မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့မိဘတွေအကြောင်း ငါဘယ်လို ပိုသိနိုင်မလဲ

ငါ့မိဘတွေအကြောင်း ငါဘယ်လို ပိုသိနိုင်မလဲ

လူငယ်များအမေး

ငါ့မိဘတွေအကြောင်း ငါဘယ်လို ပိုသိနိုင်မလဲ

နီလာနှင့်သူ့မိဘများသည် မိတ်ဆွေများနှင့်အတူ ညစာစားနေကြသည်။ ထိုအခိုက် မိတ်ဆွေတစ်ဦးက နီလာ၏မိခင်အား “နင်သိရင် အံ့သြသွားလိမ့်မယ်။ ဟိုတစ်နေ့က ငါ သန့်ဇင်ကို တွေ့ခဲ့တယ်၊ ကျောင်းတုန်းက နင်တွဲခဲ့တဲ့တစ်ယောက်လေ” ဟုပြောလိုက်သည်။

နီလာခမျာ အံ့သြလွန်း၍ လက်ထဲမှဇွန်းပင် လွတ်ကျသွားလေသည်။ သန့်ဇင်အကြောင်း သူယခင်က တစ်ခါမျှ မကြားဖူးဘဲကိုး။

“ဪ၊ လက်စသတ်တော့ အမေက အဖေနဲ့မတွေ့ခင် တခြားတစ်ယောက်နဲ့ တွဲခဲ့ဖူးတာပေါ့။ အဲဒါကို သမီး လုံးဝမသိပါလား။”

သင်လည်း နီလာနည်းတူ သင့်မိဘနှင့်ပတ်သက်၍ အံ့ဩစရာအကြောင်းတစ်ခု ကြားလိုက်ရသည့်အဖြစ်မျိုး ကြုံဖူးသလော။ သို့ဆိုလျှင် သင်မသိသေးသော အခြားအကြောင်းများလည်းရှိဦးမည်လောဟု တွေးမိပေမည်။

မိဘများနှင့်ပတ်သက်၍ သင်မသိသေးသောအရာများ အဘယ်ကြောင့်ရှိနိုင်သနည်း။ သူတို့အကြောင်း ပို၍သိလာသောအခါ အဘယ်အကျိုးကျေးဇူးများ ရရှိလာနိုင်သနည်း။ ထိုသို့သိနိုင်ရန် သင်မည်သို့လုပ်ဆောင်နိုင်သနည်း။

သိစရာများစွာရှိ

မိဘများနှင့်ပတ်သက်၍ သင်မသိသေးသောအရာများ အဘယ်ကြောင့်ရှိနိုင်သနည်း။ တစ်ခါတစ်ရံ မိဘတို့နှင့် အနေဝေးသောကြောင့်ဖြစ်နိုင်သည်။ “ကျွန်တော် ရှစ်နှစ်သားအရွယ်မှာ ကျွန်တော့်မိဘတွေ ကွာရှင်းလိုက်ကြတယ်။ အဲဒီနောက်ပိုင်း တစ်နှစ်လုံးနေမှ တစ်ခါတလေပဲ အဖေ့ကိုတွေ့ရတယ်။ အဖေ့အကြောင်း ကျွန်တော်သိချင်တာတွေအများကြီးပဲ” ဟုယခုအသက် ၂၂ နှစ်ရှိပြီဖြစ်သော သူရ *ကပြောသည်။

သင်သည် မိဘများနှင့်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည့်တိုင် မိဘများသည် သူတို့အကြောင်း သင့်ကို အကုန်ပြောပြမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့အားလုံးကဲ့သို့ပင် မိဘများသည် ယခင်ကလုပ်ခဲ့သောအမှားများအတွက် ရှက်ရွံ့တတ်ကြသောကြောင့်ဖြစ်သည်။ (ရောမ ၃:၂၃) ထို့ပြင် မိဘတို့သည် သူတို့၏အမှားများအကြောင်း ပြောပြလိုက်လျှင် သူတို့ကို သင် အထင်သေးသွားမည် သို့မဟုတ် သင် ပို၍အတင့်ရဲလာမည်ကို စိုးရိမ်သောကြောင့်ဖြစ်နိုင်သည်။

