ဘုရားသခင့်ပညတ်တော်များသည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်
ဘုရားသခင့်ပညတ်တော်များသည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်
“ကိုယ်တော်၏ပညတ်ကို အကျွန်ုပ်မြတ်နိုးလှပါ၏!”—ဆာလံ ၁၁၉:၉၇၊ ကဘ။
၁။ ဘုရားသခင့်ပညတ်တော်များကို နာခံခြင်းနှင့်ပတ်သက်၍ အများ၏သဘောထားကား အဘယ်နည်း။
ယနေ့ ဘုရားသခင့်ပညတ်တော်များကို နာခံခြင်းသည် လူကြိုက်များသောအရာမဟုတ်ပါ။ မျက်မြင်မရသော အထက်အာဏာပိုင်၏အလိုကို လိုက်လျောခြင်းသည် လူအများအတွက် အဓိပ္ပာယ်ရှိပုံမပေါက်ချေ။ ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားဆိုင်ရာ ဆက်နွှယ်ခြင်းပြဝါဒပျံ့နှံ့သော၊ အမှားနှင့်အမှန် ပြတ်ပြတ်သားသားမထင်ရှားသော အလွန်ဝေခွဲရခက်သည့်ခေတ်တွင် အသက်ရှင်နေကြသည်။ (သု. ၁၇:၁၅; ဟေရှာယ ၅:၂၀) လောကရေးသက်သက်ကိုသာ အမှုထားသောအသိုင်းအဝိုင်းများ၏ စဉ်းစားတွေးခေါ်ပုံကို ထင်ဟပ်ပြရာ၌ မကြာသေးမီက ကောက်ယူခဲ့သောဆန္ဒမဲက “အမေရိကန်လူမျိုးအများစုသည် အမှား၊ အမှန်နှင့် အဓိပ္ပာယ်ရှိသောအရာတို့ကို မိမိတို့ဘာသာဆုံးဖြတ်လိုကြကြောင်း” ဖော်ပြခဲ့သည်။ သူတို့သည် “တင်းမာသောဘုရားသခင် အလိုမရှိ။ တင်းကျပ်သောစည်းမျဉ်းများ အလိုမရှိ။ ကိုယ်ကျင့်တရား အခိုင်အမာယုံကြည်ချက်ရှိသော သို့မဟုတ် အခြားယုံကြည်ချက်ရှိသော ဩဇာပြင်းသောအထက်လူကြီးများ အလိုမရှိ” ကြချေ။ လူမှုရေးဆန်းစစ်လေ့လာသူတစ်ဦးက ယနေ့ “ကောင်းမွန်၍ သန့်ရှင်းဖြူစင်သောဘဝသည် အဘယ်အရာဖြစ်သည်ကို မိမိတို့ဘာသာဆုံးဖြတ်ကြဖို့ဖြစ်သည်” ဟုဖော်ပြခဲ့သည်။ သူဤသို့ဆက်ပြောခဲ့သည်– “မည်သည့်အထက်အာဏာပိုင်မျိုးမဆိုသည် တကယ့်လူတို့၏လိုအပ်ရာများနှင့်အညီ မိမိတို့၏အမိန့်အာဏာကို ဆီလျော်စေရမည်။”
၂။ သမ္မာကျမ်းစာတွင် ပညတ်အကြောင်း ဦးဆုံးဖော်ပြချက်သည် ဘုရားသခင့်ကောင်းချီး၊ မျက်နှာသာရခြင်းနှင့် မည်သို့ဆက်စပ်သနည်း။
၂ ယေဟောဝါပညတ်တော်များ၏ အဖိုးတန်မှုကို စောဒကတက်ကြသူ များလှသောကြောင့် ဘုရားသခင့်ပညတ်တော်များသည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်သည်ဟူသော ခံယူချက်ကို ကျွန်ုပ်တို့ခိုင်မာစေဖို့လိုသည်။ ပညတ်အကြောင်း သမ္မာကျမ်းစာတွင် ဦးဆုံးဖော်ပြသည့်မှတ်တမ်းကို သုံးသပ်သင့်ပါသည်။ ကမ္ဘာဦး ၂၆:၅ တွင် ဘုရားသခင်ဤသို့ဆိုသည်ကို ကျွန်ုပ်တို့ဖတ်ရသည်– “အာဗြဟံသည် . . . ငါစီရင်မှာထားသော ပညတ်တရားအမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း။” အာဗြဟံ၏သားစဉ်မြေးဆက်များအား ပညတ်ဥပဒေကိုမပေးမီ ရာစုနှစ်များစွာကပင် ထိုစကားများကို ယေဟောဝါမြွက်ဆိုခဲ့၏။ ဘုရားသခင်၏ပညတ်များကိုနာခံခြင်းအပါအဝင် အာဗြဟံ၏နာခံမှုကို ကိုယ်တော်မည်သို့ဆုချခဲ့သနည်း။ သူ့ကို ယေဟောဝါဘုရားသခင်ဤသို့ကတိပြု၏– “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈) သို့ဖြင့် ဘုရားသခင့်ပညတ်များကို နာခံခြင်းသည် ဘုရားသခင့်ကောင်းချီး၊ ကိုယ်တော်၏မျက်နှာသာရခြင်းနှင့် အနီးကပ်ဆက်စပ်သည်။
