ယေဟောဝါအားချစ်သည့်မေတ္တာ ကျွန်ုပ်တို့ကလေးများ၏နှလုံးထဲစွဲမြဲစေခြင်း
ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါအားချစ်သည့်မေတ္တာ ကျွန်ုပ်တို့ကလေးများ၏နှလုံးထဲစွဲမြဲစေခြင်း
ဝယ်နာ မာဆန် ပြောပြသည်
လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော့်ကို သားကြီး ဟာန်စ် ဝယ်နာ ကျမ်းစာတစ်အုပ်ပေးတယ်။ “ချစ်လှစွာသောအဖေ၊ အသက်တာလမ်းစဉ်ပေါ်မှာ ယေဟောဝါရဲ့စကားတော်က ကျွန်တော်တို့မိသားစုကို ဆက်လမ်းပြနိုင်ပါစေ။ ကျေးဇူးတင်စွာဖြင့် အဖေ့ရဲ့သားကြီး” ဆိုပြီး အဖုံးအတွင်းပိုင်းမှာ သူရေးထားတယ်။ ဒီစကားတွေက ကျွန်တော့်ရဲ့နှလုံးထဲ ကျေးဇူးတင်ရွှင်လန်းစိတ် ဘယ်လောက်ပြည့်လာတယ်ဆိုတာကို မိဘတွေ နားလည်ကြမှာပါ။ ကျွန်တော်တို့မိသားစုဟာ ဘယ်လိုစိန်ခေါ်ချက်တွေကို ရင်ဆိုင်ရဦးမယ်ဆိုတာ အဲဒီတုန်းက ကျွန်တော်မသိခဲ့ဘူး။
၁၉၂၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်ဆိပ်ကမ်းမြို့ကနေ ၁၃ မိုင်လောက်ဝေးတဲ့ ဟာလ်စတန်ဘခ်မြို့မှာ ကျွန်တော့်ကိုမွေးပြီး အမေနဲ့အဘိုးရဲ့ပြုစုမှုအောက်မှာ ကျွန်တော်ကြီးပြင်းလာခဲ့ရတယ်။ အလုပ်သင်စက်ပြင်ဆရာအဖြစ် သင်တန်းတက်ခဲ့တဲ့အတွက် ၁၉၄၂ ခုနှစ်မှာ လက်နက်ကိုင်တပ်ဖွဲ့ ဗဲရ်မာတ် မှာစစ်မှုဝင်ထမ်းခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ရုရှားရှေ့တန်း စစ်မျက်နှာပြင်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ပြောမထွက်နိုင်အောင် အရမ်းကြောက်စရာကောင်းခဲ့တယ်။ ကျွန်တော် အူရောင်ငန်းဖျားရောဂါရခဲ့တယ်၊ ဒါပေမဲ့ ဆေးကုပေးပြီးနောက် ရှေ့တန်းပြန်အပို့ခံရတယ်။ ၁၉၄၅၊ ဇန်နဝါရီလမှာ ပိုလန်နိုင်ငံ၊ လော့ဒ်ဇ်မြို့မှာ ကျွန်တော် အကြီးအကျယ်ဒဏ်ရာရခဲ့ပြီး စစ်ဆေးရုံတက်ခဲ့ရတယ်။ စစ်ပြီးတဲ့အထိ အဲဒီမှာ ကျွန်တော်ရှိနေတုန်းပဲ။ ဆေးရုံမှာ၊ အဲဒီနောက် နယူယန်ဂါမာမြို့က ထိန်းသိမ်းရေးစခန်းမှာ တွေးတောဆင်ခြင်ဖို့ အချိန်ရခဲ့တယ်။ ဘုရားသခင် တကယ်ပဲရှိသလား။ တကယ်ရှိတယ်ဆိုရင် ရက်စက်ကြမ်းကြုတ်မှုတွေကို ဘာဖြစ်လို့ ခွင့်ပြုထားရတာလဲ ဆိုတဲ့မေးခွန်းတွေနဲ့ ကျွန်တော်စိတ်ရှုပ်ခဲ့တယ်။
ထိန်းသိမ်းရေးစခန်းကနေ ထွက်လာပြီးမကြာခင် ၁၉၄၇၊ စက်တင်ဘာလမှာ ကာရ်လာနဲ့ ကျွန်တော်လက်ထပ်ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး တစ်မြို့တည်းမှာ ကြီးပြင်းလာခဲ့ကြတယ်၊ ကာရ်လာက ကက်သလစ်ဘာသာဝင်ဖြစ်ပေမဲ့ ကျွန်တော်
