မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရဲရင့်စွာဟောပြောခြင်းဖြင့် ယေရှုကိုတုပပါ

ရဲရင့်စွာဟောပြောခြင်းဖြင့် ယေရှုကိုတုပပါ

ရဲရင့်စွာဟောပြောခြင်းဖြင့် ယေရှုကိုတုပပါ

‘ငါတို့သည် သတ္တိမွေးလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်တို့အား ဟောပြောခဲ့ကြ၏။’—၁ သက်. ၂:၂

၁။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းသည် အဘယ်ကြောင့် အလွန်နှစ်သက်ဖွယ်ဖြစ်သနည်း။

သတင်းကောင်းကြားရခြင်းသည် အလွန်နှစ်မြို့ဖွယ်ဖြစ်သည်။ အကောင်းတကာ့အကောင်းဆုံးသတင်းမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြစ်သည်။ ဆင်းရဲဝေဒနာများ၊ ဖျားနာခြင်း၊ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနှင့် သေခြင်းတို့အဆုံးတိုင်မည်ကို ယင်းသတင်းကောင်းက ယုံကြည်စိတ်ချစေသည်။ ထာဝရအသက်လမ်းကိုဖွင့်ပေးပြီး ဘုရားသခင့်ရည်ရွယ်ချက်ကိုဖော်ပြသည့်ပြင် ကိုယ်တော်နှင့် မေတ္တာပါဆက်ဆံရေးမည်သို့ရနိုင်ပုံကို ဖော်ပြသည်။ လူတို့အား ယေရှုဝေငှခဲ့သော ယင်းသတင်းကိုကြားသူတိုင်းသည် ဝမ်းမြောက်ကြလိမ့်မည်ဟု သင်ယူဆပေမည်။ သို့သော် ဝမ်းနည်းစရာမှာ ထိုသို့မဟုတ်ခဲ့ပါ။

၂။ “အချင်းချင်းကွဲပြားစေရန်ငါလာ၏” ဟူသောယေရှု၏အဆိုကို ရှင်းပြပါ။

တပည့်များကို ယေရှုဤသို့မိန့်တော်မူခဲ့၏– “မြေကြီးပေါ်သို့ ငြိမ်သက်ခြင်းကိုစေလွှတ်ရန် ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းအစား ဓားကိုစေလွှတ်ရန် ငါလာ၏။ အဖနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားစေရန် ငါလာ၏။ ကိုယ့်အိမ်သူအိမ်သားတို့သည် ကိုယ့်ရန်သူဖြစ်ကြလိမ့်မည်။” (မ. ၁၀:၃၄-၃၆) သတင်းကောင်းကို ဝမ်းမြောက်စွာလက်ခံမည့်အစား လူအများစုသည် ငြင်းပယ်ခဲ့ကြသည်။ မိသားစုဝင်အရင်းအချာဖြစ်လျှင်ပင် အချို့သူတို့သည် မိမိကိုယ်ကို သတင်းကောင်းကြွေးကြော်သူတို့၏ရန်သူ ဖြစ်စေခဲ့ကြသည်။

၃။ ဟောပြောခြင်းတာဝန်ကိုဆောင်ရွက်ရာတွင် အဘယ်အရာလိုသနည်း။

ယေရှုကြွေးကြော်ခဲ့သည့် အမှန်တရားကိုပင် ကျွန်ုပ်တို့ကြွေးကြော်နေကြပြီး ယနေ့ ယင်းသတင်းကိုကြားသူများစွာသည် ကိုယ်တော့်ခေတ်ကကဲ့သို့ပင် တုံ့ပြန်ကြသည်။ ထိုသို့ပင်မျှော်လင့်ရန်ဖြစ်သည်။ တပည့်များကို ယေရှုဤသို့မိန့်တော်မူခဲ့၏– “ကျွန်သည် သခင်ထက် သာ၍ကြီးမြတ်သည်မဟုတ် . . . ။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။” (ယော. ၁၅:၂၀) ဒေသများစွာတွင် တိုက်ရိုက်ညှဉ်းပန်းနှိပ်စက်မှုကို မခံရသော်လည်း မထီမဲ့မြင်ပြုမှု၊ လျစ်လျူရှုမှုတို့နှင့် ရင်ဆိုင်ကြရသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ရဲရင့်စွာသတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် ခံနိုင်ရည်ရှိရန် ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိလိုသည်။—၂ ပေတရု ၁:၅-၈ ကိုဖတ်ပါ။