၃။ (က) ယေဟောဝါ၏ပညတ်တော်နှင့်ပတ်သက်၍ အဘယ်ခံစားချက်ကို ဆာလံဆရာတစ်ဦးဖော်ပြခဲ့သနည်း။ (ခ) အဘယ်မေးခွန်းများကို ကျွန်ုပ်တို့အလေးဂရုပြုသင့်သနည်း။
၃ ယုဒမင်းသားနှင့် မင်းလောင်းတစ်ပါးဖြစ်နိုင်သူ ဆာလံဆရာတစ်ဦးက ပညတ်နှင့်စပ်လျဉ်း၍ အများအားဖြင့် ဖြစ်လေ့မရှိသည့် ခံစားချက်ကိုဖော်ပြခဲ့သည်။ “ကိုယ်တော်၏ပညတ်ကို အကျွန်ုပ်သည် မြတ်နိုးလှပါ၏!” ဟုဘုရားသခင်ကို သူကြွေးကြော်ခဲ့သည်။ (ဆာလံ ၁၁၉:၉၇၊ ကဘ) ယင်းသည် စိတ်လှုပ်ရှားမှုဆိုင်ရာ ပွင့်အံပြောဆိုခြင်းမျှမဟုတ်ပါ။ ဘုရားသခင့်ပညတ်တော်၌ တင်ပြထားသော ကိုယ်တော်၏အလိုတော်ကို ချစ်မြတ်နိုးကြောင်း ဖော်ပြပြောဆိုခြင်းဖြစ်သည်။ ဘုရားသခင်၏စုံလင်သောသားတော် ယေရှုခရစ်၌လည်း အလားတူခံစားချက်များရှိ၏။ ယေရှုက “အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏” ဟုမိန့်တော်မူခဲ့ကြောင်း ပရောဖက် ပြုဖော်ပြထားသည်။ (ဆာလံ ၄၀:၈; ဟေဗြဲ ၁၀:၉) ကျွန်ုပ်တို့ကော။ ဘုရားသခင့်အလိုတော်ကိုဆောင်ရန် ကျွန်ုပ်တို့အားရဝမ်းမြောက်ကြသလော။ ယေဟောဝါ၏ပညတ်တော်တို့သည် အသုံးကျပြီး အကျိုးရှိကြောင်းကို ကျွန်ုပ်တို့ယုံကြည်စိတ်ချသလော။ ကျွန်ုပ်တို့၏ဝတ်ပြုရေးတွင်ဖြစ်စေ၊ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင်ဖြစ်စေ၊ ဆုံးဖြတ်ချက်များချချိန်တွင်ဖြစ်စေ၊ အခြားသူများနှင့်ဆက်ဆံရာတွင်ဖြစ်စေ ဘုရားသခင့်ပညတ်တော်များကိုနာခံခြင်းသည် အဘယ်နေရာ၌ရှိသနည်း။ ဘုရားသခင့်ပညတ်တော်ကို ချစ်မြတ်နိုးရန် ဘုရားသခင်သည် ပညတ်တော်များကို အဘယ်ကြောင့်ချပေး၍ ၎င်းတို့ကိုအတည်ပြုစေပိုင်ခွင့်ရှိကြောင်း ကျွန်ုပ်တို့ကောင်းစွာနားလည်ထားသင့်သည်။
ယေဟောဝါ—ပညတ်ပေးပိုင်ရှင်
၄။ ယေဟောဝါသည် အဘယ်ကြောင့် ပညတ်ပေးပိုင်ခွင့်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သနည်း။
၄ ဖန်ဆင်းရှင်အဖြစ် ယေဟောဝါသည် စကြဝဠာတွင် ပညတ်ပေးပိုင်ခွင့်အရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်။ (ဗျာဒိတ် ၄:၁၁) ပရောဖက်ဟေရှာယက “ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင်ဖြစ်တော်မူ၏” ဟုဖော်ပြခဲ့သည်။ (ဟေရှာယ ၃၃:၂၂) ကိုယ်တော်သည် သက်ရှိနှင့် သက်မဲ့များကိုထိန်းချုပ်သည့် ရူပနိယာမတရားများကို ချမှတ်ထားခဲ့ပြီ။ (ယောဘ ၃၈:၄-၃၈; ၃၉:၁-၁၂; ဆာလံ ၁၀၄:၅-၁၉) ဘုရားသခင်၏ဖန်ဆင်းရာအနေနှင့် လူသည် ယေဟောဝါ၏ရူပနိယာမတရားအောက်၌ရှိ၏။ လူသည် လွတ်လပ်စွာရွေးချယ်ခွင့်ရှိပြီး မိမိဘာသာဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသော်လည်း ဘုရားသခင်၏ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဆိုင်ရာပညတ်များကို နာခံလိုက်လျှောက်မှသာ ပျော်ရွှင်နိုင်သည်။—ရောမ ၁၂:၁; ၁ ကောရိန္သု ၂:၁၄-၁၆။