ကျတော့ ကြီးပြင်းလာတဲ့အချိန်မှာ ဘာသာရေးစိတ်မဝင်စားခဲ့ဘူး။ ဘာကြီးပဲဖြစ်နေဖြစ်နေ ညနေတိုင်း ကျွန်တော်တို့နှစ်ယောက်အတူ သခင့်ဆုတောင်းချက်ကို ရွတ်ဆိုပါလို့ ကျွန်တော်တို့ကိုလက်ထပ်ပေးခဲ့တဲ့ ခရစ်ယာန်ဘုန်းကြီးက အကြံဉာဏ်ပေးခဲ့တယ်။ ဘာအတွက် ကျွန်တော်တို့ဆုတောင်းနေမှန်းမသိဘဲ သူပြောတဲ့အတိုင်း ရွတ်ဆိုခဲ့ကြတယ်။နောက်တစ်နှစ်မှာ ဟာန်စ် ဝယ်နာကိုမွေးတယ်။ အဲဒီအချိန်လောက်မှာပဲ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက် ဝီလ်ဟဲလ်မ် အာရန်စ်က ယေဟောဝါသက်သေတွေနဲ့ ကျွန်တော့်ကိုမိတ်ဆက်ပေးခဲ့တယ်။ စစ်ပွဲတွေ တစ်နေ့နေ့ အဆုံးတိုင်မယ်ဆိုတဲ့အကြောင်း ကျမ်းစာကနေ ပြခဲ့တယ်။ (ဆာလံ ၄၆:၉) ၁၉၅၀၊ ဆောင်းဦးရာသီမှာ ကျွန်တော့်ရဲ့အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။ နောက်တစ်နှစ်မှာ ကျွန်တော့်ချစ်ဇနီးလည်း နှစ်ခြင်းခံခဲ့လို့ ကျွန်တော်တကယ်ပဲပျော်ခဲ့ရတယ်!
ယေဟောဝါ၏နည်းလမ်းတော်များနှင့်အညီ ကလေးများကို ပြုစုပျိုးထောင်ခြင်း
အိမ်ထောင်မင်္ဂလာကို ယေဟောဝါစတင်ခဲ့တယ်ဆိုတာ ကျမ်းစာကနေ ကျွန်တော်သိခဲ့ရတယ်။ (ကမ္ဘာဦး ၁:၂၆-၂၈; ၂:၂၂-၂၄) ကျွန်တော့်ကလေးတွေ ဟာန်စ် ဝယ်နာ၊ ကာလ်ဟိုင်ဇ်၊ မိုက်ကယ်၊ ဂါဘရီအဲလ်နဲ့ သောမတ်စ်တို့ မွေးလာတဲ့အချိန်မှာ ခင်ပွန်းကောင်း၊ ဖခင်ကောင်းဖြစ်ဖို့ ကျွန်တော့်ရဲ့ကတိကဝတ် ပိုခိုင်မာလာခဲ့တယ်။ ကာရ်လာနဲ့ ကျွန်တော်ဟာ ကလေးတွေမွေးလာတိုင်း ဝမ်းသာပီတိဖြစ်ခဲ့ကြတယ်။
နူရမ်ဘတ်မြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ ၁၉၅၃ ခရိုင်စည်းဝေးကြီးဟာ ကျွန်တော်တို့မိသားစုအတွက် အရေးပါတဲ့ အခါသမယတစ်ခုဖြစ်ခဲ့တယ်။ သောကြာနေ့မွန်းလွဲပိုင်းမှာ “ကမ္ဘာသစ်အဖွဲ့အစည်းတွင် ကလေးများကို ပြုစုပျိုးထောင်ခြင်း” ဟောပြောချက်ထဲမှာ ဟောပြောသူက “ကျွန်တော်တို့ကလေးတွေကိုပေးနိုင်တဲ့ အထူးမြတ်ဆုံးအမွေအနှစ်ကတော့ ဘုရားသခင်ရဲ့ကျေးကျွန်တွေဖြစ်လိုတဲ့ ဆန္ဒပါပဲ” လို့ပြောတဲ့အချက်ကို ကျွန်တော်တို့ ဘယ်တော့မှမေ့မှာ မဟုတ်ဘူး။ ယေဟောဝါရဲ့အကူအညီနဲ့ ကာရ်လာနဲ့ကျွန်တော် အဲဒီအတိုင်းပဲပြုလုပ်ချင်ကြတယ်။ ဒါပေမဲ့ အဲဒီအမွေကို ဘယ်လိုပေးရမလဲ။