၄။ ပေါလုသည် ဟောပြောရန် “သတ္တိမွေး” ဖို့အဘယ်ကြောင့်လိုအပ်ခဲ့သနည်း။

သင်သည် ဓမ္မအမှုတွင်ပါဝင်ဖို့ တစ်ခါတစ်ရံခက်ပေမည် သို့မဟုတ် ဓမ္မအမှု၏သွင်ပြင်တချို့သည် သင့်အဖို့ ထိတ်လန့်စရာကောင်းပုံရပေမည်။ တည်ကြည်သောကြေညာသူများလည်း သင်ကဲ့သို့ဖြစ်ကြသည်။ တမန်တော်ပေါလုသည် အမှန်တရားကို ကောင်းစွာစွဲကိုင်ခဲ့သူ၊ ရဲရင့်ပြီးကြောက်ရွံ့ခြင်းကင်းသည့် ဟောပြောသူတစ်ဦးဖြစ်သည့်တိုင် ဟောပြောရန်ကြိုးစားအားထုတ်ခဲ့ရသည့် အချိန်များပင်ရှိခဲ့သည်။ သက်သာလောနိတ်ရှိ ခရစ်ယာန်များကို ပေါလုဤသို့ရေးခဲ့၏– “သင်တို့သိသည့်အတိုင်း ငါတို့သည် ဖိလိပ္ပိမြို့တွင် ဦးစွာဆင်းရဲခံရကာ စော်ကားပြောဆိုခံရပြီးနောက် ငါတို့၏ဘုရားသခင်အားဖြင့် သတ္တိမွေးလျက် ဘုရားသခင်၏သတင်းကောင်းကို သင်တို့အား အလွန်ကြိုးစားအားထုတ်၍ ဟောပြောခဲ့ကြ၏။” (၁ သက်. ၂:၂) ဖိလိပ္ပိမြို့တွင် အာဏာပိုင်တို့က ပေါလုနှင့်သူ၏အဖော်သိလကိုရိုက်ပြီး ထောင်ချကာထိတ်ခတ်ထားခဲ့ကြသည်။ (တ. ၁၆:၁၆-၂၄) သို့ဖြစ်သည့်တိုင် ပေါလုနှင့်သိလသည် ဆက်ဟောပြောရန် “သတ္တိမွေး” ခဲ့ကြသည်။ ကျွန်ုပ်တို့လည်း မည်သို့သတ္တိမွေးနိုင်ကြသနည်း။ အဖြေရရန် သမ္မာကျမ်းစာခေတ်က ဘုရားသခင့်ကျေးကျွန်တို့သည် ယေဟောဝါအကြောင်းအမှန်တရားကိုရဲရင့်စွာဟောပြောဖို့ အဘယ်အရာကဖြစ်စေခဲ့ကြောင်းနှင့် သူတို့၏ပုံသက်သေကို မည်သို့တုပနိုင်ကြောင်းတို့ကို သုံးသပ်ကြည့်ကြစို့။

ရန်ငြိုးကိုရင်ဆိုင်ရန် ရဲရင့်မှုလို

၅။ ယေဟောဝါအားတည်ကြည်သူတို့သည် ရဲရင့်ဖို့အဘယ်ကြောင့်အမြဲလိုအပ်ခဲ့သနည်း။

ရဲစွမ်းသတ္တိနှင့်ရဲရင့်မှုရှိခြင်းတွင် အကြီးမြတ်ဆုံးစံနမူနာရှင်မှာ ယေရှုခရစ်ပင်ဖြစ်၏။ သို့တိုင် လူ့သမိုင်းအစမှစ၍ ယေဟောဝါအား တည်ကြည်သူအားလုံးသည် ရဲရင့်ဖို့အမြဲလိုအပ်ခဲ့သည်။ အဘယ့်ကြောင့်နည်း။ ဧဒင်၌ပုန်ကန်မှုဖြစ်ပြီးနောက် ဘုရားသခင့်အလိုတော်ဆောင်သူတို့နှင့် စာတန့်အလိုဆောင်သူတို့အကြား ရန်ငြိုးရှိမည်ဟု ယေဟောဝါကြိုပြောခဲ့သည်။ (က. ၃:၁၅) ဖြောင့်မတ်သူအာဗေလကို အစ်ကိုဖြစ်သူသတ်ချိန်တွင် ယင်းရန်ငြိုးလျင်မြန်စွာထင်ပေါ်လာခဲ့သည်။ နောက်ပိုင်း၊ ရေလွှမ်းမိုးဘေးမတိုင်မီအသက်ရှင်ခဲ့သည့် တည်ကြည်သူနောက်တစ်ဦးဖြစ်သော ဧနောက်အပေါ် ရန်ငြိုးသက်ရောက်ခဲ့သည်။ ဘုရားသခင်သည် မတရားသောသူတို့ကိုတရားစီရင်ရန် သန့်ရှင်းသောကောင်းကင်တမန်မြောက်မြားစွာနှင့် ကြွလာမည်ဟု သူပရောဖက်ပြုခဲ့သည်။ (ယု. ၁၄၊ ၁၅) များစွာသောသူတို့သည် ယင်းသတင်းကို မနှစ်သက်ခဲ့ပါ။ လူတို့သည် ဧနောက်ကိုမုန်းတီးကြရာ ယေဟောဝါသာ သူ၏အသက်ကိုမရုပ်သိမ်းခဲ့လျှင် အသတ်ခံရမည်မှာအထင်အရှားပင်။ ဧနောက်သည် ရဲရင့်မှုကိုထိုမျှတင်ပြခဲ့သည်။—က. ၅:၂၁-၂၄