၅။ ဘုရားသခင့်ပညတ်တော်များနှင့်ပတ်သက်၍ ဂလာတိ ၆:၇ ပါမူသည် မှန်ကန်ကြောင်း မည်သို့ထင်ရှားသနည်း။
၅ ကျွန်ုပ်တို့သိကြသည့်အတိုင်း ယေဟောဝါ၏ရူပနိယာမတရားများကို ချိုးဖျက်၍မရချေ။ (ယေရမိ ၃၃:၂၀၊ ၂၁) ဥပမာ၊ ဆွဲငင်အားနိယာမကဲ့သို့သော ရူပနိယာမတရားအချို့ကို လူတစ်ဦးဆန့်ကျင်မည်ဆိုလျှင် အကျိုးဆက်ကိုခံရ၏။ အလားတူ ဘုရားသခင်၏ကိုယ်ကျင့်တရားပညတ်များကို မပြောင်းလဲနိုင်၊ မရှောင်တိမ်းနိုင်၊ ပြစ်ဒဏ်မခံရဘဲ ကျူးလွန်၍မရချေ။ ၎င်းတို့၏အကျိုးဆက်ကို ချက်ချင်းခံရချင်မှခံရမည်ဖြစ်သော်လည်း ၎င်းတို့သည် ကိုယ်တော်၏ရူပနိယာမတရားများကဲ့သို့ အမှန်ပြဋ္ဌာန်းထားတော်မူ၏။ “ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။”—ဂလာတိ ၆:၇; ၁ တိမောသေ ၅:၂၄။
ယေဟောဝါ၏ပညတ်တရားနယ်ပယ်
၆။ ဘုရားသခင့်ပညတ်တော်များသည် မည်မျှအကျုံးဝင်သနည်း။
၆ ဘုရားသခင့်ပညတ်တော်တွင် အထင်ရှားဆုံးမှာ မောရှေပညတ်ဖြစ်သည်။ (ရောမ ၇:၁၂) အချိန်တန်သော် ယေဟောဝါဘုရားသခင်သည် မောရှေပညတ်ကို “ခရစ်တော်၏တရား” နှင့်အစားထိုးခဲ့သည်။ * (ဂလာတိ ၆:၂; ၁ ကောရိန္သု ၉:၂၁) “လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား” အောက်၌ရှိသော ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သိထားကြသည်မှာ ဘုရားသခင်သည် အယူဝါဒပိုင်းဆိုင်ရာ ယုံကြည်ချက်များ သို့မဟုတ် ထုံးတမ်းစဉ်လာအခမ်းအနားများ အစရှိသည့် ကျွန်ုပ်တို့၏ဘဝကဏ္ဍအချို့ကိုသာ လမ်းညွှန်ချက်ချမှတ်ထားခြင်းမဟုတ်ချေ။ ကိုယ်တော်၏စံနှုန်းများသည် မိသားစုကိစ္စများ၊ စီးပွားရေးလုပ်ငန်းများ၊ လိင်ခြားသူနှင့်ပတ်သက်သောအမူအကျင့်၊ ခရစ်ယာန်ချင်းများအပေါ် သဘောထားနှင့် စစ်မှန်သောဝတ်ပြုရေး၌ ပါဝင်ခြင်းအစရှိသော ဘဝကဏ္ဍအားလုံးတွင် အကျုံးဝင်သည်။—ယာကုပ် ၁:၂၅၊ ၂၇။
၇။ ဘုရားသခင်၏ အရေးပါသောပညတ်တော်အချို့ကို ဖော်ပြပါ။
၇ ဥပမာ၊ သမ္မာကျမ်းစာကဤသို့ဆို၏– “မတရားသောမေထုန်၌မှီဝဲသောသူ၊ ရုပ်[ပုံ]ကိုကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” (၁ ကောရိန္သု ၆:၉၊ ၁၀) မှန်ပါသည်၊ သူ့သားအိမ်ရာပြစ်မှားခြင်းနှင့် မတရားမေထုန်ပြုခြင်းတို့သည် “ချစ်ရေးကြိုက်ရေး” မျှသာမဟုတ်ပါ။ လိင်တူမေထုန်ပြုခြင်းသည် “ဘဝပုံစံနောက်တစ်မျိုး” မျှသာမဟုတ်ပါ။ ယင်းတို့သည် ယေဟောဝါ၏ပညတ်တော်ကို ချိုးဖောက်ခြင်းဖြစ်၏။ ခိုးခြင်း၊ လိမ်လည်ခြင်းနှင့်သွားပုပ်လေလွင့်ပြောဆိုခြင်း အစရှိသည်တို့လည်း ထိုနည်းတူပင်။ (ဆာလံ ၁၀၁:၅; ကောလောသဲ ၃:၉; ၁ ပေတရု ၄:၁၅) ဝါကြွားခြင်းကို ယာကုပ်ရှုတ်ချပြောဆိုခဲ့ပြီး ပေါလုက မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ရယ်ပြုသောစကားများကိုရှောင်ရန် ကျွန်ုပ်တို့ကိုအကြံပေးခဲ့သည်။ (ဧဖက် ၅:၄; ယာကုပ် ၄:၁၆) ခရစ်ယာန်များအတွက် အမူအကျင့်နှင့်ဆိုင်သော ဤညွှန်ကြားချက်များသည် ဘုရားသခင်၏စုံလင်သောပညတ်တော်၌ပါဝင်သည်။—ဆာလံ ၁၉:၇။
