မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖခင်ကောင်းတစ်ဦး ဖြစ်နိုင်ပုံ

ဖခင်ကောင်းတစ်ဦး ဖြစ်နိုင်ပုံ

ဖခင်ကောင်းတစ်ဦး ဖြစ်နိုင်ပုံ

“အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေ ခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက် ကြလိမ့်မည်။”—ကောလောသဲ ၃:၂၁

ဖခင်တစ်ဦးသည် သူ၏သားသမီးများကို စိတ်ဆိုးအောင် မပြုမိရန် မည်သို့ရှောင်နိုင်မည်နည်း။ ဖခင်တစ်ဦးအနေနှင့် မိမိအခန်းကဏ္ဍ၏ အရေးပါမှုကို အသိအမှတ်ပြုရန် အရေးကြီးသည်။ “ဖခင်တစ်ဦးသည် သားသမီးများ၏ စိတ်ပိုင်းနှင့်ဉာဏ်ရည် ဖွံ့ဖြိုးမှုအပေါ် ရှုပ်ထွေးဆန်းကြယ်သောနည်းဖြင့် အကြီးအကျယ် သက်ရောက်မှုရှိနိုင်သည်” ဟုစိတ်ကျန်းမာရေးဂျာနယ်တစ်စောင်က ဆိုသည်။

ဖခင်တစ်ဦး၏ အခန်းကဏ္ဍကား အဘယ်နည်း။ မိသားစုများစွာတွင် ဖခင်ကို အထူးသဖြင့် အပြစ်ပေးသူအဖြစ် ရှုမြင်ကြသည်။ မိခင်များစွာက ဆိုးသောကလေးများကို ‘နင့်အဖေ ပြန်လာပါစေ’ ဟု ခြိမ်းခြောက်လေ့ရှိသည်။ သားသမီးများသည် အလိုက်အထိုက်နေတတ်သော လူကြီးများအဖြစ် ကြီးပြင်းလာရန် မျှတသောပဲ့ပြင်ကြပ်မတ်မှုနှင့် ခိုင်မာပြတ်သားမှု လိုအပ်သည်။ သို့သော် ဖခင်ကောင်းတစ်ဦးဖြစ်ခြင်းတွင် ယင်းထက်မက ပါဝင်သည်။

ဝမ်းနည်းစရာမှာ ဖခင်တိုင်းသည် အတုယူထိုက်သူများမဟုတ်ပေ။ အမျိုးသားအချို့သည် ဖခင်မရှိသောအိမ်ထောင်တွင် ကြီးပြင်းလာကြသည်။ အခြားသူတို့မူ အေးတိအေးစက်နိုင်ပြီး စည်းကမ်းတင်းကျပ်သောဖခင်လက်အောက်တွင် ကြီးပြင်းလာရာ သူတို့သားသမီးများကိုလည်း အလားတူပုံစံဖြင့် ဆက်ဆံကြပေမည်။ ထိုသို့သောဖခင်တစ်ဦးသည် ထိုပုံစံကို မည်သို့ရှောင်ရှားပြီး ဖခင်ကောင်းတစ်ဦး မည်သို့ဖြစ်လာနိုင်သနည်း။

ဖခင်ကောင်းတစ်ဦးဖြစ်နိုင်ပုံနှင့်ပတ်သက်၍ လက်တွေ့ကျပြီး ယုံကြည်ကိုးစားထိုက်သော အကြံဉာဏ်ရင်းမြစ်ရှိပါသည်။ သမ္မာကျမ်းစာတွင် မိသားစုဘဝအတွက် အကောင်းဆုံးအကြံဉာဏ်များ ပါရှိသည်။ ယင်း၏သွန်သင်ချက်များသည် သီအိုရီမျှသာမဟုတ်၊ ကျွန်ုပ်တို့ကိုလည်း ဘယ်သောအခါမျှ အကျိုးယုတ်စေမည်မဟုတ်ပေ။ ကျမ်းစာသွန်သင်ချက်များသည် ယင်း၏အာဘော်ရှင်ဖြစ်သော မိသားစုဘဝကိုအစပြုရှင် ယေဟောဝါဘုရားသခင်၏ ဉာဏ်ပညာကို ထင်ဟပ်သည်။ (ဧဖက် ၃:၁၄၊ ၁၅) သင်သည် ဖခင်တစ်ဦးဖြစ်ပါက မိဘတစ်ဦးဖြစ်ခြင်းအကြောင်း ကျမ်းစာမည်သို့ဆိုသည်ကို သုံးသပ်ကြည့်သင့်သည်။ *

