မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝရဘုရင် ယေဟောဝါကို ကိုးကွယ်ပါ

ထာဝရဘုရင် ယေဟောဝါကို ကိုးကွယ်ပါ

“ထာဝရဘုရင် . . . သည် ကာလအစဉ်အဆက် ဘုန်းတော်၊ ဂုဏ်တော် ထင်ရှားတော်မူ စေသတည်း။”—၁ တိ. ၁:၁၇

၁၊ ၂။ (က) “ထာဝရဘုရင်” က ဘယ်သူလဲ၊ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ရုပ်ပုံကို ကြည့်ပါ။) (ခ) ကျွန်ုပ်တို့ ဘာကြောင့် ယေဟောဝါရဲ့အုပ်ချုပ်မှုကို လက်အောက်ခံချင်တာလဲ။

ဘုရင်ဆိုဘူဇာ ၂ ဟာ ဆွာဇီလန်နိုင်ငံကို ၆၁ နှစ်နီးပါး အုပ်ချုပ်ခဲ့တယ်။ လူသားတစ်ယောက်အနေနဲ့ အဲဒီလောက်အချိန်ကြာကြာ အုပ်ချုပ်နိုင်တယ်ဆိုတာ အထင်ကြီးစရာပါပဲ။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိပဲ အသက်ရှင်နိုင်တဲ့ လူသားဘုရင်တွေနဲ့မတူတဲ့ ဘုရင်တစ်ပါးရှိတယ်။ သူ့ကို ကျမ်းစာက “ထာဝရဘုရင်” လို့ခေါ်တယ်။ (၁ တိ. ၁:၁၇) ဆာလံဆရာတစ်ယောက်က “ယေဟောဝါဟာ အစဉ်ထာဝရ ဘုရင်ဖြစ်တယ်” လို့ပြောခြင်းအားဖြင့် အဲဒီဘုရင်ရဲ့နာမည်ကို ဖော်ပြခဲ့တယ်။—ဆာ. ၁၀:၁၆ကဘ။

ဘုရားသခင် ဘုရင်အဖြစ် အုပ်ချုပ်တဲ့သက်တမ်းက ကိုယ်တော့်အုပ်ချုပ်မှုကို လူသားဘုရင်တွေရဲ့ အုပ်ချုပ်မှုနဲ့ ကွာခြားစေတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကို ကိုယ်တော့်ထံဆွဲဆောင်တာက ကိုယ်တော့်အုပ်ချုပ်ပုံနည်းလမ်းဖြစ်တယ်။ ရှေးခေတ်အစ္စရေးနိုင်ငံကို အနှစ် ၄၀ ကြာအုပ်ချုပ်ခဲ့တဲ့ ဘုရင်တစ်ပါးက ဘုရားသခင်ကို ဒီလိုချီးမွမ်းခဲ့တယ်– “ယေဟောဝါက ကရုဏာရှိပြီး သနားစာနာတတ်တယ်။ ဒေါသထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာ ကြွယ်ဝတယ်။ ယေဟောဝါက ကောင်းကင်မှာ သူ့ရဲ့ရာဇပလ္လင်ကို ခိုင်ခံ့မြဲမြံစေတယ်။ သူ့ရဲ့ဘုရင့်အာဏာက အရာအားလုံးကို အုပ်စိုးတယ်။” (ဆာ. ၁၀၃:၈၊ ၁၉ကဘ) ယေဟောဝါဟာ ကျွန်ုပ်တို့အတွက် ဘုရင်တစ်ပါးထက်မကဘူး။ ကောင်းကင်မှာရှိတဲ့ မေတ္တာရှင်ဖခင်လည်းဖြစ်တယ်။ ယေဟောဝါဟာ ဘယ်လိုနည်းနဲ့ ဖခင်ဖြစ်သလဲ။ ဧဒင်မှာ ပုန်ကန်မှုဖြစ်ပွားပြီးနောက်မှာလည်း ယေဟောဝါဟာ ဘုရင်ဖြစ်နေဆဲပဲဆိုတာကို ကိုယ်တော် ဘယ်လိုပြသခဲ့သလဲ။ ဒီမေးခွန်းတွေရဲ့အဖြေတွေက ကျွန်ုပ်တို့ကို ယေဟောဝါနဲ့ ပိုရင်းနှီးစေပြီး ကိုယ်တော့်အပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုကို ပိုခိုင်ခံ့စေပါလိမ့်မယ်။

ထာဝရဘုရင်က စကြဝဠာမိသားစုကို ဖန်ဆင်း

၃။ ယေဟောဝါရဲ့စကြဝဠာမိသားစုမှာ ဦးဆုံး မိသားစုဝင်က ဘယ်သူလဲ။ ဘုရားသခင်ရဲ့သားတွေအဖြစ် နောက်ထပ် ဘယ်သူတွေကိုလည်း ဖန်ဆင်းခဲ့သလဲ။