၈။ (က) ယေဟောဝါ၏ပညတ်သည် အဘယ်အမျိုးအစားဖြစ်သနည်း။ (ခ) “ပညတ်” ဟုပြန်ဆိုသည့် ဟေဗြဲစကားလုံး၏ အခြေခံအဓိပ္ပာယ်ကားအဘယ်နည်း။
၈ ယေဟောဝါ၏ နှုတ်မြွက်စကားတော်ပါ ဤအခြေခံစည်းမျဉ်းဥပဒေများက ကိုယ်တော်၏ပညတ်တော်သည် ခံစားမှုမရှိ၊ ဥပဒေပြဋ္ဌာန်းချက် စာရင်းဇယားမျှသာမဟုတ်ကြောင်းဖော်ပြသည်။ ၎င်းသည် ကောင်းကျိုးပြုသော အမူအကျင့်ကဏ္ဍအားလုံးနှင့် မျှတမှုရှိသော၊ အကျိုးဖြစ်ထွန်းသောဘဝ၏အခြေခံကို ဖြစ်ပေါ်စေသည်။ ဘုရားသခင့်ပညတ်တော်သည် တည်ဆောက်မှုဖြစ်စေသည်၊ လူ့ကျင့်ဝတ်နှင့်ဆိုင်ပြီး အသိပညာပေးသည်။ (ဆာလံ ၁၁၉:၇၂) ဆာလံဆရာအသုံးပြုခဲ့သော “ပညတ်” ဟူသောစကားလုံးကို ဟေဗြဲစကားလုံး တိုရာမှဘာသာပြန်ထားသည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ဆို၏– “ဤစကားလုံးသည် ညွှန်ကြားရန်၊ လမ်းပြရန်၊ ချိန်ရွယ်ရန်၊ ရှေ့သို့ပစ်ခတ်ရန်ဟုအဓိပ္ပာယ်ရှိသော ကြိယာမှလာသည်။ သို့ဖြစ်၍ ယင်း၏ . . . အဓိပ္ပာယ်သည် အမူအကျင့်ဆိုင်ရာစည်းမျဉ်းဖြစ်ပေမည်။” ဆာလံဆရာအတွက် ပညတ်တော်သည် ဘုရားသခင်ထံတော်မှ ဆုကျေးဇူးဖြစ်သည်။ ကျွန်ုပ်တို့လည်း ယင်းကို အလားတူမှတ်ယူတန်ဖိုးထားကာ ကျွန်ုပ်တို့၏ဘဝကို ၎င်းဖြင့်ပုံသွင်းသင့်သည်မဟုတ်လော။
၉၊ ၁၀။ (က) အားကိုးအားထားနိုင်သော ညွှန်ကြားမှုကို ကျွန်ုပ်တို့အဘယ်ကြောင့်လိုအပ်သနည်း။ (ခ) ကျွန်ုပ်တို့သည် နှစ်လိုဖွယ်ကောင်းပြီး အောင်မြင်သောဘဝကို မည်သို့အားဖြင့်သာ ရရှိနိုင်ကြသနည်း။
၉ သတ္တဝါအားလုံး အားကိုးအားထားနိုင်သောညွှန်ကြားမှုနှင့် ယုံကြည်စိတ်ချရသောလမ်းပြမှုလိုသည်။ လူထက်သာ၍မြင့်မြတ်သော ယေရှုနှင့် အခြားကောင်းကင်တမန်များလည်း ထိုသို့အမှန်ဖြစ်သည်။ (ဆာလံ ၈:၅; ယောဟန် ၅:၃၀; ၆:၃၈; ဟေဗြဲ ၂:၇; ဗျာဒိတ် ၂၂:၈၊ ၉) ဤစုံလင်သောဖန်ဆင်းရာများသည် ဘုရားသခင့်လမ်းညွှန်မှုမှ အကျိုးခံစားနိုင်သည်ဆိုလျှင် မစုံလင်သောလူသားများသည် ထိုထက်မကအကျိုးခံစားရဖို့ အကြောင်းပိုများမည်! လူ့သမိုင်းနှင့် ကျွန်ုပ်တို့ကိုယ်ပိုင်၏အတွေ့အကြုံက ပရောဖက်ယေရမိ၏ ဤဖော်ပြချက် ခိုင်လုံကြောင်းကို သက်သေထူသည်– “အိုထာဝရဘုရား လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃။
၁၀ ကျွန်ုပ်တို့သည် နှစ်လိုဖွယ်ကောင်းပြီး အောင်မြင်သောဘဝရလိုပါက ဘုရားသခင်၏လမ်းညွှန်မှုရရှိရန်လိုသည်။ ဘုရားသခင့်လမ်းညွှန်မှုမပါဘဲ ကိုယ်ပိုင်စံနှုန်းများအတိုင်း အသက်ရှင်ခြင်း၏အန္တရာယ်ကို ရှောလမုန်ဘုရင် ဤသို့အသိအမှတ်ပြုခဲ့သည်– “လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏။”—သု. ၁၄:၁၂။
ဘုရားသခင့်ပညတ်တော်ကို တန်ဖိုးထားမြတ်နိုးဖို့ အကြောင်းရင်းများ
