တွေ့ဆုံမေးမြန်းခန်း | ဖရေဒရယ်လိခ် ဒူမူလန်
“ဖန်ဆင်းရှင်တစ်ပါး ရှိကိုရှိရမယ်”
ဖရေဒရယ်လိခ် ဒူမူလန်ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဂန့်တ်တက္ကသိုလ်က ဆေးဝါးသုတေသနမှာ ဆယ်နှစ်ကျော် အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ အရင်တုန်းက သူဟာ ဘုရားမဲ့ဝါဒီ တစ်ဦးပါ။ နောက်ပိုင်းမှာတော့ အသက်ကိုဖန်ဆင်းတဲ့ ဘုရားသခင်ရှိတယ်လို့ ယုံကြည်လာခဲ့တယ်။ အခု ယေဟောဝါသက်သေတစ်ဦးဖြစ်နေပြီဖြစ်တဲ့ ဖရေဒရယ်လိခ်ကို သူ့အလုပ်နဲ့ ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာသလဲဆိုတာ နိုးလော့! က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ကလေးဘဝတုန်းက ဘာသာတရားနဲ့ပတ်သက်ပြီး အမှတ်ရစရာ ရှိပါသလား။
ရှိပါတယ်။ အမေက ရိုမန်ကက်သလစ်ပါ။ ကက်သလစ်တွေရဲ့ ခရူးဆိတ်စစ်ပွဲတွေ၊ ဘာသာမတူတဲ့သူတွေကို ဖိနှိပ်ခဲ့တဲ့အဖြစ်အပျက်တွေအကြောင်း ဖတ်ရတဲ့အခါ ဘာသာရေးကို ရွံမုန်းလာပြီး လုံးဝမပတ်သက်ချင်တော့ဘူး။ တခြားအကြောင်းဖတ်တော့လည်း ဘာမှမထူးဘူး။ ဘာသာတရားတွေမှာ ယိုယွင်းဖောက်ပြန်နေတာတွေက ဘုရားမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲလို့ ကျွန်တော် အသက် ၁၄ နှစ်အရွယ်မှာ ကောက်ချက်ချ ခဲ့တယ်။ ကျောင်းမှာ ဆင့်ကဲသီအိုရီသင်ပေးတော့ အသက်ဆိုတာ သဘာဝအတိုင်း ဆင့်ကဲဖြစ်လာတယ်လို့ ယုံကြည်ခဲ့တယ်။
သိပ္ပံကို ဘာကြောင့်စိတ်ဝင်စားတာလဲ။
အသက်ခုနစ်နှစ်မှာ အဏုကြည့်မှန်ဘီလူးတစ်ခု လက်ဆောင်ရပြီး အဲဒါက ကျွန်တော်အကြိုက်ဆုံး ကစားစရာဖြစ်လာတယ်။ လိပ်ပြာလေးတွေလိုမျိုး စိတ်ဝင်စားစရာကောင်းတဲ့ ပိုးကောင်လေးတွေ၊ တခြားအရာတွေကို မှန်ဘီလူးနဲ့ကြည့်ပြီး လေ့လာခဲ့တယ်။
အသက်ရဲ့မူလအစကိုရော ဘာကြောင့် စိတ်ဝင်စားလာတာလဲ။
အသက် ၂၂ နှစ်ရောက်တဲ့အခါ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ သိပ္ပံပညာရှင်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ သူက အသက်ကို ဘုရားသခင် ဖန်ဆင်းတယ်လို့ ယုံကြည်သူဖြစ်တယ်။ အဲဒါက ကျွန်တော့်အတွက် အဆန်းဖြစ်နေတယ်။ သူ့ယုံကြည်ချက်မှားတယ်ဆိုတာ လွယ်လွယ်လေးနဲ့ ထောက်ပြနိုင်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။ ကျွန်တော့်ရဲ့မေးခွန်းတွေကို ယုတ္တိရှိရှိပြန်ဖြေပေးတော့ ကျွန်တော် အံ့သြခဲ့ရတယ်။ ဒါနဲ့ ဘုရားသခင်ကို ယုံကြည်တဲ့သူတွေအကြောင်း စပ်စုချင်လာတယ်။
