော့ အဲဒီလူကို ကျွန်တော်သိတောင်မသိဘူး။ အတင်းအဖျင်းပြောသူအများစုဟာ အဖြစ်မှန်ကိုစုံစမ်းဖို့ မကြိုးစားကြဘူး။”—မိုက်။
သင့်ဘဝတွင် အတင်းအဖျင်းသည် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ထက်ပင် ပို၍ရှုပ်ထွေးနိုင်သည်။ အသက် ၁၉ နှစ်အရွယ် အမ်ဘာကို မေးကြည့်ပါ။ သူက “ကျွန်မဟာ အမြဲပဲ အတင်းအဖျင်းပြောခံရတယ်။ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ၊ အဲဒါကို ဖျက်ချလိုက်တယ်၊ ပြီးတော့ ကျွန်မဟာ မူးယစ်ဆေးဝါးရောင်းဝယ်တယ်၊ သုံးစွဲတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့တယ်။ လူတွေ ဘာကြောင့် ကျွန်မကို ဒီလိုပြောကြတာလဲ။ ကျွန်မ တကယ်မသိတော့ဘူး” ဟုပြောပြသည်။
အဆင့်မြင့်နည်းပညာဖြင့် အတင်းအဖျင်းပြောခြင်း
သင့်မိဘများ ဆယ်ကျော်သက်အရွယ်က နောက်ဆုံးရအတင်းအဖျင်းများကို နှုတ်ဖြင့်သာ အများဆုံးဖြန့်ဝေခဲ့ကြသည်။ သို့သော် ယနေ့တွင်မူ အတင်းအဖျင်းကို အဆင့်မြင့်နည်းပညာဖြင့် ဖြန့်ဝေလာကြပြီ။ မလိုတမာစိတ်ရှိသော ယောက်ျားကလေးတစ်ဦး သို့မဟုတ် မိန်းကလေးတစ်ဦးသည် အီးမေးလ်၊ သတင်းတိုပို့ ခြင်းစသည့်အရာများဖြင့် စကားတစ်ခွန်းမျှမပြောဘဲ သင့်ဂုဏ်သတင်းကို ညှိုးနွမ်းစေနိုင်သည်။ သိမ်ဖျင်းသော ကောလာဟလများကို အငမ်းမရဖြစ်နေသူများထံပို့ရန် ခလုတ်အနည်းငယ် နှိပ်လိုက်ရုံသာလိုသည်။
အင်တာနက်သည် အတင်းအဖျင်းပြောသူများအကြိုက်ဖြစ်ကာ တယ်လီဖုန်း၏နေရာကို အလျင်အမြန်ပင် အစားထိုးနေရာယူလာပြီဟု အချို့ကဆိုကြသည်။ အချို့ကိစ္စများတွင် ဝက်ဘ်ဆိုက်တစ်ခုလုံးသည် တစ်စုံတစ်ယောက်အား အပုပ်ချရန်တင်ထားခြင်းသာဖြစ်၏။ အွန်လိုင်းဘလော့ဂ်စ် [online blogs] —ကိုယ်ပိုင်နေ့စဉ်မှတ်တမ်းများပါဝင်သော ဝက်ဘ်ဆိုက်များ—ကို သာ၍အသုံးများလာရာ ယင်းတို့တွင် လူကိုယ်တိုင်သာဆိုလျှင် ဘယ်တော့မျှပြောမည်မဟုတ်သည့် အတင်းအဖျင်းများဖြင့်ပြည့်နေ၏။ လေ့လာမှုတစ်ခုအရ အွန်လိုင်းပေါ်၌ မိမိတို့အကြောင်းကို အပုပ်ချရေးသားထားကြောင်း လူငယ် ၅၈ ရာခိုင်နှုန်းက ပြောခဲ့ကြ၏။
သို့သော် အခြားသူများအကြောင်း ပြောဆိုခြင်းသည် အမြဲပင် မှားသလော။
အတင်းအဖျင်းပြောခြင်းသည် ကောင်းပါသလော
အောက်ပါဖော်ပြချက်သည် မှန်သလော၊ မှားသလော။