သားဦးကို ဖန်ဆင်းတဲ့အချိန်မှာ ယေဟောဝါ အတော့်ကို ပျော်ရွှင်ခဲ့မှာပဲ။ ဘုရားသခင်က သူ့ကို အရေးမပါတဲ့လက်အောက်ငယ်သားလို မဆက်ဆံခဲ့ဘူး။ အဲဒီအစား ကိုယ်တော်က သူ့ကို သားတစ်ယောက်လိုချစ်တယ်၊ စုံလင်တဲ့ကောင်းကင်တမန် သန်းပေါင်းများစွာကို ဖန်ဆင်းတဲ့နေရာမှာ သူ့ကို ပျော်ရွှင်စွာ ပါဝင်ကူညီစေခဲ့တယ်။ (ကော. ၁:၁၅–၁၇) အဲဒီကောင်းကင်တမန်တွေဟာ ဝမ်းမြောက်စွာနဲ့ ယေဟောဝါရဲ့အလိုအတိုင်းလုပ်ဆောင်တဲ့ အမှုထမ်းတွေဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ယေဟောဝါက သူတို့ကို “သား” လို့ခေါ်ခြင်းအားဖြင့် ဂုဏ်တင်ခဲ့တယ်။ သူတို့က ဘုရားသခင်ရဲ့ စကြဝဠာမိသားစုဝင်တွေဖြစ်တယ်။—ဆာ. ၁၀၃:၂၀–၂၂; ယောဘ ၃၈:၇

၄။ ယေဟောဝါရဲ့စကြဝဠာမိသားစုမှာ လူသားတွေ ဘယ်လိုနည်းနဲ့ ပါဝင်လာသလဲ။

ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းပြီးတဲ့နောက်မှာ ယေဟောဝါဟာ မိမိရဲ့ စကြဝဠာမိသားစုကို တိုးချဲ့ခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ ကမ္ဘာကို သာယာလှပတဲ့နေရာအဖြစ် ပြင်ဆင်ပြီးတဲ့နောက်မှာ ကိုယ်တော်ဟာ မိမိရဲ့ပုံသဏ္ဌာန်နဲ့အညီ ပထမလူယောက်ျား အာဒံကို ဖန်ဆင်းခဲ့တယ်။ (က. ၁:၂၆–၂၈) ယေဟောဝါဟာ အာဒံကို ဖန်ဆင်းခဲ့တဲ့အတွက်ကြောင့် အာဒံရဲ့နာခံမှုကို ရပိုင်ခွင့်ရှိတယ်။ ယေဟောဝါဟာ ဖခင်တစ်ယောက်အနေနဲ့ အာဒံကို မေတ္တာ၊ ကြင်နာမှုနဲ့ လမ်းညွှန်ခဲ့တယ်။ အာဒံရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ထိခိုက်တဲ့အထိ ညွှန်ကြားချက်တွေ မပေးခဲ့ဘူး။ကမ္ဘာဦး ၂:၁၅–၁၇ ကိုဖတ်ပါ။

၅။ ကမ္ဘာဟာ ဘယ်လိုနည်းနဲ့ လူသားတွေနဲ့ ပြည့်လာမလဲ။

ယေဟောဝါဟာ လူသားဘုရင်များစွာနဲ့ မတူဘဲ မိမိရဲ့ကျေးကျွန်တွေကို မိသားစုလို ဆက်ဆံတယ်။ လူတွေကို တကယ်ယုံကြည်စိတ်ချလို့ အလုပ်တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေပေးတယ်။ ဥပမာ၊ တိရစ္ဆာန်တွေကို နာမည်ပေးဖို့ အာဒံကို တာဝန်ပေးခဲ့တယ်၊ ဒီအလုပ်က ပျော်စရာကောင်းပြီး ကြိုးစားအားထုတ်မှုလိုတယ်။ (က. ၁:၂၆; ၂:၁၉၊ ၂၀) ဘုရားသခင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူတစ်ယောက်ချင်းစီကို ကိုယ်တိုင် ဖန်ဆင်းခဲ့တာမဟုတ်ဘူး။ အဲဒီအစား ကိုယ်တော်က စုံလင်တဲ့အမျိုးသမီး ဧဝကို အာဒံရဲ့ဇနီးအဖြစ် ဖန်ဆင်းပေးခဲ့တယ်။ (က. ၂:၂၁၊ ၂၂) အဲဒီနောက် အာဒံနဲ့ဧဝကို ကမ္ဘာတစ်ခုလုံး သူတို့ရဲ့သားသမီးတွေနဲ့ ပြည့်သွားအောင် မွေးဖွားဖို့ အခွင့်အရေးပေးခဲ့တယ်။ အချိန်ကြာလာတဲ့အခါ အာဒံနဲ့ဧဝဟာ အကောင်းမွန်ဆုံး အခြေအနေအောက်မှာ ကမ္ဘာတစ်ခုလုံးကို သာယာလှပတဲ့ ပရဒိသုဖြစ်အောင် လုပ်ဆောင်မှာဖြစ်တယ်။ အဲဒီအခါ ယေဟောဝါရဲ့စကြဝဠာမိသားစုဝင်တွေဖြစ်တဲ့ လူသားတွေနဲ့ ကောင်းကင်တမန်တွေအားလုံးဟာ ကိုယ်တော့်ကို ထာဝစဉ်ဝတ်ပြုကိုးကွယ်သွားနိုင်မယ်။ ယေဟောဝါဟာ အာဒံနဲ့ဧဝကို တကယ် ကောင်းမွန်တဲ့ ဒီလိုအနာဂတ်အလားအလာ ပေးခြင်းအားဖြင့် ဖခင်မေတ္တာကို ဖော်ပြခဲ့တယ်။