ဖခင်ကောင်းတစ်ဦးဖြစ်ခြင်းသည် သင့်သားသမီးများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းသာမက ဘုရားသခင်နှင့်သူတို့၏ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုအတွက်ပါ အရေးကြီးသည်။ ဖခင်နှင့် ရင်းနှီးချစ်ခင်သောဆက်ဆံရေးရှိသည့် ကလေးတစ်ဦးသည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်ရာတွင်လည်း လွယ်ကူပေမည်။ အမှန်မှာ၊ ဖန်ဆင်းရှင်ယေဟောဝါသည် ကျွန်ုပ်တို့၏ဖခင်ဖြစ်သည်ဟု ကျမ်းစာကဖော်ပြသည်။ (ဟေရှာယ ၆၄:၈) ဖခင်ထံမှ သားသမီးများလိုအပ်သောအရာ ခြောက်ခုကို ယခုသုံးသပ်ကြပါမည်။ ကျမ်းစာမူများကို ကျင့်သုံးခြင်းက ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဖခင်တစ်ဦးအား ကူညီပေးပုံကို အချက်တိုင်းတွင် ဆွေးနွေးသွားပါမည်။

သားသမီးများသည် ဖခင်၏မေတ္တာ လိုအပ်

ယေဟောဝါသည် ဖခင်တစ်ဦးအနေနှင့် အကောင်းဆုံးပုံသက်သေချမှတ်ခဲ့သည်။ မိမိ၏သားဦး ယေရှုနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ခံစားရသည်ကို ကျမ်းစာက “ခမည်းတော်သည် သားတော်ကိုချစ်တော်မူ” ၏ဟုဖော်ပြသည်။ (ယောဟန် ၃:၃၅; ကောလောသဲ ၁:၁၅) ယေဟောဝါသည် သားတော်ကိုချစ်နှစ်သက်ကြောင်း တစ်ကြိမ်ထက်မက ထုတ်ပြောခဲ့သည်။ ယေရှုနှစ်ခြင်းခံချိန်တွင် ယေဟောဝါသည် “သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟုကောင်းကင်မှမိန့်ဆိုလေသည်။ (လုကာ ၃:၂၂) ယေရှုသည် ခမည်းတော်၏မေတ္တာကို တစ်ခါမျှသံသယမဖြစ်ခဲ့ပေ။ ဘုရားသခင်၏ပုံသက်သေမှ လူသားဖခင်တစ်ဦး အဘယ်အရာသင်ယူနိုင်သနည်း။