၆။ မောရှေသည် ဖာရောနှင့်စကားပြောရန် အဘယ်ကြောင့်ရဲရင့်မှုလိုအပ်ခဲ့သနည်း။

ဖာရောနှင့်စကားပြောဆိုရာတွင် မောရှေတင်ပြခဲ့သော ရဲရင့်မှုကိုလည်း စဉ်းစားကြည့်ပါ၊ ဖာရောက မိမိသည် နတ်ဘုရားတစ်ပါးကို ကိုယ်စားပြုသည်ဟူ၍သာမရှုမြင်ဘဲ နေနတ်ဘုရား ရာ၏သားတော်နတ်ဘုရားတစ်ပါးဖြစ်သည်ဟု ရှုမြင်သူ အုပ်စိုးရှင်တစ်ဦးဖြစ်သည်။ ဖာရောသည် အခြားဖာရောတို့ကဲ့သို့ပင် မိမိကိုယ်တိုင်၏ရုပ်တုကို ကိုးကွယ်ခဲ့ပုံရသည်။ ဖာရော၏စကားများသည် ပညတ်ဥပဒေဖြစ်ပြီး သူသည် အမိန့်အာဏာဖြင့်အုပ်ချုပ်ခဲ့သည်။ တန်ခိုးကြီးပြီး၊ မာနထောင်လွှားကာ ခေါင်းမာသူဖြစ်သောဖာရောကို အခြားသူတို့က ဤအရာလုပ်ပါဟုပြောသည့် ထုံးစံမရှိခဲ့ပါ။ ထိုသို့သောပုဂ္ဂိုလ်ရှေ့မှောက်သို့ နူးညံ့သိမ်မွေ့သောသိုးထိန်းဖြစ်သူ မောရှေသည် ဖိတ်ခေါ်ခြင်း၊ ကြိုဆိုခြင်းမခံရဘဲ အကြိမ်ကြိမ်သွားခဲ့သည်။ မောရှေအဘယ်အရာကို ကြိုပြောခဲ့သနည်း။ သိမ်းရုံးဖျက်ဆီးမည့် ကပ်ဘေးများအကြောင်းဖြစ်သည်။ မောရှေအဘယ်အရာတောင်းဆိုခဲ့သနည်း။ သန်းချီရှိသောဖာရော၏ကျွန်များကို နိုင်ငံမှထွက်ခွင့်ပြုရန်ဖြစ်သည်။ မောရှေသည် ရဲရင့်မှုလိုအပ်ခဲ့သလော။ အမှန်လိုအပ်ခဲ့သည်။—တော. ၁၂:၃; ဟေဗြဲ ၁၁:၂၇

၇၊ ၈။ (က) ရှေးခေတ်က တည်ကြည်သူတို့သည် အဘယ်စမ်းသပ်မှုများနှင့် တွေ့ကြုံခဲ့ရသနည်း။ (ခ) ခရစ်ယာန်ခေတ်မတိုင်မီကသူတို့သည် စင်ကြယ်သောဝတ်ပြုရေးတည်တံ့ပြီးတိုးတက်စေရာတွင် အဘယ်အရာက သူတို့ကိုရဲရင့်မှုတင်ပြစေခဲ့သနည်း။

ယင်းနောက်ပိုင်း ရာစုနှစ်များစွာအတွင်း ပရောဖက်များနှင့် ဘုရားသခင်၏အခြားတည်ကြည်သူကျေးကျွန်တို့သည် စင်ကြယ်သောဝတ်ပြုရေးအတွက် ရဲစွမ်းသတ္တိရှိရှိ ဆက်ရပ်တည်ခဲ့ကြသည်။ စာတန့်လောကသည် သူတို့အပေါ် မသက်ညှာခဲ့ပါ။ ပေါလုဤသို့ဖော်ပြ၏– ‘ကျောက်ခဲနှင့်ပေါက်ခြင်း၊ စမ်းသပ်ခြင်း၊ လွှနှင့်အပိုင်းပိုင်းဖြတ်ခြင်းတို့ကို ခံကြရ၏။ ဓားဖြင့်ရက်စက်စွာ အသတ်ခံကြရ၏။ ဆင်းရဲခက်ခဲမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကိုခံကြရစဉ် သိုးသားရေ၊ ဆိတ်သားရေကိုဝတ်လျက် သွားလာကြရ၏။’ (ဟေဗြဲ ၁၁:၃၇) ဘုရားသခင်အပေါ်တည်ကြည်သော ထိုကျေးကျွန်များ အခိုင်အမာရပ်တည်ရန် အဘယ်အရာက ထောက်ကူခဲ့သနည်း။ အရှေ့ပိုင်းအခန်းငယ်တချို့တွင် အာဗေလ၊ အာဗြဟံ၊ စာရာနှင့် အခြားသူတို့အား ခံနိုင်ရည်ရှိအောင် ခွန်အားဖြစ်စေခဲ့သည့်အရာကို တမန်တော်ပေါလု ဤသို့ဖော်ပြခဲ့၏– “ထိုသူအပေါင်းတို့သည် ကတိထားရာများကို မရခဲ့ကြသော်လည်း [ယုံကြည်ခြင်းအားဖြင့်] အဝေးမှမြော်မြင်လျက် ဝမ်းသာစွာကြိုဆို” ခဲ့ကြ၏။ (ဟေဗြဲ ၁၁:၁၃) မှန်သောဝတ်ပြုရေးဘက် ရဲရင့်စွာရပ်တည်ခဲ့ကြသူ ဧလိယ၊ ယေရမိနှင့် ခရစ်ယာန်ခေတ်မတိုင်မီက အခြားတည်ကြည်သူတို့ကဲ့သို့သော ပရောဖက်များသည်လည်း ယေဟောဝါ၏ကတိတော်များကို မျက်ခြည်မပြတ်အာရုံစိုက်ခဲ့ခြင်းဖြင့် ခံရပ်နိုင်ရန် အထောက်အကူရခဲ့သည်။—တိ. ၁:၂