အစအနေနဲ့ မိသားစုလိုက် နေ့တိုင်းအတူတူဆုတောင်းတဲ့ အကျင့်ပြုလုပ်တယ်။ အဲဒီလိုလုပ်တော့ ဆုတောင်းတာအရေးကြီးမှန်း ကလေးတွေသိသွားတယ်။ အစာမစားခင် အမြဲတမ်းဆုတောင်းရမယ်ဆိုတာကို ကလေးတွေအားလုံး ငယ်ငယ်ကလေးတည်းက သိထားကြတယ်။ သူတို့နို့စို့အရွယ်ကတည်းက သူတို့ရဲ့နို့ပုလင်းကိုတွေ့တာနဲ့ ခေါင်းငုံ့ပြီး လက်ကလေးတွေကို ယှက်ထားကြတယ်။ တစ်ခါတုန်းက သက်သေခံမဟုတ်တဲ့ ကျွန်တော့်ဇနီးရဲ့ဆွေမျိုးတစ်ယောက်က ကျွန်တော်တို့ကို မင်္ဂလာဆောင်လာဖိတ်တယ်။ အခမ်းအနားပြီးတော့ သတို့သမီးရဲ့မိဘတွေက ဧည့်သည်တွေကို အိမ်လိုက်ပြီး အဆာပြေစားကြဖို့ ဖိတ်ခေါ်တယ်။ လူတိုင်းက ချက်ချင်းစားချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့သား ငါးနှစ်အရွယ် ကာလ်ဟိုင်ဇ်က ကျေနပ်ပုံမရဘူး။ ဒါနဲ့ သူက “ကျေးဇူးပြုပြီး အရင်ဆုတောင်းကြပါ” လို့ပြောလိုက်ရော။ ဧည့်သည်တွေက သားကို၊ ပြီးတော့ ကျွန်တော်တို့ကို၊ နောက်ဆုံးမှာ အိမ်ရှင်ကို လှည့်ကြည့်ကြတယ်။ အနေရမခက်အောင် ကျွန်တော်ကပဲ အစားအသောက်အတွက် ကျေးဇူးတင်ဆုတောင်းပေးမယ်လို့ ပြောလိုက်တာကို အိမ်ရှင်က သဘောတူခဲ့တယ်။
မဿဲ ၂၁:၁၆) ကျွန်တော်တို့ မှန်မှန်နဲ့ နှလုံးပါပါဆုတောင်းခဲ့လို့ ကလေးတွေက ယေဟောဝါကို မေတ္တာရှင်ကောင်းကင်ခမည်းတော်အဖြစ် အမှန်ပဲရှုမြင်စေခဲ့ပါတယ်။
ဒီအဖြစ်အပျက်က “နို့စို့သငယ်တို့နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်” ဆိုတဲ့ယေရှုစကားကို သတိရစေခဲ့တယ်။ (ယေဟောဝါအပေါ် ကျွန်ုပ်တို့တာဝန်
ဘုရားသခင်ကိုချစ်တတ်ဖို့ ကလေးတွေကိုသင်ပေးတဲ့အခါ ကျမ်းစာကို မှန်မှန်ဖတ်ရှုလေ့လာပေးဖို့လည်း လိုတယ်။ ဒါကို စိတ်ထဲစွဲမှတ်ပြီး အပတ်တိုင်း အများအားဖြင့် တနင်္လာညနေပိုင်းမှာ မိသားစုကျမ်းစာသင်အံမှုပြုလုပ်တယ်။ ကျွန်တော့်ကလေး အကြီးဆုံးနဲ့ အငယ်ဆုံးဟာ ကိုးနှစ်ကွာတဲ့အတွက် သူတို့လိုအပ်တဲ့အကူအညီတွေက လုံးဝမတူကြလို့ သူတို့အားလုံးနဲ့ အကြောင်းတစ်ခုတည်းကို အမြဲတမ်းလေ့လာလို့မရဘူး။
ဥပမာ၊ ကျောင်းမနေသေးတဲ့ ကလေးတွေအတွက် ရိုးရိုးလေးသင်ပေးရတယ်။ ကာရ်လာက သူတို့ကို ကျမ်းချက်တစ်ချက်တည်းကိုပဲ ရှင်းပြတယ်၊ ဒါမှမဟုတ် ကျမ်းစာအခြေပြုစာအုပ်တွေထဲက ရုပ်ပုံတွေကိုပြပြီး သင်ပေးတယ်။ ကလေးအငယ်တွေ မနက်စောစော ကျွန်တော်တို့အိပ်ရာပေါ်တက်လာကြပြီး ကမ္ဘာသစ် * စာအုပ်ထဲက သူတို့အကြိုက်ဆုံးပုံတွေပြခဲ့ကြတာကို ခုထိမှတ်မိသေးတယ်။
ကျွန်တော်တို့အားလုံး ယေဟောဝါကိုချစ်ရတဲ့အကြောင်းတွေကို ကလေးတွေသိအောင် စိတ်ရှည်ရှည်နဲ့ ကာရ်လာသင်ပေးတတ်လာတယ်။ အဲဒါက ရိုးရိုးလေး၊ လွယ်လွယ်လေးပဲလို့ထင်ရပေမဲ့ ကျွန်တော်နဲ့ကာရ်လာအတွက် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းအရပါ အချိန်ပြည့်အလုပ်တစ်ခုလိုဖြစ်ခဲ့တယ်။ ဒါပေမဲ့ လက်မလျှော့ခဲ့ကြဘူး။ ယေဟောဝါကိုမသိတဲ့ တခြားသူတွေထက်အရင် ကျွန်တော်တို့ကလေးတွေရဲ့ နုနယ်သေးတဲ့နှလုံးသားတွေပေါ်မှာ သူတို့သိသင့်တာတွေ စွဲမှတ်စေချင်တယ်။ ဒါကြောင့် ကလေးတွေ ထိုင်တတ်တာနဲ့ မိသားစုသင်အံမှုမှာ လာထိုင်ကြဖို့ ကြပ်မတ်ခဲ့ရတယ်။
