မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကင်းစောင့်နှင့်အတူ အမှုထမ်းခြင်း

ကင်းစောင့်နှင့်အတူ အမှုထမ်းခြင်း

ကင်းစောင့်​နှင့်အတူ အမှုထမ်း​ခြင်း

“သခင် [“အို၊ ယေဟောဝါ၊” က​ဘ]၊ ကျွန်တော်​သည် နေ့​အချိန်၌ ကင်းမျှော်စင်​ပေါ်မှာ​အစဉ်​ရပ်၍၊ တစ်ည​ဉ့်​လုံး​၌​လည်း ကင်းစောင့်​လျက်​နေပါ​၏။”—ဟေရှာယ ၂၁:၈

၁။ ယေဟောဝါ​ကိုယ်တော်တိုင်​သည် အဘယ်​ထူးမြတ်​သောက​တိ​တော်​များ​၏ သက်သေ​ဖြစ်သနည်း။

ယေဟောဝါ​သည် ကြီးမြတ်သော​ရည်ရွယ်​တော်​မူ​ရှင်​ဖြစ်၏။ စာတန်​ဖြစ်လာ​သော ပုန်ကန်​သူ​ကောင်းကင်တမန်​သည် ကိုယ်တော်​၏​နာမတော် သန့်ရှင်း​မြင့်မြတ်​စေရန်​နှင့် မြေကြီး​ပရဒိသု​ပေါ် ဘုန်း​ရှိသော​ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု တည်ထောင်​ရန် ကိုယ်တော်​၏​မဟာ​ရည်ရွယ်တော်မူချက်​ကို ဟန့်တား​ရန် အလျှင်း​မတတ်နိုင်​ပါ။ (မဿဲ ၆:၉၊ ၁၀) ထို​အုပ်ချုပ်မှု​အောက်တွင် လူသား​တို့ အမှန်​ကောင်းချီး​ခံစားရ​လိမ့်​မည်။ ဘုရားသခင်​သည် “သေခြင်းကို​လည်း နစ်မွန်း​ဆုံးရှုံး​စေတော်မူ​လိမ့်​မည်။ အရှင်​ထာဝရ​ဘုရား​သည်လည်း၊ ခပ်သိမ်း​သော​မျက်နှာ​တို့​မှ မျက်ရည်​ကို​သုတ်​တော်​မူ​လိမ့်​မည်။” စည်းလုံး​ပျော်ရွှင်သော​လူသား​တို့သည် ငြိမ်းချမ်း​သာယာ​ဝ​ပြော​မှု​ကို ထာဝစဉ်​ခံစားရ​ကြ​မည်။ (ဟေရှာယ ၂၅:၈; ၆၅:၁၇-၂၅) ယေဟောဝါ​ကိုယ်တော်တိုင်​သည် ဤ​ထူးမြတ်​သောက​တိ​တော်​များ​၏ သက်သေ​ဖြစ်​တော်​မူ​၏!

၂။ အဘယ်​လူသား​သက်သေ​များ​ကို ယေဟောဝါ​ပေါ်ထွန်း​စေ​ခဲ့​သနည်း။

သို့သော် ကြီးမြတ်သော​ဖန်ဆင်း​ရှင်​၌ လူသား​သက်သေ​များလည်း ရှိ​တော်​မူ​၏။ ခရစ်ယာန်​ခေတ်​မတိုင်မီ​က အာဗေလ​မှ​အစပြု​သည့် “များစွာသော​သက်သေအပေါင်း” တို့သည် အခက်အခဲ​များစွာကို မကြာခဏ​ရင်ဆိုင်​ရ​လျက် ခံနိုင်ရည်​ပြေးပွဲ​ကို​ပြေး​ခဲ့​ကြ​ရသည်။ သူတို့၏​အထူး​ကောင်းမွန်သော​ပုံသက်သေ​များ​က မျက်မှောက်ခေတ်​သစ္စာရှိ​ခရစ်ယာန်​များ​ကို အားတက်စေ​သည်။ ယေရှု​ခရစ်​သည် ရဲရင့်​သော​သက်သေ​တစ်ဦး​အဖြစ် အကောင်းဆုံး​ပုံသက်သေ​ဖြစ်​တော်​မူ​၏။ (ဟေဗြဲ ၁၁:၁–၁၂:၂) သာဓက​အနေ​နှင့် ပုန္တိပိလတ်​မင်း​ရှေ့ ကိုယ်တော်​၏​နောက်ဆုံး​သက်သေ​ထွက်ဆိုချက်​ကို ပြန်​အမှတ်ရပါ။ ယေရှု​က “[အမှန်] တရား​ဘက်၌​သက်သေခံခြင်း​ငှာ ငါသည်​မွေးဖွားခြင်း​ကို​ခံ​၍ ဤ​လောက​သို့​ကြွလာ​ပြီ” ဟု​ကြေညာ​ခဲ့​သည်။ (ယောဟန် ၁၈:၃၇) စီ.အီး. ၃၃ မှ​ဤ​စီ.အီး. ၂၀၀၀ ပြည့်နှစ်​အထိ ဇွဲရှိ​သော​ခရစ်ယာန်​များသည် ယေရှု၏​ပုံသက်သေ​ကို​လိုက်ခဲ့​ကြ​ပြီး “ဘုရားသခင်​၏ အံ့ဖွယ်သော​အမှုတို့​ကို” ရဲရင့်စွာ​ကြေညာ​လျက် ဆက်၍​သက်သေခံ​ခဲ့​ကြပြီ။—တမန်​တော် ၂:၁၁

ဗာဗုလုန်​ဆိုင်ရာ​ဂိုဏ်းကွဲခြင်း​ဝါဒ

၃။ ယေဟောဝါ​နှင့်​ကိုယ်တော်​၏​အလိုတော်​အကြောင်း သက်သေခံချက်​ကို စာတန်​မည်သို့​ဆန့်ကျင်​ခဲ့​သနည်း။

ထောင်စုနှစ်​များ​တစ်လျှောက် ရန်သူကြီး​စာတန်​သည် ဆိုးညစ်​စွာ​ဖြင့် ဘုရားသခင့်​သက်သေ​များ​၏ ထွက်ဆိုချက်​ကို သံသယဝင်​စေဖို့​ကြိုးပမ်း​ခဲ့ပြီ။ ဤ “ရှေး​မြွေ​ဟောင်း . . . နဂါး​ကြီး” သည် “မုသာ​၏​အဘ” အဖြစ် “ဤ​လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား” ခဲ့ပြီ။ အထူးသဖြင့် ဤ​နောက်ဆုံး​ကာလ​တွင် “ဘုရားသခင်​၏​ပညတ်တော်​တို့ကို​စောင့်ရှောက်” သူတို့ကို မရပ်မနား​တိုက်ခိုက်​ခဲ့ပြီ။—ယောဟန် ၈:၄၄; ဗျာဒိတ် ၁၂:၈၊ ၉၊ ၁၇