ခရစ်ယာန်ခေတ်မတိုင်မီက ထိုတည်ကြည်သူတို့သည် တောက်ပသော၊ နှစ်သက်ဖွယ်ကောင်းသောအနာဂတ်ကို ရှုမျှော်ခဲ့ကြသည်။ ရှင်ပြန်ထမြောက်လာသည့်အခါ သူတို့သည် ခရစ်တော်ယေရှုနှင့် ကိုယ်တော်၏လက်ထောက်ယဇ်ပုရောဟိတ် ၁၄၄,၀၀၀ တို့၏ ယဇ်ပုရောဟိတ်ဆိုင်ရာလုပ်ဆောင်မှုများကြောင့် အဆုံးတွင် စုံလင်ခြင်းသို့ရောက်ရှိကြပြီး “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ လွတ်မြောက်” ကြမည်။ (ရော. ၈:၂၁) ယင်းအပြင် ယေရမိနှင့် ရှေးခေတ်က ဘုရားသခင်၏ရဲရင့်သောအခြားကျေးကျွန်တို့သည် ယေဟောဝါ၏အာမခံချက်ကြောင့် ရဲစွမ်းသတ္တိရှိခဲ့ကြခြင်းဖြစ်သည်၊ ယေရမိကိုပေးခဲ့သော ကိုယ်တော်၏ဤကတိတော်တွင်ပေါ်လွင်သည်– ‘သူတို့သည် သင့်ကိုစစ်တိုက်၍မနိုင်ရကြ။ သင့်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်ဟု ယေဟောဝါမိန့်တော်မူ၏။’ (ယေ. ၁:၁၉) ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် အနာဂတ်နှင့်ဆိုင်သော ဘုရားသခင်၏ကတိတော်များနှင့် ဝိညာဉ်ရေးကာကွယ်ပေးမှုဆိုင်ရာ ကိုယ်တော်၏အာမခံချက်တို့ကို ပြန်ပြောင်းသုံးသပ်သည့်အခါ အလားတူခွန်အားရှိကြသည်။—သု. ၂:၇; ၂ ကောရိန္သု ၄:၁၇၊ ၁၈ ကိုဖတ်ပါ။

ရဲရင့်စွာဟောပြောရန် မေတ္တာက ယေရှုကိုလှုံ့ဆော်ခဲ့

၉၊ ၁၀။ (က) ဂျူးဘာသာရေးခေါင်းဆောင်များ၊ (ခ) စစ်သားအုပ်စု၊ (ဂ) ယဇ်ပုရောဟိတ်မင်း၊ (ဃ) ပိလတ် ရှေ့တွင် ယေရှုသည် အဘယ်နည်းများဖြင့် ရဲရင့်မှုတင်ပြခဲ့သနည်း။

ကျွန်ုပ်တို့၏စံနမူနာရှင်ယေရှုသည် ရဲရင့်မှုကို နည်းအမျိုးမျိုးဖြင့်တင်ပြခဲ့သည်။ ဥပမာ၊ ယေရှုသည် တန်ခိုးအာဏာရှိသူတို့၏ မုန်းတီးမှုကိုခံခဲ့ရသည့်တိုင် ဘုရားသခင် လူတို့အားသိစေလိုသည့်သတင်းကို မလျော့ပေါ့စေခဲ့ပါ။ တန်ခိုးအာဏာရှိသော ဂျူးဘာသာရေးခေါင်ဆောင်များက မိမိကိုယ်ကိုယ်ဖြောင့်မတ်သည်ဟုယူမှတ်မှုနှင့် သူတို့၏မှားယွင်းသောသွန်သင်ချက်များကိုပါ ကိုယ်တော် မကြောက်မရွံ့ဖော်ထုတ်ခဲ့သည်။ ယေရှုသည် ထိုသူတို့ကို တိုက်ရိုက်နှင့် ရှင်းရှင်းလင်းလင်းပြစ်တင်ပြောဆိုခဲ့သည်။ အဖြစ်အပျက်တစ်ခုတွင် ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– “အချင်းကြောင်သူတော် ကျမ်းတတ်နှင့်ဖာရိရှဲတို့၊ သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် အပြင်၌ထုံးဖြူသုတ်၍ လှပတင့်တယ်သောသင်္ချိုင်းဂူနှင့်တူကြ၏။ အတွင်း၌ကား လူသေအရိုး၊ မသန့်ရှင်းသောအရာအမျိုးမျိုးနှင့် ပြည့်လျက်ရှိကြ၏။ သင်တို့သည် အပြင်ပန်းအားဖြင့် ဖြောင့်မတ်ဟန်ရှိသော်လည်း အတွင်း၌ကား အရေခြုံမှု၊ မတရားမှုတို့နှင့် ပြည့်လျက်ရှိကြ၏။”—မ. ၂၃:၂၇၊ ၂၈