သို့သော် မိဘများသည် များသောအားဖြင့် လုံးဝစကားမစပ်မိသောကြောင့် သင့်ကို မပြောပြမိခြင်းလည်းဖြစ်နိုင်သည်။ “မိဘတွေနဲ့အတူ ဒီလောက်အကြာကြီးနေခဲ့ပေမဲ့ သူတို့အကြောင်း သိစရာတွေအများကြီးရှိသေးတာက တကယ်အံ့သြစရာပဲ” ဟုသီဟအမည်ရှိလူငယ်တစ်ဦးကဆိုသည်။ ဤအချိန်သည် မိဘတို့အကြောင်း သင် အစပြုမေးမြန်းနိုင်သည့်အချိန်ပင်ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့မေးမြန်းရသနည်း။ သင်ရရှိလာနိုင်သည့် အကျိုးကျေးဇူးလေးခုကို သုံးသပ်ကြည့်ပါ။

အကျိုးကျေးဇူး #၁– သင့်မိဘများသည် သူတို့အကြောင်း သင်စိတ်ဝင်စားသည်ကို သဘောကျကြပေမည်။ သူတို့ဘဝအကြောင်း သင် စိတ်ဝင်တစားမေးမြန်းသည်ကို သူတို့ကျေနပ်မိမည်မှာ သေချာသည်။ ထို့ပြင် သင်နှင့်သင့်ခံစားချက်များကို သူတို့ ပို၍ပင်နားလည်ပေးပေဦးမည်။—မဿဲ ၇:၁၂

အကျိုးကျေးဇူး #၂– မိဘတို့၏အမြင်ကို သင်ပို၍နားလည်လာမည်။ ဥပမာ၊ သင့်မိဘတို့သည် ယခင်က ချို့ငဲ့စွာနေထိုင်ခဲ့ရသလော။ ယင်းက ချွေတာရန်မလိုဟု သင်ထင်သောကိစ္စများတွင်ပင် သင့်မိဘတို့ အဘယ်ကြောင့်ချွေတာရသည်ကို သင့်အား နားလည်လာစေပေမည်။

သင့်မိဘတို့၏တွေးခေါ်ပုံကို ထိုသို့နားလည်လာခြင်းက အကူအညီဖြစ်စေနိုင်သည်။ “ကျွန်တော့်မိဘတွေ ဘယ်လိုတွေးခေါ်တယ်ဆိုတာကို သိလာတဲ့အတွက် တစ်ခုခုမပြောခင် ဒီစကားက သူတို့ကို ဘယ်လိုထိခိုက်မလဲဆိုတာ တွေးတတ်လာတယ်” ဟုရန်နိုင်ဆိုသည်။—သု. ၁၅:၂၃

အကျိုးကျေးဇူး #၃– သင့်အကြောင်းကို ပို၍ပြောရဲဆိုရဲရှိလာမည်။ ၁၈ နှစ်အရွယ်ရှိ ကြည်ပြာ ဤသို့ဆိုသည်– “ကျွန်မကြိုက်နေတဲ့ကောင်လေးအကြောင်း အဖေ့ကို မပြောပြရဲဘူး။ ဒါပေမဲ့ အဲဒီလိုလည်း ပြောပြလိုက်ရော အဖေက သူ့အချစ်ဦးအကြောင်း ရင်ဖွင့်တော့တာပဲ။ ပြီးတော့ သူဘယ်လိုခံစားခဲ့ရတယ်ဆိုတဲ့အကြောင်းလည်း ပြောပြတယ်။ သူ့ချစ်သူနဲ့ပြတ်သွားတဲ့နေ့က သူဘယ်လောက်ကြေကွဲခဲ့ရတယ်ဆိုတဲ့အကြောင်းကိုတောင် ပြောပြသေးတယ်။ အဲဒါနဲ့ပဲ ကျွန်မလည်း ကျွန်မအကြောင်း အဖေ့ကို ပြောချလိုက်ပါလေရော။”