၄။ မဟာ​ဗာဗုလုန် မည်သို့​ဖြစ်ပေါ်​လာ​ခဲ့​သနည်း။

လွန်ခဲ့သော​အနှစ် ၄,၀၀၀ ခန့်၊ နောဧ​ခေတ်​ရေလွှမ်းမိုး​ဘေး​ပြီး​နောက်​တွင် စာတန်​သည် “ထာဝရ​ဘုရား​ရှေ့မှာ အား​ကြီးသော​မုဆိုး” နိမ်ရောဒ​ကို​ပေါ်ထွန်း​စေ​ခဲ့​သည်။ (ကမ္ဘာဦး ၁၀:၉၊ ၁၀) နိမ်ရောဒ​၏​မြို့တော်ကြီး ဗာဗုလုန် (ဘေဘဲလ်) သည် နတ်ဆိုး​ဝတ်ပြု​သော​ဘာသာ​တရား​၏ အချက်အချာ​ဖြစ်လာ​ခဲ့​သည်။ ဘေဘဲလ်​မျှော်စင်များ​ဆောက်လုပ်​သူတို့၏ ဘာသာ​စကား​ကို ယေဟောဝါ​ရှုပ်ထွေး​စေသော​အခါ လူတို့သည် ဗာဗုလုန်​ဘာသာ​တရားကို သယ်ဆောင်​လျက် ကမ္ဘာ​တစ်ဝန်း​သို့​ပျံ့နှံ့​သွားခဲ့သည်။ ဤနည်းဖြင့်​ဗာဗုလုန်​သည် ဗျာဒိတ်ကျမ်း​၌ မဟာ​ဗာဗုလုန်​ဟု​အမည်​ရှိသော ကမ္ဘာချီ​ဗာဗုလုန်​ဘာသာရေး​အင်ပါယာ​၏ ရင်းမြစ်​ဖြစ်လာ​၏။ ထို​ကျမ်းစောင်​က ဤ​ရှေးခေတ်​ဘာသာရေး​စနစ်​၏ ပျက်စီးခြင်း​ဘေး​ကို ကြို​ဟောထား​သည်။—ဗျာဒိတ် ၁၇:၅; ၁၈:၂၁

သက်သေခံ လူမျိုးတစ်မျိုး

၅။ ယေဟောဝါ​သည် အဘယ်​လူမျိုး​ကို မိမိ၏​သက်သေ​အဖြစ်​ဖွဲ့စည်း​ခဲ့​သနည်း၊ သို့သော် အဘယ်ကြောင့်​ပြည်နှင်ခံ​များ ဖြစ်ခွင့်​ပေး​ခဲ့​သနည်း။

နိမ်ရောဒ​ခေတ်​ပြီး​နောက် အနှစ် ၅၀၀ ခန့်​တွင် ယေဟောဝါ​သည် ကိုယ်တော်​၏​မြေကြီးပေါ်​ရှိ သက်သေ​အဖြစ် အမှုထမ်း​ရန် သစ္စာရှိ​အာဗြဟံ​၏ သားစဉ်မြေးဆက်​များ​ကို ဣသရေလ​လူမျိုး​အဖြစ်​ဖွဲ့စည်း​ခဲ့​သည်။ (ဟေရှာယ ၄၃:၁၀၊ ၁၂) ထို​လူမျိုး​မှ လူများစွာသည် ယေဟောဝါ​အား သစ္စာရှိ​ရှိ အမှုထမ်းခဲ့​ကြ​၏။ သို့သော် ရာစုနှစ်များ​တစ်လျှောက် အိမ်နီးချင်း​နိုင်ငံ​များ​မှ မှား​သော​ယုံကြည်ချက်များ​က ဣသရေလ​လူမျိုး​ကို ဖောက်ပြန်​စေ​ခဲ့​ရာ ယေဟောဝါ​နှင့် ပဋိညာဉ်ဖွဲ့​ထားသော​လူမျိုး​သည် ဗာဗုလုန်​ဘုရား​များ​ကိုကိုး​ကွယ်​ရန် သွေဖည်​သွားခဲ့သည်။ ထို့​ကြောင့် နေဗုခဒ်နေဇာ​မင်းကြီး​ဦးဆောင်​သော ဗာဗုလုန်​၏ စစ်တပ်​များသည် ဘီ.စီ.အီး. ၆၀၇ တွင်​ယေရုရှလင်​မြို့​နှင့် ယင်း​၏​ဗိမာန်တော်ကို​ဖျက်ဆီး​ကာ ဂျူး​အများစုကို ဗာဗုလုန်​နိုင်ငံ​သို့ ပြည်နှင်ခံ​များ​အဖြစ် ခေါ်ဆောင်​သွားခဲ့​ကြသည်။

၆။ ယေဟောဝါ​၏​ပရောဖက်ပြုချက်​ဆိုင်ရာ​ကင်းစောင့်​သည် အဘယ်​သတင်းကောင်းကို​ကြေညာ​ခဲ့​ပြီး ၎င်း​သည် အဘယ်​အချိန်၌​ပြည့်စုံ​ခဲ့​သနည်း။

ဗာဗုလုန်​ဘာသာရေး​အတွက် အောင်ပွဲ​ပါ​တကား! သို့သော် ဗာဗုလုန်​၏​သြဇာ​အရှိန်အဝါ​သည် ကြာရှည်​မခံခဲ့​ပါ။ ထိုသို့​မဖြစ်မီ အနှစ် ၂၀၀ ခန့်​က ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့​၏– “သင်​သွား​၍​ကင်းစောင့်​ကို​ထား​လော့။ မြင်​သည်​အတိုင်း​ပြော​စေ​လော့။” ဤ​ကင်းစောင့်​သည် အဘယ်​သတင်း​များ​ကို ကြေညာ​ရမည်​နည်း။ ‘ဗာဗုလုန်​မြို့​ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ၊ သူ၏​ရုပ်[ပုံ] . . . ရှိသမျှ​တို့သည် မြေပေါ်မှာ​ကျိုးပဲ့​လျက်​ရှိကြပါ​သည်။’ (ဟေရှာယ ၂၁:၆၊ ၉) ဘီ.စီ.အီး. ၅၃၉ တွင် ထို​ပရောဖက်ပြုချက်​ဆိုင်ရာ​ကြေညာ​ချက်​သည် အမှန်ပင်​ဖြစ်ပျက်​လာ​သည်။ တန်ခိုး​ကြီး​ဗာဗုလုန်​နိုင်ငံ​ပြိုလဲ​ခဲ့​ပြီး ဘုရားသခင့်​ပဋိညာဉ်​ဆိုင်ရာ​လူမျိုးတော်သည် မကြာမီ မိမိတို့​မွေးရပ်မြေ​သို့​ပြန်​နိုင်​ခဲ့​ကြသည်။