၁၀ ဂေသရှေမန်ဥယျာဉ်တွင် ယေရှုသည် စစ်သားအုပ်စုရှေ့ရပ်ကာ သူတို့ရှာသူမှာမိမိဖြစ်ကြောင်း သတ္တိရှိရှိမိန့်တော်မူခဲ့သည်။ (ယော. ၁၈:၃-၈) ထို့နောက် ဆဲန်ဟီဒရင်သို့အပို့ခံရပြီး ယဇ်ပုရောဟိတ်မင်းက မေးမြန်းစစ်ဆေးခဲ့သည်။ ယဇ်ပုရောဟိတ်မင်းသည် မိမိကိုသတ်ရန် အကြောင်းပြချက်ရှာနေသည်ကို ယေရှုသိသော်လည်း မိမိသည် ခရစ်တော်ဖြစ်သည့်ပြင် ဘုရားသခင်၏သားတော်ပါဖြစ်သည်ဟု မကြောက်မရွံ့ အခိုင်အမာပြောခဲ့သည်။ ထို့ပြင် မိမိသည် “တန်ခိုးကြီးတော်မူသောအရှင်၏ လက်ယာဘက်တွင်ထိုင်လျက် မိုးတိမ်ကိုစီး၍ကြွလာသည်ကို” သူတို့မြင်ရကြမည်ဟု ထပ်ဆင့်မိန့်တော်မူခဲ့သည်။ (မာ. ၁၄:၅၃၊ ၅၇-၆၅) ယင်းနောက်မကြာမီတွင် ယေရှုသည် ချည်နှောင်ခံရကာ မိမိအားလွတ်ပေးနိုင်သောပိလတ်ရှေ့ ရပ်နေခဲ့ရသည်။ သို့သော် ယေရှုသည် မိမိအားစွပ်စွဲပြောဆိုချက်များကို တစ်ခွန်းမျှပြန်မပြောဘဲနေသည်။ (မာ. ၁၅:၁-၅) ယင်းတို့အားလုံးအတွက် ရဲစွမ်းသတ္တိများစွာလိုအပ်ခဲ့သည်။

၁၁။ ရဲရင့်မှုနှင့်မေတ္တာ မည်သို့ဆက်နွှယ်နေသနည်း။

၁၁ ပိလတ်အား ယေရှုပြောခဲ့သည့်စကားမှာ ဤသို့ဖြစ်၏– “အမှန်တရားကိုသက်သေခံရန် ငါသည်ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။” (ယော. ၁၈:၃၇) သတင်းကောင်းဟောပြောရန် ယေရှုကို ယေဟောဝါတာဝန်ပေးခဲ့ပြီး ယေရှုသည် ကောင်းကင်ခမည်းတော်ကို ချစ်မြတ်နိုးသောကြောင့် ယင်းကိုဝမ်းမြောက်စွာလုပ်ဆောင်ခဲ့သည်။ (လု. ၄:၁၈၊ ၁၉) ယေရှုသည် လူတို့ကိုလည်း ချစ်မြတ်နိုးခဲ့သည်။ လူတို့၏ဘဝအသက်တာသည် ခက်ခဲကြောင်း ကိုယ်တော်သိတော်မူခဲ့သည်။ အလားတူပင် ကျွန်ုပ်တို့သည် ယေဟောဝါနှင့် လူသားချင်းကို နက်ရှိုင်းစွာချစ်မြတ်နိုးသောကြောင့် ရဲရဲရင့်ရင့်၊ မကြောက်မရွံ့သက်သေခံကြသည်။—မ. ၂၂:၃၆-၄၀

