သိပ္ပံပညာက ဘုရားသခင်မရှိကြောင်း သက်သေထူခဲ့ပြီလား
သိပ္ပံပညာက ဘုရားသခင်မရှိကြောင်း သက်သေထူခဲ့ပြီလား
ဗြိတိသျှအတွေးအခေါ်ပညာရှင် အန်တိုနီ ဖလူးကို သူ့ရဲ့လုပ်ဖော်ဆောင်ဖက်တွေက နှစ်ပေါင်း ၅၀ ကျော်အထိ ဘုရားသခင်မဲ့ဝါဒီတစ်ဦးအဖြစ် အလွန်လေးစားခဲ့ကြတယ်။ ၁၉၅၀ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ “ခရစ်ယာန်ဓမ္မပညာနှင့် လိမ်လည်မှု ဆိုတဲ့သူ့စာအုပ်က ၂၀ ရာစုမှာ အကျယ်ပြန့်ဆုံးပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ အတွေးအခေါ်ဆိုင်ရာစာအုပ်ဖြစ်လာခဲ့တယ်။” ၁၉၈၆ ခုနှစ်မှာ ဖလူးကို “ဘုရားသခင် (များ) ရှိကြောင်းယုံကြည်ချက်ကိုဝေဖန်တဲ့ ခေတ်ပြိုင်ဝေဖန်ရေးသမားတွေထဲမှာ အတော်ဆုံး” လို့ခေါ်ခဲ့ကြတယ်။ ဒါ့ကြောင့် ၂၀၀၄ ခုနှစ်မှာ ဖလူးက သူ့ရဲ့အမြင်ကို ပြောင်းလဲကြောင်းကြေညာလိုက်တဲ့အခါ လူအတော်များများ အရမ်းထိတ်လန့်သွားခဲ့ကြတယ်။
ဘာကြောင့် ဖလူးစိတ်ပြောင်းသွားတာလဲ။ တစ်ခွန်းတည်းပြောရရင် သိပ္ပံပညာကြောင့်ပါ။ စကြဝဠာ၊ သဘာဝနိယာမတရားတွေနဲ့ အသက်ကိုယ်၌က မတော်တဆကြောင့်သာ မဖြစ်ပေါ်လာနိုင်ဘူးလို့ သူအခိုင်အမာယုံကြည်လာခဲ့တယ်။ ဒီကောက်ချက်က ယုတ္တိရှိရဲ့လား။
သဘာဝနိယာမတရားတွေ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲ
ရူပဗေဒပညာရှင်နဲ့ စာရေးဆရာ ပေါလ်ဒေးဗီးစ်က သိပ္ပံပညာဟာ မိုးရွာခြင်းလို ရုပ်ပိုင်းဖြစ်ရပ်တွေကို အံ့သြဖွယ်ကောင်းလောက်အောင်ရှင်းပြနိုင်ကြောင်း ထောက်ပြခဲ့တယ်။ ဒါပေမဲ့ သူဒီလိုပြောတယ်– “‘သဘာဝနိယာမတရားတွေ ဘာကြောင့်ရှိနေရတာလဲ’ ဆိုတဲ့မေးခွန်းပေါ်လာပြီဆိုရင် အခြေအနေက ဝိုးတိုးဝါးတားဖြစ်သွားတယ်။ အဲဒီလိုမေးခွန်းမျိုးတွေကို သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိမှုတွေက အဖြေမပေးနိုင်ဘူး၊ တကယ့်ကိုအဓိကကျတဲ့ဒီလိုမေးခွန်းတွေက လူ့အဖွဲ့အစည်းစဖြစ်ပေါ်လာတဲ့အချိန်ကနေစပြီး ယနေ့အချိန်အထိ အဖြေရှာလို့မတွေ့သေးဘဲ ဆက်ရှိနေဆဲပဲ။”