၁၁။ ဘုရားသခင့်ပညတ်တော်ကို နားလည်လိုစိတ် ကျွန်ုပ်တို့၌ အဘယ်ကြောင့်ရှိသင့်သနည်း။
၁၁ ယေဟောဝါ၏ပညတ်တော်ကို ကောင်းစွာနားလည်လိုသောစိတ်ကို ကျွန်ုပ်တို့မွေးမြူသင့်သည်။ ဆာလံဆရာက “တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏မျက်စိတို့ကိုဖွင့်တော်မူပါ” ဟုဆိုသောအခါ ထိုသို့သောတောင့်တမှုကို သူဖော်ပြခဲ့သည်။ (ဆာလံ ၁၁၉:၁၈) ဘုရားသခင်နှင့် ကိုယ်တော်၏နည်းလမ်းတော်များကို ကျွန်ုပ်တို့သိလာလေလေ ဟေရှာယ၏ဤစကားများမှန်ကန်သည်ကို ကျွန်ုပ်တို့ပို၍သဘောပေါက်လာလေလေဖြစ်မည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။” (ဟေရှာယ ၄၈:၁၇၊ ၁၈) ယေဟောဝါ၏လူမျိုးတော်သည် ပညတ်တော်များကို အာရုံစူးစိုက်ခြင်းအားဖြင့် ဘေးအန္တရာယ်ကိုရှောင်၍ မိမိ၏ဘဝကိုပျော်မွေ့စေရန် ကိုယ်တော်အလွန်အလိုရှိတော်မူသည်။ ဘုရားသခင့်ပညတ်တော်ကို ကျွန်ုပ်တို့တန်ဖိုးထားမြတ်နိုးသင့်သည့် အဓိကအကြောင်းရင်းအချို့ကို ဆန်းစစ်ကြည့်ကြစို့။
၁၂။ ကျွန်ုပ်တို့ကို ယေဟောဝါသိရှိထားခြင်းက ကိုယ်တော်အား အကောင်းဆုံးပညတ်ပေးရှင် မည်သို့ဖြစ်စေသနည်း။
၁၂ ဘုရားသခင့်ပညတ်တော်သည် ကျွန်ုပ်တို့ကိုအသိဆုံးပုဂ္ဂိုလ်ထံမှလာသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်သောကြောင့် လူသားတို့ကို ကိုယ်တော်အကြွင်းမဲ့သိမည်မှာ ကျိုးကြောင်းဆီလျော်သည်။ (ဆာလံ ၁၃၉:၁၊ ၂; တမန်တော် ၁၇:၂၄-၂၈) ရင်းနှီးသောမိတ်ဆွေများ၊ ဆွေမျိုးများနှင့် မိဘများပင် ယေဟောဝါကဲ့သို့ ကျွန်ုပ်တို့ကိုမသိနိုင်ကြချေ။ ကျွန်ုပ်တို့ကိုယ်ကိုသိသည်ထက်ပင် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုပို၍သိတော်မူပါသည်! ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေး၊ စိတ်လှုပ်ရှားမှု၊ စိတ်ပိုင်းနှင့် ကာယပိုင်းလိုအပ်ရာများကို မည်သူထက်မဆို သိနားလည်တော်မူ၏။ ကျွန်ုပ်တို့ကို ကိုယ်တော်အာရုံစိုက်သောခါ ကျွန်ုပ်တို့၏တည်ဆောက်ပုံ၊ ကျွန်ုပ်တို့၏လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို အတွင်းကျကျသိနားလည်ကြောင်း ဖော်ပြတော်မူ၏။ ယေဟောဝါသည် ကျွန်ုပ်တို့၏ကန့်သတ်ချက်များကို သိထားတော်မူ၏၊ သို့သော် ကျွန်ုပ်တို့ ကောင်းမှုပြုနိုင်ကြောင်းကိုလည်း သိတော်မူ၏။ ဆာလံဆရာက “ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏” ဟုဆိုသည်။ (ဆာလံ ၁၀၃:၁၄) ထို့ကြောင့် ဘုရားသခင့်လမ်းညွှန်မှုကို ကျွန်ုပ်တို့တလိုတလားခံယူလျက် ကိုယ်တော်၏ပညတ်တော်အတိုင်း ကြိုးစားလိုက်လျှောက်သောအခါ ဝိညာဉ်ရေးလုံခြုံမှုကို ကျွန်ုပ်တို့ခံစားရနိုင်ကြသည်။—သု. ၃:၁၉-၂၆။
၁၃။ ယေဟောဝါသည် ကျွန်ုပ်တို့ကို အကောင်းဆုံးအကျိုးကျေးဇူးများ ရစေလိုကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
