မျက်နှာဖုံးအကြောင်းအရာ
အိမ်တွင်းအကြမ်းဖက်မှု မရှိတော့မယ့်အချိန်
အဖြစ်အပျက် ၁– အစ္စဘယ် * ရဲ့မိဘတွေ အလည်လာကြတယ်။ သမီး၊ သမက်တို့နဲ့ ထွေရာလေးပါးပြောကြရင်း ပျော်စရာကောင်းတဲ့ညနေခင်းလေးဖြစ်ခဲ့ပါတယ်။ ဒီလိုလူမျိုးနဲ့ သမီးလက်ထပ်ခဲ့တဲ့အတွက် ဘယ်မိဘက ဂုဏ်မယူဘဲနေပါ့မလဲ။ သူက ဇနီးအပေါ် သိပ်ကြင်နာတယ်။
အဖြစ်အပျက် ၂– ဖရန့်ခ် ဒေါသမီးတောက်နေပါတယ်။ သူဒေါသပေါက်ကွဲတဲ့အခါတိုင်း ဇနီးမျက်နှာကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်၊ ဆံပင်ဆောင့်ဆွဲ၊ ဇနီးရဲ့ခေါင်းကို နံရံနဲ့အကြိမ်ကြိမ်ဆောင့် စတာတွေလုပ်တတ်တယ်။ အခုလည်း အဲဒီလိုလုပ်မိတော့မယ်။
ဒီအဖြစ်အပျက်နှစ်ခုစလုံးက မောင်နှံတစ်စုံရဲ့ အဖြစ်အပျက်ဆိုတာကို သင်သိရရင် အံ့သြသွားပါလိမ့်မယ်။
အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်သူအများလိုပါပဲ၊ ဖရန့်ခ်ဟာ တခြားသူတွေရှေ့၊ ယောက္ခမတွေရှေ့မှာ “သူတော်ကောင်း” ပုံစံပေါက်အောင် ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာကို သိတယ်။ ဇနီးနဲ့ နှစ်ယောက်ထဲရှိချိန်တွေမှာတော့ ဖရန့်ခ်ဟာ ကြောက်စရာကောင်းတဲ့ ရက်စက်ကြမ်းကြုတ်သူဖြစ်တယ်။
ဖရန့်ခ်လိုလူများစွာက အိမ်တွင်းအကြမ်းဖက်တတ်တဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့ကြသူတွေဖြစ်ပြီး သူတို့ရဲ့အပြုအမူတွေကို လက်သင့်ခံနိုင်တဲ့အရာ၊ သာမန်အရာအဖြစ် ထင်မှတ်နေကြတယ်။ ဒါပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ သာမန်အရာ လုံးဝမဟုတ်ပါဘူး။ ဒါကြောင့်လည်းပဲ ယောက်ျားတစ်ယောက် သူ့မိန်းမကိုရိုက်တယ်ဆိုတာကို သိလိုက်ရတဲ့အခါ လူအများစုက ထိတ်လန့်သွားကြတာဖြစ်တယ်။
ဒါပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုက စိတ်ပျက်စရာကောင်းလောက်အောင် များပြားနေတယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုမှာ ရက်တစ်ရက်ကိုရွေးပြီး စစ်တမ်းကောက်ယူတဲ့အခါ အဲဒီနေ့မှာ အိမ်တွင်းအကြမ်းဖက်မှုကြောင့် အရေးပေါ်ဖုန်းခေါ်ဆိုမှုဟာ တစ်မိနစ်ကို ပျမ်းမျှ ၁၆ ကြိမ်ရှိနေတာ တွေ့ရတယ်။ အိမ်တွင်းအကြမ်းဖက်မှုဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့နေတဲ့အပြင် ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေးအခြေအနေအမျိုးမျိုးမှာ တွေ့နေရတယ်။ အဖြစ်အပျက်အတော်များများကို တိုင်ကြားမှုမရှိတဲ့အတွက် စာရင်းဇယားတွေဖော်ပြထားတာထက် ပိုများမှာသေချာတယ်။အိမ်တွင်းအကြမ်းဖက်မှုသတင်းတွေကြောင့် မေးစရာ မေးခွန်းပေါ်လာပါတယ်– ယောက်ျားတစ်ယောက်ဟာ တခြားသူ၊ အထူးသဖြင့် ကိုယ့်ရဲ့ဇနီးကို ဘာကြောင့်ဒီလောက်အထိ ရက်စက်ကြမ်းကြုတ်စွာဆက်ဆံရတာလဲ။ မိန်းမကိုရိုက်တတ်တဲ့အမျိုးသားတွေဟာ ပြောင်းလဲနိုင်ပါသလား။
သမ္မာကျမ်းစာမှာပါတဲ့ လက်တွေ့ကျအကြံဉာဏ်တွေဟာ အိမ်ထောင်ဖက်အပေါ် အကြမ်းဖက်တဲ့အကျင့်ရှိသူတွေရဲ့အပြုအမူ ပြောင်းလဲသွားအောင် ကူညီပေးနိုင်တယ်လို့ ဒီမဂ္ဂဇင်းကိုထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေ ယုံကြည် ကြတယ်။ လွယ်ပါ့မလား။ လွယ်တော့မလွယ်ပါဘူး။ ဖြစ်ကောဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ သမ္မာကျမ်းစာသွန်သင်ချက်တွေက ကြမ်းတမ်းတဲ့စိတ်သဘောထားရှိသူများစွာကို ကြင်နာတတ်သူ၊ လေးစားတတ်သူအဖြစ် ပြောင်းလဲသွားအောင် ကူညီပေးခဲ့ပါပြီ။ (ကောလောသဲ ၃:၈-၁၀) ထရွိုင်နဲ့ ဗယ်လရီတို့ရဲ့အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။
ပထမပိုင်းမှာ ဆက်ဆံရေး ဘယ်လိုရှိခဲ့လဲ။
ဗယ်လရီ– စေ့စပ်ပွဲလုပ်တဲ့ညမှာပဲ ထရွိုင်က ကျွန်မကိုရိုက်လိုက်တာ အပတ်တော်တော်ကြာတဲ့အထိ အညိုအမည်းစွဲနေခဲ့တယ်။ သူ အသည်းအသန်တောင်းပန်ပြီး နောက်ဘယ်တော့မှ ဒီလိုမလုပ်တော့ပါဘူးလို့ ကတိပေးတယ်။ အဲဒီတောင်းပန်စကားတွေကို လက်ထပ်ပြီး နှစ်များစွာအတွင်း အကြိမ်ကြိမ်ကြားခဲ့ရတယ်။
ထရွိုင်– ဗိုက်ဆာနေတဲ့အချိန်မှာ အဆင်သင့်မဖြစ်တာကအစ ဘယ်အရာမဆိုဟာ ကျွန်တော့်ကို ဒေါသပေါက်ကွဲစေတတ်တယ်။ တစ်ခါကဆိုရင် ဗယ်လရီကို သေနတ်နဲ့ ရိုက်ခဲ့တာ။ နောက်တစ်ခါမှာတော့ ကျွန်တော် သူ့ကိုရိုက်တာလွန်သွားတော့ သူသေသွားပြီလို့တောင် ထင်ခဲ့တယ်။ သားရဲ့လည်ပင်းကို ဓားနဲ့ရွယ်ပြီး သားကိုသတ်လိုက်မယ်လို့တောင် သူ့ကိုခြိမ်းခြောက်ခဲ့ဖူးတယ်။