“အရေးကြီးတဲ့အချက်က သဘာဝမှာ ပုံမှန်ဖြစ်စဉ်တွေရှိနေရုံမျှသာမဟုတ်ဘဲ အဲဒီပုံမှန်ဖြစ်စဉ်တွေဟာ သင်္ချာပညာအရ တိကျတယ်၊ အကြွင်းမဲ့မှန်ကန်ပြီး ‘တစ်ခုနဲ့တစ်ခု ဆက်စပ်နေ’ တယ်ဆိုတဲ့အချက်ပဲ။ အဲဒီပုံမှန်ဖြစ်စဉ်တွေကို အိုင်းစတိုင်းက ‘ဉာဏ်ပညာရှိရှိပြုလုပ်ထားတယ်ဆိုတဲ့ အထောက်အထား’ ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်။ ကျွန်တော်တို့မေးသင့်တဲ့မေးခွန်းက သဘာဝဟာ ဘာဖြစ်လို့ဒီလိုပုံစံဖြစ်နေတာလဲ။ ဒီမေးခွန်းကိုပဲ နယူတန်၊ အိုင်းစတိုင်းနဲ့ ဟိန်စန်ဘာ့ဂ်တို့ မေးခဲ့ကြပြီး ဖြေဆိုခဲ့ကြတယ်။ သူတို့အဖြေကတော့ ဘုရားသခင့်ဉာဏ်ပညာကြောင့် ဆိုတာပဲ။”
တကယ်တော့၊ ဉာဏ်ပညာကြီးမားတဲ့အစပြုရှင်ကို ယုံကြည်တာဟာ သိပ္ပံနည်းမကျဘူးလို့ အလွန်လေးစားခံရတဲ့သိပ္ပံပညာရှင်အတော်များများက မယူဆကြဘူး။ အခြားတဖက်မှာတော့ စကြဝဠာ၊ နိယာမတရားတွေနဲ့ သက်ရှိတို့ဟာ မတော်တဆဖြစ်ပေါ်လာတယ်လို့ပြောတာက ကျိုးကြောင်းညီညွတ်မှုမရှိတဲ့အပြင် ပြည့်စုံတဲ့အဖြေလည်း မဟုတ်ဘူး။ နေ့စဉ်အတွေ့အကြုံအရ ဒီဇိုင်း၊ အထူးသဖြင့် အလွန်ရှုပ်ထွေးတဲ့ဒီဇိုင်းက ဒီဇိုင်နာတစ်ဦးရှိဖို့ လိုတယ်ဆိုတာကို ဖော်ပြတယ်။
ဘယ်ယုံကြည်ချက်ကို သင် ရွေးချယ်မလဲ
ဘုရားသခင်မဲ့ဝါဒီအသစ်တွေက သူတို့ရဲ့ယုံကြည်ချက်ကို အဓိကထောက်ပံ့ပေးတဲ့အရာဟာ သိပ္ပံပညာဖြစ်တယ်လို့ ပြောကြပေမဲ့လည်း တကယ်တော့ ဘုရားသခင်မဲ့ဝါဒီဖြစ်ဖြစ် ဘုရားသခင်ကိုယုံကြည်တဲ့သူတွေဖြစ်ဖြစ် သိပ္ပံပညာအပေါ် လုံးလုံးအခြေပြုထားတာတော့မဟုတ်ဘူး။ နှစ်ခုစလုံးမှာ ယုံကြည်ခြင်းလိုအပ်တယ်၊ ဘုရားသခင်မဲ့ဝါဒီတွေက ရည်ရွယ်ချက်မဲ့မတော်တဆဆိုတာကို ယုံကြည်တယ်၊ ဘုရားသခင်ကိုယုံကြည်တဲ့သူတွေကျတော့ ဉာဏ်ပညာကြီးမားတဲ့ အစပြုရှင်ကိုယုံကြည်ကြတယ်။ ဘုရားသခင်မဲ့ဝါဒီအသစ်တွေက “ဘာသာတရားအားလုံးရဲ့ယုံကြည်ချက်က မျက်စိစုံမှိတ်ယုံကြည်ထားရာဖြစ်တယ်” ဆိုတဲ့ဒီဆောင်ပုဒ်ကို အားပေးအားမြှောက်ပြုကြပြီး “ဘာသာရေးသမားတွေ မှားတယ်ဆိုတာကို အလေးအနက်ထောက်ပြဖို့ လိုအပ်တယ်” လို့ဆိုကြကြောင်း အင်္ဂလန်၊ အောက်စဖို့ဒ်တက္ကသိုလ် သင်္ချာပါမောက္ခ ဂျွန် လန်းနော့စ်က ရေးသားခဲ့တယ်။ ဒါကြောင့် မေးစရာက ဘယ်ယုံကြည်ချက်က စမ်းသပ်ခံနိုင်မလဲ၊ ဘုရားသခင်မဲ့ဝါဒီတွေရဲ့ယုံကြည်ချက်လား (သို့) ဘာသာရေးသမားတွေရဲ့ယုံကြည်ချက်လား။ ဥပမာအနေနဲ့ သက်ရှိစတင်ဖြစ်ပေါ်လာပုံကို သုံးသပ်ကြည့်ပါ။