အတင်းအဖျင်းပြောခြင်းသည် အမြဲမကောင်းပါ။ □ မှန် □ မှား
အဖြေမှန်ကား အဘယ်နည်း။ ယင်းသည် “အတင်းအဖျင်း” ဟူသောစကားလုံးကို သင်အဓိပ္ပာယ်ဖွင့်ဆိုပုံပေါ် မူတည်သည်။ ထိုစကားလုံးသည် အမှတ်တမဲ့ပြောဆိုခြင်းကိုဆိုလိုလျှင် ယင်းကို ပြောဆိုသင့်သောအချိန်အခါရှိပေမည်။ ထို့ ပြင် သမ္မာကျမ်းစာက “သူတစ်ပါးအကြောင်းကို စိတ်ဝင်စားပါ” ဟုဆို၏။ (ဖိလိပ္ပိ ၂:၄၊ New Century Version) ယင်းက ကိုယ်နှင့်မဆိုင်သောကိစ္စများတွင် ဝင်စပ်စုရန် ပြောနေခြင်းမဟုတ်ချေ။ (၁ ပေတရု ၄:၁၅) သို့သော် မည်သူ လက်ထပ်သွားသည်၊ မည်သူ ကလေးမွေးသည်၊ မည်သူက မည်သို့သောအကူအညီလိုသည်စသော သာမန်ပြောဆိုလိုက်သည့်စကားများမှာ အကျိုးရှိသောအကြောင်းအရာများ ဖြစ်တတ်သည်။ အမှန်မှာ အခြားသူများအကြောင်းကို လုံးဝမပြောဘဲနှင့် သူတို့ကို စိတ်ဝင်စားသည်၊ ဂရုစိုက်သည်ဟု မဆိုနိုင်ချေ။
သို့သော် အမှတ်တမဲ့ပြောဆိုလိုက်သောစကားများသည် ထိခိုက်နစ်နာစေသော အတင်းအဖျင်းဖြစ်သွားနိုင်၏။ ဥပမာ၊ “မောင်ဘနဲ့ မစုက လိုက်ဖက်တဲ့ဇနီးမောင်နှံဖြစ်နိုင်တယ်” ဟူသည့် သဘောရိုးဖြင့်ပြောလိုက်သောစကားကို “မောင်ဘနဲ့ မစုက ဇနီးမောင်နှံဖြစ်တယ်” ဟူသောအဓိပ္ပာယ်ဖြင့် ပြန်ပြောမိနိုင်သည်။ သို့သော် မောင်ဘနှင့် မစုတို့ကြားတွင်မူ မည်သည့်အချစ်ဇာတ်လမ်းမျှမရှိချေ။ သင်သည် မောင်ဘ သို့မဟုတ် မစု တစ်ဦးဦးမဟုတ်လျှင် ယင်းသည် ကြီးလေးသောပြဿနာမဟုတ်ဟု သင်ပြောပေမည်။
အသက် ၁၈ နှစ်အရွယ် ဂျူလီသည် ယင်းသို့သောအတင်းအဖျင်းပြောဆိုခံခဲ့ရ၍ စိတ်ထိခိုက်ခဲ့ရသည်။ သူက “အဲဒါကြောင့် ကျွန်မ ဒေါသထွက်ခဲ့တယ်။ တခြားသူတွေကိုယုံရမှာလည်း ကြောက်လာတယ်” ဟုပြောသည်။ အသက် ၁၉ နှစ်ရှိ ဂျိန်းလည်း ထပ်ထူအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ “ကျွန်မတို့ ချိန်းတွေ့ ကြတယ်ဆိုတဲ့ ကောလာဟလကြောင့် ကျွန်မ အဲဒီကောင်လေးကို ရှောင်လိုက်ရတယ်။ အဲဒါမတရားဘူး။ ကျွန်မတို့က သူငယ်ချင်းတွေဖြစ်လို့ ကောလာဟလမထွက်ဘဲ စကားပြောလို့ရသင့်တယ်။”
