မျက်နှာဖုံးအကြောင်းအရာ | ဘဝအခြေအနေနောက် ရေစုန်မျောလိုက်တာ ဖြေရှင်းနည်းလား
အခက်အခဲ– မပြောင်းလဲနိုင်တဲ့ အခြေအနေများ
သင်ဟာ နာတာရှည်ရောဂါ ခံစားနေရသလား၊ အိမ်ထောင် ပြိုကွဲသွားသူလား၊ ချစ်ရသူသေဆုံးသွားတာကို ကြုံခဲ့ရသလား။ မပြောင်းလဲနိုင်တဲ့ အခြေအနေတွေကြောင့် ဘာမှ မလုပ်နိုင်မကိုင်နိုင်ဖြစ်ပြီး တစ်ခုခုဖြစ်လာဖို့ မျှော်လင့်နေနိုင်တယ်။ အဲဒီလိုအခြေအနေမျိုး ကြုံနေရရင် ကိုယ့်ဘဝအခြေအနေနဲ့ ဘယ်လိုနေထိုင်သွားနိုင်သလဲ။
ကျမ်းစာပုံနမူနာ– ပေါလု
ပထမရာစုက တမန်တော်ပေါလုဟာ ထက်သန်တဲ့ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ပြီး ခရီးတွေ ထွက်ခဲ့ရတယ်။ ဒါပေမဲ့ မတရားအဖမ်းခံရပြီး ရောမစစ်သားတွေ မျက်စိအောက်မှာ နှစ်နှစ်ကြာ အိမ်အကျယ်ချုပ် ချခံရတဲ့အခါ ခရီးမထွက်နိုင်တော့ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်နေမယ့်အစား သူလုပ်နိုင်တာ ဘာရှိသလဲဆိုတာ ရှာကြံခဲ့တယ်။ သူ့ဆီလာသမျှ သူတွေကို ကျမ်းစာနဲ့ နှစ်သိမ့်၊ ကူညီပေးခဲ့တယ်။ စာတော်တော်များများကိုတောင် ရေးခဲ့တယ်။ အခုဆိုရင် အဲဒီစာတွေဟာ သမ္မာကျမ်းစာထဲက ကျမ်းစောင်တွေဖြစ်နေပြီ။—တမန်တော် ၂၈:၃၀၊ ၃၁။
အန်ယာ လုပ်ဆောင်ရာ
ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ အန်ယာဟာ အိမ်ထဲမှာ ခြေချုပ် မိနေခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “ကင်ဆာရောဂါကြောင့် ကျွန်မဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်။ ကိုယ်ခံအားအရမ်းနည်းနေတဲ့အတွက် အလုပ်လည်းမလုပ်နိုင်ဘူး၊ လူမှုပေါင်းသင်းဆက်ဆံမှုတွေလည်း မလုပ်နိုင်တော့ဘူး။” မပြောင်းလဲနိုင်တဲ့ သူ့ဘဝအခြေအနေနဲ့ အလိုက်သင့် ဘယ်လိုလုပ်ခဲ့သလဲ။ သူဒီလို ပြောပြတယ်– “နဂိုလုပ်နေကျပုံစံမဟုတ်ဘဲ ဇယားအသစ်ပြန်လုပ်ရတယ်။ အရေးကြီးတာတွေကို ဦးစားထားတယ်၊ ကျွန်မ လုပ်နိုင်တာအပေါ်မူတည်ပြီး ဇယားကို ပြောင်းလဲလိုက်တယ်။ ဒီလိုနဲ့ ကျွန်မဘဝအခြေအနေနဲ့အညီ နေတတ်လာတယ်။”
“ငါသည် မည်သည့်အခြေအနေမျိုး၌မဆို ရောင့်ရဲတတ်ရန် သင်ယူခဲ့ပြီ။”—ဖိလိပ္ပိ ၄:၁၁ မှာပါတဲ့ ပေါလုရဲ့စကား။
လုပ်ဆောင်နိုင်ရာ
သင့်ဘဝမှာ မပြောင်းလဲနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရရင် အောက်ပါအချက်တွေကို စမ်းကြည့်နိုင်တယ်–
-
ကိုယ်လုပ်နိုင်တဲ့အရာကိုပဲ ရှာလုပ်ပါ။ ဥပမာ၊ သင့်ကျန်းမာရေးအခြေအနေ တစ်ခုလုံးကို မပြောင်းလဲနိုင်ပေမဲ့ သင် လေ့ကျင့်ခန်းလုပ်နိုင်တယ်၊ အာဟာရရှိတဲ့အစာ စားနိုင်တယ်၊ လုံလုံလောက်လောက် အနားယူနိုင်တယ်။
-
ပြီးမြောက်တဲ့အထိ သင် လုပ်ချင်တဲ့အရာကို ဆုံးဖြတ်ပါ။ သင်လုပ်နိုင်သလောက် တစ်ဆင့်ချင်း လုပ်သွားပါ။ တစ်နေ့ကို အချိန်နည်းနည်းပေးပြီး ကြိုးစားသွားမယ် ဆိုရင် သင့်ပန်းတိုင် ရောက်ပါလိမ့်မယ်။
-
အလုပ်လုပ်ပါ။ ထမင်းစားပွဲသိမ်းတာ၊ ပန်းကန်ဆေးတာစတဲ့ အသေးအဖွဲအလုပ်ဖြစ်ရင်တောင် အလုပ်လုပ် နိုင်တယ်ဆိုတဲ့အသိနဲ့ စိတ်ပျော်နေပါလိမ့်မယ်။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပါ။ မနက်ရောက်ပြီဆိုရင် အရေးအကြီးဆုံးအလုပ်တွေကို အရင်ဆုံးစလုပ်ပါ။
-
သင့်ရဲ့အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းတဲ့အချက်တွေ ရှာကြည့်ပါ။ ဥပမာ၊ အခက်အခဲတွေကို ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းတတ်လာတာ ဖြစ်နိုင်တယ်။ အဲဒီအသိပညာကိုသုံးပြီး တခြားသူတွေကို ကူညီပေးနိုင်မလား။
အဓိကအချက်– အခြေအနေတွေကိုတော့ ကိုယ် မထိန်းချုပ်နိုင်ပေမဲ့ အဲဒီအခြေအနေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ ကိုယ်ထိန်းချုပ်နိုင်ပါတယ်။