၇။ (က) ယေဟောဝါ​၏​ပဲ့ပြင်​ဆုံးမခြင်း​မှ ဂျူး​များ အဘယ်အရာကို​သင်ယူ​ခဲ့​ကြ​သနည်း။ (ခ) ပြည်နှင်ခံ​ခဲ့​ရသော​ဂျူး​များသည် အဘယ်​ထောင်ချောက်များ​ထဲ​သို့ ကျ​ခဲ့​ကြ​ပြီး ရလဒ်​ကား​အဘယ်နည်း။

ရုပ်ပုံ​ကိုးကွယ်​ခြင်း​နှင့် နတ်​ဝိဇ္ဇာ​အတတ်ကို​စွန့်လွှတ်​ရန် ပြည်တော်ပြန်​ဂျူး​များသည် သင်ခန်းစာ​ကောင်းစွာ​ရရှိခဲ့​ကြသည်။ သို့သော် သူတို့သည် နှစ်များ​တစ်လျှောက်​အတွင်း အခြား​ထောင်ချောက်များ​ထဲ​သို့ ကျ​ခဲ့​ကြသည်။ အချို့​တို့သည် ဂရိ​အတွေးအခေါ်​ပညာ၌ ကျော့မိ​ခဲ့​ကြသည်။ အခြားသူ​တို့​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ထက် လူ့​ထုံးတမ်း​စဉ်​လာ​များ​ကို အလေးပေး​ခဲ့​ကြသည်။ အခြားသူ​တို့​မူ အမျိုးသားရေး​ဝါဒ​၏ ဖြားယောင်းမှုကို​ခံ​ကြ​ရသည်။ (မာကု ၇:၁၃; တမန်​တော် ၅:၃၇) ယေရှု​မွေးဖွား​ခဲ့​ချိန်​တွင် ထို​လူမျိုး​သည် စစ်မှန်သော​ဝတ်ပြုရေး​မှ တစ်ဖန်​သွေဖည်​ပြန်​သည်။ ယေရှု​ကြေညာ​သော​သတင်းကောင်းကို ဂျူး​တစ်ဦးချင်း​စီ​အနေ​နှင့် တုံ့ပြန်​ခဲ့​ကြသော်လည်း လူမျိုးတစ်မျိုး​အနေ​ဖြင့် ကိုယ်တော်​အား​ငြင်းပယ်​ခဲ့​ကြ​သဖြင့် ဘုရားသခင်​က​လည်း သူတို့ကို​ငြင်းပယ်​ခဲ့​၏။ (ယောဟန် ၁:၉-၁၂; တမန်​တော် ၂:၃၆) ဣသရေလ​လူမျိုး​သည် ဘုရားသခင့်​သက်သေ​မဟုတ်​တော့​ဘဲ စီ.အီး. ၇၀ တွင် ယေရုရှလင်​မြို့​နှင့် ဗိမာန်တော်​သည် ရောမ​စစ်တပ်​ဖြင့် ဖျက်ဆီး​ခံရ​ပြန်​သည်။—မဿဲ ၂၁:၄၃

၈။ မည်သူသည် ယေဟောဝါ​၏​သက်သေ​ဖြစ်လာ​ပြီး ၎င်း​သက်သေ​အား ပေါလု​ပေး​သော​သတိပေး​ချက်​သည် အဘယ်ကြောင့်​အချိန်မီ​ဖြစ်​ခဲ့​သနည်း။

ထို​အတောအတွင်း ခရစ်ယာန်​ဖြစ်သော “ဘုရားသခင်​၏​ဣသရေလ” မွေးဖွား​ခဲ့​ပြီး ၎င်း​သည် လူမျိုးအပေါင်း​ရှေ့ ဘုရားသခင်​၏​သက်သေ​အဖြစ် အမှုထမ်း​လေ​သည်။ (ဂလာတိ ၆:၁၆) စာတန်​သည် အလွန်​လျင်မြန်​စွာ​ဖြင့် ဤ​ဝိညာဉ်​ရေးရာ​လူမျိုးအသစ်​ကို ဖျက်ဆီး​ရန်​ကြံစည်​ခဲ့​သည်။ ပထမ​ရာစု​အကုန်ပိုင်း​တွင် အသင်းတော်များ​၌ ဂိုဏ်းဂဏ​လွှမ်းမိုးမှု​များ​ကို​တွေ့ခဲ့​ရသည်။ (ဗျာဒိတ် ၂:၆၊ ၁၄၊ ၂၀) ပေါလု​၏​ဤ​သတိပေး​ချက်​သည် အချိန်သင့်​အခါသင့်​ဖြစ်​ခဲ့​သည်– “ခရစ်တော်​၏​တရားကို​မလိုက်၊ လူ​အဆက်ဆက်​ခံ​သော​နည်း​ဥပဒေသ​နှင့် လော[က]တရား​နု​ကို​လိုက်၍၊ လော[က]ပညာ​နှင့်​အချည်းနှီး​သော​ပရိယာယ်​အားဖြင့် သင်တို့ကို အဘယ်သူမျှ​မ​လု​မယူ​မဖျက်ဆီး​စေခြင်း​ငှာ သတိပြု​ကြလော့။”—ကောလောသဲ ၂:၈

၉။ ပေါလု​သတိပေး​ခဲ့​သည့်​အတိုင်း အဘယ်​ဖြစ်ပေါ်​လာ​မှု​က ခရစ်ယာန်ဘောင်​တည်ရှိ​လာ​စေ​သနည်း။

အဆုံး​၌ ဂရိ​အတွေးအခေါ်၊ ဗာဗုလုန်​ဘာသာရေး​အယူအဆ​များနှင့် နောင်​တွင် ဆင့်ကဲ​သီအိုရီ​နှင့် တန်း​မြင့်​ဝေဖန်ချက်​များ​စ​သည့် လူ့ “ဉာဏ်ပညာ” တို့သည် ခရစ်ယာန်​အခေါ်ခံသူ​များစွာ​တို့၏ ဘာသာ​တရားကို ညစ်ညမ်း​စေ​ခဲ့​သည်။ “ငါ​မရှိ​သည်​နောက်၊ ကြမ်းတမ်းသော​တောခွေး​တို့သည် သိုးများ​ကို​မ​သနား​ဘဲ သင်တို့​အထဲ​သို့​ဝင်မည်​ကိုလည်း​ကောင်း၊ တပည့်တော်​များ​ကို​သွေးဆောင်ခြင်း​ငှာ၊ မှား​သော​စကား​ကို​ပြောတတ်​သော​လူတို့သည် သင်တို့​အထဲ​၌​ပေါ်လာ​မည်​ကိုလည်း​ကောင်း ငါ​သိ​၏” ဟု​ပေါလု​ကြိုပြော​ခဲ့​သည့်​အတိုင်း​ပင်​ဖြစ်သည်။ (တမန်​တော် ၂၀:၂၉၊ ၃၀) ဤ​အယူဖောက်ပြန်မှု​ကြောင့် ခရစ်ယာန်ဘောင်​တည်ရှိ​လာ​ခြင်း​ဖြစ်သည်။