ဗယ်လရီ– ကြောက်ကြောက်နဲ့ပဲ အသက်ရှင်ခဲ့ရတယ်။ ထရွိုင် စိတ်ပြေသွားတဲ့အထိ အိမ်ကနေထွက်ပြေးရတာလဲ ခဏခဏပဲ။ အရိုက်ခံရတာ နာတယ်ဆိုပေမဲ့ သူ့ရဲ့ရုန့်ရင်းကြမ်းတမ်းတဲ့အပြောက ပိုခံရခက်တယ်။
ထရွိုင်၊ ခင်ဗျားဟာ အမြဲတမ်း ဒီလိုပဲ ခက်ထန် ကြမ်းတမ်းတဲ့သူလား။
ထရွိုင်– ဟုတ်တယ်၊ ကလေးဘဝကတည်းကပါ။ ခက်ထန်ကြမ်းတမ်းတဲ့ဝန်းကျင်မှာ ကျွန်တော်ကြီးလာတယ်။ အဖေက ကျွန်တော်တို့ မောင်နှမတွေရှေ့မှာပဲ အမေ့ကို အမြဲရိုက်တယ်။ အဖေ ကျွန်တော်တို့ကို ထားသွားတဲ့အခါ အမေက နောက်ယောက်ျားယူတယ်။ သူလည်း အမေ့ကို ရိုက်တာပဲ။ ပထွေးက ကျွန်တော့်အစ်မနဲ့ ကျွန်တော့်ကို မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီအမှုနဲ့ပဲ သူထောင်ကျသွားတယ်။ အဲဒါတွေက ကျွန်တော့်အပြုအမူတွေအတွက် အကြောင်းပြချက်မဟုတ်ဘူးဆိုတာကိုတော့ သိပါတယ်။
ဗယ်လရီ၊ ခင်ဗျားဘာလို့ သူနဲ့ ဆက်ပေါင်းတာလဲ။
ဗယ်လရီ– ကြောက်လို့ပါ။ ‘ကျွန်မကိုများ လိုက်ရှာပြီး သတ်မလား၊ ကျွန်မမိဘတွေကိုများ သတ်မလား။ ရဲတိုင်လိုက်မယ်ဆိုရင် အခြေအနေပိုဆိုးသွားမလား’ လို့တွေးကြောက်ခဲ့တာ။
ဘယ်အချိန်မှာ စပြီးပြောင်းလဲလာသလဲ။
ထရွိုင်– ကျွန်တော့်ဇနီးက ယေဟောဝါသက်သေတွေနဲ့ စပြီးကျမ်းစာလေ့လာတယ်။ အစပိုင်းမှာတော့ သူ့ရဲ့ အဲဒီမိတ်ဆွေသစ်တွေကို မနာလိုဖြစ်တယ်၊ ဒီထူးဆန်းတဲ့ “ဂိုဏ်း” ထဲမပါသွားဖို့ သူ့ကိုကယ်ဖို့လိုတယ်လို့ ထင်ခဲ့တယ်။ ဒါနဲ့ ပိုပြီးအကြမ်းဖက်ခဲ့တယ်။ ဗယ်လရီကိုပဲမဟုတ်ဘူး၊ သက်သေခံတွေကိုလည်း အဲဒီလိုပဲ ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်တော့်ရဲ့ လေးနှစ်သား ဒံနီယယ် ရုတ်တရက်ဖျားပြီး ဆေးရုံတင်လိုက်ရတယ်၊ သုံးပတ်လောက်ကြာတယ်။ အဲဒီအချိန်အတွင်းမှာ သက်သေခံတွေက အများကြီးကူညီပေးခဲ့တယ်၊ ကျွန်တော်တို့ရဲ့ ခြောက်နှစ်သမီး ဒေဇီရာကိုလည်း ကြည့်ပေးခဲ့ကြတယ်။ ညဆိုင်းအလုပ်ဝင်ထားတဲ့ သက်သေခံတစ်ယောက်က ဗယ်လရီခဏအိပ်နိုင်ဖို့အတွက် ဒံနီယယ်ကို နေ့ဘက်မှာစောင့်ကြည့်ပေးခဲ့တယ်။ ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့တဲ့ ဒီလူတွေရဲ့ကြင်နာမှုက ကျွန်တော့်စိတ်ကို