သမ္မာကျမ်းစာရှုထောင့်
ဆုတောင်းခြင်း
ဆုတောင်းတာကို နားထောင်ပေးတဲ့သူ ရှိသလား။
“ပတ္ထနာစကား (ဆုတောင်းစကား) ကိုနားထောင်တော်မူသောဘုရား ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။”—ဆာလံ ၆၅:၂။
လူတွေပြောဆိုရာ–
ဆုတောင်းစကားတွေက “မျက်နှာကြက်ရဲ့အထက်ကိုတောင် မတက်ဘူး” လို့ တချို့က ပြောတယ်။ အထူးသဖြင့် ဒုက္ခရောက်နေတဲ့သူတွေက သူတို့ရဲ့ဆုတောင်းစကားတွေကို နားထောင်ပေးတဲ့သူရှိရဲ့လားဆိုပြီး သံသယဝင်နေတတ်ကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
“ယေဟောဝါဘုရား၏ မျက်စိတော်သည် ဖြောင့်မတ်သူများကို ကြည့်ရှုပြီး နားတော်သည် သူတို့၏တိုးလျှိုးအသနားခံချက်ကို နားညောင်းတော်မူ၏။ မကောင်းမှုပြုသူများကိုမူကား ယေဟောဝါဘုရားသည် မျက်နှာလွှဲတော်မူ၏။” (၁ ပေတရု ၃:၁၂) ဘုရားသခင်က ဆုတောင်းစကားတွေကို နားထောင်ပါတယ်။ အထူးသဖြင့် ဘုရားသခင်ရဲ့ ပညတ်၊ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်တဲ့သူတွေရဲ့ ဆုတောင်းစကားကို ကိုယ်တော် နားထောင်ပေးတယ်။ ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ ဘုရားသခင် လိုလိုလားလားနားထောင်တာနဲ့ ပတ်သက်ပြီး ကျမ်းစာမှာ “အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း ငါတို့ယုံကြည်စိတ်ချကြ၏” လို့ ဖော်ပြထားတယ်။ (၁ ယောဟန် ၅:၁၄) စိတ်ရင်းမှန်နဲ့ အသနားခံဆုတောင်းတဲ့သူက ဘယ်လိုဆုတောင်းချက်တွေဟာ ဘုရားသခင့်အလိုတော်နဲ့ညီသလဲဆိုတာ သိထားဖို့လိုတယ်။
ဘယ်လို ဆုတောင်းသင့်သလဲ။
“ဆုတောင်းသည့်အခါ . . . စကားတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ဆိုကြနှင့်။” —မဿဲ ၆:၇။
လူတွေပြောဆိုရာ–
ဘာသာတရားအများစုက လူတွေဟာ ပုတီးစိပ်ပြီး ဆုတောင်းတဲ့အခါ ဘယ်နှစ်ခါစိပ်ပြီးပြီလဲဆိုတာကို ရေတွက်ကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
ဆုတောင်းစကားတွေဟာ စိတ်ရင်းမှန်နဲ့ဖြစ်သင့်တယ်။ နှုတ်ကနေ တတွတ်တွတ်ရွတ်ပြီး မစဉ်းစားဘဲ ဆုမတောင်းသင့်ဘူး။ “ဆုတောင်းသည့်အခါ လူမျိုးခြားတို့နည်းတူ စကားတစ်မျိုးတည်းကို အထပ်ထပ် မရွတ်ဆိုကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် နားညောင်းခံရမည်ဟု ထင်မှတ်ကြ၏။ ထိုသူတို့နည်းတူ မပြုကြနှင့်။ သင်တို့၏အဖ ဘုရားသခင်သည် သင်တို့လိုအပ်သည့်အရာများကို မတောင်းမီကပင် သိတော်မူ၏။”—မဿဲ ၆:၇၊ ၈။
ဘာကြောင့် အရေးကြီး–
ဘုရားသခင်ကြိုက်နှစ်သက်တဲ့နည်းနဲ့ ဆုမတောင်းဘူးဆိုရင် အချိန်ကုန်တာပဲ ရှိမယ်။ ဘုရားသခင်လည်း ကြိုက်မှာ မဟုတ်ဘူး။ ဘုရားသခင့်အလိုတော်အတိုင်း မလုပ်တဲ့သူရဲ့ ဆုတောင်းစကားက ဘုရားသခင်အတွက် “စက်ဆုပ်ရွံရှာဖွယ်” ဖြစ်လိမ့်မယ်လို့ ကျမ်းစာထဲမှာ ဖော်ပြထားတယ်။—သုတ္တံ ၂၈:၉။
ဘယ်သူ့ဆီမှာ ဆုတောင်းသင့်သလဲ။
“ယေဟောဝါကို တွေ့နိုင်တုန်းမှာ ရှာကြပါ။ ကိုယ်တော်အနားမှာ ရှိနေတုန်း ခေါ်ကြပါ။” —ဟေရှာယ ၅၅:၆၊ ကဘ။
လူတွေပြောဆိုရာ–
ကောင်းကင်တမန်တွေ၊ သူတော်စင် (စိန့်) ဆိုပြီး ယူမှတ်ကြတဲ့ မာရိနဲ့ တခြားပုဂ္ဂိုလ်တွေဆီမှာ တချို့က ဆုတောင်းကြတယ်။ အဲဒီပုဂ္ဂိုလ်တွေထဲက “ဘုရား ရေးရာကိစ္စတွေနဲ့ ကာယရေးပိုင်း” ကို ကူညီပေးတယ်လို့ ယူမှတ်ကြတဲ့ ပက်ဒူအာမြို့က စိန့် အန်တိုနီ၊ “မျှော်လင့်ချက်ကင်းမဲ့နေတဲ့အခြေအနေတွေ” မှာ ကာကွယ်စောင့်ရှောက်ပေးတယ်လို့ ယူဆကြတဲ့ စိန့် ဂျုဒ် ဆီမှာ တချို့က ဆုတောင်းကြတယ်။ ဘုရားသခင်ကို ဝတ်ပြုသူအတော်များများက သူတို့အတွက် ကြားဝင်ဆုတောင်းပေးဖို့ အဲဒီသူတော်စင် တွေနဲ့ ကောင်းကင်တမန်တွေဆီမှာ ဆုတောင်းကြတယ်။
သမ္မာကျမ်းစာပြောဆိုရာ–
စစ်မှန်တဲ့ဘုရားသခင်ကို ကိုးကွယ်သူတွေက “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ” ဆီကိုပဲ ဆုတောင်းသင့်တယ်။ (မဿဲ ၆:၉) ကျမ်းစာမှာ ဒီလို တိုက်တွန်းထားပါတယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။” —ဖိလိပ္ပိ ၄:၆။