သန့်ရှင်းသောစွမ်းအားတော်က ရဲရင့်စွာဟောပြောရန် သတ္တိရှိစေ

၁၂။ ကနဦးတပည့်များကို အဘယ်အရာက ရွှင်လန်းစေခဲ့သနည်း။

၁၂ ယေရှုသေဆုံးပြီး နောက်ပိုင်းရက်သတ္တပတ်များအတွင်း ယေဟောဝါသည် ကယ်တင်ခြင်းရမည့်သူများကို မိမိတို့နှင့်ပူးပေါင်းစေခဲ့ခြင်းကြောင့် တပည့်များဝမ်းမြောက်ခဲ့ကြသည်။ ပင်တေကုတ္တေပွဲကျင်းပရန် ယေရုရှလင်မြို့သို့ရောက်နေသော ဒေသများစွာမှ ဂျူးများ၊ ဂျူးဘာသာဝင်တစ်ပါးအမျိုးသားများထဲမှ ၃,၀၀၀ ခန့်သည် တစ်ရက်တည်း၌ပင် နှစ်ခြင်းခံခဲ့ကြသည်။ ယေရုရှလင်မြို့ရှိသူတိုင်း ယင်းအကြောင်းကို ပြောဆိုခဲ့ကြပေမည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “တမန်တော်တို့သည် များစွာသောအတိတ်နိမိတ်နှင့် လက္ခဏာများကိုပြကြသဖြင့် လူအပေါင်းတို့သည်မြင်၍ ကြောက်ရွံ့လာကြ၏။”—တ. ၂:၄၁၊ ၄၃

၁၃။ ညီအစ်ကိုတို့သည် ရဲရင့်ခြင်းရှိဖို့ အဘယ်ကြောင့် ဆုတောင်းခဲ့ကြသနည်း၊ အဘယ်ရလဒ်ရရှိခဲ့သနည်း။

၁၃ ဂျူးဘာသာရေးခေါင်းဆောင်များသည် အမျက်ဒေါသထွက်ကာ ပေတရုနှင့်ယောဟန်ကိုဖမ်း၍ တစ်ညချုပ်ထားပြီး ယေရှုအကြောင်းမဟောပြောရန် အမိန့်ပေးခဲ့သည်။ လွတ်လာသည့်အခါ သူတို့နှစ်ယောက်သည် အဖြစ်အပျက်များကို ညီအစ်ကိုတို့အားပြောပြကြရာ သူတို့အားလုံးသည် ကြုံနေရသည့်ဆန့်ကျင်မှုနှင့်ပတ်သက်၍ ဆုတောင်းရာတွင် ဤသို့တောင်းလျှောက်ကြ၏– “ယေဟောဝါ . . . ကိုယ်တော်၏ကျွန်တို့အား တရားစကားတော်ကို အလွန်ရဲရင့်စွာ ဟောပြောနိုင်ခွင့် ပေးသနားတော်မူပါ။” ရလဒ်မှာအဘယ်နည်း။ “ထိုသူအပေါင်းတို့သည် သန့်ရှင်းသောစွမ်းအားတော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏တရားစကားတော်ကို ရဲရင့်စွာဟောပြောကြ၏။”—တ. ၄:၂၄-၃၁

၁၄။ သန့်ရှင်းသောစွမ်းအားတော်သည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းတွင် မည်သို့ထောက်ကူသနည်း။

၁၄ ယေဟောဝါ၏ တန်ခိုးကြီးသည့်သန့်ရှင်းသောစွမ်းအားတော်သည် ဘုရားသခင့်တရားစကားတော်ကို တပည့်များရဲရင့်စွာဟောပြောရန် ထောက်ကူခဲ့ကြောင်း သတိပြုပါ။ အခြားသူတို့ကို၊ ကျွန်ုပ်တို့၏သတင်းစကားကို ဆန့်ကျင်သူတို့ကိုပင် အမှန်တရားအကြောင်းဟောရန် ရဲစွမ်းသတ္တိရှိခြင်းမှာ ကျွန်ုပ်တို့ကြောင့်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ယေဟောဝါထံမှ သန့်ရှင်းသောစွမ်းအားတော်တောင်းလျှောက်ပါက ကိုယ်တော်ပေးနိုင်ပြီး၊ ပေးတော်မူမည်။ ကျွန်ုပ်တို့လည်း ယေဟောဝါ၏အကူအညီဖြင့် မည်သည့်ဆန့်ကျင်မှုကိုမဆို တည်ကြည်စွာခံရပ်ရန် လိုအပ်သည့်ရဲရင့်မှုကို တင်ပြနိုင်ကြသည်။—ဆာလံ ၁၃၈:၃ ကိုဖတ်ပါ။

ယနေ့ ခရစ်ယာန်များ ရဲရင့်စွာဟောပြောကြ

၁၅။ အမှန်တရားသည် ယနေ့လူတို့ကို မည်သို့ကွဲပြားစေသနည်း။

၁၅ အတိတ်အချိန်ကကဲ့သို့ ကျွန်ုပ်တို့ခေတ်တွင် သမ္မာတရားသည် လူတို့ကိုဆက်၍ကွဲပြားစေသည်။ အချို့သူတို့သည် တလိုတလားတုံ့ပြန်ကြသော်လည်း အခြားသူတို့မှာမူ ကျွန်ုပ်တို့၏ ဝတ်ပြုကိုးကွယ်မှုပုံစံကို နားမလည်သည့်ပြင် လေးမြတ်မှုလည်းမရှိကြပါ။ ယေရှုကြိုဟောခဲ့သကဲ့သို့ အချို့သူတို့သည် ကျွန်ုပ်တို့ကို အပြစ်ရှာကာ ကဲ့ရဲ့ပြောင်လှောင်ကြပြီး မုန်းပင်မုန်းတီးကြသည်။ (မ. ၁၀:၂၂) တစ်ခါတစ်ရံ ကျွန်ုပ်တို့အကြောင်းကို မီဒီယာမှတစ်ဆင့် မဟုတ်မမှန်သတင်းလွှင့်ပြီး မလိုတမာဝါဒဖြန့်ကြ၏။ (ဆာ. ၁၀၉:၁-၃) သို့တိုင် ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါ၏လူမျိုးသည် သတင်းကောင်းကို ရဲရင့်စွာကြွေးကြော်ကြသည်။

