မိမိတို့ကိုယ်ကို တလိုတလား ပေးဆက်ကြသူများ—နော်ဝေး
လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အသက် ၅၀ နားကပ်နေပြီဖြစ်တဲ့ ရိုအာနဲ့ အဲလ်စေးဘက်တို့ ဇနီးမောင်နှံဟာ နော်ဝေးနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘယ်ဂန်မှာ မတောင့်မတ မကြောင့်မကြ နေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့သားနဲ့သမီးဖြစ်တဲ့ အိစ်ဘယ်၊ ဖာဘီယန်တို့နဲ့အတူ အသင်းတော်လုပ်ဆောင်မှုတွေမှာ သစ္စာရှိရှိ ပါဝင်ခဲ့ကြတယ်။ ရိုအာက အကြီးအကဲ၊ အဲလ်စေးဘက်ကတော့ မှန်မှန်ရှေ့ဆောင်ဖြစ်ပြီး အိစ်ဘယ်နဲ့ ဖာဘီယန်က ကောင်းတဲ့ကြေညာသူတွေ ဖြစ်ကြတယ်။
ဒါပေမဲ့ ၂၀၀၉၊ စက်တင်ဘာမှာ ဒီမိသားစုဟာ အပြောင်းအလဲအနေနဲ့ သီးခြားဖြစ်နေတဲ့ ဒေသတစ်ခုကိုသွားပြီး တစ်ပတ်ကြာ ဟောပြောဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါနဲ့ ရိုအာနဲ့ အဲလ်စေးဘက်ဟာ အဲဒီအချိန်တုန်းက အသက် ၁၈ နှစ်ရှိတဲ့ ဖာဘီယန်နဲ့အတူ ကျွန်းဆွယ်တစ်ခုဖြစ်တဲ့ နော်ကင်ကို ခရီးထွက်ခဲ့ကြတယ်၊ အဲဒီနေရာက အာတိတ်စက်ဝိုင်းအထက်မှာရှိတဲ့ ဖင်မာ့ခ်ခရိုင်မှာ တည်ရှိတယ်။ သူတို့ဟာ အဲဒီက ကာလယ်ဖီရာရွာမှာ သူတို့လိုပဲ ဒီနေရာမှာဟောပြောဖို့ ရောက်လာတဲ့ တခြားညီအစ်ကိုညီအစ်မတွေနဲ့အတူ ဟောပြောခဲ့ကြတယ်။ ရိုအာက “သီတင်းပတ်အစပိုင်းမှာတော့ ကျွန်တော် တစ်ပတ်လုံး ဒီအထူးလုပ်ဆောင်မှုမှာ ပါဝင်နိုင်ဖို့ ကျွန်တော့်ရဲ့ကိစ္စဝိစ္စတွေကို စီစဉ်နိုင်ခဲ့လို့ အတော့်ကိုကျေနပ်ခဲ့တယ်” လို့ ပြန်ပြောတယ်။ ဒါပေမဲ့ အဲဒီသီတင်းပတ်
ရဲ့ အဆုံးပိုင်းမှာ ရိုအာဟာ စိတ်မသက်မသာဖြစ်လာတယ်။ ဘာဖြစ်ခဲ့လို့လဲ။မမျှော်လင့်ထားတဲ့မေးခွန်းတစ်ခု
“မမျှော်လင့်ဘဲ ဖင်မာ့ခ်မှာ ရှေ့ဆောင်လုပ်နေတဲ့ မာရိုက ကြေညာသူ ၂၃ ယောက်ရှိတဲ့ အသင်းတော်ကို ကူညီပေးနိုင်အောင် လာခ်စယ်မြို့ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိသလား” လို့မေးတဲ့အကြောင်း ရိုအာက ပြောပြတယ်။ အဲဒီမမျှော်လင့်ထားတဲ့မေးခွန်းကြောင့် ရိုအာ အရမ်းအံ့သြသွားတယ်။ သူဒီလို ဆက်ရှင်းပြတယ်– “အဲလ်စေးဘက်နဲ့ ကျွန်တော်ဟာ သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ စဉ်းစားခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒါက နောက်ပိုင်း ကလေးတွေကြီးသွားလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အခါမှ ဖြစ်မယ်။” ဒါပေမဲ့ အဲဒီသီးခြားဖြစ်နေတဲ့ဒေသမှာ ဟောပြောနေတဲ့ ရက်အနည်းငယ်အတွင်းမှာပဲ အဲဒီကလူတွေဟာ ယေဟောဝါအကြောင်း သိချင်နေတယ်ဆိုတာ ရိုအာ မြင်လာတယ်။ သူတို့ အခု လောလောဆယ် အကူအညီလိုအပ်နေတယ်၊ နောက်မှမဟုတ်ဘူး။ “အဲဒီမေးခွန်းကြောင့် ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်၊ အိပ်မရတဲ့ညတွေတောင် အတော်များတယ်” လို့ သူပြောပြတယ်။ အဲဒီနောက် မာရိုဟာ ရိုအာတို့ မိသားစုကို ကာလယ်ဖီရာရွာရဲ့မြောက်ဘက် မိုင် ၁၅၀ (ကီလိုမီတာ ၂၄၀) အကွာမှာရှိတဲ့ လာခ်စယ်မြို့ကို ကားနဲ့ခေါ်သွားခဲ့တယ်။ သူက ဧည့်သည်တွေကို အဲဒီအသင်းတော်ငယ်လေးကို မြင်စေချင်တယ်။
လာခ်စယ်အသင်းတော်ရဲ့ ဒေသခံ အကြီးအကဲနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အွန်ဒရေးယပ်စ်က ဧည့်သည်တွေကို အဲဒီဒေသနဲ့ နိုင်ငံတော်ခန်းမကို လိုက်ပြပေးတယ်။ အသင်းတော်က သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုပြီး သူတို့မိသားစုသာ အဲဒီကိုပြောင်းလာပြီး ဟောပြောခြင်းလုပ်ငန်းမှာ ကူညီပေးရင် အသင်းတော်က ဝမ်းသာမှာပဲလို့ ရိုအာနဲ့ အဲလ်စေးဘက်ကိုပြောခဲ့တယ်။ အွန်ဒရေးယပ်စ်က ပြုံးပြီး အလုပ်အတွက် ရိုအာနဲ့ ဖာဘီယန် အင်တာဗျူးဖြေဖို့ သူစီစဉ်ပြီးပြီလို့ ပြောခဲ့တယ်။ ဧည့်သည်တွေ ဘာလုပ်ကြမလဲ။
ဘယ်လိုဆုံးဖြတ်ကြမလဲ
ဖာဘီယန်က အရင်ဆုံး “ကျွန်တော် ဒီကို ပြောင်းလာဖို့ ဆန္ဒမရှိဘူး” လို့ပြောလိုက်တယ်။ ငယ်ငယ်ကတည်းက အသင်းတော်မှာ အတူကြီးပြင်းခဲ့တဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို ထားခဲ့ပြီး ဒီအသင်းတော်ငယ်လေးကို ပြောင်းလာရမှာကို သူမကြိုက်ဘူး။ ဒါ့အပြင် သူတက်နေတဲ့ လျှပ်စစ်သင်တန်းကလည်း မပြီးသေးဘူး။ ဒါပေမဲ့ အိစ်ဘယ် (အဲဒီအချိန်တုန်းက အသက် ၂၁ နှစ်) ကို ပြောင်းလာဖို့ ဘယ်လို သဘောရသလဲလို့ မေးလိုက်တဲ့အခါ သူက “ကျွန်မ အမြဲဖြစ်ချင်ခဲ့တဲ့ဆန္ဒက ဒါပဲ” လို့ပြောခဲ့တယ်။ ဒါပေမဲ့ အိစ်ဘယ် ဒီလိုဆက်ပြောတယ်– “အဲဒီအကြောင်းကို စဉ်းစားလိုက်တိုင်း ‘အဲဒီလိုလုပ်တာ တကယ်ကောင်းလို့လား။ ငါ့သူငယ်ချင်းတွေကို ငါလွမ်းနေမလား။ သက်သက်သာသာရှိပြီး ဘာမဆိုကြိုတင်ခန့်မှန်းလို့ရတဲ့ ငါ့အသင်းတော်မှာပဲ ဆက်နေသင့်သလား’ ဆိုတာတွေကို စဉ်းစားမိတယ်။” ဖိတ်ခေါ်ချက်ကို အဲလ်စေးဘက် ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ ဒီလိုပြောတယ်– “ကျွန်မတို့မိသားစုကို ယေဟောဝါ တာဝန်ပေးတာလို့ ကျွန်မခံစားရတယ်။ ဒါပေမဲ့ အခုမှ ပြန်ပြုပြင်ထားတဲ့ ကျွန်မတို့အိမ်နဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး စုဆောင်းခဲ့တဲ့ အိမ်ထဲကပစ္စည်းတွေအကြောင်းလည်း စဉ်းစားမိတယ်။”
အဲဒီ အထူးသီတင်းပတ်ကုန်သွားတဲ့အခါမှာ ရိုအာနဲ့ သူ့မိသားစုဟာ ဘယ်ဂန်ကို ပြန်သွားခဲ့ကြတယ်၊ ဒါပေမဲ့ မိုင် ၁,၃၀၀ (ကီလိုမီတာ ၂,၁၀၀) အကွာမှာရှိတဲ့ လာခ်စယ်က သူတို့ရဲ့ညီအစ်ကိုညီအစ်မတွေအကြောင်း အဆက်မပြတ် စဉ်းစားနေမိတယ်။ အဲလ်စေးဘက် ဒီလိုပြောတယ်– “ကျွန်မ ယေဟောဝါဆီ အများကြီး ဆုတောင်းတယ်။ ကျွန်မတို့တွေ့ခဲ့တဲ့ မိတ်ဆွေတွေနဲ့ အပြန်အလှန် ဓာတ်ပုံတွေ၊ တွေ့ ကြုံမှုတွေ ပို့ပေးကြလို့ အဆက်အသွယ်မပြတ်ဘူး။” ရိုအာကတော့ ဒီလိုပြောတယ်– “ပြောင်းရွှေ့မယ်ဆိုတဲ့ စိတ်ကူးကိုလက်ခံဖို့ ကျွန်တော် အချိန်ယူခဲ့ရတယ်။ ကျွန်တော်တို့ ဘယ်လို ဆက်ရပ်တည်ကြမလဲဆိုတာကို စဉ်းစားခဲ့ရတယ်။ ကျွန်တော် ယေဟောဝါထံ အများကြီးဆုတောင်းပြီး မိသားစုဝင်တွေ၊ အတွေ့အကြုံရှိတဲ့ ညီအစ်ကိုတွေနဲ့လည်း တိုင်ပင်တယ်။” ဖာဘီယန် ဒီလိုပြန်ပြောပြတယ်– “အဲဒီအကြောင်းတွေ ပိုစဉ်းစားလေ၊ မဖြစ်နိုင်ဘူးလို့ပြောဖို့ ခိုင်လုံတဲ့အကြောင်းမရှိဘူးဆိုတာ ပိုသိလာလေပဲ။ ကျွန်တော် ယေဟောဝါထံ မကြာခဏ ဆုတောင်းခဲ့ပြီး ပြောင်းရွှေ့လိုတဲ့ ဆန္ဒလည်း ပိုပို ပြင်းပြလာတယ်။” အိစ်ဘယ်ကကော။ ပြောင်းရွှေ့ဖို့အတွက် သူ့ကိုယ်သူ ပြင်ဆင်တဲ့အနေနဲ့ သူ့အသင်းတော်မှာ မှန်မှန်ရှေ့ဆောင်စလုပ်ခဲ့တယ်။ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့ အချိန်အများကြီးပေးရင်း ရှေ့ဆောင်လုပ်တာ ခြောက်လအကြာမှာ သူဟာ တကယ့်အပြောင်းအလဲကြီးကို ပြုလုပ်ဖို့ အသင့်ဖြစ်နေပြီလို့ ခံစားခဲ့ရတယ်။
ပန်းတိုင်ရောက်ဖို့ ခြေလှမ်းစခဲ့ကြ
ဟောပြောသူတွေပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်မယ်ဆိုတဲ့ ဆန္ဒနဲ့အညီ ဒီမိသားစုဟာ သူတို့ရဲ့ပန်းတိုင်ကိုရောက်ဖို့ ပြင်ဆင်မှုတွေ စလုပ်ခဲ့ကြတယ်။ ရိုအာမှာ သူတကယ်ကြိုက်ပြီး ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်ရှိတယ်၊ ဒါပေမဲ့ တစ်နှစ်ကြာ ခွင့်ရက်ရှည်ပေးဖို့ အလုပ်ရှင်ထံ တောင်းဆိုခဲ့တယ်။ အလုပ်ရှင်က နှစ်ပတ်လုပ် ခြောက်ပတ်နားအစီအစဉ်နဲ့ ဆက်အလုပ်လုပ်ဖို့ ပြောတယ်။ “ကျွန်တော့်ဝင်ငွေ အရမ်းနည်းသွားတယ်၊ ဒါပေမဲ့ ပြေလည်ပါတယ်” လို့ ရိုအာပြောပြတယ်။
အဲလ်စေးဘက် ဒီလိုပြောပြတယ်– “လာခ်စယ်မှာ အိမ်တစ်လုံးရှာဖို့နဲ့ ဘယ်ဂန်က ကျွန်မတို့အိမ်ကို ငှားဖို့ ကျွန်မယောက်ျားက ကျွန်မကို ပြောတယ်။ အဲဒီလိုလုပ်ဖို့ အချိန်အတော်ယူခဲ့ရ၊ အတော်ပင်ပန်းခဲ့ရတယ်။ ဒါပေမဲ့ အောင်မြင်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ကလေးတွေလည်း အချိန်ပိုင်းအလုပ်ရသွားတယ်၊ ဒါနဲ့ ခရီးသွားလာဖို့နဲ့ အစားအသောက်အတွက် ကုန်ကျစရိတ် ကာမိသွားတယ်။”
အိစ်ဘယ် ဒီလိုပြောတယ်– “ကျွန်မတို့ပြောင်းလာခဲ့တဲ့ မြို့လေးက ငယ်တော့ ကျွန်မအတွက် အကြီးမားဆုံး ပြဿနာက ရှေ့ဆောင်အနေနဲ့ ဆက်ရပ်တည်နိုင်ဖို့ အလုပ်မရနိုင်တာပဲ။ တစ်ခါတလေဆိုရင် မျှော်လင့်ချက်မရှိသလို ဖြစ်လာတယ်။” ဒါပေမဲ့ အိစ်ဘယ်ဟာ အချိန်ပိုင်းအလုပ်လေးတွေ လုပ်ရင်း သူ့ကိုယ်သူ ထောက်ပံ့နိုင်ခဲ့တယ်၊ ပထမနှစ်မှာပဲ အလုပ် ကိုးမျိုး ပြောင်းလုပ်ခဲ့ရတယ်။ ဖာဘီယန်ကျတော့ ဘယ်လိုဖြစ်ခဲ့သလဲ။ “ကျွန်တော်တက်နေတဲ့ လျှပ်စစ်သင်တန်းပြီးဖို့အတွက် အလုပ်သင်အဖြစ် ဆက်လုပ်ခဲ့ရတယ်။ လာခ်စယ်မှာလည်း အဲဒါပဲလုပ်ခဲ့တယ်။ နောက်တော့ ကျွန်တော် သင်တန်းပြီးသွားလို့ လျှပ်စစ်ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ အချိန်ပိုင်းအလုပ်တစ်ခု ရခဲ့တယ်။”
တခြားသူတွေ တိုးချဲ့လုပ်ဆောင်ကြပုံ
မာရယ်ယပ်စ်နဲ့ ဇနီးဖြစ်သူ ကက်စီယာလည်းပဲ ကြေညာသူတွေ သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်ချင်ကြတယ်။ အခု အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ မာရယ်ယပ်စ်က ဒီလိုပြောတယ်– “ရှေ့ဆောင်လုပ်ငန်းနဲ့ပတ်သက်တဲ့ ခရိုင်စည်းဝေးဟောပြောချက်တွေနဲ့ လူတွေ့မေးမြန်းခန်းတွေက ကျွန်တော့်ရဲ့ အမှုဆောင်လုပ်ငန်း တိုးချဲ့မှုအကြောင်း စဉ်းစားဖို့ လှုံ့ဆော်ပေးခဲ့တယ်။” ဒါပေမဲ့ အခု အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ကက်စီယာအတွက်ကတော့ မိသားစုနဲ့ခွဲရဖို့က