သင့်သားသမီးများအား ချစ်မြတ်နိုးကြောင်း ထုတ်ပြောရန် လုံးဝမတွန့်ဆုတ်ပါနှင့်။ ကလေးငါးဦး၏ဖခင် ကယ်လ်ဗင် ဤသို့ဆို၏– “သားသမီးတွေကို ချစ်တယ်လို့ပြောရုံသာမဟုတ်ဘဲ တစ်ယောက်စီကို စိတ်ဝင်စားမှုပြခြင်းအားဖြင့် အဲဒီလိုချစ်တယ်ဆိုတာပြဖို့ ကျွန်တော်အမြဲကြိုးစားတယ်။ ဘောင်းဘီလဲပေးတာတို့၊ ရေချိုးပေးတာတို့ လုပ်ပေးတယ်။” ထို့ပြင် သားသမီးတို့ကို သင် ချစ်နှစ်သက်ကြောင်း သူတို့သိထားရန်လည်း လိုအပ်သည်။ ထို့ကြောင့် အလွန်အကျွံဝေဖန်ခြင်း၊ တစ်ချိန်လုံး ဆုံးမနေခြင်းမျိုး မပြုလုပ်ပါနှင့်။ ရက်ရောစွာ ချီးမွမ်းပေးပါ။ ဆယ်ကျော်သက်သမီးနှစ်ဦး၏ဖခင် ဒိုနီဇက်တီက “ဖခင်တစ်ဦးအနေနဲ့ သားသမီးတွေကို ချီးမွမ်းနိုင်မယ့် အခွင့်အရေး အမြဲရှာသင့်တယ်” ဟုဆိုသည်။ သူတို့ကို သင်ချစ်နှစ်သက်ကြောင်း သူတို့သိထားခြင်းက သူတို့ကိုယ်ကိုယ် တော်မှန်စွာတန်ဖိုးထားစိတ်ရှိလာရန် ကူညီပေးနိုင်သည်။ ယင်းကတစ်ဖန် ဘုရားသခင်ထံချဉ်းကပ်ရန် ကူညီပေးနိုင်သည်။

သားသမီးများသည် ပုံသက်သေကောင်း လိုအပ်

ယေရှုသည် “ခမည်းတော်ပြုတော်မူသောအမှုကို . . . မြင်၍သာ” ပြု၏ဟု ယောဟန် ၅:၁၉ ကဆိုသည်။ ယေရှုသည် ခမည်းတော် “ပြုတော်မူသောအမှု” ကို မြင်၍ပြုသည်ဟု ထိုကျမ်းချက်ကဆိုထားကြောင်း သတိပြုပါ။ သားသမီးများလည်း ထိုသို့ပင်ပြုလေ့ရှိသည်။ ဥပမာ၊ ဖခင်ဖြစ်သူသည် ဇနီးကို လေးစားစွာ၊ ဂုဏ်သိက္ခာရှိစွာဆက်ဆံပါက သားဖြစ်သူသည်လည်း အမျိုးသမီးများကို ထိုသို့ဆက်ဆံတတ်လာပေမည်။ ဖခင်၏ပုံသက်သေသည် သားယောက်ျားများ၏ စိတ်သဘောထားကိုသာ သက်ရောက်မှုရှိသည်မဟုတ်ဘဲ ယောက်ျားများအပေါ် သမီးများ၏ရှုမြင်ပုံကိုပါ သက်ရောက်မှုရှိနိုင်သည်။

သင်၏သားသမီးများသည် တောင်းပန်ရန် အခက်တွေ့လေ့ရှိသလော။ ဤတွင်လည်း ပုံသက်သေသည် အရေးပါ၏။ သားနှစ်ဦးကြောင့် ဈေးကြီးသောကင်မရာတစ်လုံး ပျက်စီးသွားချိန်ကို ကယ်လ်ဗင်အမှတ်ရသည်။ သူသည် စိတ်ဆိုးလွန်း၍ သစ်သားစားပွဲကို ထိုးလိုက်ရာ စားပွဲမှာ နှစ်ခြမ်းကွဲသွားသည်။ နောက်ပိုင်း ကယ်လ်ဗင်သည် အလွန်စိတ်မကောင်းဖြစ်သွားပြီး ဒေါသမထိန်းနိုင်ခြင်းအတွက် ဇနီးအပါအဝင် အားလုံးကို တောင်းပန်ခဲ့သည်။ သူ၏တောင်းပန်မှုက သားသမီးများအပေါ် ကောင်းကျိုးသက်ရောက်မှုရှိသည်ဟု သူယူဆသည်၊ သူတို့ တောင်းပန်စကားဆိုရန် မခက်ခဲတော့ပေ။

