မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လွန်ခဲ့သောအနှစ်ကိုးဆယ်ကစ၍ ‘ကျွန်တော့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ခဲ့’

လွန်ခဲ့သောအနှစ်ကိုးဆယ်ကစ၍ ‘ကျွန်တော့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ခဲ့’

လွန်ခဲ့သောအနှစ်ကိုးဆယ်ကစ၍ ‘ကျွန်တော့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ခဲ့’

အက်ဒဝင် ရိဂ်ျဝဲလ် ပြောပြသည်

စစ်ကြီးပြီးဆုံးတဲ့နေ့ဖြစ်တဲ့ ၁၉၁၈၊ နိုဝင်ဘာ ၁၁ ရက်မှာ ကျွန်တော်တက်တဲ့ကျောင်းက ကလေးတွေဟာ နောက်ပိုင်း ပထမကမ္ဘာစစ်လို့ခေါ်တဲ့ စစ်ကြီးပြီးဆုံးတဲ့အခမ်းအနားကျင်းပဖို့ မမျှော်လင့်ဘဲ သွားရောက်စုရုံးခဲ့ကြရတယ်။ ကျွန်တော် ငါးနှစ်ပဲရှိပါသေးတယ်၊ ဘာအတွက် အခမ်းအနားကျင်းပတယ်ဆိုတာကို အပြည့်အဝနားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော့်မိဘတွေသွန်သင်ပေးခဲ့ရာကနေ သိရှိခဲ့ရာတွေကြောင့် အခမ်းအနားမှာ ကျွန်တော်မပါဝင်ချင်ဘူး။ ဘုရားသခင်ဆီ ကျွန်တော်ဆုတောင်းတယ်၊ အဲဒီအခါမှာ ကျွန်တော့်စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်လို့ ငိုချလိုက်တယ်။ ဒါပေမဲ့ အခမ်းအနားမှာ ကျွန်တော်မပါဝင်ခဲ့ဘူး။ အဲဒါကတော့ ‘ကျွန်တော့်ကိုဖန်ဆင်းတော်မူသောအရှင်ကို’ စပြီး ‘အောက်မေ့ခဲ့’ ချိန်ဖြစ်တယ်။—ဒေ. ၁၂:၁

ကျောင်းမှာအဲဒီဖြစ်ရပ်မဖြစ်ခင် လအနည်းငယ်မှာ ကျွန်တော်တို့မိသားစုဟာ စကော့တလန်နိုင်ငံ၊ ဂလက်စ်ဂိုမြို့အနီးမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ အဲဒီအချိန်လောက်မှာ အဖေဟာ “ယနေ့ အသက်ရှင်သူသန်းပေါင်းများစွာ ဘယ်တော့မျှမသေတော့” ဆိုတဲ့လူထုဟောပြောချက်ကို တက်ရောက်ခဲ့တယ်။ အဲဒါက သူ့ရဲ့အသက်တာကို ပြောင်းလဲစေခဲ့တယ်။ အဖေနဲ့အမေဟာ ကျမ်းစာစလေ့လာပြီး ဘုရားသခင့်နိုင်ငံတော်နဲ့ ရရှိမယ့်ကောင်းချီးတွေကို အတူတကွပြောဆိုလေ့ရှိတယ်။ အဲ့ဒီအချိန်ကစပြီး ဘုရားသခင်ကိုချစ်တတ်ဖို့နဲ့ ကိုယ်တော်ကိုယုံကြည်ကိုးစားဖို့ မိဘတွေသင်ပေးတဲ့အတွက် ဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်တယ်။—သု. ၂၂:၆