မိဘတွေအနေနဲ့ ကလေးတွေရှေ့မှာ ဝတ်ပြုရေးနဲ့ပတ်သက်လို့ ပုံသက်သေကောင်းပြဖို့ အရေးကြီးတာကို ကာရ်လာနဲ့ကျွန်တော် သဘောပေါက်တယ်။ ဒါကြောင့် စားတဲ့အခါပဲဖြစ်ဖြစ်၊ အပင်စိုက်တဲ့အခါပဲဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်တဲ့အခါပဲဖြစ်ဖြစ် ယေဟောဝါနဲ့ ကလေးတိုင်းရဲ့ ဆက်ဆံရေး ခိုင်မြဲလာရအောင် ကျွန်တော်တို့ကြိုးစားသင်ပေးခဲ့တယ်။ (တရားဟောရာ ၆:၆၊ ၇) ငယ်ငယ်ကတည်းက ကလေးတိုင်းမှာ ကိုယ်ပိုင်ကျမ်းစာရှိအောင် ဝယ်ထားပေးခဲ့တယ်။ ဒီပြင် မဂ္ဂဇင်းတွေရတဲ့အခါ မိသားစုတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်စာအုပ်တွေပေါ်မှာ နာမည်ရေးထိုးပေးခဲ့တယ်။ ဒါကြောင့် ကလေးတွေက သူတို့စာအုပ်ကို သူတို့သိလာကြတယ်။ နိုးလော့! ထဲက ဆောင်းပါးအချို့ကို ကလေးတွေကိုဖတ်ခိုင်းဖို့ အကြံဉာဏ်ရလာတယ်။ တနင်္ဂနွေနေ့လယ်စာ စားပြီးနောက်မှာ သူတို့ဖတ်ထားတဲ့အကြောင်းအရာကို သူတို့နားလည်သလို ကျွန်တော်တို့ကို ပြန်ရှင်းပြခဲ့တယ်။
ကလေးများ၏လိုအပ်ရာကို အာရုံစိုက်ပေးခြင်း
အရာရာတိုင်းဟာ အမြဲတမ်းအဆင်မပြေခဲ့ပါဘူး။ ကလေးတွေကြီးလာတာနဲ့အမျှ သူတို့ရဲ့နှလုံးထဲမှာ ချစ်ခြင်းမေတ္တာစွဲမြဲစေဖို့ သူတို့ရဲ့နှလုံးထဲ ဘာရှိတယ်ဆိုတာကို ကျွန်တော်တို့သိဖို့လိုမှန်း ရိပ်မိလာတယ်။ ဒါကြောင့် သူတို့ပြောပြတာတွေကို နားထောင်ပေးဖို့လိုတယ်။ တစ်ခါတလေ ကလေးတွေက သူတို့မှာ မကျေနပ်စရာတွေရှိတယ်လို့ထင်ကြတဲ့အတွက်သူတို့နဲ့အတူ ကာရ်လာနဲ့ကျွန်တော်ထိုင်ပြီး ဆွေးနွေးတိုင်ပင်ကြတယ်။ ဒါနဲ့ မိသားစုသင်အံမှုအပြီးမှာ နာရီဝက် သီးသန့်အသုံးပြုခဲ့ရတယ်။ ဘယ်သူမဆို ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောခိုင်းတယ်။
ဥပမာ၊ မိဘတွေဟာ အကိုကြီးကို မျက်နှာသာပေးတယ်လို့ အငယ်ဆုံးနှစ်ယောက် သောမတ်စ်နဲ့ ဂါဘရီအဲလ်တို့က ခံစားနေကြမှန်းသိလာတယ်။ နောက်တစ်ခါကျတော့ သူတို့က “အဖေနဲ့အမေက ဟာန်စ် ဝယ်နာကိုကျတော့ အလိုလိုက်တယ်လို့ ကျွန်တော်တို့ထင်တယ်” ဆိုပြီး ပြောခဲ့ကြတယ်။ ပထမတော့ ကျွန်တော့်နားကိုတောင် ကျွန်တော်မယုံနိုင်ဘူး။ ဒါပေမဲ့ သေသေချာချာပြန်စဉ်းစားကြည့်ပြီး ကလေးတွေ ပြောစရာအကြောင်းရှိလို့ပဲဖြစ်မယ်လို့ ကာရ်လာနဲ့ ကျွန်တော် ဝန်ခံတယ်။ အဲဒီနောက် ကလေးအားလုံးနဲ့ တန်းတူဆက်ဆံပြောဆိုဖို့ ကျွန်တော်တို့ကြိုးစားခဲ့ကြတယ်။