အကျိုးကျေးဇူး #၄– သင် တစ်စုံတစ်ခု သင်ယူမိနိုင်သည်။ သင့်မိဘတို့၏ဘဝအတွေ့အကြုံများက သင်ကိုယ်တိုင်၏ စိတ်ပျက်စရာများနှင့် အခက်အခဲများကို ရင်ဆိုင်တတ်ရန် အကူအညီဖြစ်စေနိုင်သည်။ “ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ဝိညာဉ်ရေးပိုင်းမှာ လိုအပ်မှုအမျိုးမျိုးရှိတဲ့ မိသားစုကြီးကို ကျွန်တော့်မိဘတွေ ဘယ်လိုများတာဝန်ယူကျွေးမွေးနိုင်ခဲ့သလဲဆိုတာ ကျွန်တော်သိချင်တယ်။ အဲဒီကနေ အရေးကြီးတဲ့သင်ခန်းစာတွေရနိုင်မှာ သေချာတယ်” ဟု ၁၆ နှစ်အရွယ် ညီညီကပြောသည်။ “အသက်အရွယ်ကြီးသောသူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံကြ၏” ဟုကျမ်းစာကဆိုသည်။—ယောဘ ၁၂:၁၂

အစပြုလုပ်ဆောင်ပါ

သင့်မိဘတို့အကြောင်း သင်ပိုမိုသိလိုပါက မည်သို့လုပ်ဆောင်နိုင်မည်နည်း။ အောက်တွင် အကြံပြုချက်အချို့ ပေးထားပါသည်။

အချိန်အခါကောင်းကို ရွေးချယ်ပါ။ အာလာပသလ္လာပပြောဆိုနေချိန်သည် အချိန်အခါကောင်းဖြစ်နိုင်သည်။ ယင်းအတွက် သတ်သတ်မှတ်မှတ်စီစဉ်နေစရာ မလိုပါ။ မိဘများနှင့်အတူ ဘောလုံးကစားစဉ်၊ အလုပ်လုပ်စဉ်၊ လမ်းလျှောက်ထွက်စဉ် သို့မဟုတ် ကားစီးစဉ် ပြောဆိုနိုင်သည်။ “ကားစီးပြီး ခရီးဝေးသွားတဲ့အခါ မိဘတွေနဲ့ စကားကောင်းကောင်းပြောဖြစ်တယ်။ နားကြပ်နဲ့သီချင်းနားထောင်တာ၊ အိပ်တာတွေက ပိုကောင်းတာပေါ့။ ဒါပေမဲ့ သူတို့နဲ့ စကားစမြည်စပြောလိုက်တာက အမြဲအကျိုးရှိတယ်” ဟုအစပိုင်းတွင်ဖော်ပြခဲ့သော ရန်နိုင်ဆိုသည်။

မေးခွန်းများမေးပါ။ အချိန်အခါကောင်းဖြစ်နေလျှင်ပင် သင့်မိခင်သည် သူ့အချစ်ဦးအကြောင်း သို့မဟုတ် သင့်ဖခင်သည် အိမ်မှကား သူ့ကြောင့်ပျက်စီးသွားသည့်အကြောင်း ကောက်ကာငင်ကာ ပြောချင်မှပြောမည်ဖြစ်ကြောင်း သင်လက်ခံပါ။ သို့သော် ထိုအကြောင်းများကို သင်မေးမြန်းလျှင် သူတို့ပြောပြပေလိမ့်မည်။—မေးရမည့်မေးခွန်းများနှင့်ပတ်သက်၍ အကြံပြုချက်ကို  စာမျက်နှာ ၁၂ ရှိလေးထောင့်ကွက်တွင်ကြည့်ပါ။