ကျွန်တော့်ရဲ့အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းစတင်ခြင်း

အသက် ၁၅ နှစ်မှာ အဆင့်မြင့်ပညာရေးကိုတက်ဖို့ အရည်အချင်းပြည့်မီခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် တကယ်ဖြစ်ချင်တာက အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးအနေနဲ့ အမှုဆောင်ဖို့ပဲ။ အဖေက ကျွန်တော်ငယ်လွန်းတယ်လို့ယူဆတဲ့အတွက် အတန်ကြာအထိ ရုံးတစ်ရုံးမှာအလုပ်လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါအတွက် အချိန်ပြည့်အမှုဆောင်ချင်စိတ် ပြင်းထန်လွန်းတဲ့အတွက် တစ်နေ့တော့ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ဆီ ကျွန်တော်စာရေးလိုက်တယ်၊ သူဟာ အဲဒီအချိန်တုန်းက ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်နေသူဖြစ်တယ်။ ကျွန်တော့်ရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး သူဘယ်လိုသဘောရသလဲလို့ ကျွန်တော်မေးခဲ့တယ်။ ညီအစ်ကို ရပ်သဖော့ဒ်က ဒီလိုစာပြန်ခဲ့တယ်– “ခင်ဗျားဟာ အလုပ်လုပ်တဲ့အရွယ်ရောက်ပြီဆိုရင် သခင့်အမှုတော်မှာပါဝင်ဖို့ အရွယ်ရောက်ပြီ။ . . . ကိုယ်တော့်ကို တည်ကြည်စွာအမှုဆောင်ဖို့ သင်အတတ်နိုင်ဆုံးကြိုးစားသွားမယ်ဆိုရင် သခင်ဟာ သင့်ကိုကောင်းချီးပေးမယ်လို့ ယုံကြည်တယ်။” ၁၉၂၈၊ မတ် ၁၀ ရက် နေ့စွဲတပ်ထားတဲ့အဲဒီစာဟာ ကျွန်တော်တို့မိသားစုအပေါ် များစွာအကျိုးသက်ရောက်ခဲ့တယ်။ သိပ်မကြာခင်မှာ အဖေ၊ အမေ၊ အစ်မနဲ့ကျွန်တော်တို့ဟာ အချိန်ပြည့်ဓမ္မအမှုဆောင်တွေအဖြစ် အမှုဆောင်ခဲ့ကြတယ်။

၁၉၃၁ ခုနှစ်၊ လန်ဒန်မှာကျင်းပတဲ့စည်းဝေးကြီးတစ်ခုမှာ ညီအစ်ကိုရပ်သဖော့ဒ်က တိုင်းတစ်ပါးမှာ သတင်းကောင်းဟောပြောဖို့ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်ခဲ့တယ်။ ကျွန်တော် စာရင်းပေးခဲ့တဲ့အတွက် အင်ဒရူးဂျက်နဲ့အတူ ကျွန်တော်ဟာ အဲဒီအချိန်တုန်းက လစ်သူယေးနီးယားနိုင်ငံရဲ့မြို့တော်ကောနပ်စ်မြို့မှာ တာဝန်ကျခဲ့ကြတယ်။ ကျွန်တော့်အသက် ၁၈ နှစ်ပေါ့။

ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို အနှံ့အပြားဟောပြောခြင်း

အဲဒီအချိန်မှာ လစ်သူယေးနီးယားနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ ဆင်းရဲတဲ့လူ့အဖွဲ့အစည်းဖြစ်တယ်၊ ကျေးလက်တောရွာတွေမှာ ဟောပြောရတာ မလွယ်ကူလှဘူး။ နေရာထိုင်ခင်းရဖို့ ခက်ခဲတယ်၊ ကျွန်တော်တို့နေထိုင်ခဲ့ရတဲ့တချို့နေရာတွေကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ဥပမာ၊ တစ်ညမှာ အင်ဒရူးနဲ့ကျွန်တော်ဟာ နေမထိထိုင်မသာခံစားရတဲ့အတွက် နိုးလာကြတယ်။ မီးခွက်ထွန်းပြီး အိပ်ရာကို ကြည့်လိုက်တော့ ကြမ်းပိုးတွေရာနဲ့ချီ တွေ့လိုက်ရတယ်။ ကျွန်တော်တို့တစ်ကိုယ်လုံး အကိုက်ခံရတယ်! အကိုက်ခံရတဲ့အနာ သက်သာစေဖို့ တစ်ပတ်လုံးမနက်တိုင်း အနီးမှာရှိတဲ့မြစ်ရေအေးအေးထဲမှာ လည်ပင်းအထိရေစိမ်ခဲ့ရတယ်။ ဒါပေမဲ့ ဓမ္မအမှုမှာဆက်ပါဝင်ဖို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်မကြာခင် သမ္မာကျမ်းစာအမှန်တရားကိုလက်ခံခဲ့တဲ့ ငယ်ရွယ်သူဇနီးမောင်နှံကို ကျွန်တော်တို့တွေ့တဲ့အခါ နေထိုင်ဖို့ပြဿနာ ပြေလည်သွားတော့တယ်။ ကျဉ်းပေမဲ့ သန့်သန့်ရှင်းရှင်းရှိတဲ့သူတို့အိမ်မှာ ကျွန်တော်တို့ကို နေထိုင်ခွင့်ပေးခဲ့တယ်။ ကြမ်းပြင်ပေါ်မှာ သက်သောင့်သက်သာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခဲ့ရတယ်။