တစ်ခါတလေ ကလေးတွေကို အလျင်စလို ဒါမှမဟုတ် မညှာမတာ အပြစ်ပေးမိတယ်။ အဲဒီလိုအခါမျိုးမှာ မိဘတွေအနေနဲ့ ကျွန်တော်တို့ တောင်းပန်ခဲ့ရတယ်။ သူတို့ကိုတောင်းပန်ပြီးနောက် ယေဟောဝါထံဆုတောင်းခဲ့ကြတယ်။ ဖခင်က ယေဟောဝါနဲ့ ကလေးတွေကို တောင်းပန်ဖို့ အသင့်ရှိတယ်ဆိုတာကို ကလေးတွေမြင်ဖို့ အရေးကြီးတယ်။ ဒါကြောင့် သူတို့နဲ့ ကျွန်တော်တို့ကြားမှာ နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ ကျွန်တော်တို့ကို ကလေးတွေက “အဖေနဲ့အမေဟာ ကျွန်တော်တို့ရဲ့အကောင်းဆုံးမိတ်ဆွေတွေပဲ” လို့မကြာခဏပြောတတ်ကြတယ်။ အဲဒီစကားက ကျွန်တော်တို့ကို တကယ်ပဲပျော်ရွှင်စေပါတယ်။
မိသားစုလိုက် အတူတူလုပ်ကိုင်ကြတာက စည်းလုံးမှုရှိစေတယ်။ ဒါကြောင့် ယောက်စီယောက်တိုင်းမှာ အိမ်မှုတာဝန် ကိုယ်စီ
ကိုယ်ငှရှိကြတယ်။ ဟာန်စ် ဝယ်နာက ဝယ်ခြမ်းစရာပစ္စည်းစာရင်းနဲ့ ပိုက်ဆံယူသွားပြီး တစ်ပတ်တစ်ခါ စတိုးဆိုင်မှာသွားဝယ်ဖို့ တာဝန်ရထားတယ်။ တစ်ပတ်ကျတော့ ဝယ်ခြမ်းစရာစာရင်းရော၊ ပိုက်ဆံပါ သူ့ကိုမပေးဖြစ်ဘူး။ ဒါနဲ့ သူ့အမေကိုမေးတော့ ပိုက်ဆံမရှိသေးဘူးလို့ ပြန်ဖြေတယ်။ ကလေးတွေအချင်းချင်း တီးတိုးတီးတိုးပြောပြီး သူတို့ရဲ့စုဘူးတွေ ယူလာကြပြီး စားပွဲပေါ် မှောက်လိုက်တယ်။ သူတို့အားလုံးက “အမေ၊ အခု ဈေးသွားဝယ်ကြစို့!” တဲ့။ ဟုတ်တယ်၊ အရေးကြုံတဲ့အခါ ကူညီရမယ်ဆိုတာ ကလေးတွေသိနားလည်လာကြလို့ အရင်ကထက် မိသားစုဟာ ပိုရင်းနှီးချစ်ခင်လာတယ်။အရွယ်ရောက်လာကြတဲ့အခါ ယောက်ျားလေးတွေက မိန်းကလေးတွေကို စိတ်ဝင်စားလာကြပြီ။ ဥပမာ၊ သောမတ်စ်က ၁၆ နှစ်အရွယ် သက်သေခံတစ်ယောက်ကို အရမ်းစိတ်ဝင်စားခဲ့တယ်။ မိန်းကလေးကို တကယ်ချစ်တယ်ဆိုရင် သူ့ကိုဇနီးအဖြစ်လက်ထပ်ပြီး ကလေးတွေတာဝန်ကိုယူဖို့ အသင့်ရှိရမယ်လို့ သားကို ကျွန်တော်ရှင်းပြခဲ့တယ်။ အဲဒီအချိန်မှာ သောမတ်စ်ဟာ ၁၈ နှစ်ပဲရှိသေးတော့ လက်ထပ်ဖို့ အသင့်မဖြစ်သေးဘူးဆိုတာကို သူသဘောပေါက်ခဲ့တယ်။
မိသားစုလိုက် တိုးတက်ခြင်း
ကလေးတွေ ငယ်ငယ်လေးကတည်းက တစ်ယောက်ပြီးတစ်ယောက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ ပါဝင်ခဲ့ကြတယ်။ ကလေးတွေရဲ့တာဝန်တွေကို ကျွန်တော်တို့ အသေအချာနားထောင်ပေးတယ်၊ ကလေးတွေလည်း ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲချစ်ကြတာကိုမြင်ပြီး ကျွန်တော်တို့အားရှိတယ်။ တစ်ခါတလေ ကျွန်တော်တို့အိမ်မှာတည်းတဲ့ တိုက်နယ်နဲ့ ခရိုင်ကြီးကြပ်မှူးတွေက သူတို့ရဲ့ဘဝအတွေ့အကြုံတွေ ပြောပြကြတယ်၊ ဒါမှမဟုတ် ကျမ်းစာ ဖတ်ပြကြတယ်။ ဒီကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ဇနီးသည်တွေက ကျွန်တော်တို့မိသားစုရဲ့နှလုံးထဲမှာ အချိန်ပြည့်လုပ်ငန်းကို ချစ်မြတ်နိုးစိတ်ရှိစေခဲ့တယ်။