ပုန်ကန်တဲ့သားတွေက ဘုရားသခင်ကို ဘုရင်အဖြစ် လက်မခံ

၆။ (က) ဘုရားသခင့်မိသားစုမှာ ပုန်ကန်မှု ဘယ်လိုစတင်ခဲ့သလဲ။ (ခ) ယေဟောဝါ ထိန်းချုပ်ထားတုန်းပဲဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိရသလဲ။

ဝမ်းနည်းစရာက အာဒံနဲ့ဧဝဟာ ယေဟောဝါကို အုပ်စိုးရှင်အဖြစ် လက်မခံချင်ဘူး။ အဲဒီအစား ဘုရားသခင်ကိုပုန်ကန်တဲ့ ကောင်းကင်တမန် စာတန်နောက်လိုက်ဖို့ ရွေးချယ်ခဲ့တယ်။ (က. ၃:၁–၆) ရလဒ်အနေနဲ့ သူတို့နဲ့ သူတို့ရဲ့သားသမီးတွေဟာ ဆင်းရဲဒုက္ခတွေခံစားပြီး သေဆုံးကြရတယ်။ (က. ၃:၁၆–၁၉; ရော. ၅:၁၂) ဒါကြောင့် ကမ္ဘာပေါ်မှာ ဘုရားသခင်ကိုနာခံတဲ့ ကျေးကျွန်တွေ မရှိတော့ဘူး။ အဲဒီလိုဖြစ်သွားလို့ ဘုရားသခင် မထိန်းချုပ်နိုင်ဘူး၊ မြေကြီးကိုအုပ်ချုပ်တဲ့ အခွင့်အာဏာကို ကိုယ်တော် လက်လွှတ်လိုက်ပြီလို့ ဆိုလိုတာလား။ လုံးဝမဟုတ်ပါဘူး။ ယေဟောဝါဟာ အာဒံနဲ့ဧဝကို ဧဒင်ဥယျာဉ်ထဲကနေ နှင်ထုတ်လိုက်ပြီး ပြန်မဝင်နိုင်အောင် အဝင်ဝမှာ စောင့်ကြပ်ဖို့ ခေရုဗိမ်တွေကို တာဝန်ပေးလိုက်တယ်။ (က. ၃:၂၃၊ ၂၄) တစ်ချိန်တည်းမှာ ကိုယ်တော်ဟာ ဖခင်မေတ္တာပြခဲ့တယ်။ သစ္စာရှိကောင်းကင်တမန်တွေနဲ့ လူသားတွေပါဝင်တဲ့ မိသားစု ဆက်ရှိနေမယ်၊ အာဒံကနေ ဆင်းသက်လာသူတစ်ဦးဟာ အာဒံရဲ့အပြစ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ဆိုးကျိုးအားလုံးကို ဖယ်ရှားပစ်လိမ့်မယ်လို့ ကိုယ်တော် ကတိပေးခဲ့တယ်။ကမ္ဘာဦး ၃:၁၅ ကိုဖတ်ပါ။

၇၊ ၈။ (က) နောဧခေတ်မှာ ကမ္ဘာကြီး ဘယ်လောက်ဆိုးသလဲ။ (ခ) ကမ္ဘာကိုသန့်စင်ဖို့နဲ့ လူ့မိသားစုကိုကာကွယ်ဖို့ ယေဟောဝါ ဘာလုပ်ခဲ့သလဲ။

နှစ်ရာနဲ့ချီကုန်လွန်ပြီးနောက်မှာ အာဗေလနဲ့ ဧနောက်တို့လိုလူတွေဟာ ယေဟောဝါအပေါ် သစ္စာတည်ကြည်ဖို့ ရွေးချယ်ခဲ့ကြတယ်။ ဒါပေမဲ့ လူသားအများစုကတော့ ယေဟောဝါကို ဖခင်အဖြစ်၊ ဘုရင်အဖြစ် လက်မခံခဲ့ကြဘူး။ နောဧခေတ်မှာ ကမ္ဘာကြီးဟာ ‘အကြမ်းဖက်မှုတွေနဲ့ ပြည့်နေ’ တယ်။ (က. ၆:၁၁) ဒါက မြေကြီးပေါ်က အရေးကိစ္စတွေကို ယေဟောဝါ မထိန်းချုပ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ကျမ်းစာမှာ ဘယ်လိုပြောသလဲ။