လစ်သူယေးနီးယားနိုင်ငံကို အဲဒီအချိန်တုန်းက ရိုမန်ကက်သလစ်နဲ့ ရုရှားသြသဒေါက်စ်ဓမ္မဆရာတွေ ကြီးစိုးခဲ့တယ်။ ချမ်းသာတဲ့သူတွေပဲ ကျမ်းစာပိုင်ဆိုင်နိုင်တယ်။ ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ ရပ်ကွက်ကို အတတ်နိုင်ဆုံးပြီးအောင်လုပ်ဖို့၊ စိတ်ဝင်စားသူတွေဆီမှာ ကျမ်းစာစာပေတွေ များနိုင်သလောက်များများ ထားခဲ့ဖို့ဖြစ်တယ်။ မြို့တစ်မြို့ရောက်ရင် ဦးဆုံး နေထိုင်ဖို့အိမ်ကို ရှာကြတယ်။ အဲဒီနောက် မြို့အစွန်အဖျားနေရာတွေကို သတိရှိရှိနဲ့ပြီးအောင်လုပ်ခဲ့တယ်၊ ပြီးတော့မှ မြို့ထဲကို ပြီးအောင်မြန်မြန်လုပ်ခဲ့ကြတယ်။ ဒေသခံဓမ္မဆရာတွေ ကျွန်တော်တို့ကိုပြဿနာမရှာခင် ကျွန်တော်တို့ရဲ့လုပ်ငန်းကို အဲဒီနည်းနဲ့ များသောအားဖြင့် ပြီးစီးနိုင်ခဲ့တယ်။

ရုတ်ရုတ်သဲသဲဖြစ်ခြင်းနှင့် လူသိများလာခြင်း

၁၉၃၄ ခုနှစ်မှာ အင်ဒရူးဟာ ကောနပ်စ်မြို့မှာရှိတဲ့ဌာနခွဲရုံးမှာ အလုပ်လုပ်ဖို့တာဝန်ရခဲ့ပြီး ဂျွန် ဆင်မ်ပီဟာ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့မှာ သတိရစရာအတွေ့အကြုံတချို့ရှိတယ်။ တစ်နေ့မှာ မြို့ငယ်လေးတစ်မြို့က ရှေ့နေရုံးခန်းကို ကျွန်တော်သွားရောက်လည်ပတ်ခဲ့တယ်။ အဲဒီလူဟာ စိတ်ဆိုးဆိုးနဲ့ အံဆွဲထဲကပစ္စတိုသေနတ်ဆွဲထုတ်ပြီး ကျွန်တော့်ကို ထွက်သွားခိုင်းတယ်။ ကျွန်တော်အသံတိတ်ဆုတောင်းပြီး ကျမ်းစာရဲ့ဒီအကြံပေးချက်ကို သတိရလိုက်တယ်– “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။” (သု. ၁၅:၁) ဒါနဲ့ ကျွန်တော်ဒီလိုပြောလိုက်တယ်– “ကျွန်တော်ဒီကိုလာတာ သတင်းကောင်းပြောပြမယ့် မိတ်ဆွေတစ်ဦးအနေနဲ့ပါ၊ သေနတ်မောင်းမဖြုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။” သေနတ်မောင်းခလုတ်ပေါ်က သူ့လက်ချောင်းကို သူလျှော့လိုက်တယ်၊ ဒါနဲ့ ကျွန်တော်ဟာ သူ့ရုံးခန်းကနေ သတိရှိရှိနဲ့နောက်ဆုတ်ပြီး ထွက်သွားလိုက်တယ်။

