“မြင်သာတဲ့ အထိမ်းအမှတ်”
ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ မိုတိုယာစုမြစ် အရှေ့ဘက်ကမ်းမှာ ၁၉၄၅ ခုနှစ်ကတည်းက တချို့အပိုင်းတွေ ပျက်စီးနေတဲ့ အဆောက်အအုံပျက်တစ်ခု ရှိပါတယ်။ အနှစ် ၇၀ နီးပါးကြာတဲ့အထိ မပြင်ဘဲ ဘာကြောင့် ဒီအတိုင်းထားကြတာလဲ။
အဲဒီအဆောက်အအုံကို ၁၉၁၅ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်။ အုတ်၊ အင်္ဂတေတွေနဲ့ဆောက်ထားတဲ့ သုံးထပ်တိုက်ဖြစ်ပြီး စက်မှုလက်မှုလုပ်ငန်းတိုးတက်မှု ပြခန်းအနေနဲ့ အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ၁၉၄၅၊ ဩဂုတ် ၆ ရက်၊ မနက် ၈ နာရီ ၁၅ မိနစ်မှာ အခြေအနေပြောင်းလဲသွားတယ်။ စစ်ပွဲတွေထဲမှာ ပထမဆုံးသုံးခဲ့တဲ့ အဏုမြူဗုံးတစ်လုံးဟာ အဲဒီပြခန်းအပေါ်တည့်တည့် ပေ ၁,၈၀၀ အမြင့်မှာ ပေါက်ကွဲခဲ့တယ်။ အဆောက်အအုံထဲမှာရှိတဲ့သူတွေ ချက်ချင်း သေဆုံးသွားခဲ့ကြတယ်။ အဆောက်အအုံရဲ့ အလယ်ပိုင်းကတော့ မပျက်စီးဘဲ ကျန်ရစ်ခဲ့တယ်။
မပြုပြင်ဘဲ နဂိုအတိုင်းထားတဲ့ အဲဒီအဆောက်အအုံဟာ “လူတွေတီထွင်သမျှထဲမှာ အပြင်းထန်ဆုံးအဖျက်စွမ်းအားကို ဖော်ပြတဲ့ မြင်သာတဲ့ အထိမ်းအမှတ်” ဖြစ်တယ်ဆိုပြီး ယူနက်စကို * မှတ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။ ၁၉၉၆ ခုနှစ်မှာ အဲဒီအဆောက်အအုံကို ဟီရိုရှီးမား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်ခဲ့တယ်။
ဝမ်းနည်းစရာကတော့ အဲဒီလို မြင်သာတဲ့အမှတ်အသားတွေ ရှိနေတာတောင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ လောဘနဲ့ မုန်းတီးမှုတွေကြောင့် စစ်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် စစ်ပွဲတွေ အမြဲ ရှိသွားမှာလား။
ရှိမှာမဟုတ်ဘူးလို့ သမ္မာကျမ်းစာက ပြောတယ်။ ဆာလံ ၄၆:၉ မှာ “လေးကိုချိုးလျက်၊ လှံကိုအပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏” လို့ဆိုထားပါတယ်။ ဘုရားသခင်ဟာ လူ့အုပ်ချုပ်ရေးတွေနေရာမှာ ဘုရားသခင့်နိုင်ငံတော်နဲ့ အစားထိုးမှာဖြစ်ပြီး ယေရှုခရစ်တော်ကို “ဘုရင်တကာတို့၏ဘုရင်” အဖြစ်ခန့်အပ်ထားပြီးဖြစ်ပါတယ်။—ဗျာဒိတ် ၁၁:၁၅; ၁၉:၁၆။
ဘုရားနိုင်ငံတော်အုပ်ချုပ်တဲ့အခါ စစ်ကြောင့်ဖြစ်တဲ့ အထိမ်းအမှတ်တွေ ရှိတော့မှာမဟုတ်ဘူး။ ‘အရင်တုန်းကဖြစ်ခဲ့တာတွေကို သတိရတော့မှာမဟုတ်ဘူး။ အဲဒါတွေက စိတ်နှလုံးထဲမှာ ပေါ်လာတော့မှာမဟုတ်ဘူး’ လို့ ဟေရှာယ ၆၅:၁၇ [ကဘ] မှာဆိုထားပါတယ်။
^ စာပိုဒ်၊ 4 ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့။