စည်းဝေးကြီးတွေကို ကျွန်တော်တို့ အမြဲစောင့်မျှော်ခဲ့ကြတယ်။ ကလေးတွေလည်း ဘုရားသခင်ရဲ့ကျေးကျွန်တွေဖြစ်ချင်တဲ့ဆန္ဒရှိဖို့ ကျွန်တော်တို့ကြိုးစားတာတွေထဲမှာ စည်းဝေးကြီးတွေလည်း အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်တယ်။ ကလေးတွေ စည်းဝေးကြီးကျင်းပမယ့်နေရာကိုမသွားခင် သူတို့ရဲ့ ရင်ထိုးတံဆိပ်တွေ တပ်တဲ့အချိန်ဟာ အထူးပျော်စရာအချိန်ပဲ။ အသက်ဆယ်နှစ်အရွယ်မှာ ဟာန်စ် ဝယ်နာ နှစ်ခြင်းခံလို့ ကျွန်တော်တို့ အရမ်းဝမ်းသာခဲ့ကြတယ်။ ယေဟောဝါကို ဆက်ကပ်အပ်နှံဖို့ ငယ်လွန်းတယ်လို့ တချို့က ယူဆကြပေမဲ့ သူ့အသက် ၅၀ အရွယ်မှာ အနှစ် ၄၀ တိုင်တိုင် ယေဟောဝါရဲ့အမှုတော်ကို ထမ်းဆောင်ခဲ့ရလို့ ကျေးဇူးတင်လိုက်တာဆိုပြီး ကျွန်တော့်ကို သူပြောပြတယ်။
ယေဟောဝါနဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးရှိဖို့ အရေးကြီးတယ်လို့ ကလေးတွေကို ကျွန်တော်တို့ပြောပြပေမဲ့ ဆက်ကပ်အပ်နှံဖို့ သူတို့ကို အတင်းမတိုက်တွန်းခဲ့ဘူး။ ကျန်တဲ့ကလေးတွေလည်း သူ့အချိန်နဲ့သူ နှစ်ခြင်းယူကြတဲ့အထိ တိုးတက်လာကြလို့ ကျွန်တော်တို့ဝမ်းသာခဲ့ရပါတယ်။
ကျွန်တော်တို့ဝန်ထုပ်များကို ယေဟောဝါရှေ့ချထားတတ်လာခြင်း
၁၉၇၁ ခုနှစ်မှာ ဟာန်စ် ဝယ်နာဟာ ကင်းမျှော်စင်ကျမ်းစာ ဂိလဒ်ကျောင်းရဲ့ ၅၁ ကြိမ်မြောက်သင်တန်းဆင်းပြီး စပိန်နိုင်ငံမှာ ခရစ်ယာန်သာသနာပြုတာဝန်ထမ်းဆောင်ဖို့ တာဝန်ချခံရတဲ့အခါ ကျွန်တော်တို့ အတိုင်းမသိပျော်ရွှင်ခဲ့ကြတယ်။ တခြားကလေးတွေလည်း တစ်ယောက်ပြီးတစ်ယောက် အချိန်အတော်ကြာကြာ အချိန်ပြည့်အမှုဆောင်ခဲ့ကြတဲ့အတွက် မိဘတွေအနေနဲ့ ကျွန်တော်တို့ အရမ်းဝမ်းသာခဲ့ကြတယ်။ အဲဒီအချိန်လောက်မှာ ဟာန်စ် ဝယ်နာက ဒီဆောင်းပါးရဲ့အစပိုင်းမှာ ဖော်ပြထားတဲ့ ကျမ်းစာကို ကျွန်တော့်ကိုပေးခဲ့တာပါ။