ဂျွန်နဲ့ပြန်တွေ့တဲ့အခါ သူလည်း ဗျာများရတဲ့တွေ့ကြုံမှုတစ်ခုကြုံခဲ့ရကြောင်း ကျွန်တော့်ကို ပြောပြတယ်။ သူနဲ့တွေ့ဆုံခဲ့တဲ့အမျိုးသမီးတစ်ဦးဆီက အလွန်တန်ဖိုးရှိတဲ့ဘဏ်လက်မှတ်ခိုးတယ်ဆိုပြီး သူ့ကို မဟုတ်မမှန်စွပ်စွဲခဲ့လို့ ရဲစခန်းကို ဖမ်းသွားခံခဲ့ရတယ်။ စခန်းမှာ သူ့အဝတ်အစားအားလုံး ချွတ်ခိုင်းပြီး ဘဏ်လက်မှတ်ကိုရှာကြတယ်။ သူမခိုးတဲ့အတွက် ရှာမတွေ့ခဲ့ကြဘူး။ နောက်ပိုင်းမှာ တကယ်ခိုးသွားတဲ့သူကို ဖမ်းမိခဲ့တယ်။

အဲဒီအဖြစ်အပျက်နှစ်ခုက ငြိမ်သက်နေတဲ့မြို့နယ်ကို တော်တော်လေးရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပြီး ကျွန်တော်တို့ရဲ့လုပ်ငန်းကို ပိုပြီးလူသိများလာခဲ့ကြတယ်!

လျှို့ဝှက်ဆောင်ရွက်ရသည့် လုပ်ဆောင်မှုများ

ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းပိတ်ပင်ခံရတဲ့ အိမ်နီးချင်းလတ်ဗီးယားနိုင်ငံထဲ ကျမ်းစာစာပေတွေယူသွားဖို့ဟာ အသက်အန္တရာယ်ရှိတဲ့တာဝန်တစ်ရပ်ဖြစ်တယ်။ ကျွန်တော်တို့ဟာ တစ်လမှာတစ်ကြိမ်လောက် လတ်ဗီးယားကို ညရထားနဲ့ခရီးထွက်ခဲ့ရတယ်။ တစ်ခါတလေ စာပေတွေကို ချထားခဲ့ပြီးနောက်မှာ နောက်ထပ်စာပေတွေကိုသွားယူဖို့ အက်စ်တိုးနီးယားနိုင်ငံအထိခရီးဆက်ခဲ့ရပြီး အပြန်ခရီးမှာ အဲဒီစာပေတွေကို လတ်ဗီးယားမှာ ပြန်ထားခဲ့ရတယ်။

တစ်ခါကဆို ကျွန်တော်တို့ရဲ့လုပ်ဆောင်မှုကို အကောက်ခွန်အရာရှိတစ်ဦးသတင်းရသွားတဲ့အတွက် ရထားကနေ ကျွန်တော်တို့ကိုဆင်းခိုင်းပြီး စာပေတွေကို သူ့အထက်အရာရှိကြီးဆီ ယူသွားဖို့ အမိန့်ပေးခဲ့တယ်။ ဂျွန်နဲ့ကျွန်တော်ဟာ ယေဟောဝါထံ ကူညီမစဖို့ဆုတောင်းခဲ့တယ်။ အံ့ဩစရာကောင်းတာက အဲဒီအရာရှိက သူ့အထက်ကအရာရှိကြီးကို ကျွန်တော်တို့ဘာတွေသယ်လာတယ်ဆိုတာကို မပြောပြဘဲ ဒါလေးပဲပြောခဲ့တယ်– “ဒီလူတွေမှာ တင်ပြစရာတစ်စုံတစ်ခုရှိတယ်။” ကျွန်တော် “တင်ပြ” လိုက်တာကတော့ ဆင်းရဲခက်ခဲတဲ့ဒီလောကမှာ ဖြစ်ပျက်နေတဲ့အရာတွေရဲ့ အဓိပ္ပာယ်ကိုနားလည်ဖို့ ကျောင်းတွေ၊ ကောလိပ်တွေမှာရှိတဲ့ လူတွေကိုကူညီပေးမယ့်စာပေတွေပါလို့ ကျွန်တော်ပြောခဲ့တယ်။ အကောက်ခွန်အရာရှိကြီးက ကျွန်တော်တို့ကို ဆက်သွားဖို့ခွင့်ပြုလိုက်တယ်၊ ကျွန်တော်တို့ရဲ့ချောထုပ်တွေကို ဘေးကင်းအောင်လုပ်နိုင်ခဲ့တယ်။