အတားအဆီးဖြစ်ခဲ့တယ်။ “ကျွန်မချစ်တဲ့သူတွေနဲ့ခွဲပြီး အဝေးကြီးမှာသွားနေရမှာကို ကျွန်မကြောက်တယ်” လို့ သူ ပြောပြတယ်။ ဒါ့အပြင် မာရယ်ယပ်စ်ဟာ အိမ်ဝယ်ထားတဲ့ အကြွေးဆပ်ဖို့ အချိန်ပြည့်အလုပ်လုပ်နေရတယ်။ သူ ဒီလိုပြောတယ်– “ယေဟောဝါရဲ့အကူအညီကြောင့်၊ အပြောင်းအရွှေ့အတွက် ကူညီပေးပါလို့ ယေဟောဝါထံ အများကြီးဆုတောင်းခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြောင်းရွှေ့နိုင်ခဲ့ကြတယ်။” ဦးဆုံး၊ သူတို့ဟာ ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်အများကြီးပေးခဲ့တယ်။ အဲဒီနောက် သူတို့ဟာ အိမ်ရောင်း၊ အလုပ်ထွက်ပြီး ၂၀၁၁၊ ဩဂုတ်လမှာ နော်ဝေးနိုင်ငံမြောက်ဘက်မှာရှိတဲ့ အော်တာမြို့ကို ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီမှာ ရှေ့ဆောင်ဆက်လုပ်နိုင်ဖို့ မာရယ်ယပ်စ်က စာရင်းကိုင်လုပ်ပြီး ကက်စီယာက စတိုးဆိုင်မှာ အလုပ်လုပ်တယ်။
အခု အသက် ၃၅ နှစ်လောက်ရှိပြီဖြစ်တဲ့ နုဒ်နဲ့ လိစဘက် စုံတွဲဟာ ကြေညာသူ သာ၍လိုအပ်တဲ့ဒေသတွေမှာ အမှုဆောင်သူတွေအကြောင်း နှစ်ချုပ်စာအုပ်မှာ ဖတ်ရတဲ့အခါ အရမ်းစိတ်ထိမိခဲ့တယ်။ “ဒီတွေ့ ကြုံမှုတွေက တိုင်းတစ်ပါးမှာအမှုဆောင်ဖို့ ကျွန်မတို့ကို စဉ်းစားစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မလို သာမန်လူတစ်ယောက်က ဒီအလုပ်ကို လုပ်နိုင်ပါ့မလားလို့ သံသယဝင်ပြီး တွန့်ဆုတ်ခဲ့တယ်” လို့ လိစဘက်က ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ပန်းတိုင်ကိုရောက်ဖို့ သူတို့ လုပ်ဆောင်ခဲ့ကြတယ်။ “ကျွန်တော်တို့ရဲ့တိုက်ခန်းကို ရောင်း၊ ငွေတွေကို စုထားပြီး ကျွန်တော့်အမေနဲ့ သွားနေတယ်။ နောက်ပိုင်း အစမ်းသဘောအနေနဲ့ ဘာသာခြားစကားပြောတဲ့လယ်ကွင်းမှာ အမှုဆောင်ကြည့်ခဲ့ကြတယ်၊ လိစဘက်ရဲ့အမေနေတဲ့ ဘယ်ဂန်မှာရှိတဲ့ အင်္ဂလိပ်စကားပြောအသင်းတော်မှာ တစ်နှစ်အမှုဆောင်ဖို့ ပြောင်းရွှေ့ခဲ့ကြတယ်” လို့ နုဒ်က ပြောပြတယ်။ သိပ်မကြာခင်မှာ နုဒ်နဲ့လိစဘက်ဟာ ပိုကြီးမားတဲ့အပြောင်းအရွှေ့လုပ်ဖို့ အသင့်ဖြစ်ပြီလို့ ယူဆခဲ့ကြပြီး ယူဂန္ဓာနိုင်ငံကို ပြောင်းရွှေ့ခဲ့ကြတယ်။ သူတို့ဟာ အလုပ်လုပ်ဖို့ တစ်နှစ်မှာ နှစ်လ နော်ဝေးကို ပြန်ကြတယ်။ ဒီလိုနည်းနဲ့ ကျန်တဲ့လတွေမှာ ယူဂန္ဓာမှာ အချိန်ပြည့်ဟောပြောဖို့ ငွေကြေးအလုံအလောက် ရခဲ့ကြတယ်။