မိသားစုတစ်စုအနေနဲ့ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုဟာ ပြီးပြည့်စုံပုံရနေတယ်။ဒါပေမဲ့ အရင်ကထက် ယေဟောဝါနဲ့ပိုမိုနီးကပ်ဖို့ လိုအပ်တယ်ဆိုတာကို မကြာခင်မှာ ကျွန်တော်တို့သိလာခဲ့ကြရတယ်။ ဘာကြောင့်လဲဆိုတော့ အရွယ်ရောက်လာခဲ့ကြတဲ့ ကျွန်တော်တို့ကလေးအချို့ဟာ အကြီးအကျယ်ယုံကြည်ခြင်းစမ်းသပ်ခံရတဲ့ ပြဿနာတွေ ရင်ဆိုင်နေကြရလို့ပါပဲ။ ဥပမာ၊ ကျွန်တော်တို့ချစ်ရတဲ့သမီး ဂါဘရီအဲလ်ဟာ အခက်အခဲတွေ့ခဲ့ရရှာတယ်။ ၁၉၇၆ ခုနှစ်မှာ သမီးက လိုသာရ်နဲ့ လက်ထပ်ခဲ့တယ်။ လက်ထပ်ပြီး မကြာခင်မှာပဲ လိုသာရ်ဟာ မကျန်းမမာဖြစ်လာတယ်။ သူဟာ အားနည်းသထက် အားနည်းလာပြီး နောက်ဆုံး သူသေဆုံးသွားတဲ့အထိ ဂါဘရီအဲလ်ပြုစုပေးခဲ့တယ်။ မိသားစုထဲက ကျန်းမာတဲ့သူတစ်ယောက် မကျန်းမမာဖြစ်ပြီး သေဆုံးသွားတာကို မြင်ရတဲ့အခါ ယေဟောဝါရဲ့မေတ္တာရှိလက်တော်ကို ကျွန်တော်တို့ တကယ်လိုအပ်မှန်း သတိရစေတယ်။—ဟေရှာယ ၃၃:၂။
ယေဟောဝါအဖွဲ့အစည်းမှ အခွင့်ထူးများ
၁၉၅၅ ခုနှစ်မှာ ကျွန်တော့်ကို အသင်းတော်အမှုထမ်း (ယနေ့အခေါ်အရ ဦးစီးကြီးကြပ်မှူး) ခန့်အပ်တဲ့အခါ ဒီတာဝန်ကိုထမ်းဖို့ ကျွန်တော်အသင့်မရှိသေးဘူးလို့ ယူမှတ်ခဲ့တယ်။ လုပ်ကိုင်စရာအလုပ် အတော်များတဲ့အတွက် တာဝန်ကျေပွန်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ တစ်ခါတလေ မနက်လေးနာရီလောက် အိပ်ရာထရတယ်။ လုပ်စရာတွေရှိနေသေးရင် ညနေပိုင်းမှာ ကျွန်တော့်ကို အနှောင့်အယှက်မပေးမိဖို့ ကျွန်တော့်ဇနီးနဲ့ ကလေးတွေက အတော်ကြိုးစားခဲ့ကြတယ်။
ဒါပေမဲ့ ဖြစ်နိုင်တဲ့အခါတိုင်း မိသားစုလိုက် ကျွန်တော်တို့အပန်းဖြေခဲ့ကြတယ်။ တစ်ခါတလေ၊ မိသားစုလိုက် အပျော်ခရီးထွက်နိုင်ဖို့ ကျွန်တော့်အလုပ်ရှင်က သူ့ရဲ့ကားကို သုံးခွင့်ပေးတယ်။ တောတောင်ထဲမှာ ကင်းမျှော်စင် လေ့လာကြတဲ့အချိန်အခါတွေကို ကလေးတွေ အရမ်းသဘောကျကြတယ်။ ခြေကျင်ခရီးလည်း အတူတူထွက်ကြတယ်၊ တစ်ခါတလေ သစ်တောထဲဖြတ်လျှောက်ရင်း ကျွန်တော်က ဘာဂျာမှုတ်၊ သူတို့က သီချင်းတွေလိုက်ဆိုကြတယ်။
၁၉၇၈ ခုနှစ်မှာ ကျွန်တော့်ကို အရန်တိုက်နယ်ကြီးကြပ်မှူး (နယ်လှည့်ကြီးကြပ်မှူး) ခန့်အပ်ခဲ့တယ်။ စိုးရိမ်တကြီးနဲ့ ကျွန်တော်က “ယေဟောဝါ၊ ကျွန်တော် ဒီအလုပ်ကို လုပ်နိုင်မယ်လို့မထင်ဘူး။ ဒါပေမဲ့ ကိုယ်တော်က ကျွန်တော့်ကို ကြိုးစားလုပ်စေချင်တယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်” လို့ဆုတောင်းခဲ့တယ်။ နောက်နှစ်နှစ်အကြာ၊ ကျွန်တော့်အသက် ၅၄ နှစ်မှာ ကျွန်တော့်ရဲ့စီးပွားရေးလုပ်ငန်းလေးကို သားထွေး သောမတ်စ်ကို လွှဲပြောင်းပေးလိုက်တယ်။