ယေဟောဝါက နောဧကို သူနဲ့ သူ့မိသားစုကိုကယ်တင်ဖို့အတွက် သင်္ဘောဆောက်ဖို့ အသေးစိတ်ညွှန်ကြားချက်တွေ ပေးခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကိုယ်တော်ဟာ နောဧကို “ဖြောင့်မတ်ခြင်းတရားဟော” ဖို့ တာဝန်ပေးခြင်းအားဖြင့်လည်း လူသားတွေအပေါ် မေတ္တာပြခဲ့တယ်။ (၂ ပေ. ၂:၅) နောဧဟာ လူတွေကို နောင်တရဖို့ တိုက်တွန်းပြီး ရောက်လာတော့မယ့် ရေလွှမ်းမိုးဘေးအကြောင်း ပြောခဲ့မှာပဲ။ ဒါပေမဲ့ ဘယ်သူမှ နားမထောင်ဘူး။ နောဧနဲ့သူ့မိသားစုဟာ အကြမ်းဖက်၊ အကျင့်ပျက်တဲ့လောကမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတယ်။ ယေဟောဝါဟာ မေတ္တာရှိတဲ့ဖခင်အနေနဲ့ အဲဒီ သစ္စာရှိတဲ့လူရှစ်ယောက်ကို ကာကွယ်ပေးခဲ့၊ လမ်းညွှန်ပေးခဲ့တယ်။ ယေဟောဝါဟာ ရေလွှမ်းမိုးဘေး ကျရောက်စေခြင်းအားဖြင့် ပုန်ကန်တဲ့လူသားတွေနဲ့ ဆိုးသွမ်းတဲ့ကောင်းကင်တမန်တွေကို ဖယ်ရှားပစ်လိုက်တယ်။ အဲဒါက ကိုယ်တော် အပြည့်အဝထိန်းချုပ်ထားတယ်ဆိုတာ ဖော်ပြတာပဲ။—က. ၇:၁၇–၂၄

ယေဟောဝါဟာ အမြဲပဲ စကြဝဠာရဲ့ဘုရင်ဖြစ် (အပိုဒ် ၆၊ ၈၊ ၁၀၊ ၁၂၊ ၁၇ ကိုကြည့်ပါ)

ရေလွှမ်းမိုးဘေးပြီးနောက် ယေဟောဝါရဲ့အုပ်ချုပ်မှု

၉။ ရေလွှမ်းမိုးပြီးနောက်မှာ လူတွေကို ယေဟောဝါ ဘာအခွင့်အရေး ပေးခဲ့သလဲ။

နောဧနဲ့သူ့မိသားစု သင်္ဘောထဲကထွက်လာတဲ့အခါ ယေဟောဝါရဲ့ ဂရုစိုက်မှု၊ ကာကွယ်ပေးမှုအတွက် သူတို့ သိပ်ကျေးဇူးတင်ခဲ့ကြတယ်။ နောဧက ချက်ချင်းပဲ ယေဟောဝါကိုဝတ်ပြုဖို့ ယဇ်ပလ္လင်တစ်ခုတည်ပြီး ယဇ်တွေပူဇော်ခဲ့တယ်။ ဘုရားသခင်က နောဧမိသားစုကို ကောင်းချီးပေးပြီး “များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့” လို့ ပြောခဲ့တယ်။ (က. ၈:၂၀–၉:၁) ကမ္ဘာမြေကြီးမှာ လူသားတွေ ပြန်ပြည့်လာပြီး ယေဟောဝါကို တစည်းတလုံးဝတ်ပြုဖို့ အခွင့်အရေး ပြန်ရခဲ့တယ်။

၁၀။ (က) ရေလွှမ်းမိုးပြီးနောက်မှာ လူတွေဟာ ယေဟောဝါကို ဘယ်နေရာကစပြီး ဘယ်လိုနည်းနဲ့ ပုန်ကန်ခဲ့ကြသလဲ။ (ခ) ယေဟောဝါဟာ မိမိရဲ့အလိုတော်ပြည့်စုံဖို့ ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