၁၃ ဘုရားသခင့်ပညတ်တော်သည် ကျွန်ုပ်တို့ကိုချစ်မြတ်နိုးသောပုဂ္ဂိုလ်ထံမှလာသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ထာဝရကောင်းကျိုးကို အလွန်လိုလားတော်မူ၏။ မိမိ၏သားတော်ကို “လူများအတွက် ရွေးနုတ်ရာ” အဖြစ်ပေးခြင်းသည် ကိုယ်တော့်အတွက် ကြီးမားသောအနစ်နာခံမှုတစ်ခုမဟုတ်ပေလော။ (မဿဲ ၂၀:၂၈၊ ကဘ) ‘ကျွန်ုပ်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို အခွင့်ပေးတော်မမူ’ ဟုယေဟောဝါကတိပြုထားသည်မဟုတ်ပေလော။ (၁ ကောရိန္သု ၁၀:၁၃) ကိုယ်တော်သည် ‘ကျွန်ုပ်တို့ကို ဂရုစိုက်တော်မူ၏’ ဟု သမ္မာကျမ်းစာအာမခံသည်မဟုတ်လော။ (၁ ပေတရု ၅:၇) ဖန်ဆင်းထားရာလူသားကို အကျိုးပြုမည့်လမ်းညွှန်မှုများပေးရန် ယေဟောဝါထက် သာ၍မေတ္တာရှိစွာ စိတ်ဝင်စားသူမရှိပါ။ ကျွန်ုပ်တို့အတွက် အဘယ်အရာကောင်းသည်၊ အဘယ်အရာကပျော်ရွှင်မှုပေးသည်၊ အဘယ်အရာက ဝမ်းနည်းစေမည်ကို ကိုယ်တော်သိတော်မူ၏။ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြပြီး အမှားများပြုကြသော်လည်း ဖြောင့်မတ်စွာကျင့်မည်ဆိုလျှင် အသက်ရှင်၍ ကောင်းချီးများခံစားစေမည့်နည်းဖြင့် ကိုယ်တော်၏မေတ္တာကို တင်ပြတော်မူ၏။—ယေဇကျေလ ၃၃:၁၁။
၁၄။ ဘုရားသခင့်ပညတ်တော်သည် အဘယ်အရေးပါသောနည်းဖြင့် လူ့အတွေးအခေါ်နှင့် ကွာခြားသနည်း။
၁၄ ဘုရားသခင့်ပညတ်တော်သည် မပြောင်းလဲနိုင်ကြောင်း စိတ်ချနိုင်သည်။ ကျွန်ုပ်တို့အသက်ရှင်နေသော ကသောင်းကနင်းအချိန်၌ ယေဟောဝါသည် တည်ငြိမ်သောကျောက်၊ ရှေးအစဉ်အဆက်မှ နောက်အစဉ်အဆက်အထိ တည်ရှိတော်မူသည်။ (ဆာလံ ၉၀:၂) ကိုယ်တော်တိုင်အကြောင်း ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် ယေဟောဝါဖြစ်၏။ ငါသည် ပြောင်းလဲခြင်းမရှိ။” (မာလခိ ၃:၆၊ ကဘ) ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင့်စံနှုန်းများသည် အမြဲတစေပြောင်းလဲတတ်သည့် လူ့အတွေးအခေါ်များနှင့်မတူ အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်၏။ (ယာကုပ် ၁:၁၇) ဥပမာ၊ စိတ်ပညာရှင်များသည် ကလေးအား ပေါက်လွှတ်ကြီးပြင်းလာစေခြင်းကို နှစ်ချီ၍ ထောက်ခံပြောဆိုခဲ့ကြ၏၊ သို့သော် နောက်ပိုင်းတွင် သူတို့မှအချို့သည် စိတ်ပြောင်းလဲသွားကြပြီး သူတို့၏အကြံပေးချက် မှားကြောင်း ဝန်ခံခဲ့ကြသည်။ ၎င်းနှင့်ပတ်သက်သော လောကစံနှုန်းများနှင့် လမ်းညွှန်မှုများသည် လေယူရာယိမ်းသကဲ့သို့ဖြစ်သည်။ သို့သော် ယေဟောဝါ၏စကားတော်သည် တိမ်းယိမ်းခြင်းမရှိပေ။ သမ္မာကျမ်းစာက သားသမီးများကို မေတ္တာဖြင့် မည်သို့မွေးမြူရမည်အကြောင်း ရာစုနှစ်ချီအကြံပေးထားသည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” (ဧဖက် ၆:၄) ယေဟောဝါ၏စံနှုန်းများကို ကျွန်ုပ်တို့အားကိုးအားထားနိုင်ကြောင်း; ၎င်းစံနှုန်းများသည် ပြောင်းလဲမည်မဟုတ်ကြောင်းသိရခြင်းသည် မည်မျှအားရှိစရာပါတကား!