ပြောင်းသာလဲသာရှိပါ။ များသောအားဖြင့် မေးခွန်းတစ်ခုကိုဖြေဆိုရင်း နောက်အကြောင်းအရာတစ်ခုသို့ လမ်းကြောင်းပြောင်းသွားပေမည်။ ထိုအခါမျိုးတွင် သင်သည် နဂိုပြောနေသည့်အကြောင်းကို ပြန်အစဖော်ချင်မည်ဖြစ်သော်လည်း ထိုသို့မပြုပါနှင့်။ သင့်ရည်ရွယ်ချက်မှာ အချက်အလက်များကို စုဆောင်းရုံသာမဟုတ်ဘဲ သင့်မိဘများနှင့် ပိုရင်းနှီးလာအောင် ကြိုးစားနေခြင်းဖြစ်ကြောင်း သတိရပါ။ ထိုသို့ဖြစ်နိုင်သည့် အကောင်းဆုံးနည်းမှာ သူတို့ပြောလိုသည့်အကြောင်းအရာကို ပြောစေခြင်းဖြစ်သည်။—ဖိလိပ္ပိ ၂:၄

ပိုင်းခြားသိမြင်မှုရှိပါ။ “လူ့စိတ်နှလုံး၌ အကြံအစည်သည် နက်သောရေနှင့်တူသော်လည်း ဉာဏ်ထက်သောသူသည် ခပ်ယူလိမ့်မည်။” (သု. ၂၀:၅သမ္မာ) မိဘတို့မပြောလိုသောအကြောင်းအရာများကို မေးမြန်းသောအခါ ဉာဏ် သို့မဟုတ် ပိုင်းခြားသိမြင်မှုရှိဖို့ အထူးသဖြင့် လိုသည်။ ဥပမာ၊ သင့်ဖခင် သင့်အရွယ်တွင်ပြုလုပ်ခဲ့သော ရှက်ရွံ့စရာအမှားများအကြောင်း၊ ယင်းတို့ကို ပြန်လည်ရွေးချယ်ပြုလုပ်ခွင့်ရမည်ဆိုလျှင် သူ မည်သို့ကိုင်တွယ်မည့်အကြောင်းတို့ကို သင်သိလိုပေမည်။ သို့သော် ထိုအကြောင်းများကို သင် ဇွတ်မမေးမီ “. . . အကြောင်း မေးလို့ရမလား” ဟုခွင့်တောင်းနိုင်သည်။

လိမ္မာပါးနပ်မှုရှိပါ။ မိဘတို့သည် သင့်ကို သူတို့အကြောင်းပြောပြသည့်အခါ ‘နားထောင်ခြင်း၌ လျင်မြန်ပြီး စကားပြောခြင်း . . . ၌ နှေးပါ။’ (ယာကုပ် ၁:၁၉) သင့်မိဘတို့ အကြောင်းတစ်ခုခုပြောပြသည့်အခါ သူတို့ကို လှောင်ပြောင်ကဲ့ရဲ့ခြင်း၊ ခနဲ့ခြင်း မပြုပါနှင့်။ “ဩ၊ အဖေ အဲဒီလိုလုပ်ခဲ့လိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်ဘူး” သို့မဟုတ် “ဒါကြောင့် အမေက ကျွန်မကို ဒီလောက်ချုပ်ချယ်တာကိုးစသောစကားမျိုးက သူတို့ကို နှုတ်ပိတ်သွားစေပါလိမ့်မည်။ ထို့ပြင် အတွင်းရေးကိစ္စများကို မိသားစုဝင်မဟုတ်သူများအား မပြောပါနှင့်။

နောက်ကျသည်ဟူ၍ မရှိ

မိဘနှင့်အတူ သင်နေထိုင်စဉ် အထက်ပါအကြံပြုချက်များက သင့်ကို မိဘတို့နှင့်ပိုရင်းနှီးကျွမ်းဝင်လာစေနိုင်သည်။ သို့သော် သင် အိမ်ခွဲသွားပြီဆိုလျှင်ကော မည်သို့နည်း။ ထိုမူများက သင့်မိဘများ၊ သင်နှင့်အလွန်စိမ်းနေသောမိဘနှင့်ပင် ပြန်ဆက်သွယ်နိုင်ရန် ကူညီပေးနိုင်သည်။ ထိုသို့ဖြစ်ကြောင်း အစောပိုင်းတွင်ဖော်ပြခဲ့သော သူရ ကြုံခဲ့ရသည်။ ယခု အိမ်ခွဲနေပြီဖြစ်သော သူရက “အခုတလော အဖေနဲ့ပိုရင်းနှီးလာလို့ သိပ်ပျော်တာပဲ” ဟုပြောသည်။