၁၀။ ခရစ်ယာန်ဘောင်​၏​ယိုယွင်းသော​ဝတ်ပြုမှု​၌ လူတိုင်း​မပါဝင်​ကြောင်း အဘယ်​ဆောင်ရွက်ချက်​များ​က ထင်ရှားစေ​ခဲ့​သနည်း။

၁၀ မှန်သော​ဝတ်ပြုရေးကို အမှန်ချစ်​မြတ်နိုးသူ​တို့သည် “သန့်ရှင်းသူ​တို့​၌ အထက်​က​အပ်ပေး​ခဲ့​ပြီး​သော ယုံကြည်ခြင်း​တရား​ဘက်မှာ . . . ကြိုး​စား၍​တိုက်လှန်” ခဲ့​ကြ​ရသည်။ (ယုဒ ၃) မှန်သော​ဝတ်ပြုရေး​နှင့် ယေဟောဝါ​၏​သက်သေ​သည် ဤ​လောက​မှ​ပျောက်လွင့်​သွား​မည်​လော။ မ​ပျောက်လွင့်​ပါ။ သူပုန်​စာတန်​နှင့် သူ၏​လုပ်ဆောင်မှု​မှန်သမျှကို ဖျက်ဆီး​ချိန်​နီး​လာစဉ် ခရစ်ယာန်ဘောင်​လောက​ရှိ ဖောက်ပြန်​သည့်​ဝတ်ပြုမှု​၌ လူတိုင်း​မပါဝင်​ခဲ့​ကြောင်း ထင်ရှား​လာ​သည်။ ၁၉ ရာစု​နှောင်းပိုင်းတွင် ယူ.အက်စ်.အေ၊ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ ပစ္စဘတ်​မြို့၌ စိတ်ရင်းမှန်​သည့် ကျမ်းစာ​ကျောင်းသား​အုပ်စု​တစ်စု​ကို ဖွဲ့စည်း​ခဲ့​ကြ​ပြီး ဘုရားသခင့် မျက်မှောက်ခေတ်​သက်သေ​အတန်းအစား​၏​မဏ္ဍိုင်​ဖြစ်လာ​လေ​သည်။ ဤ​ခရစ်ယာန်​များသည် လက်ရှိ​အစီအစဉ်​၏​ဆုံးခန်း​နီးပြီ​ဟူသော ကျမ်းစာ​အထောက်အထား​များ​ကို အာရုံစိုက်​စေ​ခဲ့​ကြသည်။ ကျမ်းစာ​ပရောဖက်ပြုချက်​နှင့်​အညီ ကမ္ဘာ​၏ “အဆုံး” သည် ၁၉၁၄ ခုနှစ်​တွင်​စတင်​ခဲ့​ပြီး ပထမ​ကမ္ဘာ​စစ်​ဖြစ်ပွား​ခြင်း​ဖြင့် မှတ်သား​ခံ​ခဲ့​ရ၏။ (မဿဲ ၂၄:၃၊ ၇သ​မ) ထို​နှစ်​နောက်ပိုင်း​တွင် စာတန်​နှင့်​သူ၏​နတ်ဆိုး​အုပ်​များ ကောင်းကင်​မှ​နှင်ချ​ခံ​ခဲ့​ရ​ကြောင်း ခိုင်လုံ​သော​အထောက်အထား​ရှိသည်။ စာတန်​လှုပ်ရှား​နေကြောင်း​နှင့် ယေရှုသည် ဘုရင်​အဖြစ် ကောင်းကင်​နိုင်ငံတော်​တန်ခိုး​ဖြင့် ရောက်ရှိခြင်း​၏​နိမိတ် ထူးခြား​စွာ​ပြည့်စုံ​နေကြောင်း ဆင်းရဲ​ခက်ခဲ​လှ​သော ၂၀ ရာစု​က အထင်အရှား​ဖော်ပြ​သည်။—မဿဲ​ အခန်းကြီး ၂၄ နှင့် ၂၅; မာကု​ အခန်းကြီး ၁၃; လုကာ​ အခန်းကြီး ၂၁; ဗျာဒိတ် ၁၂:၁၀၊ ၁၂

၁၁။ စာတန်​သည် အဘယ်အရာကို​ပြု​ဖို့​ကြိုးပမ်း​ခဲ့​သနည်း၊ သို့သော် သူ၏​ကြိုးပမ်းမှု မည်သို့​ရှုံးနိမ့်​ခဲ့​သနည်း။

၁၁ ၁၉၁၈၊ ဇွန်လ​တွင် စာတန်​သည် ဒေါသ​ပြင်းစွာ​ဖြင့် ထို​စဉ်​က နိုင်ငံ​အတော်များများ​တွင် ဟောပြောလျက်​ရှိကြ​သော ကျမ်းစာ​ကျောင်းသား​များ​ကို သုတ်သင်ပစ်​ရန်​ကြိုးပမ်း​ခဲ့​သည်။ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​ဟူသော သူတို့၏​တရားဝင်​ကော်ပိုရေးရှင်း​ကို ဖျက်ဆီး​ဖို့​လည်း သူ​ကြိုးစား​ခဲ့​သည်။ အသင်းမ​၏​တာဝန်ခံ​အမှုထမ်းများ​သည် အကျဉ်း​ချ​ခံ​ခဲ့​ကြ​ရပြီး ပထမ​ရာစု​တွင် ယေရှု​ခံ​ခဲ့​ရသကဲ့သို့ သူတို့သည် ပုန်ကန်​ရန်​လှုံ့ဆော်ပေး​ကြသည်​ဟု မတရား​စွပ်စွဲ​ခံ​ခဲ့​ရ​ကြ​၏။ (လုကာ ၂၃:၂) သို့သော် ၁၉၁၉ ခုနှစ်​တွင် ဤ​အမှုထမ်းများ​သည် လွတ်မြောက်​လာ​ခဲ့​ကြ​ရာ သူတို့၏​အမှုတော်ကို ဆက်​ဆောင်ရွက်​နိုင်​ခဲ့​ကြသည်။ နောက်ပိုင်း​တွင် ပြစ်မှု​မှ​လုံးဝ​လွတ်ကင်း​ခဲ့​ကြသည်။

စောင့်ကြပ်​လျက်​ရှိသော “ကင်းစောင့်” တစ်ဦး

၁၂။ ယေဟောဝါ​၏​ကင်းစောင့်​အတန်းအစား သို့​မဟုတ် “ကင်းစောင့်” ကို ယနေ့ အဘယ်သူ​များနှင့်​ဖွဲ့စည်းထား​ပြီး သူတို့၌​အဘယ်​သဘောထား​ရှိခဲ့​ပြီ​နည်း။