လအနည်းငယ်ကြာပြီးနောက် ဆေးပညာဘက်မှာ တော်တော်လေးနှံ့စပ်တဲ့ သက်သေခံနောက်တစ်ယောက်နဲ့ ဆုံပြန်တယ်။ သူ့ရဲ့ယုံကြည်ချက်ကို ကျွန်တော့်ကို ဝေမျှပေးချင်တယ်လို့ ပြောတဲ့အခါ လူတွေဘာကြောင့် ဘုရားသခင်ကို ယုံကြည်ကြတာလဲဆိုတာ သိချင်လို့ လက်ခံလိုက်တယ်။ လှည့်စားခံနေရတဲ့ သူ့ကို ကယ်တင်ချင်တာလည်းပါတယ်။
သူမှားနေတယ်ဆိုတာကို ထောက်ပြပေးနိုင်ခဲ့သလား။
မပြပေးနိုင်ခဲ့ဘူး။ ဒါနဲ့ အသက်ရဲ့အစနဲ့ပတ်သက်တဲ့ သီအိုရီတွေကို ကျွန်တော်
ပြန်ဆန်းစစ်လေ့လာခဲ့တယ်။ သက်ရှိဆဲလ်တွေထဲက အရိုးရှင်းဆုံးဆဲလ်ရဲ့ တည်ဆောက်ပုံကတောင် အလွန့်အလွန်ရှုပ်ထွေးနေတဲ့အတွက် အဲဒီဆဲလ်ဟာ ဒီကမ္ဘာပေါ်ကနေ စတင်ဖြစ်ပေါ်လာတာ မဖြစ်နိုင်ဘူးလို့ နာမည်ကြီး သိပ္ပံပညာရှင်တချို့ ပြောတာကို တွေ့ရတော့ ကျွန်တော် အံ့ဩသွားတယ်။ သူတို့ထဲကတချို့က အဲဒီဆဲလ်တွေဟာ စကြဝဠာအပြင်ဘက်ကနေ လာတာဖြစ်ရမယ်လို့ ထင်ကြတယ်။ သက်ရှိရဲ့အစနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ အများကြီးပဲ။သဘောတူညီတဲ့အချက်ကော ရှိပါသလား။
သိပ္ပံပညာရှင်တော်တော်များများကတော့ အသက်ဆိုတာ သက်မဲ့အရာကနေ သဘာဝအတိုင်း တစ်နည်းနည်းနဲ့ အဆင့်ဆင့်ဖြစ်ပေါ် ပြောင်းလဲလာတယ်လို့ လက်ခံကြတယ်။ ‘အသက်ဘယ်လိုဖြစ်လာသလဲဆိုတာ သေချာမသိဘူးဆိုရင် အဆင့်ဆင့်ပြောင်းလဲမှုကနေ အသက်ဖြစ်ပေါ်လာတယ်လို့ ဘာကြောင့် သေချာပေါက် ပြောနိုင်ရတာလဲ’ လို့စဉ်းစားမိတယ်။ ဒါနဲ့ အသက်ရဲ့အစနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာပြောဆိုချက်ကို စလေ့လာတော့တယ်။
သမ္မာကျမ်းစာကိုလေ့လာပြီး ဘယ်လိုကောက်ချက်ချခဲ့သလဲ။
သမ္မာကျမ်းစာကို လေ့လာလေ ကျမ်းစာအဆိုမှန်တယ်ဆိုတာ ပိုယုံကြည်လာလေပဲ။ ဥပမာ၊ စကြဝဠာမှာ အစရှိတယ်ဆိုတဲ့ အထောက်အထားကို သိပ်မကြာသေးခင်ကမှ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅၀၀ ခန့်ကရေးသားခဲ့တဲ့ သမ္မာကျမ်းစာအဖွင့်စကားမှာပဲ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” လို့ရေးထားတယ်။ * သိပ္ပံနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်အားလုံး မှန်ကန်နေတာကိုလည်း တွေ့ရတယ်။
သိပ္ပံနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်အားလုံး မှန်ကန်နေတာကိုလည်း တွေ့ရတယ်
သိပ္ပံပညာက ဘုရားသခင်ကို ယုံကြည်ဖို့ အခက်တွေ့စေသလား။
မတွေ့စေပါဘူး။ ဘုရားသခင်ရှိတယ်ဆိုပြီး ကျွန်တော် စယုံကြည်လာချိန်မှာ တက္ကသိုလ်မှာ သိပ္ပံသုတေသနလုပ်နေတာ သုံးနှစ်ရှိပြီ။ ဒီနေ့အချိန်အထိ သက်ရှိတွေရဲ့ ဒီဇိုင်းတွေကို လေ့လာလေ ဖန်ဆင်းရှင်တစ်ပါး ရှိကိုရှိရမယ်ဆိုတာ ယုံကြည်လေပဲ။
ဥပမာတစ်ခုလောက် ပြောပြနိုင်မလား။