ဘုရားသခင့်ပညတ်တော်များကို နာခံသူတို့အတွက် ကောင်းချီးများ
၁၅၊ ၁၆။ (က) ယေဟောဝါ၏စံနှုန်းများကို ကျွန်ုပ်တို့လိုက်နာကျင့်သုံးလျှင် အဘယ်အကျိုးရမည်နည်း။ (ခ) ဘုရားသခင့်ပညတ်တော်များသည် အိမ်ထောင်ရေးတွင် ကောင်းသောလမ်းညွှန်မှု မည်သို့ဖြစ်နိုင်သနည်း။
၁၅ ဘုရားသခင်သည် မိမိ၏ပရောဖက်ဟေရှာယအားဖြင့် ဤသို့ဆိုခဲ့သည်– “ငါ၏နှုတ်[မြွက်]စကားသည် . . . အောင်လိမ့်မည်။” (ဟေရှာယ ၅၅:၁၁) ထိုနည်းတူ ကိုယ်တော်၏နှုတ်မြွက်စကားတော်၌ပါသော စံနှုန်းများကို ဇွဲရှိရှိကြိုးစားလိုက်နာကြသောအခါ ကျွန်ုပ်တို့အောင်မြင်မည်၊ ကောင်းမှုကိုပြီးမြောက်စေ၍ ပျော်ရွှင်မှုတွေ့ရှိရပါလိမ့်မည်။
၁၆ ဘုရားသခင့်ပညတ်တော်များသည် အောင်မြင်သောအိမ်ထောင်ရေးအတွက် မည်သို့လမ်းညွှန်မှုကောင်းဖြစ်ကြောင်း သုံးသပ်ကြည့်ပါ။ “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကိုပြုသောသူနှင့် သူ့မယားကိုပြစ်မှားသောသူကို ဘုရားသခင်စစ်ကြောစီရင်တော်မူလိမ့်မည်” ဟုပေါလုရေးသားခဲ့သည်။ (ဟေဗြဲ ၁၃:၄) အိမ်ထောင်ဖက်များသည် တစ်ဦးကိုတစ်ဦး ရိုသေလေးမြတ်၍ မေတ္တာ ရှိကြဖို့ဖြစ်သည်– “သင်တို့သည် အသီးအသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်းရှိစေလော့။” (ဧဖက် ၅:၃၃) ၁ ကောရိန္သု ၁၃:၄-၈ တွင်ဖော်ပြထားသောမေတ္တာမျိုးရှိဖို့လိုသည်– “မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်၊ မတရားသောအမှု၌ဝမ်းမြောက်ခြင်းမရှိတတ်၊ [အမှန်]တရား၌ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကိုဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကိုယုံတတ်၏။ ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။” ဤမေတ္တာမျိုးရှိသောအိမ်ထောင်သည် ပျက်လိမ့်မည်မဟုတ်။
၁၇။ အရက်ယမကာသုံးစွဲခြင်းနှင့်ပတ်သက်သော ယေဟောဝါ၏စံနှုန်းများကို လိုက်နာကျင့်သုံးခြင်းမှ အဘယ်အကျိုးကျေးဇူးရသနည်း။
၁၇ ယေဟောဝါ၏စံနှုန်းများသည် အကျိုးပြုကြောင်းထင်ရှားသည့် အထောက်အထားနောက်တစ်ခုမှာ သောက်ကြူးခြင်းကို ကိုယ်တော်တားမြစ်ခြင်းဖြစ်သည်။ ‘စပျစ်ရည်သောက်ကြူး’ ခြင်းကိုပင် ကိုယ်တော်မနှစ်သက်ချေ။ (၁ တိမောသေ ၃:၃၊ ၈; ရောမ ၁၃:၁၃) ဤကိစ္စတွင် ဘုရားသခင့်စံနှုန်းများကို လျစ်လျူရှုသူ များစွာသည် သောက်ကြူးခြင်းကြောင့် ဖြစ်ပေါ်လာသော သို့မဟုတ် ပို၍ဆိုးဝါးစေသော ရောဂါများကိုရကြသည်။ တော်သင့်ရုံပြုခြင်းနှင့်ပတ်သက်သော ကျမ်းစာအကြံပေးချက်ကို လျစ်လျူရှုကြရာ အချို့တို့သည် “စိတ်ပြေလက်ပျောက်ဖြစ်စေ” ဖို့ အလွန်အကျွံသောက်သည့်အကျင့်ရသွားကြသည်။ သောက်ကြူးခြင်းကြောင့် ရိုသေလေးစားခံရမှုဆုံးရှုံးခြင်း၊ မိသားစုဆက်ဆံရေးတင်းမာခြင်း၊ မိသားစုပြိုကွဲခြင်း၊ ငွေဖြုန်းတီးခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်းတို့အပါအဝင် ပြဿနာများစွာပေါ်လာသည်။ (သု. ၂၃:၁၉-၂၁၊ ၂၉-၃၅) အရက်ယမကာသုံးစွဲခြင်းနှင့်ပတ်သက်သော ယေဟောဝါ၏စံနှုန်းများသည် အကွယ်အကာမဖြစ်ပေလော။
၁၈။ ဘုရားသခင့်ပညတ်တော်များသည် ငွေကြေးကိစ္စများတွင် လက်တွေ့ကျပါသလော။ ရှင်းပြပါ။