သားသမီးများသည် ပျော်စရာကောင်းသော ဝန်းကျင် လိုအပ်

ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်၏။ (၁ တိမောသေ ၁:၁၁ကဘ) ထို့ကြောင့် သားတော်ယေရှုသည် ခမည်းတော်နှင့်အတူရှိနေချိန်များတွင် အလွန်ပျော်ရွှင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ “ငါသည် [“ကျွမ်းကျင်လုပ်သား၊” ကဘ] ကဲ့သို့ [ခမည်းတော်၏] အထံတော်ပါးတွင်နေ၍ အစဉ်မပြတ်မွေ့လျော်တော်မူရာဖြစ်၏” ဟုဆိုထားသော နယပုံပြင် ၈:၃၀ က ယေရှုနှင့် ခမည်းတော်စပ်ကြားရှိ ဆက်ဆံရေးကို နားလည်စေသည်။ အမှန် နွေးထွေးလှသောဆက်ဆံရေးပင်။

သင့်သားသမီးများသည်လည်း ပျော်စရာကောင်းသောဝန်းကျင် လိုအပ်၏။ အချိန်ယူပြီး သူတို့နှင့်ဆော့ကစားခြင်းက ထိုသို့သောဝန်းကျင်မျိုးဖြစ်စေနိုင်သည့်အပြင် သူတို့နှင့် ရင်းနှီးသောဆက်ဆံရေး ရှိစေနိုင်သည်။ ယင်းကို ဆယ်ကျော်သက်သားတစ်ဦး၏ဖခင် ဖဲလစ္စထောက်ခံ၏။ သူဤသို့ဆိုသည်– “သားနဲ့အတူအပန်းဖြေဖို့ အချိန်ဖယ်ထားတာက ကျွန်တော်တို့ဆက်ဆံရေးအတွက် အရမ်းအရေးပါတယ်။ ကျွန်တော်တို့အတူ ကစားတယ်၊ မိတ်ဆွေတွေနဲ့ ပေါင်းသင်းတယ်၊ စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကို သွားလည်တယ်။ ဒါတွေက မိသားစုကို ပျော်ရွှင်ရင်းနှီးစေတယ်။”

သားသမီးများကို ဝတ်ပြုရေးနှင့်ဆိုင်သောအရာများ သင်ကြားပေးရန် လိုအပ်

ယေရှုသည် ခမည်းတော်၏ သင်ကြားပေးမှုခံခဲ့ရသည်။ ထို့ကြောင့် “[ခမည်းတော်] ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်” ဟု ယေရှုဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၈:၂၆) သားသမီးများအား ကိုယ်ကျင့်တရားပိုင်းနှင့်ဝတ်ပြုရေးပိုင်းတို့ကို သွန်သင်ပေးရန် ဖခင်တွင် တာဝန်ရှိသည်ဟု ဘုရားသခင်ရှုမြင်သည်။ ဖခင်တစ်ဦးအဖြစ် သင့်တာဝန်များတွင် ဖြောင့်မတ်သောမူများကို သင့်သားသမီးများ၏စိတ်ထဲ စွဲမှတ်စေခြင်းလည်း ပါဝင်သည်။ ထိုသို့သောလေ့ကျင့်မှုကို ငယ်သောအရွယ်မှ အစပြုသင့်၏။ (၂ တိမောသေ ၃:၁၄၊ ၁၅) ဖဲလစ္စသည် သားဖြစ်သူ အလွန်ငယ်ရွယ်စဉ်ကပင် ကျမ်းစာပုံပြင်များကို ဖတ်ပြခဲ့သည်။ ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် * တွင်ပါသည့် ပုံပြင်များအပါအဝင် စိတ်ဝင်စားဖွယ်ရောင်စုံပုံပြင်များကို သူဖတ်ပြခဲ့သည်။ သူ၏သား ကြီးပြင်းလာသောအခါ ဖဲလစ္စသည် သား၏အသက်အရွယ်နှင့်သင့်လျော်မည့် အခြားကျမ်းစာအခြေပြုစာပေများကို အသုံးပြုခဲ့သည်။