ဟုတ်ကဲ့။ ဆေးဝါးနဲ့ အဆိပ်တွေဟာ သက်ရှိ သတ္တဝါတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ ဆိုတာကို ကျွန်တော်သုတေသနပြုရတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အန္တရာယ်ရှိတဲ့ဒြပ်ပစ္စည်းတွေ၊ ဘက်တီးရီးယားပိုးမွှားအန္တရာယ်ကနေ ကာကွယ်ပုံကို ကျွန်တော်အရမ်းအံ့သြတယ်။ ဦးနှောက်ထဲမှာ ကျွန်တော်တို့ရဲ့သွေးနဲ့ ဦးနှောက်ဆဲလ်တွေကို ခွဲခြားထားတဲ့ အရံအတားတစ်ခုရှိတယ်။
အဲဒါက ဘယ်လိုများထူးခြားမှုရှိသလဲ။
သွေးကြောထဲဝင်သွားတဲ့အရာအားလုံးဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးဆီ ရောက်ပေမဲ့ ဦးနှောက်နဲ့ ကျောရိုးနဗ်ကြောထဲကိုတော့ မရောက်ဘူးဆိုတာကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်မှာ ပညာရှင်တွေ သတိပြုမိခဲ့တယ်။ အဲဒီအချက်ကို ကျွန်တော် တော်တော်လေးအံ့သြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးနှောက်ဆဲလ်အားလုံးဆီကို ဆံခြည်မျှင်သွေးကြောလေးတွေကနေတစ်ဆင့် သွေးစီးဆင်းလှည့်ပတ်နေတယ်။ သွေးလှည့်ပတ်မှုကြောင့် ဦးနှောက်ဆဲလ်အားလုံးဟာ သန့်စင်သွားတယ်၊ အာဟာရပြည့်သွားပြီး အောက်ဆီဂျင်ရရှိစေတယ်။ ဒါဆိုရင် သွေးနဲ့ ဦးနှောက်ဆဲလ်တွေကို ဘယ်လိုများ ခြားထားတာလဲ။ အဲဒါက နှစ်တော်တော်ကြာတဲ့အထိ ပဟေဠိဖြစ်ခဲ့တယ်။
အရံအတားက ဘယ်လိုအလုပ်လုပ်သလဲ။
ဆံခြည်မျှင်သွေးကြောရဲ့နံရံတွေဟာ အပြင်ကအရာနဲ့ အထဲကအရာကို ခွဲခြားထားတဲ့ ပလတ်စတစ်ပိုက်နံရံတွေနဲ့မတူဘူး။ သွေးကြောနံရံတွေဟာ ဆဲလ်တွေနဲ့တည်ဆောက်ထားတာဖြစ်တယ်။ သွေးထဲမှာပါတဲ့ ဒြပ်ပစ္စည်းတွေနဲ့ ပိုးမွှားတွေဟာ သွေးကြောနံရံမှာရှိတဲ့ ဆဲလ်တစ်ခုနဲ့ တစ်ခုကြားကနေ ဖြတ်သန်းသွားလာနိုင်တယ်။ ဒါပေမဲ့ ဦးနှောက်မှာရှိတဲ့ သွေးကြောနံရံဆဲလ်တည်ဆောက်ပုံက အဲဒါနဲ့မတူဘူး။ ဆဲလ်တစ်ခုနဲ့တစ်ခု ခိုင်ခိုင်ခံ့ခံ့တွယ်ကပ်ထားကြတယ်။ အဲဒီဆဲလ်တွေ တစ်ခုနဲ့တစ်ခုကြား အခိုင်အမာတွယ်ကပ်ထားပုံကို ကျွန်တော် တကယ်အံ့သြတယ်။ ရှုပ်ထွေးနက်နဲတဲ့ ဆဲလ်တည်ဆောက်ပုံက အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ သကြားဓာတ်တွေကို ခွဲခြားသိရှိတဲ့အတွက်ကြောင့် အဲဒါတွေကို သွေးကြောနံရံကိုဖြတ်သွားစေပြီး ဦးနှောက်ကို ပုံမှန်အလုပ်လုပ်စေပါတယ်။ ဒါပေမဲ့ တခြားဒြပ်ပေါင်းတွေ၊ ပရိုတင်းတွေနဲ့ ဆဲလ်တွေကိုတော့ ပေးမဝင်ဘူး။ ဦးနှောက်နဲ့သွေးကြောကြားမှာရှိတဲ့ အရံအတားဟာ အရမ်းကိုနက်နဲ သိမ်မွေ့တဲ့နည်းနဲ့ အလုပ်လုပ်ပါတယ်။ ကျွန်တော့်အတွက်တော့ အဲဒီလုပ်ဆောင်မှုက သူ့အလိုလိုမဖြစ်လာနိုင်ဘူးဆိုတဲ့ အထောက်အထားပါပဲ။