ထို့ကြောင့် သင်သည် မိဘနှင့်အတူ နေထိုင်သည်ဖြစ်စေ၊ အိမ်ခွဲနေသည်ဖြစ်စေ သူတို့အကြောင်း ပိုသိလာရန် နောက်ကျသွားပြီဟူ၍ မရှိပေ။ ဤဆောင်းပါးပါအကြံပြုချက်များကို စမ်းကြည့်ပါလေ။

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 အမည်များပြောင်းထားသည်။

ချင့်တွေးစရာ

▪ ဤဆောင်းပါးပါ အဘယ်အကြောင်းအရာများကို သင့်မိဘတို့အား သင် မေးမြန်းလိုသနည်း။

▪ သင့်မိဘတို့အကြောင်း ပိုသိလာခြင်းက သင့်ကိုယ်သင်ပိုသိလာရန် မည်သို့အကူအညီဖြစ်စေနိုင်သနည်း။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

  သင့်မိဘတို့အား အောက်ပါမေးခွန်းများ မေးကြည့်ပါ–

အိမ်ထောင်ရေး– အမေနဲ့အဖေ ဘယ်လိုတွေ့ခဲ့ကြတာလဲ။ တစ်ယောက်ကိုတစ်ယောက် ဘာကြောင့်ချစ်မိသွားတာလဲ။ လက်ထပ်ပြီးတဲ့နောက် ဘယ်မှာနေကြလဲ။

ကလေးဘဝ– ဘယ်မှာမွေးခဲ့လဲ။ မောင်နှမတွေနဲ့ကော အဆင်ပြေလား။ အမေ့မိဘတွေက ချုပ်ချယ်လား၊ အလိုလိုက်လား။

ပညာရေး– ဘယ်ဘာသာရပ်မှာ အတော်ဆုံးလဲ။ ဘယ်ဘာသာရပ်မှာ အညံ့ဆုံးလဲ။ အကြိုက်ဆုံးဆရာ ရှိလား။ အဲဒီဆရာကို ဘာကြောင့် ကြိုက်တာလဲ။

အလုပ်အကိုင်– ပထမဆုံးအလုပ်က ဘာလဲ။ အဲဒီအလုပ်ကို ကြိုက်လား။ တခြားအလုပ်မျိုး ရွေးနိုင်မယ်ဆိုရင် ဘယ်အလုပ်မျိုးကို ရွေးမလဲ။

စိတ်ဝင်စားရာများ– ကမ္ဘာပတ်ပြီးလျှောက်လည်ခွင့်ရမယ်ဆိုရင် ဘယ်နိုင်ငံသွားမလဲ။ ဘယ်လိုဝါသနာမျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်သလဲ။

ဘာသာရေးနောက်ခံ– ခရစ်ယာန်တစ်ယောက်အဖြစ် ကြီးပြင်းလာသလား။ (ထိုသို့မဟုတ်ခဲ့ပါက) ကျမ်းစာကို ဘာကြောင့်စိတ်ဝင်စားလာတာလဲ။ ကျမ်းစာမူတွေကို လိုက်နာတဲ့အခါ ဘယ်လိုအခက်အခဲတွေကို ကြုံခဲ့ရသလဲ။

စံနှုန်းများ– မိတ်ဆွေကောင်းဖွဲ့ဖို့၊ ပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့၊ အိမ်ထောင်သာယာဖို့ ဘယ်အချက်တွေက အရေးကြီးဆုံးလို့ ထင်သလဲ။ ရဖူးခဲ့သမျှအကြံဉာဏ်တွေထဲမှာ ဘယ်အကြံဉာဏ်က အကောင်းဆုံးလဲ။