ဘောလ်တစ်ပြည်နယ်တွေမှာ နိုင်ငံရေးအခြေအနေပိုဆိုးရွားလာတာနဲ့အမျှ လူတွေဟာ ယေဟောဝါသက်သေခံတွေကို ပိုပြီးဆန့်ကျင်လာခဲ့ကြတယ်၊ လစ်သူယေးနီးယားနိုင်ငံမှာလည်း ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ခံခဲ့ရတယ်။ အင်ဒရူးနဲ့ ဂျွန်ဟာ ပြည်နှင်ဒဏ်ခံခဲ့ရတယ်၊ ဒုတိယကမ္ဘာစစ်ဖြစ်တော့မယ်ဆိုတော့ ဗြိတိန်နိုင်ငံသားအားလုံးကို နိုင်ငံကနေထွက်သွားဖို့ အသိပေးခဲ့တယ်။ ကျွန်တော်လည်း ဝမ်းနည်းစွာနဲ့ပဲထွက်ခဲ့တယ်။

မြောက်ပိုင်းအိုင်ယာလန်တွင် အခွင့်ထူးများနှင့် ကောင်းချီးများ

အဲဒီအချိန်မှာ ကျွန်တော့်မိဘတွေဟာ မြောက်ပိုင်းအိုင်ယာလန်ကို ပြောင်းရွှေ့ခဲ့ကြတယ်၊ ၁၉၃၇ ခုနှစ်မှာ သူတို့နဲ့အတူ ကျွန်တော်သွားနေခဲ့တယ်။ စစ်ကာလမှာ လူတွေစိတ်ချောက်ချားနေကြတဲ့အတွက် မြောက်ပိုင်းအိုင်ယာလန်မှာလည်း ကျွန်တော်တို့ရဲ့စာပေတွေ ပိတ်ပင်ခံခဲ့ရတယ်၊ ဒါပေမဲ့ စစ်ဖြစ်ချိန်တစ်လျှောက် ကျွန်တော်တို့ ဆက်ဟောပြောခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့လုပ်ငန်းဟာ တရားဝင်တားမြစ်ခြင်းမရှိဘဲ ဆက်လုပ်ဆောင်နိုင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ တရုတ်နိုင်ငံမှာခရစ်ယာန်သာသနာပြုအဖြစ် အမှုဆောင်ခဲ့တဲ့ အတွေ့အကြုံရှိရှေ့ဆောင်ဟယ်ရယ်လ်ကင်းက လေဟာပြင်လူထုဟောပြောချက်တွေကို ဦးဆောင်လုပ်ခဲ့တယ်။ သူက “ဒီစနေနေ့မှာ ဦးဆုံးလေဟာပြင်လူထုဟောပြောချက်ကို ကျွန်တော်ပေးမယ်” လို့ပြောတယ်။ သူ ကျွန်တော့်ကိုကြည့်ပြီး ဒီလိုပြောတယ်– “နောက်စနေနေ့ကျရင် ခင်ဗျားပေးမယ်။” ကျွန်တော်တုန်လှုပ်သွားခဲ့တယ်။