ထိခိုက်နစ်နာစေသော အတင်းအဖျင်းသည် အလွန်ပင် ဆိုးကျိုးသက်ရောက်သည်မှာ ထင်ရှား၏။ သို့သော် ထိခိုက်နစ်နာသူအများစုက အတင်းအဖျင်းပြောခြင်းတွင် မိမိတို့လည်း ပါဝင်ခဲ့ဖူးသည်ဟု ရှောရှောရှူရှူဝန်ခံကြပေမည်။ အမှန်မှာ တစ်စုံတစ်ယောက်အား ပုတ်ခတ်သောစကားများ စတင်ပြောဆိုသောအခါ ယင်းတွင်ပါဝင်ရန် အလွယ်တကူသွေးဆောင်ခံရနိုင်သည်။ အဘယ်ကြောင့်နည်း။ “အဲဒါက အပျင်းပြေပြောတဲ့စကားဖြစ်တယ်။ လူတွေဟာ ကိုယ့်အရေးထက် သူတစ်ပါးအရေးကို ပိုအာရုံစိုက်ကြတယ်” ဟု အသက် ၁၈ နှစ်ရှိ ဖိလစ်ကပြောပြသည်။ ထို့ကြောင့် သဘောရိုးဖြင့်ပြောသောစကားသည် ထိခိုက်နစ်နာစေသော အတင်းအဖျင်းဖြစ်လာပါက သင်မည်သို့ လုပ်ဆောင်နိုင်သနည်း။
စကားလမ်းကြောင်းကို သတိရှိရှိပြောင်းလိုက်ပါ
ကားရှုပ်သောအဝေးပြေးလမ်းမကြီးပေါ်တွင် ကားမောင်းရန် လိုအပ်သောကျွမ်းကျင်မှုကို စဉ်းစားကြည့်ပါ။ မမျှော်လင့်ဘဲ သင့်လမ်းကြောင်းကိုပြောင်းလိုက်ရမည့်၊ အရှိန်လျှော့ရမည့် သို့မဟုတ် ရပ်တန့်လိုက်ရမည့် အခြေအနေတစ်ခု ပေါ်လာပေမည်။ သတိရှိပြီး ဘေးကင်းရေးကို သင်အလေးထားပါက ရှေ့တွင်ရှိသောအရာကို ကြည့်၍ အလိုက်သင့် တုံ့ပြန်မည်။
စကားလက်ဆုံပြောဆိုရာတွင်လည်း အလားတူဖြစ်သည်။ စကားပြောဆိုမှုသည် ထိခိုက်နစ်နာစေသော အတင်းအဖျင်းအဖြစ်သို့ လမ်းကြောင်းပြောင်းသွားကြောင်း များသောအားဖြင့် သင်သိရှိနိုင်သည်။ ထိုသို့ဖြစ်သွားပါက သင်သည် စကားလမ်းကြောင်းကို ကျွမ်းကျင်လိမ္မာစွာပြောင်းလိုက်နိုင်သလော။ သင် ထိုသို့မပြုလုပ်ပါက အတင်းအဖျင်းသည် ပျက်စီးစေနိုင်ကြောင်း သတိပြုပါ။ “ယောက်ျားလေးတွေကို အရူးအမူးစွဲလမ်းတယ်ဆိုပြီး မိန်းကလေးတစ်ယောက်နဲ့ပတ်သက်လို့ ကျွန်တော် မစာမနာပြောလိုက်တာကို အဲဒီမိန်းကလေး ပြန်ကြားသွားတယ်။ ကျွန်တော့်ရဲ့ မဆင်မခြင်ပြောလိုက်တဲ့စကားကြောင့် သူဘယ်လောက် စိတ်ထိခိုက်သွားသလဲဆိုရင် ကျွန်တော်နဲ့ ပက်ပင်းတိုးတဲ့အခါ သူအော်လိုက်တဲ့အသံကို ကျွန်တော် ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ကျွန်တော်တို့ ပြန်သင့်မြတ်သွားပေမဲ့ အဲဒီနည်းနဲ့ တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်လိုက်တယ်ဆိုတာသိရလို့ ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်” ဟုမိုက်က ပြန်ပြောသည်။
စကားလက်ဆုံပြောဆိုမှုသည် အတင်းအဖျင်းအဖြစ်သို့ လမ်းကြောင်းပြောင်းသွားပါက ယင်းကို ဟန့်တားရန် သတ္တိရှိဖို့လိုမည်မှာ အမှန်ပင်။ အသက် ၁၇ နှစ်အရွယ် ကာရိုလိုင်းက ဤသို့ထောက်ပြသည်– “ကိုယ်ပြောဆိုနေတဲ့အကြောင်းကို သတိထားဖို့လိုတယ်။ အဲဒီအကြောင်းဟာ ယုံကြည်စိတ်ချရတဲ့နေရာက ကြားလာတာမဟုတ်ဘူးဆိုရင် သင်ဟာ မုသာဖြန့်သူတစ်ဦးဖြစ်သွားနိုင်တယ်။”