၁၀ ရေလွှမ်းမိုးပြီးနောက်မှာလည်း လူတွေက မစုံလင်ကြဘူး။ စာတန်နဲ့ နတ်ဆိုးတွေရဲ့ လွှမ်းမိုးမှုအောက်မှာ အသက်ရှင်နေရတုန်းပဲ။ သိပ်မကြာခင်မှာ လူတွေဟာ ယေဟောဝါရဲ့ မေတ္တာပါအုပ်ချုပ်မှုကို ပုန်ကန်ကြပြန်တယ်။ ယေဟောဝါကို ပုန်ကန်သူတွေထဲက တစ်ယောက်က နောဧရဲ့မြစ် နိမ်ရောဒပဲ။ နိမ်ရောဒဟာ ‘ယေဟောဝါကိုဆန့်ကျင်တဲ့ ခွန်အားကြီးမုဆိုး’ ဖြစ်တယ်။ သူဟာ ဗာဗုလုန်လို မြို့ကြီးတွေကိုတည်ဆောက်ပြီး ရှိနာပြည်မှာ မင်းလုပ်ခဲ့တယ်။ (က. ၁၀:၈–၁၂) ပုန်ကန်တဲ့ဒီဘုရင်ကို ယေဟောဝါ ဘာလုပ်မလဲ။ ဘုရားသခင့်အလိုတော်ကို ဆန့်ကျင်ဖို့ နိမ်ရောဒ လုပ်ဆောင်တာကို ယေဟောဝါ ဘယ်လိုတုံ့ပြန်မလဲ။ ဘုရားသခင်က လူတွေရဲ့ဘာသာစကားကို ရှုပ်ထွေးအောင်လုပ်လိုက်လို့ နိမ်ရောဒရဲ့နောက်လိုက်တွေဟာ ကမ္ဘာ့နေရာအနှံ့ကို ရောက်သွားမယ်။ သူတို့သွားတဲ့နေရာတိုင်းမှာ သူတို့နဲ့အတူ အယူမှားဝတ်ပြုရေးနဲ့ လူတွေရဲ့အုပ်ချုပ်ပုံနည်းလမ်း ပါသွားတယ်။—က. ၁၁:၁–၉

၁၁။ ယေဟောဝါဟာ မိမိရဲ့မိတ်ဆွေ အာဗြဟံအပေါ် သစ္စာရှိကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။

၁၁ ရေလွှမ်းမိုးပြီးနောက်မှာ လူများစွာဟာ အယူမှားဘုရားတွေကို ကိုးကွယ်ခဲ့ကြတယ်၊ ဒါပေမဲ့ ယေဟောဝါကိုကိုးကွယ်တဲ့ သစ္စာရှိသူတချို့လည်း ရှိပါသေးတယ်။ အဲဒီထဲကတစ်ယောက်က အာဗြဟံပဲ။ သူ ဥရမြို့မှာ အိမ်ကောင်းကောင်းတစ်လုံး ရှိတယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့စကားကို နားထောင်ပြီး အဲဒီမြို့ကထွက်၊ နှစ်ပေါင်းများစွာ တဲနဲ့နေခဲ့တယ်။ (က. ၁၁:၃၁; ဟေဗြဲ ၁၁:၈၊ ၉) အာဗြဟံနဲ့ သူ့ရဲ့မိသားစုဟာ ကာကွယ်မှုရဖို့ လူသားဘုရင် ဒါမှမဟုတ် မြို့ရိုးတစ်ခုကို အားမကိုးခဲ့ဘူး။ အဲဒီအစား ယေဟောဝါကို အားကိုးခဲ့တယ်။ ယေဟောဝါရဲ့ ဖခင်သဖွယ် ကာကွယ်စောင့်ရှောက်ပေးမှုကို ဆာလံဆရာ ဒီလိုရေးခဲ့တယ်– “[ဘုရားသခင်] က သူတို့ကိုဖိနှိပ်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး။ သူတို့အတွက် ဘုရင်တွေကိုတောင် ပဲ့ပြင်ခဲ့တယ်။” (ဆာ. ၁၀၅:၁၃၊ ၁၄ကဘ) ယေဟောဝါဟာ မိမိရဲ့မိတ်ဆွေ အာဗြဟံအပေါ် သစ္စာရှိတဲ့အတွက်ကြောင့် “မင်းဆီကနေ . . . ဘုရင်တွေ ဆင်းသက်လာလိမ့်မယ်” လို့ ကတိပေးခဲ့တယ်။—က. ၁၇:၆ကဘ; ယာ. ၂:၂၃

၁၂။ ယေဟောဝါဟာ မိမိရဲ့အခွင့်အာဏာကို အီဂျစ်ပြည်မှာ ဘယ်လိုပြသခဲ့သလဲ။ ဒါက ကိုယ်တော့်လူမျိုးအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။