ယေဟောဝါ ကောင်းမြတ်တယ်ဆိုတာ မြည်းစမ်းပါ
တလိုတလားရှိတဲ့ ဒီလုပ်သားတွေ ဘာအကျိုးရခဲ့ကြသလဲ။ ရိုအာ ဒီလိုပြောတယ်– “ကျွန်တော်တို့ဟာ ဘယ်ဂန်မှာရှိတုန်းကထက် ဒီသီးခြားဖြစ်နေတဲ့ဒေသမှာ မိသားစုဝင်အချင်းချင်း အချိန်ပိုပေးလာနိုင်တယ်။ ကျွန်တော်တို့မိသားစု ပိုရင်းနှီးလာတယ်။ ကျွန်တော်တို့ရဲ့ကလေးတွေ ယေဟောဝါကို ပိုချစ်လာတာကိုတွေ့ရတာက ကောင်းချီးတစ်ခုပဲ။ ရုပ်ပစ္စည်းတွေအပေါ် ရှုမြင်ပုံလည်း ပြောင်းလဲလာတယ်။ အဲဒါတွေက ကျွန်တော်တို့ထင်သလောက် အရေးမကြီးပါဘူး။”
နောက်ဘာသာစကားတစ်ခု သင်ဖို့လိုတယ်လို့ အဲလ်စေးဘက် ယူဆခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လာခ်စယ် အသင်းတော်နယ်မြေမှာ ကာရာဆယုတ်ရွာလည်းပါတယ်။ ဒီနေရာက စာမီဒေသရဲ့ အလယ်ဗဟိုမှာတည်ရှိပြီး မြောက်ပိုင်းနော်ဝေး၊ ဆွီဒင်၊ ဖင်လန်နဲ့ ရုရှားက လူမျိုးအသီးသီး နေထိုင်ကြတယ်။ ဒီလူမျိုးပေါင်းစုံကို အလွယ်တကူဟောပြောဖို့အတွက် အဲလ်စေးဘက်က စာမီသာသာစကားသင်တန်းတက်ခဲ့တယ်။ အခုဆိုရင် အခြေခံလောက်တော့ ပြောတတ်နေပြီ။ သူ့နယ်မြေအသစ်မှာ သူပျော်နေသလား။ သူ ဒီလို ဝမ်းသာအားရ ပြောပြတယ်– “ကျွန်မ ကျမ်းစာသင်အံမှု ခြောက်ခုရှိတယ်။ ကျွန်မ ဒီမှာ အမှုဆောင်ရတာ အရမ်းပျော်တယ်။”
အခု မှန်မှန်ရှေ့ဆောင်နဲ့ အမှုထမ်းအဖြစ် အမှုဆောင်နေတဲ့ ဖာဘီယန်က သူနဲ့ အိစ်ဘယ်ဟာ သူတို့ရဲ့အသင်းတော်သစ်မှာရှိတဲ့ ဆယ်ကျော်သက် သုံးယောက်ကို အသင်းတော်မှာ တက်တက်ကြွကြွပါဝင်ဖို့ အားပေးရာမှာ ကူညီပေးခဲ့ရတယ်လို့ ပြောပြတယ်။ အခု ဒီဆယ်ကျော်သက်သုံးယောက်စလုံး ဟောပြောခြင်းလုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်နေကြပြီ။ တကယ်တော့ သူတို့ထဲက နှစ်ယောက်ဟာ နှစ်ခြင်းခံခဲ့ကြပြီး ၂၀၁၂၊ မတ်လမှာ အရန်ရှေ့ဆောင် လုပ်ခဲ့ကြတယ်။ အဲဒီထဲက အားနည်းတဲ့တစ်ယောက်ကတော့ ဖာဘီယန်နဲ့ အိစ်ဘယ်ရဲ့အကူအညီကြောင့် “ပြန်အားရှိ” လာပြီ၊ အဲဒီလိုကူညီပေးလို့ ကျေးဇူးတင်တယ်လို့ပြောတယ်။ ဖာဘီယန် ဒီလိုပြောပြတယ်– “သူ အဲဒီလိုပြောတော့ ကျွန်တော်အရမ်းပျော်တယ်။ တစ်ယောက်ယောက်ကို ကူညီပေးရတာက တကယ် ပျော်စရာကောင်းတယ်။” အိစ်ဘယ်ကတော့ “ဒီနေရာမှာ ကျွန်မဟာ ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို တကယ်မြည်းစမ်းခွင့်ရတယ်” လို့ပြောတယ်။ (ဆာ. ၃၄:၈) “အဲဒီအပြင် ဒီမှာအမှုဆောင်ရတာ တကယ်ပျော်စရာကောင်းတယ်” လို့ဆက်ပြောပြတယ်။