၁၆။ ရဲရင့်မှုသည် ကျွန်ုပ်တို့ဟောပြောသူတို့၏ အမြင်ကိုပြောင်းလဲနိုင်ကြောင်း အဘယ်တွေ့ကြုံမှုက ဖော်ပြသနည်း။

၁၆ ကျွန်ုပ်တို့၏ရဲရင့်မှုက ဘုရားသခင့်နိုင်ငံတော်သတင်းတရားအပေါ် လူတို့၏အမြင်ကို ပြောင်းလဲစေနိုင်ပါသည်။ ကာဂျစ္စတန်မှ ညီအစ်မတစ်ဦး ဤသို့ပြောပြ၏– “ကျွန်မ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်နေတုန်း အိမ်ရှင်တစ်ဦးက ‘ဘုရားသခင်ကိုတော့ ငါယုံကြည်တယ်၊ ဒါပေမဲ့ ခရစ်ယာန်တွေရဲ့ ဘုရားသခင်ကိုတော့မဟုတ်ဘူး။ နောက်တစ်ခါ ဒီဂိတ်ကိုမင်းလာရင် ငါ့ခွေးကိုလွှတ်လိုက်မယ်” လို့ပြောပါတယ်။ သူ့နောက်မှာ သံကြိုးနဲ့ချည်ထားတဲ့ ခွေးဘီလူးကြီးတစ်ကောင်ရှိတယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းနံပါတ် ၃၇ ဖြစ်တဲ့ ‘ဝတ်ပြုရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည်လော’ ဝေစာကို ဝေငှတဲ့ကင်ပိန်းအတွင်း သူ့မိသားစုထဲက နောက်တစ်ယောက်နဲ့တွေ့လိုတွေ့ငြား အဲ့ဒီအိမ်ကိုပဲပြန်သွားဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအမျိုးသားပဲ တံခါးလာဖွင့်တယ်။ ယေဟောဝါထံ မြန်မြန်ဆုတောင်းလိုက်ပြီး ‘မင်္ဂလာပါ၊ လွန်ခဲ့တဲ့သုံးရက်တုန်းက ကျွန်မတို့စကားပြောခဲ့တာကိုရော ရှင့်ရဲ့ခွေးကိုပါ ကျွန်မမှတ်မိပါတယ်။ ဒါပေမဲ့ ကျွန်မလည်း ရှင့်လိုပဲ စစ်မှန်တဲ့ဘုရားသခင်တစ်ပါးတည်းကိုပဲ ယုံကြည်တဲ့အတွက် ရှင့်ရဲ့အိမ်ကိုကျော်သွားလို့မရနိုင်ဖြစ်နေတယ်။ မကြာခင် ဘုရားသခင်ဟာ ကိုယ်တော်ရဲ့ဂုဏ်အသရေကိုရှုတ်ချတဲ့ ဝတ်ပြုရေးတွေကို ဖျက်ဆီးတော့မှာဖြစ်တယ်။ ဒီဝေစာကိုဖတ်မယ်ဆိုရင် အဲ့ဒီအကြောင်းပိုပြီးသိလာနိုင်တယ်’ လို့ပြောလိုက်တယ်။ အဲ့ဒီအမျိုးသားဟာ ဝေစာကိုလက်ခံလိုက်လို့ ကျွန်မအံ့သြခဲ့ရတယ်။ အဲ့ဒီနောက် ကျွန်မ နောက်တစ်အိမ်ဆက်သွားတယ်။ မိနစ်အနည်းငယ်ကြာတဲ့အခါ အဲ့ဒီအမျိုးသားဟာ ဝေစာကိုလက်မှာကိုင်ထားပြီး ကျွန်မနောက် ပြေးလိုက်လာတယ်။ ‘ငါဖတ်ပြီးပြီ။ ဘုရားသခင့်အမျက်တော်မခံရအောင် ငါဘာလုပ်ရမလဲ’ လို့မေးတယ်။” ထိုအမျိုးသားနှင့်သင်အံမှုစခဲ့ပြီး သူသည် ခရစ်ယာန်အစည်းအဝေးများကို စတက်နေပြီဖြစ်သည်။

၁၇။ ညီအစ်မတစ်ဦး၏ရဲရင့်မှုက ကြောက်တတ်သောကျမ်းစာသင်သားတစ်ဦးကို မည်သို့ခွန်အားဖြစ်စေခဲ့သနည်း။