၁၂ ဘုရားသခင်က အာဗြဟံရဲ့သား ဣဇာက်နဲ့ မြေးယာကုပ်ကို ကောင်းချီးပေးမယ်၊ သူတို့ရဲ့သားမြေးတွေကနေ ဘုရင်တွေ ပေါ်ထွက်လာမယ်လို့ ထပ်ကတိပေးခဲ့တယ်။ (က. ၂၆:၃–၅; ၃၅:၁၁) ဒါပေမဲ့ ယာကုပ်ရဲ့သားမြေးတွေဟာ ဘုရင်မဖြစ်ခင် အီဂျစ်ပြည်မှာ အရင် ကျွန်ခံကြရတယ်။ ဒါက ယေဟောဝါ ကတိမတည်ဘူး ဒါမှမဟုတ် မြေကြီးကိုအုပ်ချုပ်တဲ့ မိမိရဲ့အခွင့်အာဏာကို လက်လွတ်လိုက်ပြီလို့ ဆိုလိုတာလား။ မဟုတ်ပါဘူး။ ယေဟောဝါဟာ သတ်မှတ်ထားချိန်မှာ မိမိရဲ့တန်ခိုးအာဏာကို အထင်အရှားဖော်ပြခဲ့ပြီး ခေါင်းမာတဲ့ဖာရောထက် ကိုယ်တော်က ပိုအခွင့်အာဏာရှိတယ်ဆိုတာ ပြသခဲ့တယ်။ အစ္စရေးလူတွေဟာ ယေဟောဝါကို ယုံကြည်ခဲ့ကြတယ်၊ ကိုယ်တော်ဟာ ပင်လယ်နီကိုဖြတ်ရာမှာ ဦးဆောင်ခြင်းအားဖြင့် အံ့ဩစရာကောင်းတဲ့နည်းလမ်းနဲ့ သူတို့ကို ကယ်တင်ခဲ့တယ်။ ယေဟောဝါဟာ စကြဝဠာရဲ့အုပ်စိုးရှင် ဖြစ်နေသေးတယ်၊ သားသမီးတွေကို ဂရုစိုက်တဲ့ဖခင်လို မိမိရဲ့လူတွေကို ကာကွယ်ဖို့ ကြီးမားတဲ့တန်ခိုးကို အသုံးပြုခဲ့တယ်ဆိုတာ အထင်အရှားပါပဲ။ထွက်မြောက်ရာ ၁၄:၁၃၊ ၁၄ ကိုဖတ်ပါ။

ယေဟောဝါဟာ အစ္စရေးတွေရဲ့ဘုရင်ဖြစ်

၁၃၊ ၁၄။ (က) အစ္စရေးလူမျိုး ဆိုခဲ့တဲ့သီချင်းမှာ ယေဟောဝါ ဘုရင်ဖြစ်တာနဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြထားသလဲ။ (ခ) ဒါဝိဒ်ကို ဘုရားသခင် ဘာကတိပေးခဲ့သလဲ။

၁၃ အစ္စရေးလူတွေကို  အီဂျစ်ပြည်ကျွန်ဘဝကနေ ယေဟောဝါ ကယ်ထုတ်ပြီးပြီးချင်းမှာ သူတို့ဆိုခဲ့တဲ့ ချီးမွမ်းသီချင်းကို ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၅ မှာ မှတ်တမ်းတင်ထားတယ်။ အခန်းငယ် ၁၈ (ကဘ) မှာ “ယေဟောဝါက ဘုရင်အဖြစ် အစဉ်ထာဝရ စိုးစံလိမ့်မယ်” လို့ ဖော်ပြထားတယ်။ ယေဟောဝါဟာ အစ္စရေးလူတွေအပေါ် ဘုရင်အဖြစ် တကယ်အုပ်ချုပ်ခဲ့တယ်။ (တရား. ၃၃:၅) ဒါပေမဲ့ အစ္စရေးလူတွေဟာ မမြင်ရတဲ့အုပ်စိုးရှင် ယေဟောဝါရှိတာကို မကျေနပ်နိုင်ကြဘူး။ အစ္စရေးလူတွေဟာ အီဂျစ်ပြည်ကနေ ထွက်လာပြီး အနှစ် ၄၀၀ လောက်မှာ ပတ်ဝန်းကျင်က ရုပ်တုကိုးကွယ်တဲ့နိုင်ငံတွေလို လူသားဘုရင် ခန့်အပ်ပေးဖို့ ဘုရားသခင်ဆီ တောင်းဆိုကြတယ်။ (၁ ရာ. ၈:၅) ဒါပေမဲ့ ဒါဝိဒ်အုပ်ချုပ်ချိန်အတွင်းမှာ ယေဟောဝါဟာ ဘုရင်ဖြစ်နေတုန်းပဲဆိုတာ အလွန်ထင်ရှားတယ်။