ဒိုနီဇက်တီ ဤသို့ဆို၏– “မိသားစုကျမ်းစာလေ့လာမှုကို ပျော်ရွှင်စရာဖြစ်အောင်လုပ်ဖို့ တကယ်ခက်တယ်။ မိဘတွေ အပြောနဲ့အလုပ်မညီတာကို သားသမီးတွေ ချက်ချင်းသတိပြုမိတတ်တဲ့အတွက် ဝတ်ပြုရေးကိစ္စတွေကို တန်ဖိုးထားတယ်ဆိုတာ ဖော်ပြဖို့ အရေးကြီးတယ်။” သားသုံးဦး၏ဖခင် ကားလို့စ် ဤသို့ဆို၏– “မိသားစု လိုအပ်ရာတွေကို သုံးသပ်ဖို့ ကျွန်တော်တို့ ပတ်စဉ်စည်းဝေးကြတယ်။ မိသားစုဝင်တိုင်းက ကိုယ်ဆွေးနွေးချင်တဲ့အရာကို ရွေးချယ်ပိုင်ခွင့်ရှိတယ်။” ကယ်လ်ဗင်သည် သားသမီးများ အဘယ်နေရာတွင်ရှိပါစေ၊ အဘယ်အရာပြုလုပ်နေပါစေ အခွင့်အရေးရှာကာ ဘုရားသခင်အကြောင်း သူတို့နှင့်အမြဲပြောဆိုလေ့ရှိသည်။ ယင်းက မောရှေ၏ ဤစကားများကို အမှတ်ရစေသည်– “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ [“စွဲမှတ်စေ၊” ကဘ] ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။”—တရားဟောရာ ၆:၆၊ ၇

သားသမီးများသည် ပဲ့ပြင်ဆုံးမမှု လိုအပ်

သားသမီးများသည် အောင်မြင်သော၊ တာဝန်သိတတ်သောလူကြီးများအဖြစ် ကြီးပြင်းလာနိုင်ရန် ပဲ့ပြင်ဆုံးမမှု လိုအပ်သည်။ မိဘအချို့သည် ပဲ့ပြင်ဆုံးမမှုဟုဆိုလိုက်သည်နှင့် ရက်စက်စွာခြောက်လှန့်ခြင်း သို့မဟုတ် သေးသိမ်စေသော စော်ကားခြင်းများအပါအဝင် ကြမ်းတမ်းစွာဆက်ဆံခြင်းဖြစ်သည်ဟု ယူဆကြပုံရသည်။ သို့သော် ဆုံးမပဲ့ပြင်ရာတွင် ရက်စက်ကြမ်းတမ်းမှုပါဝင်ရမည်ဟု သမ္မာကျမ်းစာက မဖော်ပြပါ။ ယင်းအစား မိဘများသည် ယေဟောဝါနည်းတူ မေတ္တာဖြင့် ဆုံးမပဲ့ပြင်သင့်သည်။ (ဟေဗြဲ ၁၂:၄-၁၁) “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့” ဟုကျမ်းစာကဆိုသည်။—ဧဖက် ၆:၄

တစ်ခါတစ်ရံ အပြစ်ပေးဖို့ လိုအပ်ပေမည်။ သို့သော် ကလေးတစ်ဦးသည် မိမိအဘယ်ကြောင့် အပြစ်ပေးခံရကြောင်း သိနားလည်သင့်သည်။ မိဘတို့၏ဆုံးမပဲ့ပြင်ခြင်းသည် ကလေးတစ်ဦးကို ပစ်ပယ်ခံရသည်ဟု မခံစားစေသင့်ပေ။ ကလေးတစ်ဦးကို ဒဏ်ရာပင်ရရှိစေမည့် အပြင်းအထန်ရိုက်နှက်ခြင်းကို ကျမ်းစာက မထောက်ခံပါ။ (သု. ၁၆:၃၂) “ကြီးလေးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သားသမီးတွေကို ဆုံးမဖို့လိုလာတဲ့အခါတိုင်း သူတို့ကိုချစ်လို့ ဆုံးမတယ်ဆိုတာ အမြဲပြောပြတယ်” ဟုကယ်လ်ဗင်ဆို၏။