ကျွန်တော် ဦးဆုံးပေးတဲ့ဟောပြောချက်ကို ကောင်းကောင်းမှတ်မိတယ်။ ရာနဲ့ချီပြီးလူတွေ လာတက်ခဲ့ကြတယ်။ သေတ္တာတစ်လုံးပေါ်မှာရပ်ပြီး ဘာအသံချဲ့စက်မှမပါဘဲ ဟောပြောခဲ့တယ်။ ဟောပြောချက်အပြီးမှာ လူတစ်ယောက် ကျွန်တော့်ဆီလာပြီး လက်ဆွဲနှုတ်ဆက်တယ်၊ သူ့ကိုယ်သူ ဘေးလ်စမစ်ဆိုပြီး မိတ်ဆက်ခဲ့တယ်။ သူဟာ လူအုပ်ကိုသတိထားမိပြီး ဘာဖြစ်နေတာလဲဆိုတာကိုသိရအောင် လာကြည့်တာပါလို့ ပြောတယ်။ ဘေးလ်ဟာ အရင်တုန်းက ကျွန်တော့်အဖေနဲ့အဆက်အသွယ်ရှိခဲ့ပေမဲ့ အဖေနဲ့ ကျွန်တော့်မိထွေးတို့ ဒပ်ဘလင်မြို့မှာ ရှေ့ဆောင်လုပ်ဖို့ပြောင်းရွှေ့သွားတဲ့အခါ သူအဆက်အသွယ်ပြတ်သွားကြောင်း သိလိုက်ရတယ်။ ကျွန်တော်တို့ ကျမ်းစာသင်အံမှု စတင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ဘေးလ်မိသားစုထဲက ကိုးယောက်ဟာ ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်လာခဲ့ကြတယ်။

နောက်ပိုင်းမှာ ဘဲလဖတ်စ်မြို့စွန်မှာရှိတဲ့ ဝင်းခြံကျယ်အိမ်ကြီးကို ကျွန်တော်သွားခဲ့တယ်၊ အဲဒီမှာ လစ်သူယေးနီးယားနိုင်ငံမှာနေထိုင်ခဲ့တဲ့ ရုရှားအမျိုးသမီးတစ်ဦးကို တွေ့ခဲ့တယ်။ သူ့ကို စာပေတချို့ပြတဲ့အခါ သူက စာအုပ်တစ်အုပ်ကိုထောက်ပြပြီး “အဲဒီစာအုပ် ကျွန်မမှာရှိတယ်။ ကောနပ်စ်မြို့မှာရှိတဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ ကျွန်မဦးလေးက ကျွန်မကိုပေးခဲ့တာ” လို့ပြောတယ်။ ပိုလန်ဘာသာစကားနဲ့ ဖန်ဆင်းခြင်းစာအုပ် ကျွန်တော့်ကိုပြတယ်။ ဘေးမျဉ်းကွက်လပ်တွေဟာ မှတ်ချက်တွေနဲ့ပြည့်နေတယ်။ ကောနပ်စ်မြို့မှာ သူ့ဦးလေးကို ကျွန်တော်ဆုံတွေ့ခဲ့တုန်းက အဲဒီစာအုပ်ကို ကျွန်တော်ပေးခဲ့တယ်ဆိုတာ သူသိလိုက်တော့ အံ့သြသွားခဲ့တယ်!—ဒေ. ၁၁:၁

မြောက်ပိုင်းအိုင်ယာလန်ကို ကျွန်တော်သွားမယ်ဆိုတာ ဂျွန်ဆင်မ်ပီကြားသိတဲ့အခါ ကျမ်းစာအမှန်တရား အတော်အတန်စိတ်ဝင်စားမှုပြတဲ့သူ့ညီမ နယ်လီဆီသွားလည်ပတ်ဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တယ်။ ကျွန်တော်နဲ့ ကျွန်တော့်ညီမကော်နီက သူ့ကို ကျမ်းစာသင်ပေးခဲ့ကြတယ်။ နယ်လီဟာ အလျင်အမြန်တိုးတက်လာပြီး သူ့အသက်တာကို ယေဟောဝါထံအပ်နှံခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက် ချစ်ကြိုက်သွားပြီး လက်ထပ်ခဲ့ကြတယ်။

