သမ္မာကျမ်းစာရှုထောင့်
လူမျိုးရေးခွဲခြားမှု
လူသားမျိုးနွယ်တွေ ဘယ်ကနေ ဆင်းသက်လာကြတာလဲ
‘အာဒံသည် မိမိမယားကို ဧဝအမည်ဖြင့်မှည့်လေ၏။ အကြောင်းမူကား သူသည် အသက်ရှင်သောသူ အပေါင်းတို့၏ အမိဖြစ်သတည်း။’ —ကမ္ဘာဦး ၃:၂၀။
ပညာရှင်တွေပြောဆိုရာ
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က “လူသားအားလုံးဟာ မျိုးစိတ်တစ်ခုတည်းဖြစ်ပြီး ဘိုးဘေးတစ်ဦးကနေပဲ ဆင်းသက်လာတာဖြစ်တယ်” လို့ ဖော်ပြခဲ့တယ်။—လူမျိုးရေး တစ်ဖက်သတ်အစွဲနဲ့ပတ်သက်တဲ့ ကြေညာစာတမ်း၊ ၁၉၇၈။
သမ္မာကျမ်းစာပြောဆိုရာ
ဘုရားသခင်က လူသားနှစ်ဦးဖြစ်တဲ့ အာဒံနဲ့ဧဝကို ဖန်ဆင်းပြီးနောက် “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” လို့ပြောခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈) ဒါကြောင့် အာဒံနဲ့ဧဝဟာ ကမ္ဘာပေါ်က လူသားအားလုံးရဲ့ အမိနဲ့အဖ ဖြစ်ပါတယ်။ နောက်ပိုင်း ရေလွမ်းမိုးဘေးနဲ့ ကမ္ဘာကို သုတ်သင်ရှင်းလင်းတဲ့အခါ နောဧ၊ နောဧမိန်းမ၊ နောဧသားသုံးယောက်နဲ့ ချွေးမသုံးယောက် အသက်ရှင်ကျန်ရစ်ခဲ့တယ်။ ဒီနေ့အသက်ရှင်နေတဲ့ လူသားအားလုံးဟာ နောဧရဲ့သား သုံးယောက်ကနေ ဆင်းသက်လာတာဖြစ်တယ်လို့ သမ္မာကျမ်းစာက သွန်သင်ပါတယ်။—ကမ္ဘာဦး ၉:၁၈၊ ၁၉။
လူတစ်မျိုးဟာ နောက်တစ်မျိုးထက် ပိုသာလွန်မြင့်မြတ်ပါသလား
“ဘုရားသခင်သည် လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်းတော်မူ၍ မြေတစ်ပြင်လုံးတွင် နေထိုင်စေတော်မူ၏။”—တမန်တော် ၁၇:၂၆။
လူတချို့ပြောဆိုရာ
၂၀ ရာစုအတွင်းမှာ လူမျိုးရေးခွဲခြားတဲ့ အတွေးအခေါ်တွေ လူတချို့မှာ ရှိလာခဲ့တယ်။ ဥပမာ၊ နာဇီတွေက မိမိတို့ရဲ့ မျိုးရိုးဗီဇဟာ တခြားသူတွေထက် ပိုမြင့်တဲ့အတွက် တခြားလူမျိုးတွေထက် ပိုသာတယ်လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ယူနက်စကိုထုတ်ပြန်တဲ့ စာတမ်းမှာကျတော့ “လူသားမျိုးနွယ်အားလုံးဟာ တူညီတဲ့ဘိုးဘေးကနေပဲ ဆင်းသက်လာကြတဲ့အတွက် တန်းတူဖြစ်တယ်” လို့ဖော်ပြခဲ့တယ်။
သမ္မာကျမ်းစာပြောဆိုရာ
တမန်တော် ၁၀:၃၄၊ ၃၅ မှာ ဒီလိုဆိုထားပါတယ်– “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။” ဒါကြောင့် လူမျိုးတစ်မျိုးဟာ တခြားလူမျိုးထက်သာတယ်ဆိုတာ မရှိပါဘူး။
“သင်တို့အပေါင်းသည် ညီအစ်ကိုများဖြစ်ကြ၏” လို့ ယေရှုပြောတဲ့စကားက ခရစ်ယာန်တွေအတွက် စံနှုန်းဖြစ်ပါတယ်။ (မဿဲ ၂၃:၈) မိမိရဲ့နောက်လိုက်တွေဟာ စိတ်ဝမ်းကွဲမှု၊ ခွဲခြားမှုမရှိဘဲ “တစ်လုံးတစ်ဝတည်း၊” စည်းစည်းလုံးလုံးရှိဖို့ ယေရှု ဆုတောင်းပေးခဲ့တယ်။ —ယောဟန် ၁၇:၂၀-၂၃; ၁ ကောရိန္သု ၁:၁၀။
လူမျိုးရေးခွဲခြားမှု တစ်နေ့ အဆုံးတိုင်မလား
“နောက်ဆုံးသောကာလ၌ ထာဝရ ဘုရား၏ အိမ်တော်တည်သောတောင်သည် . . . ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” —ဟေရှာယ ၂:၂။
လူတချို့ယူဆရာ
လူမျိုးရေးစိတ်ဓာတ်တွေ ဆက်ပြင်းထန်နေတဲ့အတွက် လူမျိုးရေးခွဲခြားမှုကို ဖြေရှင်းတဲ့ကိစ္စမှာ တိုးတက်မှုရှိပါ့မလားဆိုပြီး လူများစွာက သံသယဝင်ကြတယ်။ လူမျိုးရေးခွဲခြားမှုမရှိတဲ့ကမ္ဘာကို ဘယ်တော့မှ မြင်ရမှာမဟုတ်ဘူးလို့ တချို့ ကောက်ချက်ချကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ
လူမျိုးရေးခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုတွေကို ဘုရားသခင် ဆက်ခွင့်ပြုမှာမဟုတ်ပါဘူး။ ဘုရားသခင်ရဲ့နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ လူလူချင်း စစ်မှန်တဲ့မေတ္တာနဲ့ချစ်ပြီး စည်းလုံးစွာ ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်သွားကြမှာဖြစ်တယ်။ (ဗျာဒိတ် ၇:၉) ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကမ္ဘာတစ်ခုလုံးကိုအုပ်စိုးမယ့် အစိုးရတစ်ခုဖြစ်ပြီး လူသားအားလုံးဟာ ကမ္ဘာပေါ်မှာ လူမျိုးရေးခွဲခြားမှုမရှိဘဲ အတူယှဉ်တွဲ နေထိုင်သွား ကြမှာဖြစ်တယ်။ *
^ စာပိုဒ်၊ 15 ထပ်ဆင့်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ် အခန်း ၃ ကိုကြည့်ပါ။