စမ်းကြည့်ပါအထက်ပါမေးခွန်းအချို့ကို ရွေးချယ်ပြီး သင့်မိဘများ မည်သို့ဖြေဆိုမည်ကို မှန်းဆကြည့်ပါ။ ထို့နောက် ထိုမေးခွန်းများကို မေးကာ သင့်မိဘများ၏အဖြေနှင့် သင်မှန်းဆထားသည့်အဖြေကို နှိုင်းယှဉ်ကြည့်ပါ။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

မိဘများအတွက် အမှာစာ

သင်သည် သင့်ခင်ပွန်း၊ သမီး၊ မိတ်ဆွေများနှင့်အတူ ညစာစားရင်း စကားလက်ဆုံကျနေသည်။ ထိုအခိုက် မိတ်ဆွေတစ်ဦးက သင့်ရည်းစားဟောင်းတစ်ယောက်အကြောင်း အစဖော်လိုက်သည်။ ယင်းအကြောင်း သင့်သမီးကို တစ်ခါမျှမပြောပြဖူးပေ။ ယခု သူ အလွန်သိချင်နေပြီ။ သင် ဘာလုပ်မည်နည်း။

သင့်ကလေး မေးခွန်းမေးလာပါက မကန့်ကွက်ပါနှင့်။ အမှန်ဆိုလျှင် သင့်ကလေး မေးခွန်းမေးသည့်အချိန်၊ သင့်အဖြေကို နားထောင်နေသည့်အချိန်သည် သင်နှင့်ပြောဆိုဆက်သွယ်နေသည့်အချိန်ပင်ဖြစ်သည်။ ယင်းကို မိဘအများစု လိုလားတောင့်တကြသည်။

သင့်သားသမီးကို သင့်အတိတ်ဖြစ်ရပ်အကြောင်း မည်မျှပြောပြသင့်သနည်း။ ရှက်ရွံ့စရာကောင်းသည့်အကြောင်းများကို သင် ပြောပြလိုမည်မဟုတ်သည်မှာ သေချာသည်။ သို့သော် သင့်တော်မည့်အချိန်တွင် သင့်အမှားများ၊ သင်ကြိုးစားရုန်းကန်ခဲ့ရသောအရာများအကြောင်း ပြောပြခြင်းက သင့်ကလေးအတွက် အကူအညီဖြစ်စေနိုင်သည်။ မည်သို့အားဖြင့်နည်း။

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ တမန်တော်ပေါလုက “ငါသည် အကျင့်ကောင်းကို ကျင့်လိုသောအခါ အကျင့်ဆိုးကို ကျင့်မိတတ်၏။ . . . ငါ့အဖြစ် ဆိုးလိုက်လေခြင်း” ဟုပြောခဲ့ဖူးသည်။ (ရောမ ၇:၂၁-၂၄) ယေဟောဝါဘုရားသခင်သည် ထိုစကားများကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ရန် စွမ်းအားတော်ဖြင့် လမ်းညွှန်ခဲ့ခြင်းမှာ ကျွန်ုပ်တို့အကျိုးအတွက်ပင်ဖြစ်သည်။ (၂ တိမောသေ ၃:၁၆) ကျွန်ုပ်တို့အားလုံး ပေါလုနည်းတူကြုံဖူးသောကြောင့် ထိုစကားများမှ အမှန်ပင် အကျိုးခံစားကြရသည်။