ကျွန်တော်နဲ့ နယ်လီဟာ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ၅၆ နှစ်ကြာ အတူတကွလုပ်ဆောင်ခဲ့ကြပြီး လူတစ်ရာကျော် ကျမ်းစာအမှန်တရားသိလာအောင် ကူညီပေးခွင့်ရရှိခဲ့ကြတယ်။ အာမဂေဒုန်ကိုကပ်ကျော်ပြီး ယေဟောဝါရဲ့ကမ္ဘာသစ်အထိ ကျွန်တော်တို့အတူတူနေထိုင်သွားဖို့ မျှော်လင့်ခဲ့ကြတယ်၊ ဒါပေမဲ့ ရက်စက်တဲ့ရန်သူကြီးသေမင်းက ၁၉၉၈ ခုနှစ်မှာ သူ့ကိုသိမ်းယူလိုက်တယ်။ ဒါဟာ ပြုတ်ပြုတ်ပြုန်းပျက်စီးစေတဲ့လေပြင်းမိလိုက်သလိုပဲ ကျွန်တော့်ဘဝမှာ အကြီးမားဆုံးစမ်းသပ်မှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်။

ဘောလ်တစ်ပြည်နယ်များသို့ ပြန်သွား

နယ်လီဆုံးပါးသွားပြီး တစ်နှစ်လောက်အကြာမှာ အလွန်ကောင်းတဲ့ကောင်းချီးတစ်ခု ကျွန်တော်ရရှိခဲ့တယ်။ အက်စ်တိုးနီးယားနိုင်ငံ၊ တဲလင်းမြို့မှာရှိတဲ့ဌာနခွဲရုံးကို လည်ပတ်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ အက်စ်တိုးနီးယားက ညီအစ်ကိုတွေရဲ့စာတစ်စောင်မှာ ဒီလိုရှင်းပြတယ်– “၁၉၂၀ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၁၉၃၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ဘောလ်တစ်ပြည်နယ်တွေမှာတာဝန်ကျခဲ့တဲ့ ညီအစ်ကိုဆယ်ယောက်ထဲမှာ ခင်ဗျားတစ်ယောက်ပဲ အသက်ရှင်တော့တယ်။” ဒါ့ပြင် အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားမှာ လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းသမိုင်းမှတ်တမ်းကို ဌာနခွဲကပြင်ဆင်နေကြောင်း ဆက်ပြောပြီးတဲ့နောက် “ခင်ဗျား လာနိုင်မလား” လို့မေးထားတယ်။

ကျွန်တော်နဲ့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကြုံတွေ့ခဲ့တဲ့ အဲဒီအစောပိုင်းနှစ်တွေက အတွေ့အကြုံတွေကို ပြန်ပြောပြခွင့်ရတာ တကယ့်အခွင့်ထူးပါပဲ! လတ်ဗီးယားနိုင်ငံမှာ ဌာနခွဲရုံးအဖြစ်အသုံးပြုခဲ့တဲ့ မူလတိုက်ခန်းနဲ့ ရဲတွေတစ်ခါမှရှာမတွေ့နိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့စာပေတွေဝှက်ထားတဲ့ခေါင်မိုးကွက်လပ်ကို ညီအစ်ကိုတွေကို ကျွန်တော်ပြနိုင်ခဲ့တယ်။ လစ်သူယေးနီးယားမှာ ကျွန်တော်ရှေ့ဆောင်လုပ်ခဲ့တဲ့ ရှောင်လီလို့ခေါ်တဲ့မြို့ငယ်လေးဆီ ကျွန်တော့်ကိုခေါ်သွားခဲ့တယ်။ အဲဒီမှာလုပ်တဲ့စုဆုံမှုတစ်ခုမှာ ညီအစ်ကိုတစ်ဦးက ကျွန်တော့်ကို ဒီလိုပြောတယ်– “လွန်ခဲ့တဲ့နှစ်တော်တော်ကြာက မြို့ထဲကအိမ်တစ်အိမ်ကို အမေနဲ့ကျွန်တော်ဝယ်ခဲ့တယ်။ ထပ်ခိုးကအမှိုက်တွေကို ကျွန်တော်တို့ရှင်းထုတ်ချိန်မှာ ခေတ်များတစ်လျှောက် ဘုရားသခင့်အစီအစဉ်နဲ့ ဘုရားသခင့်စောင်းတော်ဆိုတဲ့စာအုပ်ကို တွေ့ခဲ့တယ်။ ဖတ်ကြည့်လိုက်တော့ အမှန်တရားတွေ့ပြီဆိုတာ ကျွန်တော်သိလိုက်တယ်။ အဲဒီစာအုပ်တွေကို အဲဒီအိမ်မှာ လွန်ခဲ့တဲ့နှစ်အတော်ကြာကထားခဲ့တဲ့သူဟာ ခင်ဗျားပဲဖြစ်ရမယ်!”