၁၄ ဒါဝိဒ်ဟာ ဂျေရုဆလင်ကို ပဋိညာဉ်သေတ္တာသယ်လာတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အဲဒီနေ့မှာ လေဝိသားတွေဟာ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုပြီး အရေးကြီးတဲ့အချက်တစ်ချက်ကို ဖော်ပြခဲ့တယ်။ အဲဒီအချက်ကို ၁ ရာဇဝင်ချုပ် ၁၆:၃၁ (ကဘ) မှာ “‘ယေဟောဝါ ဘုရင်ဖြစ်ပြီ’ လို့ လူမျိုးတွေအလယ်မှာ ကြေညာကြပါစေ” ဆိုပြီး မှတ်တမ်းတင်ထားတယ်။ ‘ယေဟောဝါဟာ ထာဝရဘုရင် ဖြစ်ပြီးသားပဲ၊ အဲဒီအချိန်မှာ ဘုရင်ဖြစ်ပြီလို့ ဘယ်လိုနည်းနဲ့ ပြောနိုင်သလဲ’ လို့ တစ်ယောက်ယောက်က စဉ်းစားမိနိုင်တယ်။ ယေဟောဝါက မိမိရဲ့အုပ်ချုပ်မှု အခွင့်အာဏာကို အသုံးပြုတဲ့အခါ ဒါမှမဟုတ် သတ်မှတ်ထားတဲ့အချိန်တစ်ချိန်မှာ မိမိကို ကိုယ်စားပြုဖို့ ဒါမှမဟုတ် ကိစ္စရပ်တစ်ခုကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးတဲ့အခါမှာ ဘုရင်ဖြစ်ပြီလို့ ပြောနိုင်တယ်။ ယေဟောဝါ ဘယ်လိုနည်းနဲ့ ဘုရင်ဖြစ်တယ်ဆိုတာကို နားလည်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါဝိဒ်မသေဆုံးခင်မှာ သူ့ရဲ့အုပ်ချုပ်မှုက ထာဝစဉ်တည်မယ်ဆိုပြီး ယေဟောဝါ ဒီလိုကတိပေးခဲ့တယ်– “သင်မွေးတဲ့သား၊ သင့်အမျိုးအနွယ်ကို ငါပေါ်ထွန်းစေမယ်။ သူ့နိုင်ငံကို ငါ တည်တံ့ခိုင်မြဲစေမယ်။” (၂ ရာ. ၇:၁၂၊ ၁၃ကဘ) အနှစ် ၁,၀၀၀ ကျော်ကြာပြီးတဲ့နောက် ဒါဝိဒ်ရဲ့ “အမျိုးအနွယ်” ပေါ်လာတဲ့အခါ ဒီပရောဖက်ပြုချက် ပြည့်စုံလာတယ်။ သူက ဘယ်သူလဲ၊ ဘယ်အချိန်မှာ ဘုရင်ဖြစ်လာခဲ့သလဲ။

ဘုရင်အသစ်ကို ယေဟောဝါခန့်အပ်

၁၅၊ ၁၆။ ယေရှုဟာ ဘယ်အချိန်မှာ အနာဂတ်ဘုရင်အဖြစ် ခန့်အပ်ခံခဲ့ရသလဲ။ ယေရှု မြေကြီးပေါ်မှာရှိတုန်းက နိုင်ငံတော်နဲ့ပတ်သက်ပြီး ဘာတွေပြင်ဆင်ခဲ့သလဲ။

၁၅ အေဒီ ၂၉ မှာ နှစ်ခြင်းဆရာယောဟန်က “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ” လို့ ဟောပြောခဲ့တယ်။ (မ. ၃:၂) နှစ်ခြင်းဆရာယောဟန်ဆီလာပြီး ယေရှု နှစ်ခြင်းခံချိန်မှာ ယေဟောဝါက ယေရှုကို မေရှိယ၊ ဘုရားသခင့်နိုင်ငံတော်ရဲ့ အနာဂတ်ဘုရင်အဖြစ် ခန့်အပ်ခဲ့တယ်။ ယေဟောဝါက ယေရှုကို “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” လို့ပြောခြင်းအားဖြင့် မိမိရဲ့ဖခင်မေတ္တာကို ဖော်ပြခဲ့တယ်။—မ. ၃:၁၇

၁၆ ယေရှုဟာ မိမိရဲ့အမှုဆောင်ချိန်ကာလအတွင်းမှာ ဖခင်ဖြစ်သူကို ဂုဏ်တင်ခဲ့တယ်။ (ယော. ၁၇:၄) ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းအားဖြင့် အဲဒီလိုလုပ်ခဲ့တယ်။ (လု. ၄:၄၃) သူ့ရဲ့နောက်လိုက်တွေကိုတောင် နိုင်ငံတော်လာပါစေလို့ ဆုတောင်းဖို့ သင်ပေးခဲ့တယ်။ (မ. ၆:၁၀) အနာဂတ်မှာ ဘုရင်ဖြစ်လာမယ့်ယေရှုဟာ သူ့ကို ဆန့်ကျင်တဲ့သူတွေကို “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌ရှိ၏” လို့ပြောနိုင်ခဲ့တယ်။ (လု. ၁၇:၂၁) နောက်ပိုင်း သူမသေဆုံးခင်ညနေမှာ တမန်တော်တွေနဲ့အတူ ‘နိုင်ငံတော်ပဋိညာဉ်တစ်ခု’ ဖွဲ့ခဲ့တယ်။ ဒါက ယေရှုရဲ့သစ္စာရှိနောက်လိုက်တချို့ဟာ ဘုရားသခင့်နိုင်ငံတော်မှာ ယေရှုနဲ့အတူ ဘုရင်အဖြစ် အုပ်ချုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။လုကာ ၂၂:၂၈–၃၀ ကိုဖတ်ပါ။