အငြင်းပွားစရာသီအိုရီများစွာရှိပေမဲ့လည်း သက်ရှိတွေရဲ့မူလအစက နားမလည်နိုင်တဲ့အရာဖြစ်နေတုန်းပဲလို့ ဆင့်ကဲဝါဒီတွေ အလွယ်တကူဝန်ခံကြတယ်။ စကြဝဠာမှာဂြိုဟ်တွေ အများကြီးရှိနေတဲ့အတွက် သက်ရှိက တစ်နေရာရာကနေ ထွက်ပေါ်လာတာဖြစ်ရမယ်လို့ ဘုရားသခင်မဲ့ဝါဒီအသစ်ရဲ့ခေါင်းဆောင်တစ်ဦး ရစ်ချက် ဒေါ်ကင်က ပြောတယ်။ ဒါပေမဲ့ ကျော်ကြားတဲ့သိပ္ပံပညာရှင်များစွာကတော့ တပ်အပ်မပြောနိုင်ကြဘူး။ “သက်ရှိနဲ့ သက်ရှိတွေရဲ့စိတ်က ဆင့်ကဲဖြစ်ပေါ်လာတယ်” ဆိုတဲ့ယုံကြည်ချက်ဟာ “ဘယ်လိုနည်းနဲ့တွေးတွေး ဆက်တွေးလို့မရနိုင်ဘူး။ ရှုပ်ထွေးပြီး ကြမ်းတမ်းတဲ့ဝန်းကျင်မှာ သက်ရှိက ဆင့်ကဲမဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြနိုင်တဲ့နည်းတွေအများကြီးရှိတယ်၊ ဒါကြောင့် ကာဗွန်နဲ့အချိန် အလုံအလောက်ပေးလိုက်ရုံနဲ့ ဘယ်အရာမဆိုဖြစ်ပေါ်လာနိုင်တယ်လို့ယူဆတာက စိတ်ကြီးဝင်မောက်မာနေလို့ပဲ” ဆိုပြီး ကိန်းဘရစ်ခ်ျမှ ပါမောက္ခဂျွန်ဘားရိုးက ပြောတယ်။
သက်ရှိဆိုတာက ဓာတုဒြပ်စင်တွေပေါင်းစပ်ထားရာမျှသာ မဟုတ်ဘူးဆိုတာလည်း စိတ်စွဲမှတ်ထားပါ။ အဲဒီအစား သက်ရှိဟာ ဒီအန်အေထဲမှာ စကားဝှက်နဲ့သိမ်းထားတဲ့ အလွန့်အလွန်ရှုပ်ထွေးဆန်းပြားတဲ့ အချက်အလက်ပုံစံအပေါ် အခြေပြုထားတယ်။ ဒါကြောင့် သက်ရှိတွေရဲ့မူလအစဆိုတာ ဇီဝဗေဒအချက်အလက်တွေရဲ့မူလအစပဲ။ အချက်အလက်တွေ ဘယ်ကလာတယ်လို့ ကျွန်တော်တို့သိထားသလဲ။ တစ်ခွန်းတည်းပြောရရင် ဉာဏ်ပညာပါပဲ။ ကွန်ပျူတာပရိုဂရမ်၊ ဂဏန်းသင်္ချာပုံသေနည်း၊ စွယ်စုံကျမ်း (သို့) ကိတ်မုန့်ဖုတ်နည်းလေးတစ်ခု စတဲ့ရှုပ်ထွေးတဲ့အချက်အလက်တွေက မတော်တဆဖြစ်ပေါ်လာနိုင်မလား။ လုံးဝမဖြစ်ပေါ်လာနိုင်ဘူး။ ဒါပေမဲ့ သက်ရှိတွေရဲ့ ဗီဇသင်္ကေတထဲမှာ အချက်အလက်တွေကို ရှုပ်ထွေးဆန်းပြားစွာနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာသိမ်းဆည်းထားပုံကို ဘာကမှယှဉ်လို့မရဘူး။
အရာခပ်သိမ်းဟာ ကံကြမ္မာကြောင့်လို့ပြောခြင်းက သိပ္ပံအမြင်လား
ဘုရားသခင်မဲ့ဝါဒီတွေက “စကြဝဠာဟာ လျှို့ဝှက်ဆန်းကြယ်တယ်၊ သက်ရှိတွေ ဖြစ်ပေါ်လာစေတယ်၊ ဒီလောက်ပါပဲ” လို့ဆိုကြကြောင်း ပေါလ် ဒေးဗစ်ကရှင်းပြတယ်။ “အဲဒီလိုသာမဟုတ်ခဲ့ဘူးဆိုရင် စကြဝဠာအကြောင်းပြောဖို့ ဒီနေရာမှာ ကျွန်တော်တို့ရောက်လာမှာမဟုတ်ဘူး။ စကြဝဠာဟာ တကယ့်ကိုစည်းစနစ်ကျနစွာတည်ရှိနေနိုင်တယ်၊ အဲဒီလိုတည်ရှိချင်မှလည်းတည်ရှိမယ်၊ ဒါပေမဲ့ ပုံစံ၊ ရည်ရွယ်ချက် (သို့) အကြောင်းရင်းရယ်လို့ မရှိဘူး။ ရှိခဲ့ရင်တောင် ကျွန်တော်တို့အတွက် ဘာမှအဓိပ္ပာယ်မရှိဘူး။” ဒေးဗစ်က ဒီလိုမှတ်ချက်ချတယ်– “ဒီရှုထောင့်ရဲ့အားသာချက်က လက်ခံရလွယ်ကူတယ်၊ ခေါင်းရှောင်ရလွယ်တယ်၊” ဆိုလိုတာက ပြဿနာကိုရင်မဆိုင်ဘဲ ရှောင်တိမ်းရလွယ်ကူတဲ့နည်းဖြစ်တယ်။