ကျွန်တော်ရှေ့ဆောင်လုပ်ခဲ့တဲ့ မြို့တစ်မြို့မှာကျင်းပတဲ့ တိုက်နယ်စည်းဝေးပွဲတစ်ခုကိုလည်း တက်ရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ ၆၅ နှစ်တုန်းက အဲဒီမှာကျင်းပတဲ့စည်းဝေးပွဲတစ်ခုကို ကျွန်တော်တက်ခဲ့တယ်။ အဲဒီအချိန်တုန်းက တက်ရောက်သူ ၃၅ ယောက်ပဲရှိခဲ့တယ်။ ဒါပေမဲ့ အခု ပရိသတ် ၁,၅၀၀ ကျော်မြင်တွေ့ရတာဟာ ဘယ်လောက်ရွှင်လန်းစရာကောင်းလိုက်သလဲဗျာ! ယေဟောဝါဟာ လုပ်ငန်းကို တကယ်ကောင်းချီးပေးခဲ့တယ်!

‘ယေဟောဝါ ကျွန်တော့်ကိုပစ်မထားခဲ့’

လုံးဝမျှော်လင့်မထားတဲ့ကောင်းချီးတစ်ခု မကြာသေးခင်ကရရှိခဲ့တယ်၊ ဘီးလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ခရစ်ယာန်ညီအစ်မဟာ ကျွန်တော့်ရဲ့ဇနီးဖြစ်ဖို့ သဘောတူခဲ့တယ်။ ၂၀၀၆၊ နိုဝင်ဘာလမှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။

မိမိတို့အသက်တာကို ဘယ်လိုအသုံးပြုရမလဲလို့စဉ်းစားနေကြတဲ့ ဘယ်လူငယ်ကိုမဆို ကျွန်တော်အသေအချာပြောနိုင်တာကတော့ ဒီမှုတ်သွင်းခံကျမ်းစကားကိုလိုက်နာခြင်းဟာ များစွာပညာရှိရာရောက်တယ်ဆိုတဲ့အချက်ပဲ– ‘အသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကိုအောက်မေ့လော့။’ အခု ကျွန်တော်ပျော်နိုင်တယ်၊ ကျမ်းစာပါဆာလံဆရာ ဒီလိုပြောခဲ့သလိုပေါ့– “ဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ တစ်ဖန်တုံ အိုဘုရားသခင် အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင် ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း အကျွန်ုပ်မပြမီတွင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။”—ဆာ. ၇၁:၁၇၊ ၁၈

[စာမျက်နှာ ၂၅ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အန္တရာယ်များသည့်တာဝန်တစ်ရပ်မှာ လတ်ဗီးယားနိုင်ငံတွင်း စာပေများ ယူသွားခြင်းဖြစ်

အက်စ်တိုးနီးယား

တဲလင်း

ရီဂါ ပင်လယ်ကွေ့

လတ်ဗီးယာ 

ရီဂါ

လစ်သူယေးနီးယား

ဗီလ်နီယပ်စ်

ကောနပ်စ်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အသက် ၁၅ နှစ်တွင် ကောလ်ပေါ်တာ (ရှေ့ဆောင်) တစ်ဦးအနေနဲ့ စကော့တလန်၌ စတင်အမှုဆောင်ခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၄၂၊ ကျွန်တော်တို့မင်္ဂလာပွဲတွင် နယ်လီနဲ့အတူ