၁၂ ထို့​ကြောင့် “အမှု​ကုန်​သော​ကာလ” စတင်​သောအခါ ရည်ရွယ်တော်မူချက်​များ ပြည့်စုံ​သည့်​ဖြစ်ရပ်​များ​ကို လူ​တို့​သိရှိ​စေရန် ကင်းစောင့်​တစ်ဦး​ကို ယေဟောဝါ​ခန့်အပ်​ပြန်​သည်။ (ဒံယေလ ၁၂:၄; ၂ တိမောသေ ၃:၁) ထို​ကင်းစောင့်​အတန်းအစား—ဘုရားသခင့်​ဣသရေလ​လူမျိုး၊ ဘိသိက်ခံ​ခရစ်ယာန်​များ—သည် ပရောဖက်ပြုချက်​ဆိုင်ရာ​ကင်းစောင့်​နှင့်​ပတ်သက်သော ဟေရှာယ​၏ ဤ​ဖော်ပြချက်​နှင့်​အညီ ယနေ့​တိုင်အောင် လုပ်ဆောင်​လျက်​ရှိသည်– “ကင်းစောင့်​သည်လည်း . . . သတိ​နှင့်​စေ့စေ့​ကြည့်ရှု​နားထောင်ပြီး​လျှင်၊ ‘သခင် [“အို၊ ယေဟောဝါ၊” က​ဘ]၊ ကျွန်တော်​သည် နေ့​အချိန်၌ ကင်းမျှော်စင်​ပေါ်မှာ​အစဉ်​ရပ်၍၊ တစ်ည​ဉ့်​လုံး​၌​လည်း ကင်းစောင့်​လျက်​နေပါ​၏’ . . . ဟု​ခြင်္သေ့​ကဲ့သို့​ကြွေးကြော်​ရ၏။” (ဟေရှာယ ၂၁:၇-၉) မိမိ၏​တာဝန်​ကို အလေးအနက်​ထားသော​ကင်းစောင့်​ပါ​တကား!

၁၃။ (က) ယေဟောဝါ​၏​ကင်းစောင့်​သည် အဘယ်​သတင်းကို​ကြေညာ​ခဲ့​သနည်း။ (ခ) အဘယ်​နည်းဖြင့် မဟာ​ဗာဗုလုန်​ပြိုလဲ​ပြီ​ဟု​ဆိုနိုင်​သနည်း။

၁၃ ၎င်း​ကင်းစောင့်​သည် အဘယ်အရာကို​မြင်​သနည်း။ ယေဟောဝါ​၏​ကင်းစောင့်​ဖြစ်သော ကိုယ်တော်​၏​သက်သေ​အတန်းအစား​က ‘ဗာဗုလုန်​မြို့​ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ၊ သူ၏​ရုပ်တု​ရှိသမျှ​တို့သည် မြေပေါ်မှာ​ကျိုးပဲ့​လျက်​ရှိကြပါ​သည်’ ဟု​တစ်ဖန်​ကြေညာ​ပြန်​သည်။ (ဟေရှာယ ၂၁:၉) ဤ​တစ်ကြိမ်​တွင် ပထမ​ကမ္ဘာ​စစ်​ပြီး​သည့်​နောက် မဟာ​ဗာဗုလုန်​တည်း​ဟူသော မှားယွင်းသော​ဘာသာရေး​ကမ္ဘာ့​အင်ပါယာ​သည် အာဏာ​ကျ​သွားခဲ့သည်။ (ယေရမိ ၅၀:၁-၃; ဗျာဒိတ် ၁၄:၈) ယင်းကြောင့်​ပင် စစ်ပွဲ​ကြီး​ဟု​ထို​စဉ်​က​ခေါ်​ခဲ့​သော စစ်သည် ခရစ်ယာန်ဘောင်​တွင် စတင်​ခဲ့​ရခြင်း​မှာ​မ​ဆန်း​ပေ! ထို​အခါ​က စစ်တိုက်​ဖက်​နှစ်ဖက်စလုံး​မှ​ဓမ္မ​ဆရာများ​သည် မိမိတို့၏​လက်ရွေးစင်​လူငယ်များ​ကို စစ်​ထဲ​ဝင်ရန်​ဟောပြော​လှုံ့ဆော်ခြင်း​ဖြင့် စစ်မီး​ကူးစက်​တောက်လောင်​သွား​စေ​ခဲ့​သည်။ ရှက်ဖွယ်​ကောင်း​လိုက်​လေ​ခြင်း! ၁၉၁၉ ခုနှစ်​တွင် မဟာ​ဗာဗုလုန်​သည် ထို​စဉ်​အခါ​က ကျမ်းစာ​ကျောင်းသား​များ​ဟု လူ​တို့​သိ​ကြ​သည့် ယေဟောဝါသက်သေ​များ​ကို မ​လှုပ်ရှား​သည့်​အခြေအနေ​မှ လွတ်မြောက်​လာပြီး ဆောင်ရွက်​ဆဲ​ဖြစ်သည့် ကမ္ဘာချီ​ဟောပြောခြင်း​ကင်ပိန်း​စတင်ခြင်း​တို့​မှ မတားဆီး​နိုင်​ခဲ့​ချေ။ (မဿဲ ၂၄:၁၄) ယင်းသည် ဘီ.စီ.အီး. ခြောက်​ရာစု​တွင် ဣသရေလ​လူမျိုး​လွတ်မြောက်​ခဲ့​ခြင်း​က ရှေးခေတ်​ဗာဗုလုန်​ကျဆုံး​ခြင်း​ကို အချက်ပြ​သကဲ့သို့ မဟာ​ဗာဗုလုန်​ကျဆုံး​ခြင်း​ကို အချက်ပြ​သည်။

၁၄။ ယေဟောဝါ​၏​ကင်းစောင့်​အတန်းအစား​သည် အဘယ်​မဂ္ဂဇင်း​ကို​အဓိက​အသုံးပြု​ခဲ့​ကြ​ပြီး ယင်းကို​အသုံးပြုခြင်း​အပေါ် ယေဟောဝါ​မည်သို့​ကောင်းချီး​ပေး​ခဲ့​သနည်း။