ဆင့်ကဲဖြစ်စဉ်– အကျပ်တွေ့နေသောသီအိုရီတစ်ခု ဆိုတဲ့သူ့စာအုပ်မှာ မော်လီကျူးဇီဝဗေဒပညာရှင် မိုက်ကယ်လ် ဒန်တန်က ဆင့်ကဲဖြစ်စဉ်သီအိုရီဟာ “နက်နဲတဲ့သိပ္ပံဆိုင်ရာသီအိုရီထက် အလယ်ခေတ်က နက္ခတ်ဗေဒပညာရဲ့စည်းမျဉ်းနဲ့ ပိုတူတယ်” လို့ကောက်ချက်ချခဲ့တယ်။ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်ကိုလည်း ကျွန်တော်တို့ခေတ်ရဲ့ အကြီးကျယ်ဆုံးသောဒဏ္ဍာရီထဲက တစ်ခုအဖြစ် ရည်ညွှန်းခဲ့တယ်။
ဟေဗြဲ ၃:၄) အဲဒီဖော်ပြချက်ကို သဘောတူသလား။
သေချာတာက၊ အရာခပ်သိမ်းဟာ ကံကြမ္မာကြောင့်ဖြစ်ပေါ်လာတယ်လို့ဆိုခြင်းက ဒဏ္ဍာရီနဲ့တူတယ်။ ဒီအချက်ကို မြင်ယောင်ကြည့်ပါ– ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်က လေးထောင့်မကျတကျကျောက်ရိုင်းတစ်တုံးကို တွေ့တဲ့အခါ ဒီပုံစံက မတော်တဆဖြစ်လာတယ်လို့ ယုတ္တိရှိရှိ သူယူမှတ်ပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အနုစိတ်ကအစ အပြည့်အစုံပါတဲ့ လူ့ကိုယ်တစ်ပိုင်းပုံကျောက်တုံးတစ်တုံးကိုတွေ့ရင်ကော ဒါကို မတော်တဆဖြစ်လာတယ်လို့ သူယူမှတ်ပါ့မလား။ ယူမှတ်မှာမဟုတ်ဘူး။ ‘ဒါကို တစ်ဦးတစ်ယောက်က ပြုလုပ်တယ်’ လို့ယုတ္တိရှိရှိ သူပြောလိမ့်မယ်။ သမ္မာကျမ်းစာက အလားတူ ဒီလိုကျိုးကြောင်းဆင်ခြင်ပြတယ်– “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏။” (လန်းနော့စ်က ဒီလိုဖော်ပြတယ်– “စကြဝဠာအကြောင်း ပိုသိလေလေ စကြဝဠာကို ရည်ရွယ်ချက်ရှိရှိပုံစံပြုတဲ့ ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ထင်ရှားလာလေလေပဲ။ ဒါက ကျွန်တော်တို့ ဒီနေရာမှာ တည်ရှိနေရခြင်းရဲ့အကောင်းဆုံးရှင်းပြချက် ဖြစ်လာလေလေပါပဲ။”
ဝမ်းနည်းစရာက ဘုရားသခင်အပေါ်ယုံကြည်ခြင်းကို အခြေပျက်စေတဲ့အရာတွေထဲမှာ ဘုရားသခင့်နာမည်နဲ့ ဆိုးသွမ်းမှုတွေပြုလုပ်နေခြင်းပါပဲ။ ရလဒ်အနေနဲ့ ဘာသာတရားမရှိရင် ပိုကောင်းမယ်လို့ တချို့ကောက်ချက်ချခဲ့ကြတယ်။ သင်ကော ဘယ်လိုထင်သလဲ။