မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြက်တူရွေးငါး—သဲထုတ်လုပ်တဲ့စက်လား

ကြက်တူရွေးငါး—သဲထုတ်လုပ်တဲ့စက်လား

သဲ ဘယ်လို ဖြစ်လာသလဲ။ ဖြစ်လာရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိတယ်။ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ကြက်တူရွေးငါးကြောင့်လည်း သဲဖြစ်လာတယ်ဆိုတာကို သိရရင် သင် အံ့သြသွားမှာ သေချာတယ်။

ကြက်တူရွေးငါးဟာ ကမ္ဘာတစ်ဝန်းက အပူပိုင်း ရေပြင်မှာ ကျက်စားကြတယ်။ သန္တာကျောက်ခက်တွေကို ညက်ညက်ကြေအောင် ဝါးမျိုပြီး အဲဒီထဲက အစာ အပိုင်းအစတွေ ထုတ်ယူပြီးနောက် ကျန်တာတွေကို သဲအဖြစ် စွန့်ထုတ်လိုက်တယ်။ အဲဒီလိုလုပ်ဖို့ ငှက်နှုတ်သီးနဲ့တူတဲ့ မေးရိုးကြီးတွေနဲ့ ကြံ့ခိုင်တဲ့နောက်သွားတွေကို အသုံးပြုတယ်။ တချို့မျိုးစိတ်တွေဟာ နှစ်ပေါင်း ၂၀ လောက်အထိ အသက်ရှင်ကြပြီး သွားတွေ မပျက်စီးဘူး။

တချို့နေရာတွေမှာ၊ ကြက်တူရွေးငါးက သန္တာကျောက်ခက်တွေကို တစ်ချိန်လုံး ဝါးပြီး သဲဖြစ်စေတာကြောင့် သဘာဝအတိုင်း ဖြစ်လာတဲ့ သဲထက် သူလုပ်တဲ့ သဲဟာ ပိုများတယ်။ သာမန်ကြက်တူရွေးငါးတစ်ကောင်ဟာ တစ်နှစ်ကို သဲကီလိုဂရမ် ရာနဲ့ချီ ထွက်စေတယ်လို့ သုတေသီတချို့ ခန့်မှန်းကြတယ်။

နက်ပြာရောင် ကြက်တူရွေးငါး

ကြက်တူရွေးငါးက နောက်ထပ်အရေးကြီးတဲ့ အလုပ်တစ်ခုကိုလည်း လုပ်ပေးတယ်။ ရေညှိစွဲနေတဲ့ သန္တာကျောက်ခက်တွေနဲ့ ရေမှော်ပင်တွေနားမှာ ကျက်စားနေတဲ့အတွက် သန္တာတွေဟာ သန့်ရှင်းနေတယ်။ အဲဒါကြောင့်လည်း သန္တာကျောက်တန်းတွေဟာ လှပနေတာဖြစ်တယ်။ ကြက်တူရွေးငါးနဲ့ အပင်၊ အရွက်တွေစားတဲ့ တခြားအကောင်တွေ မရှိတဲ့နေရာမှာ သန္တာကျောက်တန်းတွေဟာ ခဏလေးနဲ့ ရေညှိ၊ ရေမှော် ဖုံးလွှမ်းသွားတယ်။ “အပင်၊ အရွက်တွေစားတဲ့ အကောင်တွေကြောင့်သာမဟုတ်ရင် သန္တာကျောက်တန်းတွေဟာ အခုလို ပုံစံမျိုးရှိမှာ မဟုတ်ဘူးဆိုပြီး တချို့ ဆိုကြတယ်” လို့ စာအုပ်တစ်အုပ် (Reef Life) မှာ ဖော်ပြထားတယ်။

နေ့အချိန်မှာ အဲဒီလိုလုပ်နိုင်ဖို့ ကြက်တူရွေးငါးတွေဟာ ညမှာ ကောင်းကောင်း အနားယူကြတယ်။ ညအခါ၊ သန္တာကျောက်တန်းတစ်ဝိုက်မှာ အစာရှာတဲ့အကောင်တွေ များလွန်းလို့ အဲဒီမှာ အန္တရာယ်ရှိတယ်။ ကြက်တူရွေးငါးဟာ ငါးမန်းရန်ကနေ လွတ်ဖို့ ကျောက်တန်းအောက် ဂလိုင်ထဲမှာ ပုန်းပြီး အိပ်လေ့ရှိတယ်။ ပုန်းပေမဲ့လည်း မလွတ်တဲ့အခါတွေရှိတယ်။

အဲဒီအပြင် သူတို့ကိုယ်ကို အနံ့ဆိုးတဲ့အချွဲရည်တွေနဲ့ ရစ်ပတ်ပြီး အကာအကွယ်ယူကြသေးတယ်။ အဲဒီလို လုပ်ထားတာက ဖောက်ထွင်းမြင်နိုင်တဲ့ ညဝတ်အင်္ကျီ ဝတ်ထားတာနဲ့ တူတယ်။ ဒါကြောင့် အစာရှာတဲ့အကောင်တွေရဲ့ ရန်ကနေ အကာအကွယ်ရတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတယ်။

ကြက်တူရွေးငါးဟာ သန္တာကျောက်တန်းနေ ငါးတွေထဲမှာ သိသာထင်ရှားပြီး အလှဆုံး ဖြစ်တယ်။ ရောင်စုံရှိတဲ့ ကြက်တူရွေးငါး အထီးအမတွေဟာ ကြီးလာရင် အရောင်ပြောင်းသွားတယ်။ ငါးသိပ်မဖမ်းတဲ့နေရာတွေမှာ အဲဒီငါးတွေဟာ ပိုပြီး ယဉ်ပါးကြတယ်။ ဒါကြောင့် သူတို့ကို အနီးကပ် ကြည့်လို့ရတယ်။

ကြက်တူရွေးငါးတွေရဲ့ အနားသွားပြီး သန္တာတွေကို သူတို့ တကြွပ်ကြွပ် ဝါးနေပုံကို ကြည့်ရတာ၊ နားထောင်ရတာဟာ လေ့လာသူတွေအတွက် မမေ့နိုင် စရာပဲ။ ကြက်တူရွေးငါးတွေ အလှပြ လူးလာကူးခတ်ခြင်းက တခြားသတ္တဝါတွေလည်း ကျက်စားတဲ့ သန္တာကျောက်တန်းပတ်၀န်းကျင်ကို သန့်ရှင်းစေတယ်။ လူတွေရဲ့ စိတ်ကိုလည်း ကြည်နူးစေတယ်။