သားသမီးများကို ကာကွယ်ပေးရန် လိုအပ်

အကျိုးမပြုသော ဩဇာလွှမ်းမိုးမှုများနှင့် အန္တရာယ်ဖြစ်စေနိုင်သော အပေါင်းအသင်းများမှ သားသမီးများကို ကာကွယ်ပေးရန် လိုအပ်သည်။ ဝမ်းနည်းစရာမှာ အပြစ်မဲ့သောသားသမီးများကို အမြတ်ထုတ်လိုသည့် “ဆိုးညစ်သောသူ” များ ဤလောကတွင်ရှိနေခြင်းဖြစ်သည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃) သင့်သားသမီးများကို မည်သို့ကာကွယ်ပေးနိုင်သနည်း။ သမ္မာကျမ်းစာက ဤပညာရှိအကြံဉာဏ်ကို ဖော်ပြသည်– “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သု. ၂၂:၃) သင့်သားသမီးအား ဘေးဆိုးမှကာကွယ်ပေးနိုင်ရန် အန္တရာယ်များကို မျက်စိရှင်ရှင်ထားရမည်။ ပြဿနာဖြစ်စေနိုင်သော အခြေအနေများကို ကြိုတင်သိမြင်ပြီး သင့်တော်သလို ကာကွယ်ပေးပါ။ ဥပမာ၊ သင့်သားသမီးအား အင်တာနက်ကြည့်ခွင့်ပေးပါက အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပုံကို သူတို့အားသေချာစွာသိရှိစေပါ။ သင် အလွယ်တကူ စောင့်ကြပ်စစ်ဆေးနိုင်သည့် မြင်သာသောနေရာတွင် ကွန်ပျူတာကို ထားရှိခြင်းက အကောင်းဆုံးဖြစ်ပေမည်။

ဖခင်တစ်ဦးသည် ကလေးများကို အလွဲသုံးစားပြုနေသော ဤလောကတွင် သူတို့ကြုံရနိုင်သည့် အန္တရာယ်များအတွက် သူတို့ကိုပြင်ဆင်ပေးပြီး လေ့ကျင့်ပေးရန် လိုအပ်သည်။ တစ်စုံတစ်ဦးသည် သင်မရှိသည့်အချိန်တွင် သားသမီးများကို အခွင့်အရေးယူရန် ကြိုးစားပါက အဘယ်အရာပြုလုပ်ရမည်ကို သူတို့သိပါသလော။ * သူတို့၏လိင်အင်္ဂါများနှင့်ပတ်သက်၍ သင့်လျော်သော၊ မသင့်လျော်သောအကျင့်တို့ကို သင့်သားသမီးများသိဖို့ လိုအပ်သည်။ ကယ်လ်ဗင် ဤသို့ဆို၏– “ဒီအကြောင်းကို ကျွန်တော်ကလွဲလို့ သူတို့ဆရာတွေနဲ့ တခြားဘယ်သူ့ကိုမှ သွန်သင်ပေးခွင့်မပြုဘူး။ လိင်အကြောင်း၊ ကလေးဗလက္ကာရပြုသူတွေရဲ့ အန္တရာယ်အကြောင်း သင်ပေးဖို့ ကျွန်တော့်မှာတာဝန်ရှိတယ်လို့ ခံစားရတယ်။” သူ၏သားသမီးအားလုံးသည် အန္တရာယ်ကင်းစွာ ကြီးပြင်းလာပြီး ယခု ပျော်ရွှင်သောအိမ်ထောင်ရှင်များဖြစ်နေကြပြီ။