၁၈ ဘုရားသခင့်စံနှုန်းများသည် ငွေရေးကြေးရေးကိစ္စများတွင်လည်း လက်တွေ့ကျကြောင်းထင်ရှားသည်။ သမ္မာကျမ်းစာက ရိုးဖြောင့်လုကာ ၁၆:၁၀; ဧဖက် ၄:၂၈; ကောလောသဲ ၃:၂၃) ဤအကြံပေးချက်ကို ခရစ်ယာန်များလိုက်နာကြသောကြောင့် ရာထူးတိုးမြှင့်ခံရကြသည် သို့မဟုတ် အခြားသူများ အလုပ်မှ ထုတ်ပယ်ခံရချိန်တွင် သူတို့အလုပ်၌မြဲကြသည်။ လောင်းကစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးအလွဲသုံးခြင်း အစရှိသည့် ကျမ်းစာနှင့်မညီသောအကျင့်များ အလွန်အကျွံစွဲမှုများကို ရှောင်ကြဉ်သောအခါ ငွေရေးကြေးရေးဘက်တွင်လည်း အကျိုးကျေးဇူးများစွာရှိသည်။ ဘုရားသခင့်စံနှုန်းများဆိုင်ရာ လက်တွေ့ကျစီးပွားရေးအခြေအနေများကို သင်အမှန်စဉ်းစားကြည့်နိုင်သည်။
၍ လုံ့လဝီရိယရှိဖို့ ခရစ်ယာန်များကိုတိုက်တွန်းသည်။ (၁၉၊ ၂၀။ ဘုရားသခင့်ပညတ်တော်များကို လက်ခံ၍ ကိုင်စွဲထားခြင်းသည် အဘယ်ကြောင့်ပညာရှိလမ်းစဉ်ဖြစ်သနည်း။
၁၉ မစုံလင်သောလူသားများသည် ဘုရားသခင့်ပညတ်တော်များနှင့် စံနှုန်းများမှ သွေဖည်သွားဖို့လွယ်ကူသည်။ သိနာတောင်ပေါ်မှ ဣသရေလလူမျိုးအကြောင်း စဉ်းစားကြည့်ပါ။ သူတို့ကိုဘုရားသခင် ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။” သူတို့ ဤသို့တုံ့ပြန်ခဲ့ကြသည်– “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည်ပြုပါမည်။” သို့တိုင် သူတို့ရွေးချယ်ခဲ့သောလမ်းစဉ်နှင့် တခြားစီပင်! (ထွက်မြောက်ရာ ၁၉:၅၊ ၈; ဆာလံ ၁၀၆:၁၂-၄၃) သူတို့နှင့်မတူဘဲ ဘုရားသခင့်စံနှုန်းများကို လက်ခံ၍ ကိုင်စွဲထားကြပါစို့။
၂၀ ပျော်ရွှင်မှုရစေသော ပညာရှိလမ်းစဉ်မှာ ကျွန်ုပ်တို့၏အသက်တာကို လမ်းညွှန်ပေးဖို့ ယေဟောဝါပြင်ဆင်ပေးထားသည့် တုနှိုင်းမရ ပညတ်တော်များကို အနီးကပ်လိုက်လျှောက်ခြင်းဖြစ်သည်။ (ဆာလံ ၁၉:၇-၁၁) ယင်းကိုအောင်မြင်စွာပြုလုပ်ရန် ဘုရားသခင့်မူများ၏တန်ဖိုးကို ပိုင်းခြားနားလည်ဖို့လည်းလိုသည်။ ယင်းသည် နောက်ဆောင်းပါး၏ အကြောင်းအရာပင်တည်း။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 “ခရစ်တော်၏တရား” အကြောင်း အသေးစိတ်ဆွေးနွေးချက်ကိုသိလိုလျှင် ကင်းမျှော်စင်၊ ၁၉၉၆၊ စက်တင်ဘာ ၁၊ စာမျက်နှာ ၁၄-၂၄ ကိုရှု။
သင်မှတ်မိသလော
• ဘုရားသခင့်ပညတ်တော်များသည် ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်ကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
• အဘယ်အကြောင်းရင်းများကြောင့် ယေဟောဝါ၏ပညတ်တော်ကို ကျွန်ုပ်တို့တန်ဖိုးထားမြတ်နိုးသင့်သနည်း။
• ဘုရားသခင့်ပညတ်တော်များသည် အဘယ်နည်းများဖြင့် အကျိုးပြုသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
အာဗြဟံသည် ယေဟောဝါ၏ပညတ်တော်ကို နာခံခြင်းအတွက် ကြွယ်ဝစွာကောင်းချီးရရှိခဲ့
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယနေ့ အလုပ်များလှသောဘဝ၏ စိုးရိမ်ပူပန်မှုများက လူများစွာကို ဘုရားသခင့်ပညတ်တော်မှ လမ်းလွဲစေ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဘုရားသခင့်ပညတ်တော်သည် ကျောက်ဆောင်ပေါ်ရှိ မီးပြတိုက်ကဲ့သို့ တည်မြဲ၍ မပြောင်းလဲနိုင်