အရမ်းထိမိစေခဲ့တယ်။ စစ်မှန်တဲ့ခရစ်ယာန်တွေပဲဆိုတာ ကျွန်တော်လက်ခံခဲ့ပြီး ကျမ်းစာလေ့လာချင်တယ်လို့ တောင်းဆိုလိုက်တယ်။ ကျမ်းစာလေ့လာနေရင်း ယောက်ျားတစ်ယောက်ဟာ ကိုယ့်ဇနီးကို ဘယ်လိုဆက်ဆံသင့်တယ်၊ ဘယ်လိုမဆက်ဆံသင့်ဘူးဆိုတာ သိလာတယ်။ ဒါနဲ့ ကျွန်တော့်ရဲ့အကြမ်းဖက်အပြုအမူတွေ၊ လုပ်ရပ်တွေကို အပြီးရပ်ဆိုင်းလိုက်တယ်။ နောက်ဆုံး ကျွန်တော် ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်။
ဒီလိုပြောင်းလဲအောင် ဘယ်ကျမ်းစာမူတွေက ကူညီပေးခဲ့သလဲ။
ထရွိုင်– အများကြီးပါပဲ။ ၁ ပေတရု ၃:၇ က ဇနီးသည်ကို “ဂုဏ်တင်” သင့်တယ်လို့ ပြောထားတယ်။ ဂလာတိ ၅:၂၃ က “နူးညံ့သိမ်မွေ့ခြင်း” နဲ့ “ချုပ်တည်း ခြင်း” ကိုတင်ပြဖို့ အားပေးတယ်။ ဧဖက် ၄:၃၁ က “ဆဲဆိုခြင်း” ကို ပြစ်တင်ရှုတ်ချထားတယ်။ ဘုရားသခင့် “ရှေ့မှောက်တော်တွင် အရာခပ်သိမ်းသည် ဖုံးကွယ်ထားခြင်းမရှိဘဲ လှစ်ဟလျက်ရှိ၏” ဆိုပြီး ဟေဗြဲ ၄:၁၃ မှာ ဖော်ပြထားတယ်။ ကျွန်တော့်ရဲ့ အပြုအမူတွေကို အိမ်နီးချင်းတွေမမြင်ပေမဲ့ ဘုရားသခင်မြင်တယ်။ “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်” တဲ့အတွက် ကျွန်တော့်ရဲ့အပေါင်းအသင်းတွေကို ဖြတ်ဖို့လိုပြီဆိုတာကိုလည်း သိလာခဲ့တယ်။ (၁ ကောရိန္သု ၁၅:၃၃) ကျွန်တော့်ရဲ့အရင်မိတ်ဆွေတွေက အကြမ်းဖက်တဲ့လုပ်ရပ်တွေကို အားပေးကြတယ်။ မိန်းမကို “ထိန်းချုပ်” ဖို့ဆိုရင် ရိုက်ပေးရမယ်လို့ သူတို့ထင်နေကြတာ။
အခုတော့ အိမ်ထောင်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။
ဗယ်လရီ– ထရွိုင် ယေဟောဝါသက်သေဖြစ်လာတာ ၂၅ နှစ်ရှိပြီ။ အဲဒီအချိန်ကစပြီး သူ ကျွန်မအပေါ် တကယ်မေတ္တာရှိလာတယ်၊ ကြင်ကြင်နာနာဆက်ဆံလာတယ်၊ ထောက်ထားညှာတာပေးလာတယ်။
ထရွိုင်– ကျွန်တော့်မိသားစုအပေါ် မှားခဲ့တဲ့အရင်ကအမှားတွေကိုတော့ ကျွန်တော် မပြောင်းလဲနိုင်တော့ဘူး။ တကယ်တော့ ကျွန်တော့်ဇနီးကို အဲဒီလိုမျိုး လုံးဝမဆက်ဆံသင့်ဘူး။ အတိတ်ပုံရိပ်ဆိုးတွေကို သတိရတော့မှာမဟုတ်ဘူးဆိုတဲ့ ဟေရှာယ ၆၅:၁၇ ပါ ဘုရားသခင့်ကတိတော် ပြည့်စုံမယ့်အချိန်ကို ကျွန်တော် စောင့်မျှော်နေပါတယ်။