၁၄ ကင်းစောင့်​အတန်းအစား​သည် မိမိ၏​တာဝန်​ကို ဇွဲ​နှင့် မှန်ရာကို​ပြု​လို​သည့်​စိတ်ဇော​ဖြင့် အစဉ်သဖြင့်​ဆောင်ရွက်​ခဲ့​သည်။ ၁၈၇၉၊ ဇူလိုင်​လ​တွင် ကျမ်းစာ​ကျောင်းသား​များသည် ထို​စဉ်​က ဇိအုန်​ကင်းမျှော်စင်​နှင့် ခရစ်တော်​ရောက်ရှိခြင်း​သံတော်ဆင့်​ဟု​လူ​တို့​သိ​ကြသော ဤ​မဂ္ဂဇင်း​ကို စတင်​ထုတ်ဝေ​ခဲ့​သည်။ ၁၈၇၉ မှ ၁၉၃၈ ဒီဇင်ဘာ ၁၅ အထိ စာစောင်​တိုင်း​၏​မျက်နှာဖုံး​တွင် “‘အို​ကင်းစောင့်၊ ည​ဉ့်​အမှု​ကား​အဘယ်​သို့​နည်း’—ဟေရှာယ ၂၁:၁၁။” ဟူသော​စကား​ပါရှိ​ခဲ့​သည်။ * ကင်းမျှော်စင်​သည် အနှစ် ၁၂၀ တိုင်တိုင် ကမ္ဘာ့​ဖြစ်ရပ်​များနှင့် ပရောဖက်ပြုချက်​ဆိုင်ရာ​အဓိပ္ပာယ်​ကို သစ္စာရှိ​စွာ​ဖြင့် မျက်ခြည်မပြတ်​စောင့်ကြည့်​ခဲ့ပြီ။ (၂ တိမောသေ ၃:၁-၅၊ ၁၃) ဘုရားသခင့်​ကင်းစောင့်​အတန်းအစား​နှင့် ယင်း​၏​အပေါင်းအဖော် “အခြားသိုး” တို့သည် ခရစ်တော်​၏​နိုင်ငံတော်​အားဖြင့် ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးခွင့်​ကို သင်္ကာ​ယန​ကင်းရှင်း​စေ​လု​ပြီ​ဖြစ်​ကြောင်း ဤ​မဂ္ဂဇင်း​ကို​အသုံးပြု၍ လူ​တို့အား အားတက်သရော​ကြေညာ​ခဲ့​ကြပြီ။ (ယောဟန် ၁၀:၁၆) ဤ​သက်သေ​သည် ယေဟောဝါ​၏​ကောင်းချီး​ကို ခံစား​ခဲ့​ရပြီ​လော။ ၁၈၇၉ ခု​တွင် ဦးဆုံး​ထုတ်ဝေ​ခဲ့​သော စောင်ရေ ၆,၀၀၀ မှ​ယခု​ဘာသာ​စကား ၁၃၂ ဘာသာ​ဖြင့် ကမ္ဘာ​တစ်ဝန်း​တွင် စောင်ရေ ၂၂,၀၀၀,၀၀၀ ကျော်​အထိ​ထုတ်ဝေ​နေ​ကာ—ယင်း​မှ ၁၂၁ ကို တစ်ပြိုင်တည်း​ထုတ်ဝေ​လျက်​ရှိသည်။ ကမ္ဘာ​ပေါ်​တွင် အကျယ်ပြန့်ဆုံး​ဝေငှ​ရသော ဘာသာရေး​မဂ္ဂဇင်း​သည် မှန်သော​ဘုရားသခင်​ယေဟောဝါ​၏​အမည်​ကို ချီးမြှောက်​သည့်​မဂ္ဂဇင်း​ဖြစ်​ရခြင်း​ကား လျော်​ကန်​လိုက်​လေ​ခြင်း!

တိုးတက်လာ​သည့်​သန့်စင်မှု

၁၅။ ၁၉၁၄ မတိုင်မီ​က​ပင် အဘယ်​အဆင့်ဆင့်​သန့်စင်မှု​စတင်​ခဲ့​သနည်း။

၁၅ ၁၉၁၄ ခုနှစ်​တွင် ခရစ်တော်​၏​ကောင်းကင်​အုပ်ချုပ်မှု​စတင်ချိန်​အထိ အနှစ် ၄၀ ခန့်​အတွင်း ကျမ်းစာ​ကျောင်းသား​များသည် နို့စို့​ကလေးငယ်​ကို​နှစ်ခြင်း​ပေးခြင်း၊ မသေ​နိုင်သော​လူ့​ဝိညာဉ်​စိုးလ်၊ ငရဲကလေး၊ မီးငရဲ​ဖြင့်​ညှဉ်းဆဲခြင်း​နှင့် သုံးပါး​ပေါင်း​တစ်ဆူ​ဘုရားသခင်​အစ​ရှိသော ကျမ်းစာ​တွင်​မပါ​သည့် ခရစ်ယာန်ဘောင်​၏​အယူဝါဒ​များစွာ​မှ လွတ်မြောက်​ခဲ့​ကြသည်။ သို့သော် အယူအဆ​မှား​တို့​မှ​ကင်းစင်​ရန် အချိန်ပို​ကြာ​ခဲ့​သည်။ သာဓက​အနေ​နှင့် ၁၉၂၀ ပြည့်လွန်​နှစ်များ​တွင် ကျမ်းစာ​ကျောင်းသား​များစွာတို့သည် လက်ဝါးကပ်တိုင်​နှင့်​သရဖူ​တံဆိပ်​ရင်​ထိုး​များ​ကို တပ်ဆင်​ခဲ့​ကြ​ပြီး ခရစ္စမတ်​နှင့် အခြား​အယူမှား​ပွဲနေ့​များ​ကို ကျင်းပ​ခဲ့​ကြသည်။ သို့သော် ဝတ်ပြုရေး​စင်ကြယ်​ဖို့​ရန် ရုပ်ပုံ​ကိုးကွယ်​ခြင်း​ဆိုင်ရာ အစ​အ​န​ရှိရှိသမျှကို စွန့်ပစ်​ကြ​ရ​ပေမည်။ ခရစ်ယာန်​ယုံကြည်ခြင်း​နှင့် ဘဝ​လမ်းစဉ်​၏ တစ်ခု​တည်း​သော​အခြေခံ​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ဖြစ်​ရမည်။ (ဟေရှာယ ၈:၁၉၊ ၂၀; ရောမ ၁၅:၄) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ထဲ တစ်စုံတစ်ရာ​ထပ်​သွင်း​ခြင်း သို့​မဟုတ် ထုတ်ပယ်ခြင်း​သည်​မှား​၏။—တရားဟောရာ ၄:၂; ဗျာဒိတ် ၂၂:၁၈၊ ၁၉

၁၆၊ ၁၇။ (က) ကင်းစောင့်​အတန်းအစား​သည် အဘယ်​မှားယွင်းသော​အယူအဆကို ဆယ်စုနှစ်​အနည်းငယ်​ကြာ ဆုပ်ကိုင်​ခဲ့​ကြ​သနည်း။ (ခ) “အီဂျစ်​ပြည်” မှ “ယဇ်​ပလ္လင်” နှင့် “ကျောက်တိုင်” တို့၏​ရှင်းပြချက်​အမှန်​ကား အဘယ်နည်း။