ထိခိုက်နစ်နာစေသော အတင်းအဖျင်းကိုရှောင်ရန် သမ္မာကျမ်းစာပါ အောက်ပါကျမ်းချက်များ၏အကြံပြုချက်ကို လိုက်လျှောက်ပါ–
“စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။” (သု. ၁၀:၁၉) သင်စကားများများပြောလေ နောက်ပိုင်းတွင် စိတ်မကောင်းဖြစ်ရမည့်စကားများ ပြောမိလေဖြစ်နိုင်သည်။ ထို့ကြောင့် လေပေါသူဖြစ်မည့်အစား တိတ်ဆိတ်စွာနားထောင်သူဖြစ်ခြင်းက သာ၍ကောင်းပါသည်။
“ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသောသူ၏နှုတ်မူကား မကောင်းသောအရာတို့ကို သွန်းလောင်းတတ်၏။” (သု. ၁၅:၂၈) သင်စကားမပြောမီ စဉ်းစားပါ။
“မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ပြောကြလော့။” (ဧဖက် ၄:၂၅) အကြောင်းအရာကိုပြန်မပြောမီ အမှန်ဖြစ်ကြောင်း သေချာစေပါ။
“သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုကြလော့။” (လုကာ ၆:၃၁) အဖြစ်မှန်ပင်ဖြစ်ပါစေ တစ်စုံတစ်ဦး၏အကြောင်းကို မပြောမီ သင့်ကိုသင်မေးပါ– “အကယ်၍ ငါသာ သူ့နေရာမှာဆိုရင် ဒါမှမဟုတ် ငါ့အကြောင်းကို တစ်ယောက်ယောက်က ဖောက်သည်ချလိုက်မယ်ဆိုရင် ငါဘယ်လိုခံစားရမလဲ။”
“ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မီအောင်လိုက်ကြကုန်အံ့။” (ရောမ ၁၄:၁၉) အဖြစ်မှန်ဖြစ်သည့်တိုင် တည်ဆောက်စရာမဟုတ်ပါက ထိခိုက်နစ်နာစေနိုင်သည်။
“ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကိုဆောင်ရွက်လျက်၊ ကိုယ်လက်နှင့်လုပ်ဆောင်ခြင်းငှာ စေတနာစိတ်နှင့်ကြိုးစားအားထုတ်” ပါ။ (၁ သက်သာလောနိတ် ၄:၁၂) အခြားသူများ၏အရေးကိစ္စတွင် အာရုံနစ်မြုပ်မနေပါနှင့်။ သင့်အချိန်ကို အသုံးချနိုင်သည့် သာ၍ကောင်းသောနည်းလမ်းများရှိပါသည်။
သင် အတင်းအဖျင်းပြောခံရသောအခါ
လူတစ်ဦးသည် မိမိနှုတ်ကိုစောင့်စည်းကာ အခြားသူများနှင့်ပတ်သက်သည့် အတင်းအဖျင်းပြောခြင်းကို ရှောင်သင့်ကြောင်း သင်သဘောတူပေမည်။ သို့သော် သင်သည် အတင်းအဖျင်းအပြောခံရသူဖြစ်လျှင် ဤကိစ္စကို ပို၍အလေးအနက်ထားပေမည်။ မတရားအတင်းအဖျင်းအပြောခံရသူ အသက် ၁၆ နှစ်အရွယ် ဂျိုအန်းက “ကျွန်မမှာ နောက်ထပ် အပေါင်းအသင်းမိတ်ဆွေတွေ မရှိနိုင်တော့ဘူးလို့ ခံစားရတယ်။ တချို့ ညတွေမှာဆိုရင် အိပ်ပျော်သွားတဲ့အထိ ငိုခဲ့ရတယ်။ ကျွန်မရဲ့ဂုဏ်သိက္ခာ ဖျက်ဆီးခံလိုက်ရပြီလို့ခံစားရတယ်” ဟုဆိုသည်။