၁၇။ အေဒီ ၃၃ မှာ ယေရှုဟာ ဘာကို စတင်အုပ်ချုပ်သလဲ၊ ဒါပေမဲ့ ဘာအတွက် စောင့်ရဦးမလဲ။

၁၇ ယေရှု ဘယ်အချိန်မှာ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် စတင်အုပ်ချုပ်မလဲ။ သူ ချက်ချင်း မအုပ်ချုပ်နိုင်ခဲ့ဘူး။ နောက်တစ်ရက်မွန်းလွဲပိုင်းမှာ ယေရှု အသတ်ခံရပြီး သူ့နောက်လိုက်တွေ ထွက်ပြေးကုန်တယ်။ (ယော. ၁၆:၃၂) ဒါပေမဲ့ အရင်ကလိုပဲ ယေဟောဝါ ထိန်းချုပ်ထားတုန်းပဲ။ တတိယနေ့မှာ ယေဟောဝါဟာ မိမိရဲ့သားကို ရှင်ပြန်ထမြောက်စေခဲ့တယ်၊ အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ ယေရှုဟာ ခရစ်ယာန်အသင်းတော်ကို စတင်အုပ်ချုပ်ခဲ့တယ်။ (ကော. ၁:၁၃) ဒါပေမဲ့ ဘုရားသခင်ကတိပြုထားတဲ့ ဒါဝိဒ်ရဲ့သား ယေရှုဟာ မြေကြီးကို အခွင့်အာဏာအပြည့်နဲ့အုပ်ချုပ်ဖို့ စောင့်ရဦးမယ်။ ဒါကြောင့် ယေဟောဝါက သားတော်ကို “သင့်ရန်သူတွေကို သင့်ရဲ့ခြေတင်ခုံအဖြစ် ငါမထားမချင်း ငါ့ညာဘက်မှာ ထိုင်နေပါ” လို့ပြောခဲ့တယ်။—ဆာ. ၁၁၀:၁ကဘ။

ထာဝရဘုရင်ကို ကိုးကွယ်ပါ

၁၈၊ ၁၉။ ကျွန်ုပ်တို့ ဘာလုပ်ဖို့လှုံ့ဆော်ခံရသလဲ။ လာမယ့်ဆောင်းပါးမှာ ဘာအကြောင်းတွေ လေ့လာကြမလဲ။

၁၈ ကောင်းကင်တမန်နဲ့ လူသားတွေဟာ နှစ်ပေါင်းထောင်ချီကြာအောင်  ယေဟောဝါရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်ပုန်ကန်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါဟာ အစဉ်အမြဲ ထိန်းချုပ်ထားတယ်၊ သူ့ရဲ့အုပ်ချုပ်ခွင့်အာဏာကို ဘယ်တုန်းကမှ လက်မလွှတ်ခဲ့ဘူး။ မေတ္တာရှိတဲ့ဖခင်တစ်ဦးအနေနဲ့ နောဧ၊ အာဗြဟံနဲ့ ဒါဝိဒ်တို့လို သစ္စာရှိကျေးကျွန်တွေကို ကာကွယ်စောင့်ရှောက်ခဲ့တယ်။ ဒီအချက်က ကျွန်ုပ်တို့ရဲ့ဘုရင်ကို နာခံဖို့၊ ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့ လှုံ့ဆော်မှုဖြစ်စေတယ် မဟုတ်ပါလား။

၁၉ ဒါပေမဲ့ ကျွန်ုပ်တို့ ဒီလိုမေးနိုင်တယ်– ယေဟောဝါဟာ ကျွန်ုပ်တို့အချိန်မှာ ဘယ်လိုနည်းနဲ့ ဘုရင်ဖြစ်လာသလဲ။ ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန် ဖြစ်နိုင်သလဲ၊ ဘယ်လိုနည်းနဲ့ ကိုယ်တော့်စကြဝဠာမိသားစုမှာ စုံလင်တဲ့သားတွေဖြစ်နိုင်သလဲ။ ဘုရားသခင့်နိုင်ငံတော်လာပါစေလို့ ဆုတောင်းတာက ဘာအဓိပ္ပာယ်ရှိသလဲ။ ဒီမေးခွန်းတွေကို လာမယ့်ဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။