၁၆ အဆိုပါ​မူ​သည် မည်မျှ​အရေးကြီးကြောင်း​ကို သာဓက​တစ်ခု​က ဖော်ပြ​ပါ​မည်။ ၁၈၈၆ ခုနှစ်​တွင် ခေတ်​များ​တစ်လျှောက် ဘုရားသခင့်​အစီအစဉ် [လိပ်] ဟု​ခေါ်​ခဲ့​ကြသော​စာအုပ်​ကို စီ.တီ. ရပ်စယ်လ်​ထုတ်ဝေ​သောအခါ ၎င်း​တွင် လူသား​ခေတ်​ကို အီဂျစ်​ပြည်​၏​မဟာ​ပိရမစ်​နှင့်​ဆက်စပ်​ထားသော ဇယားကွက်​တစ်ခု​ပါရှိ​သည်။ ဖာရော​ကူ​ဖူး​ကို​အမှတ်ရ​စေသည့် ၎င်း​ပိရမစ်​သည် ဟေရှာယ ၁၉:၁၉၊ ၂၀ ၌​ရည်ညွှန်း​ထားသော​မှတ်တိုင်​ဖြစ်သည်ဟု ယူဆ​ခဲ့​ကြသည်– “ထို​ကာလ​၌ အဲဂုတ္တု​ပြည်​အလယ်တွင်၊ ထာဝရ​ဘုရား​ကို​ပူဇော်ရာ​ယဇ်​ပလ္လင်​ရှိ​လိမ့်​မည်။ ပြည်စွန်းနား​တွင်​လည်း ထာဝရ​ဘုရား​အဖို့​မှတ်တိုင်​ရှိ​လိမ့်​မည်။ ထို​မှတ်တိုင်​သည် အဲဂုတ္တု​ပြည်​တွင် နိမိတ်​လက္ခဏာ​ဖြစ်​လိမ့်​မည်။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏ သက်သေ​လည်း​ဖြစ်​လိမ့်​မည်။” ပိရမစ်​နှင့် သမ္မာကျမ်းစာ​သည် အဘယ်​ဆက်စပ်မှု​ရှိ​နိုင်​သနည်း။ ဥပမာ​အနေ​နှင့် မဟာ​ပိရမစ်​ရှိ အချို့​သော​စင်္ကြံ​များ​၏​အလျား​က မဿဲ ၂၄:၂၁ မှ​ထို​စဉ်​က​နားလည်ခဲ့​သည့် “ကြီးစွာ​သော [ဆင်းရဲခြင်း]” စတင်ချိန်​ကို​ဖော်ပြ​သည်​ဟု ယူဆ​ခဲ့​ကြသည်။ ကျောင်းစာ​ကျောင်းသား​အချို့​သည် ကောင်းကင်​တက်​မည့်​နေ့​အစ​ရှိသော ကိစ္စရပ်​များ​ကို​ပိုင်းဖြတ်​ရန် ပိရမစ်​၏​အသွင်အပြင်​အမျိုးမျိုးကို တိုင်းတာ​ခြင်း​၌ အာရုံစိုက်ခဲ့​ကြသည်!

၁၇ ၁၉၂၈၊ နိုဝင်ဘာ ၁၅ နှင့် ဒီဇင်ဘာ ၁ ရက်ထုတ်​ကင်းမျှော်စင် စာစောင်​များ​က ယေဟောဝါ​သည် ကျမ်းစာ​၌​ဖော်ပြ​သော သက်သေ​ကို​ထောက်ခံ​ရန် . . . ဖာရော​မင်း​များ​တည်ဆောက်​၍ နက္ခတ်​ဗေဒင်​ပညာ​ဆိုင်ရာ နတ်ဆိုး​အမှတ်လက္ခဏာ​များ​ပါ​သည့် ကျောက်တိုင်​မလို​အပ်​ကြောင်း ရှင်းလင်း​ဖော်ပြချိန်​အထိ ကျောက်ထွင်း​ကျမ်းစာ​ဟု​ခေါ်ဆို​ကြသော ၎င်း​ပိရမစ်​ကို ဆယ်စုနှစ်​အနည်းငယ်​တိုင် ကြည်ညို​လေးစား​ခဲ့​ကြသည်။ ယင်းအစား ဟေရှာယ​၏​ပရောဖက်ပြုချက်​သည် ဝိညာဉ်​ရေး​အရ​သက်ဆိုင်ပုံ​ရှိသည်​ဟု​မြင်လာ​ကြ​၏။ ဗျာဒိတ် ၁၁:၈ အရ ‘အီဂျစ်’ သည်​စာတန့်​လောကကို​ပုံဆောင်​သည်။ ’ယေဟောဝါ​အား​ပူဇော်ရာ​ယဇ်​ပလ္လင်’ မှာ ဤ​လောက​၌ ဧည့်သည်​အာဂန္တု​များ​ဖြစ်နေ​ကြ​စဉ် ဘိသိက်ခံ​ခရစ်ယာန်​များ​ပူဇော်​သည့် ဘုရားသခင်​လက်ခံနိုင်ဖွယ်​ယဇ်များ​ကို အမှတ်ရ​စေ​သည်။ (ရောမ ၁၂:၁; ဟေဗြဲ ၁၃:၁၅၊ ၁၆) “[အီဂျစ်​ပြည်​၏] ပြည်စွန်းနား” တွင်ရှိသော​မှတ်တိုင်​မှာ ‘အမှန်တရား​၏​အ​မှီ​တံ​ကဲ​နှင့် တည်ရာ’ ဘိသိက်ခံ​ခရစ်ယာန်​များ​၏​အသင်းတော်​ဖြစ်​ပြီး သူတို့​ထွက်ခွာ​တော့​မည့်​လောက​ဖြစ်သော ‘အီဂျစ်​ပြည်’ ၌​သက်သေ​အဖြစ်​တည်ရှိ​သည်​ဟု ညွှန်ပြ​သည်။—၁ တိမောသေ ၃:၁၅

၁၈။ (က) စိတ်ရင်း​မှန်သော​ကျမ်းစာ​ကျောင်းသား​များ​အတွက် ကိစ္စရပ်​များ​ကို ယေဟောဝါ​မည်သို့​ဆက်​ရှင်း​ခဲ့​သနည်း။ (ခ) ကျမ်းစာ​ရှင်းလင်းချက်​တစ်ခု​ကို ခရစ်ယာန်​တစ်ဦး​နားလည်​ရ​ခက်​ပါ​က အဘယ်​ပညာရှိ​သဘောထား​ရှိ​ရမည်​နည်း။