၁၇ ကျွန်ုပ်တို့၏ရဲရင့်မှုသည် အခြားသူတို့လည်းရဲရင့်လာစေရန် အားပေးရာရောက်နိုင်သည်။ ရုရှားတွင် ညီအစ်မတစ်ဦးသည် ဘတ်စကားစီးနေရင်း ခရီးသည်အမျိုးသမီးတစ်ဦးကို မဂ္ဂဇင်းတစ်စောင် ဝေငှသည်။ ထိုအခါ အမျိုးသားတစ်ဦးသည် မိမိထိုင်ခုံမှထလာပြီး ညီအစ်မလက်မှမဂ္ဂဇင်းကိုလုယူ၊ ချေမွကာ ကြမ်းပေါ်ပစ်ချလိုက်သည်။ ညီအစ်မကို ကျယ်လောင်စွာဆဲဆိုပြီး ညီအစ်မ၏လိပ်စာကိုတောင်းကာ ရွာထဲတွင်မဟောပြောရန် တားမြစ်လေသည်။ ညီအစ်မသည် အကူအညီရဖို့ယေဟောဝါထံဆုတောင်းပြီး ‘ကိုယ်ခန္ဓာကိုသာသတ်သောသူတို့ကို မကြောက်ကြနှင့်’ ဟူသည့်ယေရှု၏စကားဖြင့် မိမိကိုယ်ကိုသတိပေးသည်။ (မ. ၁၀:၂၈) အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ဖြင့် ညီအစ်မသည် မတ်တတ်ရပ်လိုက်ပြီး “ကျွန်မရဲ့လိပ်စာကိုတော့ ရှင့်ကိုပေးမှာမဟုတ်ဘူး၊ ဒီရွာမှာတော့ ကျွန်မဆက်ဟောပြောရလိမ့်မယ်” ဟု ပြောလိုက်သည်။ ထို့နောက် ဘတ်စကားပေါ်မှ ဆင်းသွားလေသည်။ ညီအစ်မ၏ ကျမ်းစာသင်သားတစ်ဦးသည် ထိုဘတ်စကားပေါ်တွင်ပါလာသည်ကို ညီအစ်မ မသိခဲ့ပါ။ ထိုအမျိုးသမီးသည် လူကိုကြောက်သောကြောင့် ခရစ်ယာန်အစည်းအဝေးများတက်ရောက်ရန် အဆီးအတားဖြစ်နေသူဖြစ်သည်။ သို့သော် ညီအစ်မဖြစ်သူ၏ ရဲရင့်မှုကိုတွေ့ပြီးနောက် ထိုကျမ်းစာသင်သားသည် အစည်းအဝေးများကို စတင်တက်ရောက်တော့မည်ဟု ဆုံးဖြတ်ခဲ့သည်။

၁၈။ ယေရှုကဲ့သို့ ရဲရင့်စွာဟောပြောရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။

၁၈ ဘုရားသခင်နှင့်ကင်းကွာနေသောဤလောကတွင် ယေရှုကဲ့သို့ ဟောပြောရန် ရဲရင့်မှုလိုသည်။ အဘယ်အရာက ရဲရင့်စေရန် အထောက်အကူပြုမည်နည်း။ အနာဂတ်ကိုရှုမျှော်ပါ။ ဘုရားသခင်နှင့် လူသားချင်းအပေါ် သင်၏ချစ်မြတ်နိုးစိတ်ကို ခိုင်မြဲစေပါ။ ရဲစွမ်းသတ္တိရှိဖို့ ယေဟောဝါထံဆုတောင်းပါ။ ဘယ်တော့မျှ သင်တစ်ဦးတည်းမဟုတ်ကြောင်း၊ ယေရှုသည် သင်နှင့်အတူရှိကြောင်း အမြဲသတိရပါ။ (မ. ၂၈:၂၀) သန့်ရှင်းသောစွမ်းအားတော်သည် သင့်ကိုခွန်အားပေးမည်။ ထို့ပြင် ယေဟောဝါသည် သင့်ကိုကောင်းချီးပေးပြီး ထောက်မတော်မူမည်။ ထို့ကြောင့် ရဲစွမ်းသတ္တိရှိရှိဖြင့် ဤသို့ပြောနိုင်ပါစေ– ‘ယေဟောဝါသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။’—ဟေဗြဲ ၁၃:၆

သင်မည်သို့ဖြေဆိုမည်နည်း

• ဘုရားသခင့်ကျေးကျွန်များသည် ရဲရင့်မှုအဘယ်ကြောင့် လိုသနည်း။

• ရဲရင့်မှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် အောက်ဖော်ပြသူတို့ထံမှ အဘယ်အရာသင်ယူရရှိကြသနည်း။

ခရစ်တော်မတိုင်မီအသက်ရှင်ခဲ့သော တည်ကြည်သူများ

ယေရှုခရစ်

ကနဦးခရစ်ယာန်များ

ယနေ့ခရစ်ယာန်ချင်းများ

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယေရှုသည် ဂျူးဘာသာရေး ခေါင်းဆောင်များကို မကြောက်မရွံ့ဖော်ထုတ်ခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ဟောပြောရာတွင် ယေဟောဝါသည် ရဲစွမ်းသတ္တိပေးတော်မူ၏