သားသမီးတွေအားလုံး အရွယ်ရောက်လာကြပြီဆိုတော့ ကာရ်လာနဲ့ကျွန်တော်ဟာ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ပိုပါဝင်နိုင်ပြီ။ အဲဒီနှစ်မှာပဲ ကျွန်တော် တိုက်နယ်ကြီးကြပ်မှူးအဖြစ်ခန့်အပ်ခံရပြီး ဟမ်းဘတ်မြို့တစ်ခြမ်းနဲ့ စာကလီစ္စဝိခ်-ဟောလ်စတိုင်းနယ်တစ်ခုလုံးကို တာဝန်ယူခဲ့ရတယ်။ ကျွန်တော်တို့က မိသားစုကိုပြုစုပျိုးထောင်ပေးခဲ့ရတဲ့ အတွေ့အကြုံရှိတဲ့အတွက် မိဘတွေနဲ့ သူတို့ရဲ့ကလေးတွေကို အထူးသဖြင့် နားလည်မှုပြနိုင်ခဲ့ကြတယ်။ ညီအစ်ကိုအတော်များများက ကျွန်တော်တို့ကို သူတို့ရဲ့တိုက်နယ်မိဘတွေလို့ ခေါ်ခဲ့ကြတယ်။
ကာရ်လာဟာ ကျွန်တော်နဲ့အတူ တိုက်နယ်လုပ်ငန်းမှာ ဆယ်နှစ်ပါဝင်ပြီးတဲ့နောက် ခွဲစိတ်ကုသခံခဲ့ရတယ်။ အဲဒီနှစ်မှာပဲ ကျွန်တော့်မှာလည်း ဦးနှောက်တွင်းအကျိတ်ဖြစ်နေတယ်လို့ သမားတော်ကြီးတွေက သိခဲ့ကြတယ်။ ဒါကြောင့် တိုက်နယ်ကြီးကြပ်မှူးလုပ်ငန်းကို နားလိုက်ရပြီး ဦးနှောက်ခွဲစိတ်ကုသခံခဲ့ရတယ်။ နောက်သုံးနှစ်အကြာမှ အရန်တိုက်နယ်ကြီးကြပ်မှူးအဖြစ် ပြန်အမှုထမ်းနိုင်ခဲ့တယ်။ အခုဆိုရင် ကာရ်လာနဲ့ ကျွန်တော်တို့ဟာ အသက် ၇၀ ကျော်ရှိနေကြလို့ နယ်လှည့်လုပ်ငန်းမှာ မပါဝင်နိုင်တော့ဘူး။ ကျွန်တော်မထမ်းဆောင်နိုင်တော့တဲ့ အခွင့်ထူးကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထမ်းဆောင်နေတာဟာ အဓိပ္ပာယ်မရှိဘူးဆိုတာ ယေဟောဝါသိစေခဲ့တယ်။
နောက်ကြောင်းကိုပြန်ကြည့်လိုက်ရင် အမှန်တရားကိုချစ်မြတ်နိုးတဲ့စိတ် သားသမီးတွေရဲ့နှလုံးထဲမှာ စွဲမြဲရအောင် ယေဟောဝါဆီကရတဲ့အကူအညီအတွက် ကာရ်လာရော၊ ကျွန်တော်ပါ ကိုယ်တော့်ကို အရမ်းကျေးဇူးတင်တယ်။ (သု. ၂၂:၆) နှစ်တွေတစ်လျှောက် ကျွန်တော်တို့ကို ယေဟောဝါလမ်းညွှန်ပေးပြီး လေ့ကျင့်ပေးတဲ့အပြင် ကျွန်တော်တို့ရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့လည်း ကူညီပေးခဲ့တယ်။ အခု ကျွန်တော်တို့ အိုမင်းအားနည်းလာနေပေမဲ့ ယေဟောဝါကို ကျွန်တော်တို့ချစ်တဲ့မေတ္တာကတော့ ငယ်ငယ်ကအတိုင်းပဲ အမြဲရှင်သန်နေဆဲပါ။—ရောမ ၁၂:၁၀၊ ၁၁။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 15 ယေဟောဝါသက်သေများ ထုတ်ဝေခဲ့သော်လည်း ယခု မရနိုင်တော့ချေ။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၆၅ ခုနှစ်၊ ဟမ်းဘတ်မြို့ရှိ အဲလ်ဘာမြစ်ဘေးတွင် လမ်းလျှောက်နေကြသော ကျွန်တော်တို့မိသားစု
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
၁၉၉၈ ခုနှစ်၊ ဘာလင် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးတွင် မိသားစုဝင်အချို့
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီး ကာရ်လာနှင့်အတူ