မာရယ်ယပ်စ်နဲ့ ကက်စီယာဟာ အခု ရိုးရိုးရှင်းရှင်း အသက်ရှင်နေထိုင်ကြပေမဲ့ ကြွယ်ဝတဲ့အသက်တာ ပိုင်ဆိုင်ထားကြတယ်။ သူတို့ပြောင်းရွှေ့လာတဲ့ အော်တာမှာရှိတဲ့အသင်းတော်မှာ အခုဆိုရင် ကြေညာသူ ၄၁ ယောက်ရှိတယ်။ မာရက်ယပ်စ်က “နောက်ကြောင်းကိုပြန်ကြည့်ရင် ကျွန်တော်တို့ရဲ့အသက်တာ ဘယ်လောက်တောင် ပြောင်းလဲသွားသလဲဆိုတာတွေ့ပြီး အရမ်းအားရှိတယ်။ ကျွန်တော်တို့ဒီမှာနေပြီး ရှေ့ဆောင်တွေအနေနဲ့ ယေဟောဝါရဲ့အမှုတော် ဆောင်နိုင်လို့ ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ နောက်ထပ် ဘာမှမလိုအပ်တော့ဘူး။” ကက်စီယာက ဒီလိုထပ်ဖြည့်စွက်ပြောတယ်– “ကျွန်မ ယေဟောဝါကို ပိုအားကိုးတတ်လာတယ်၊ ကျွန်မတို့ကို ကိုယ်တော် ကောင်းကောင်း ဂရုစိုက်တယ်။ ဆွေမျိုးတွေနဲ့ ခွဲနေရလို့ အတူရှိခဲ့တဲ့အချိန်တွေကို ပိုတန်ဖိုးထားတတ်လာတယ်။ ဒီလိုဆုံးဖြတ်ခဲ့လို့ ဘယ်တုန်းကမှ နောင်တမရခဲ့ဘူး။”
နုဒ်နဲ့ လိစဘက်ကော ယူဂန္ဓာမှာ ဘယ်လိုလုပ်ဆောင်နေသလဲ။ နုဒ် ဒီလိုပြောပြတယ်– “ပတ်ဝန်းကျင်အသစ်၊ ယဉ်ကျေးမှုအသစ်နဲ့ နေသားတကျဖြစ်ဖို့ အချိန်ယူခဲ့ရတယ်။ ရေမီးပြဿနာ၊ ဗိုက်ပြဿနာကတော့ ခဏခဏကြုံရတယ်၊ ဒါပေမဲ့ ကျမ်းစာသင်အံမှုကတော့ ကျွန်တော်တို့လိုချင်သလောက်ကို ရနိုင်တယ်။” လိစဘက် ဒီလိုပြောတယ်– “ကျွန်မတို့နေတဲ့ နေရာကနေ နာရီဝက်လောက်သွားလိုက်ရင် သတင်းကောင်း တစ်ခါမှမကြားဖူးတဲ့နေရာ ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ အဲဒီကိုသွားရင် ကျမ်းစာဖတ်နေတဲ့သူတွေ၊ ကျမ်းစာသင်ပေးဖို့ တောင်းဆိုသူတွေကို တွေ့ရတယ်။ ဒီလိုနှိမ့်ချတဲ့လူတွေကို ကျမ်းစာအကြောင်း သင်ပေးရလို့ ခံစားရတဲ့ပျော်ရွှင်မှုက ဘာနဲ့မှမတူဘူး။”
ကျွန်ုပ်တို့ရဲ့ခေါင်းဆောင် ခရစ်တော်ယေရှုဟာ ကောင်းကင်ကနေပြီး ကမ္ဘာပေါ်မှာ သူစခဲ့တဲ့ဟောပြောခြင်းလုပ်ငန်း ပိုကျယ်ပြန့်လာတာကိုကြည့်ပြီး ပျော်နေမှာဖြစ်တယ်။ “လူတို့ကို ငါ့တပည့်ဖြစ်စေ” ပါဆိုတဲ့ ယေရှုရဲ့အမိန့်ကို လုပ်ဆောင်ဖို့ မိမိတို့ကိုယ်ကို တလိုတလားပေးဆက်နေကြတဲ့ ဘုရားသခင့်လူမျိုးအတွက် တကယ်ပျော်စရာပါပဲ။—မ. ၂၈:၁၉၊ ၂၀။