အခြေအမြစ်မရှိသော ကောလာဟလသတင်း အဖြန့်ခံရသောအခါ သင် ဘာလုပ်နိုင်သနည်း။
▪ စကားများ၏နောက်ကွယ်ကိုကြည့်ပါ။ အဘယ်အရာက လူတို့အား အတင်းအဖျင်းပြောရန် လှုံ့ဆော်သည်ကို နားလည်ဖို့ကြိုးစားပါ။ အချို့မှာ နှံ့စပ်သည်ဟူ၍ သတင်းကြီးလိုသောကြောင့်ဖြစ်သည်။ “ခေတ်မီတဲ့သူတွေဖြစ်လို့ သူများအကြောင်းကို ပြောဆိုနိုင်တာဆိုပြီး အထင်ခံချင်ကြတယ်” ဟုအသက် ၁၄ နှစ်အရွယ် ကာရင်ကပြောသည်။ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုမရှိသော လူငယ်အချို့သည် အခြားသူများကို ကဲ့ရဲ့ရှုတ်ချခြင်းဖြင့် မိမိတို့က သာလွန်သည်ဟု ထင်မှတ်ကြ၏။ အသက် ၁၇ နှစ်အရွယ် ရာနေးက လူများအတင်းအဖျင်းပြောရသည့် နောက်အကြောင်းရင်းတစ်ခုကို ပြောပြသည်။ “လူတွေဟာ ပျင်းရိငြီးငွေ့နေကြလို့ စိတ်လှုပ်ရှားစရာတွေ ဖန်တီးပြီး ဘဝကို ပိုပြီးစိတ်ဝင်စားစရာဖြစ်အောင် ကောလာဟလတွေ လွှင့်ကြတော့တယ်” ဟုသူကဆို၏။
▪ သင့်စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပါ။ ထိခိုက်နစ်နာစေသော အတင်းအဖျင်းကြောင့် ထိခိုက်ခံရသူသည် နာကြည်းမှုကို မွေးထားပါက နောင်တွင် ဝမ်းနည်းရမည့်နည်းဖြင့် တုံ့ ပြန်မိနိုင်သည်။ “စိတ်တိုသောသူသည် မိုက်စွာသောအမှုကိုပြုတတ်၏” ဟုနယပုံပြင် ၁၄:၁၇ ကဆိုသည်။ အလုပ်ထက် အပြောကပိုလွယ်သော်လည်း ယခုအချိန်သည် ခါတိုင်းထက် ပို၍ချုပ်တည်းရမည့်အချိန်ဖြစ်သည်။ သင်ထိုသို့ ပြုလုပ်ပါက သင့်အကြောင်း အတင်းအဖျင်းပြောသူကဲ့သို့ ပညာမဲ့စွာပြုမူခြင်းကို ရှောင်ရှားနိုင်ပါလိမ့်မည်။
▪ အကြောင်းရင်းအမှန်ကို ဆန်းစစ်ပါ။ သင့်ကိုယ်သင် အောက်ပါအတိုင်းမေးပါ– သူတို့တကယ်ပဲ ငါ့အကြောင်းပြောနေတာလား။ အဲဒါက ကောလာဟလလား၊ ဒါမှမဟုတ် အလေးထားရမယ့် နားလည်လွဲမှုလား။ ငါ သိပ်အကဲဆတ်နေသလား။ သို့သော် ထိခိုက်နစ်နာစေသောအတင်းအဖျင်းအတွက် အကြောင်းပြချက်မရှိပါ။ သို့သော် လွန်လွန်ကဲကဲတုံ့ ပြန်ခြင်းက အတင်းအဖျင်းထက်ပင် သင့်အား ပို၍ထိခိုက်စေနိုင်ပါသည်။ ရာနေးအား အထောက်အကူပြုခဲ့သောသဘောထားကို လက်ခံပါလေ။ “တစ်ယောက်ယောက်က ကျွန်မအကြောင်း မကောင်းပြောတဲ့အခါ ကျွန်မစိတ်ထိခိုက်ပေမဲ့ အဲဒါကို ရေးကြီးခွင့်ကျယ်မလုပ်မိဖို့ ကြိုးစားတယ်။ အကြောင်းကတော့ နောက်တစ်ပတ်လောက်ဆိုရင် သူတို့က နောက်တစ်ယောက်အကြောင်း ဒါမှမဟုတ် နောက်အကြောင်းအရာတစ်ခုကို ပြောကြလိမ့်မယ်” ဟုသူကပြောသည်။ *
အကောင်းဆုံးအကာအကွယ်
သမ္မာကျမ်းစာက “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏” ဟုအသိအမှတ်ပြုထားပြီး “စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏” ဟုလည်း ထပ်ဆင့်၍ဆိုသည်။ (ယာကုပ် ၃:၂) ထို့ကြောင့် ကျွန်ုပ်တို့နှင့်ပတ်သက်၍ ပြောဆိုလာသောစကားတိုင်းကို ရေးကြီးခွင့်ကျယ်လုပ်နေပါက ပညာမဲ့ရာရောက်ပေမည်။ ဒေ. ၇:၂၂ က “သင်သည် ကိုယ်တိုင် သူတစ်ပါးတို့ကို အဖန်ဖန်ကျိန်ဆဲကြောင်းကို ကိုယ်စိတ်နှလုံးထဲမှာသိ၏” ဟုဆိုသည်။
ထိခိုက်နစ်နာစေသောအတင်းအဖျင်း ပြောဆိုခံရပါက အကောင်းဆုံးအကာအကွယ်မှာ သင်၏အမူအကျင့်ကောင်းဖြစ်၏။ ယေရှုက “လူတစ်ဦး၏ဖြောင့်မတ်သောအမှုတို့က သူသည် ပညာရှိကြောင်း သက်သေထူ၏” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၁၉၊ ကဘ) ထို့ကြောင့် စစ်မှန်သောခင်မင်မှုနှင့် မေတ္တာတွင် ဆက်တည်မြဲနေပါ။ ယင်းက အတင်းအဖျင်းပြောဆိုခြင်းကို မြန်မြန်ဆန်ဆန်ရပ်တန့်စေနိုင်သည်၊ သို့မဟုတ် အနည်းဆုံးတော့ သင့်အား ယင်း၏အကျိုးဆက်များကို ခံရပ်စေနိုင်သည့်အတွက် အံ့သြသွားရပေလိမ့်မည်။
“လူငယ်များအမေး . . .” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဤဆောင်းပါးမှ နာမည်များကို ပြောင်းထားသည်။
^ အပိုဒ်၊ 33 အချို့အခြေအနေများတွင် အတင်းအဖျင်းပြောသူအား ထိပ်တိုက်ရင်ဆိုင်ရန် လိမ္မာပါးနပ်သောနည်းတစ်နည်းကို ရှာဖွေခြင်းက ပညာရှိရာရောက်ပေမည်။ သို့သော် အများအားဖြင့် “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်” သောကြောင့် ယင်းသို့ ပြုရန်မလိုအပ်ချေ။—၁ ပေတရု ၄:၈။
ချင့်တွေးစရာ
▪ အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်းကို သင်မည်သို့ရှောင်နိုင်သနည်း။
▪ တစ်စုံတစ်ဦးက သင့်အကြောင်း အတင်းအဖျင်းပြောသည့်အခါ သင်မည်သို့ တုံ့ပြန်မည်နည်း။