အလားတူ သင်၏ဆုံးဖြတ်ချက်ကောင်းများနှင့် အမှားများအကြောင်း သင့်ကလေးသိရခြင်းက သင့်ကို ပို၍နားလည်လာစေရန် သူ့ကိုကူညီပေးနိုင်သည်။ သင်ကြီးပြင်းလာသောခေတ်သည် ယခုခေတ်နှင့်မတူပေ။ သို့သော် ခေတ်ပြောင်းသွားသော်လည်း လူ့သဘောသဘာဝနှင့် ကျမ်းစာမူများမှာ မပြောင်းလဲပေ။ (ဆာလံ ၁၁၉:၁၄၄) သင်ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် ယင်းတို့ကို သင်ဖြေရှင်းခဲ့ပုံအကြောင်း ပြောပြခြင်းက သင့်ဆယ်ကျော်သက်ကလေးများအား သူတို့ ပြဿနာများကို ဖြေရှင်းတတ်ရန် ကူညီပေးနိုင်သည်။ “သင်ကြုံနေတဲ့အခက်အခဲတွေကို သင့်မိဘတွေလည်း ကြုံခဲ့တဲ့အကြောင်း သိလာတဲ့အခါ မိဘတွေလည်း ကိုယ့်လိုပါပဲလားဆိုတာကို နားလည်လာတယ်။ နောက်တစ်ခါ ပြဿနာပေါ်လာရင် ငါ့မိဘတွေလည်း ဒါမျိုးကြုံဖူးသလားလို့ စဉ်းစားမိတယ်” ဟုကျော်စွာဆိုသည်။

သတိချပ်စရာ– သင့်အကြောင်းသင်ပြောသောအခါ ဆုံးမစကားဖြင့် အဆုံးမသတ်ပါနှင့်။ ဆယ်ကျော်သက်ကလေးများ တလွဲအဓိပ္ပာယ်ကောက်မိမည် သို့မဟုတ် သူတို့အမှားအတွက် ဆင်ခြေပေးမည်ကို သင်စိုးရိမ်မိပေမည်။ (“သင်ခန်းစာကတော့ ဒါပဲ”) ဟုအဆုံးသတ်မည့်အစား (“ဒီလိုဒီလိုမလုပ်ခဲ့ရင် ကောင်းသား”) စသည်ဖြင့် သင့်ခံစားချက်ကို ပြောပြပါ။ သို့ဆိုလျှင် သူ့ကို သင်ဆုံးမနေသည်ဟု မခံစားရဘဲ သင့်အတွေ့အကြုံမှ သူ သင်ခန်းစာယူနိုင်ပါလိမ့်မည်။—ဧဖက် ၆:၄

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

“အသင်းတော်ထဲကလူတွေနဲ့ ပေါင်းရတာထက် ကျောင်းနေဖက်တွေနဲ့ပေါင်းရတာ ပိုအဆင်ပြေတယ်လို့ ခံစားရတဲ့အကြောင်း အမေ့ကို ကျွန်မဝန်ခံခဲ့တယ်။ နောက်တစ်နေ့ စားပွဲပေါ်မှာ အမေ့ဆီက စာတစ်စောင်ရောက်နေတယ်။ သူလည်း ကျွန်မအရွယ်က အဲဒီလိုခံစားခဲ့ရတဲ့အကြောင်း ရေးထားတယ်။ အားပေးမယ့်သူတစ်ယောက်မှ မရှိတာတောင် ဘုရားသခင်ကို ကိုးကွယ်ခဲ့သူတွေ ကျမ်းစာထဲမှာရှိတဲ့အကြောင်း သူပြောပြတယ်။ အသင်းတော်ထဲမှာ သူငယ်ချင်းဖွဲ့ဖို့ ကျွန်မအတတ်နိုင်ဆုံးကြိုးစားတာကိုလည်း သူချီးမွမ်းထားတယ်။ ဒီပြဿနာကြုံရတာ ကျွန်မတစ်ယောက်တည်းမဟုတ်ဘဲ အမေလည်း ကျွန်မလိုပဲကြုံခဲ့ရတယ်ဆိုတာ သိရတော့ ဝမ်းသာလွန်းလို့ ငိုချမိတယ်။ အမေ ပြောတာတွေက မှန်တာကိုလုပ်ဖို့ ခွန်အားဖြစ်စေတယ်။”—ဂျွန်ကို၊ ၁၇ နှစ်၊ ဂျပန်။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

မိဘတို့ငယ်စဉ်ဘဝက ဓာတ်ပုံများ သို့မဟုတ် အခြားပစ္စည်းများကို တောင်းကြည့်ပါ။ ယင်းတို့က ပျော်စရာကောင်းသောစကားဝိုင်း ဖြစ်စေပါလိမ့်မည်