အိမ်တွင်းအကြမ်းဖက်မှု ကြုံနေရတဲ့ မိသားစုတွေကို ဘာအကြံပေးချင်ပါသလဲ။
ထရွိုင်– သင်ဟာ မိသားစုကို ကိုယ်ထိလက်ရောက် ဒါမှမဟုတ် နှုတ်နဲ့ အကြမ်းဖက်နေသူတစ်ယောက်ဆိုရင် သင်အကူအညီလိုအပ်နေပြီဆိုတာ အသိအမှတ်ပြုပါ၊ အကူအညီကို ရယူပါ။ ရရှိနိုင်တဲ့အကူအညီတွေက အများကြီးပါပဲ။ ကျွန်တော့်အတွက်တော့ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာတာ၊ သူတို့နဲ့ပေါင်းသင်းတာက ကျွန်တော့်စိတ်ထဲနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကြမ်းတမ်းခက်ထန်မှုကို ဖျောက်ပစ်ဖို့ အထောက်အကူပေးခဲ့တယ်။
ဗယ်လရီ– ကိုယ့်အခြေအနေကို တခြားသူတစ်ယောက်ယောက်ရဲ့အခြေအနေနဲ့ အလျင်စလို မနှိုင်းယှဉ်ပါနဲ့။ သင့်အတွက်အကောင်းဆုံးလမ်းစဉ်ကို သိထားတယ်လို့ ထင်နေသူတွေရဲ့အကြံဉာဏ်ကို အလျင်စလို မလိုက်ပါနဲ့။ နောက်ဆုံးရလဒ်က တစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပေမဲ့ ကျွန်မကတော့ ခင်ပွန်းကို မစွန့်ခွာခဲ့တာကိုပဲ ဝမ်းသာမိတယ်။ အခုတော့ ကျွန်မတို့မှာ နွေးထွေးတဲ့ဆက်ဆံရေးမျိုး ရှိနေပြီ။
အိမ်တွင်းအကြမ်းဖက်မှု အဆုံးတိုင်မယ့်အချိန်
သမ္မာကျမ်းစာက ခုလို ဆိုတယ်– “ကျမ်းဂန်ရှိသမျှ သည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ၏။” (၂ တိမောသေ ၃:၁၆) ဖော်ပြခဲ့တဲ့ ထရွိုင်လိုပါပဲ၊ ခက်ထန်ကြမ်းတမ်းတဲ့ အိမ်ထောင်ဖက်များစွာဟာ သမ္မာကျမ်းစာရဲ့အကြံဉာဏ်တွေကို လိုက်လျှောက်ခဲ့ကြပြီး သူတို့ရဲ့အတွေးအခေါ်၊ အပြုအမူတွေကို ပြောင်းလဲခဲ့ကြတယ်။
သမ္မာကျမ်းစာက သင့်အိမ်ထောင်ကို ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတဲ့အကြောင်း ထပ်သိချင်ပါသလား။ ဒေသခံယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ကြည့်ပါ၊ ဒါမှမဟုတ် www.mr1310.com/mya ကိုဝင်ကြည့်ပါ။
^ အပိုဒ်၊ 3 ဒီဆောင်းပါးမှာ နာမည်တချို့ ပြောင်းထားပါတယ်။
^ အပိုဒ်၊ 8 မိန်းမဖြစ်သူရဲ့ ရိုက်နှက်တာခံရတဲ့ယောက်ျား အတော်အတန်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုကို တိုင်ကြားတဲ့အဖြစ်အပျက်အများစုမှာ ယောက်ျားတွေက ကျူးလွန်တာဖြစ်တယ်။