ဘုရားသခင်၏ကူညီမှုကို မျှော်ကိုးပါ

သားသမီးများအား ဖခင်တစ်ဦးပေးနိုင်သည့် အကြီးမြတ်ဆုံးလက်ဆောင်မှာ ဘုရားသခင်နှင့် ခိုင်မာသောဆက်ဆံရေး တည်ဆောက်နိုင်ရန် ကူညီပေးခြင်းဖြစ်သည်။ ထိုသို့ပြုရာတွင် ဖခင်၏ပုံသက်သေမှာ အရေးကြီးဆုံးဖြစ်သည်။ ဒိုနီဇက်တီ ဤသို့ဆို၏– “ဖခင်တွေဟာ ဘုရားသခင်နဲ့သူတို့ရဲ့ ဆက်ဆံရေးကို သူတို့ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ပြဖို့လိုတယ်။ အဲဒီအချက်က အထူးသဖြင့် ပြဿနာတွေ၊ အခက်အခဲတွေကြုံရတဲ့အခါ ထင်ရှားနေသင့်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဖခင်ဟာ ယေဟောဝါကိုဘယ်လောက် ယုံကြည်ကိုးစားတယ်ဆိုတာ တင်ပြရမယ်။ မိသားစုလိုက်ဆုတောင်းတဲ့အခါ ဘုရားသခင်ရဲ့ကောင်းမြတ်မှုအတွက် ကျေးဇူးတင်တယ်ဆိုတာကို ခဏခဏဖော်ပြမယ်ဆိုရင် ကိုယ်တော်နဲ့မိတ်ဆွေဖြစ်တာ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်း သူတို့သိလာလိမ့်မယ်။”

သို့ဆိုလျှင် ဖခင်ကောင်းဖြစ်နိုင်ရန် သော့ချက်ကား အဘယ်နည်း။ သားသမီးများအား မည်သို့ပြုစုပျိုးထောင်ရမည်ကို အသိဆုံးဖြစ်သည့် ယေဟောဝါဘုရားသခင်၏အကြံဉာဏ်ကို မျှော်ကိုးခြင်းဖြစ်သည်။ ဘုရားသခင့်နှုတ်မြွက်တော်ပါ လမ်းညွှန်ချက်နှင့်အညီ သားသမီးများကို လေ့ကျင့်ပေးပါက “သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်” ဟုနယပုံပြင် ၂၂:၆ တွင်ဖော်ပြထားသည့်အတိုင်း သင်တွေ့မြင်ရပေလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 6 ဤဆောင်းပါးပါ ကျမ်းစာသွန်သင်ချက်သည် ဖခင်၏အခန်းကဏ္ဍကို အဓိကဆွေးနွေးထားသော်လည်း မူများစွာမှာ မိခင်များနှင့်လည်း သက်ဆိုင်ပါသည်။

^ အပိုဒ်၊ 18 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

^ အပိုဒ်၊ 25 လိင်ဆိုင်ရာမတော်မတရားပြုခြင်းမှ သားသမီးများကို ကာကွယ်ပေးခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များအတွက် ယေဟောဝါသက်သေများထုတ်ဝေသော ၂၀၀၇၊ အောက်တိုဘာလထုတ် နိုးလော့! စာမျက်နှာ ၃-၁၁ တွင်ကြည့်ပါ။

[စာမျက်နှာ ၁၉ ပါပုံ]

ဖခင်တစ်ဦးသည် သားသမီးများအတွက် ပုံသက်သေကောင်းဖြစ်ဖို့လို

[စာမျက်နှာ ၂၀ ပါပုံ]

ဖခင်တစ်ဦးသည် သားသမီးများ၏ ဝတ်ပြုရေးနှင့်ဆိုင်သောလိုအပ်ရာများကို ဖြည့်ဆည်းပေးသင့်

[စာမျက်နှာ ၂၁ ပါပုံ]

သားသမီးများသည် မေတ္တာပါသောဆုံးမပဲ့ပြင်မှု လိုအပ်