၁၈ ယေဟောဝါ​သည် နှစ်များ​ကုန်လွန်​သည်​နှင့်​အလျောက် ကိုယ်တော်​၏​ပရောဖက်ပြုချက်​ဆိုင်ရာ​စကားတော်​ကို တိုး၍​နားလည်​လာ​ခြင်း​အပါအဝင် အမှန်တရား​ဆိုင်ရာ​ထပ်ဆင့်​ရှင်းလင်းချက်​ကို ဆက်၍​ပေး​တော်​မူ​၏။ (သု. ၄:၁၈) မကြာသေးမီ​နှစ်များ​အတွင်း—အကြောင်း​များစွာ​အနက်—အ​ဆုံးမ​လာ​မီ ကုန်လွန်​မသွား​မည့်​လူမျိုးဆက်၊ သိုး​နှင့်​ဆိတ်​ပုံ​ဥပမာ၊ ရွံရှာဖွယ်​အရာ​နှင့် သန့်ရှင်းသော​အရပ်၌ ၎င်း​စိုက်​နေ​မည့်​အချိန်၊ ပဋိညာဉ်​သစ်၊ ကိုယ်ယောင်​ထွန်းလင်းခြင်း​နှင့် ယေဇကျေလကျမ်း​မှ ဗိမာန်တော်​အဆင်းအာရုံ​အကြောင်း​များ​ကို တိုး​သိနားလည်မှု​ဖြင့်​ပြန်လည်​သုံးသပ်ရန် ကျွန်ုပ်​တို့​တိုက်တွန်း​ခံ​ခဲ့​ကြပြီ။ တစ်ခါတစ်ရံ ဤ​နောက်ဆုံး​ရှင်းပြချက်​များ​ကို နားလည်​ရန်​ခက်​မည်​ဖြစ်သော်လည်း အချိန်တန်​သောအခါ အကြောင်းရင်း​များ​ကို​သဘောပေါက်​လာ​သည်။ ကျမ်းချက်​တစ်ချက်​၏ ရှင်းပြချက်​အသစ်​ကို ခရစ်ယာန်​တစ်ဦး​သည် အပြည့်အဝ​နားမလည်​ပါ​က ပရောဖက်​မိက္ခာ​၏ ဤ​စကား​များ​ကို နှိမ့်ချစွာ​ဖြင့် ပဲ့တင်ထပ်​ပြော​သင့်​သည်– “ငါ​မူ​ကား၊ ထာဝရ​ဘုရား​ကို​မျှော်လင့်​မည်။”—မိက္ခာ ၇:၇

၁၉။ ဤ​နောက်ဆုံး​ကာလ​တွင် ဘိသိက်ခံ​အကြွင်းအကျန်​နှင့် သူတို့၏​အပေါင်းပါ​အခြားသိုး​တို့သည် ခြင်္သေ့​ကဲ့သို့​ရဲရင့်​ကြောင်း မည်သို့​ပြ​ခဲ့​ကြ​သနည်း။

၁၉ ကင်းစောင့်​က ‘“သခင် [“အို၊ ယေဟောဝါ၊” က​ဘ]၊ ကျွန်တော်​သည် နေ့​အချိန်၌ ကင်းမျှော်စင်​ပေါ်မှာ​အစဉ်​ရပ်၍၊ တစ်ည​ဉ့်​လုံး​၌​လည်း ကင်းစောင့်​လျက်​နေပါ​၏” . . . ဟု​ခြင်္သေ့​ကဲ့သို့​ကြွေးကြော်’ သည်ကို​ပြန်​အမှတ်ရပါ။ (ဟေရှာယ ၂၁:၈၊ ၉) ဘိသိက်ခံ​အကြွင်းအကျန်​သည် မှားယွင်းသော​ဘာသာ​တရားကို​ဖော်ထုတ်ခြင်း​နှင့် လွတ်မြောက်​ရာ​လမ်းကို လူ​တို့အား​ဖော်ပြခြင်း​အမှု​တွင် ခြင်္သေ့​ကဲ့သို့​သော​ရဲရင့်ခြင်း​ကို ပြသ​ခဲ့​ကြပြီ။ (ဗျာဒိတ် ၁၈:၂-၅) “သစ္စာ​နှင့်​လည်းကောင်း၊ သတိပညာ​နှင့်​လည်းကောင်း ပြည့်စုံသော​ကျွန်” အနေ​နှင့် သူတို့သည် သမ္မာကျမ်းစာ​များ၊ မဂ္ဂဇင်း​များနှင့် ဘာသာ​စကား​မြောက်မြားစွာ​ဖြင့် အခြား​စာအုပ်စာတမ်း​များ​ကို ထောက်ပံ့​ပေး​ခဲ့​ကြပြီ။ (မဿဲ ၂၄:၄၅) သူတို့သည် ‘အသီးသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ . . . လူအုပ်ကြီး’ ကို​စုသိမ်းခြင်း​၌ ဦးဆောင်​ခဲ့​ကြသည်။ သူတို့​သည်လည်း ယေရှု၏​ရွေးနုတ်ခြင်း​အသွေးတော်​အားဖြင့် သန့်စင်​ခံ​ခဲ့​ရ​ကြ​ပြီး ဘုရားသခင်​၏ “ဝတ်​ကို​နေ့​ည​ဉ့်​မပြတ်” ရဲရင့်စွာ​ပြု​ကြောင်း တင်ပြ​နေကြ​သည်။ (ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၅) ယေဟောဝါ​၏​ဘိသိက်ခံ​သက်သေ​များ​မှ ကျန်ကြွင်း​သော​အုပ်စုငယ်​နှင့် သူတို့၏​အပေါင်းပါများ​ဖြစ်သည့်​လူအုပ်ကြီး​တို့သည် လွန်ခဲ့သော​နှစ်​တွင် အဘယ်​အသီး,သီး​ခဲ့ပြီ​နည်း။ နောက်​ဆောင်းပါး​က ပြောပြ​ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 14 ၁၉၃၉၊ ဇန်နဝါရီ​လ​မှ​စ၍ ယင်းကို ‘ “ငါသည်​ယေဟောဝါ​ဖြစ်​ကြောင်းကို သိရ​ကြလိမ့်မည်”—ယေဇကျေလ ၃၅:၁၅က​ဘ။’ သို့​ပြောင်း​ခဲ့​ကြသည်။

သင်​မှတ်မိ​သလော

• နှစ်များ​တစ်လျှောက် အဘယ်​သက်သေ​များ​ကို ယေဟောဝါ​ပေါ်ထွန်း​စေ​ခဲ့​သနည်း။

• မဟာ​ဗာဗုလုန်​၏​မူလအစ​ကား အဘယ်နည်း။

• မိမိ၏​သက်သေခံ​လူမျိုးတော်​၏​မြို့တော်၊ ယေရုရှလင်​မြို့ကို ဘီ.စီ.အီး. ၆၀၇ နှင့် စီ.အီး. ၇၀ တွင် ယေဟောဝါ​အဘယ်ကြောင့်​ပျက်စီး​စေ​ခဲ့​ရသနည်း။

• ယေဟောဝါ​၏​ကင်းစောင့်​အတန်းအစား​နှင့် သူတို့၏​အပေါင်းပါများ​သည် အဘယ်​သဘောထားကို​တင်ပြ​ခဲ့​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

‘အို​ယေဟောဝါ၊ ကျွန်တော်​သည် ကင်းမျှော်စင်​ပေါ်မှာ အစဉ်​ရပ်နေ​ပါ​၏’

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ကင်းစောင့်​အတန်းအစား​သည် မိမိတို့၏​တာဝန်​ကို​အလေးအနက်​ထား​ဆောင်ရွက်