မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဖန်မွေးဖွားခံရခြင်း—ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးသောလမ်းလော

တစ်ဖန်မွေးဖွားခံရခြင်း—ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးသောလမ်းလော

တစ်ဖန်မွေးဖွားခံရခြင်း—ကယ်တင်ခြင်းသို့ ပို့ဆောင်ပေးသောလမ်းလော

“ခင်ဗျားက တစ်ဖန်မွေးဖွားခြင်းခံရသူလား” ဟူ၍အမေးခံရလျှင် သင်မည်သို့ဖြေဆိုမည်နည်း။ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောခရစ်ယာန်များက “ဟုတ်တယ်” ဟုအခိုင်အမာဖြေဆိုပေမည်။ တစ်ဖန်မွေးဖွားခြင်းသည် ခရစ်ယာန်စစ်အားလုံး၏အမှတ်လက္ခဏာဖြစ်ပြီး ကယ်တင်ခြင်းသို့ပို့ဆောင်ပေးသည့် တစ်ခုတည်းသောလမ်းဖြစ်သည်ဟု သူတို့ယုံကြည်သည်။ “တစ်ဖန်မွေးဖွားခြင်းမခံရရင် . . . ခရစ်ယာန်တစ်ဦးမဟုတ်ဘူး” ဟုရေးခဲ့သည့် ကျမ်းပညာရှင် ရောဘတ်စီစပါရော ကဲ့သို့သော ဘာသာရေးခေါင်းဆောင်များ၏ရှုမြင်ချက်ကို သူတို့ထောက်ခံနေခြင်းဖြစ်၏။

တစ်ဖန်မွေးဖွားခံရခြင်းသည် ကယ်တင်ခြင်းလမ်းပေါ်သို့ ပို့ဆောင်ပေးသည်ဟုယုံကြည်သူများတွင် သင်ပါဝင်သလော။ သို့ဆိုလျှင် ဆွေမျိုးနှင့်မိတ်ဆွေများအား ထိုလမ်းကိုသိရှိ၍ စတင်လျှောက်လှမ်းရန် သင်ကူညီပေးလိုမည်မှာ သေချာသည်။ သို့သော် ထိုသို့လုပ်ဆောင်နိုင်ရန် တစ်ဖန်မွေးဖွားခြင်းခံရသူနှင့် တစ်ဖန်မွေးဖွားခြင်းမခံရသူတို့၏ ကွာခြားချက်ကို သူတို့သိဖို့လိုသည်။ တစ်ဖန်မွေးဖွားခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း သူတို့ကို သင်မည်သို့ရှင်းပြမည်နည်း။

“တစ်ဖန်မွေးဖွားခြင်း” ဟူသောစကားလုံးသည် ဘုရားသခင်နှင့်ခရစ်တော်ကိုဝတ်ပြုမည်ဟု အလေးအနက်ကတိပြုပြီး ဝတ်ပြုရေးတွင် သေနေသည့်အဖြစ်မှ အသက်ပြန်ရှင်သည့်အဖြစ်သို့ ပြောင်းလဲလာသူတစ်ဦးကို ရည်ညွှန်းကြောင်း လူများစွာယုံကြည်သည်။ တစ်ဖန်မွေးဖွားခြင်းခံရသူဆိုသည်မှာ “အထူးသဖြင့် ဘာသာရေးနှင့်ဆိုင်သော စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်တစ်ခု တွေ့ကြုံပြီးနောက် အသစ်တစ်ဖန်ကိုင်းရှိုင်းယုံကြည်လာသော သို့မဟုတ် အခိုင်အမာသက်ဝင်ယုံကြည်လာသော ခရစ်ယာန်တစ်ဦးဖြစ်၏” ဟုလက်ရှိအဘိဓာန်တစ်အုပ်က အနက်ဖွင့်ဆိုသည်။

ထိုအနက်ဖွင့်ဆိုချက်ကို ကျမ်းစာက မထောက်ခံကြောင်း သိရလျှင် သင်အံ့အားသင့်မည်လော။ တစ်ဖန်မွေးဖွားခံရခြင်းနှင့်ပတ်သက်၍ ကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်အရာဖြစ်သည်ကို သင်သိလိုသလော။ တစ်ဖန်မွေးဖွားခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း သေချာစွာလေ့လာခြင်းဖြင့် အမှန်အကျိုးကျေးဇူးခံစားရလိမ့်မည်၊ အကြောင်းမှာ ယင်းကိုတိကျမှန်ကန်စွာသိထားခြင်းက သင့်အသက်တာနှင့် အနာဂတ်မျှော်လင့်ချက်များအပေါ် ဩဇာသက်ရောက်နိုင်သောကြောင့်တည်း။

သမ္မာကျမ်းစာသွန်သင်ရာမှာ အဘယ်နည်း

“တစ်ဖန်မွေးဖွားခြင်း” ဟူသောစကားလုံးကို ကျမ်းစာထဲမှ ယောဟန် ၃:၁-၁၂ တွင် တွေ့ရှိနိုင်သည်၊ ထိုတွင် ဂျေရုဆလင်မြို့၌ ယေရှုနှင့်ဘာသာရေးခေါင်းဆောင်တစ်ဦး၏ စိတ်ဝင်စားဖွယ်စကားပြောဆိုခန်းကို ဖော်ပြထားသည်။ ပူးတွဲပါလေးထောင့်ကွက်တွင် ထိုကျမ်းမှတ်တမ်းကို ကိုးကားထားကြောင်း သင်တွေ့ရှိရပေမည်။ ယင်းကို သေချာစွာဖတ်ရှုရန် ကျွန်ုပ်တို့ အားပေးပါသည်။

ထိုမှတ်တမ်းတွင် ယေရှုသည် “တစ်ဖန်မွေးဖွားခြင်း” ၏ကဏ္ဍများစွာကို အလေးပေးပြောဆိုခဲ့သည်။ * အမှန်မှာ ယေရှု၏ဆွေးနွေးခန်းက အောက်ပါအရေးကြီးမေးခွန်းငါးခု၏အဖြေကို သိရှိရန် ကူညီပေးသည်–

တစ်ဖန်မွေးဖွားခြင်းသည် မည်မျှအရေးကြီးသနည်း။

တစ်ဖန်မွေးဖွားခြင်းခံရရန် ကိုယ်တိုင်ဆုံးဖြတ်နိုင်သလော။

▪ ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။

လူတစ်ဦးသည် မည်သည့်နည်းများဖြင့် တစ်ဖန် မွေးဖွားခြင်းခံရသနည်း။

▪ ယင်းသည် အဘယ်ဆက်ဆံရေးအပြောင်းအလဲကို ဖြစ်ပေါ်စေသနည်း။

ထိုမေးခွန်းတစ်ခုစီကို သုံးသပ်ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ‘တစ်ဖန်မွေးဖွားခြင်း’ ဟူသောစကားလုံးကို ၁ ပေတရု ၁:၃၊ ၂၃ တွင်လည်း တွေ့ ရှိနိုင်သည်။ ထိုစကားလုံးသည် ဂရိကြိယာယန်နာအိုမှ ဆင်းသက်လာသည်။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်နှင့် ရုပ်ပုံ]

“သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်”

“ဂျူးလူမျိုးတွင် လူကြီးတစ်ဦးဖြစ်သော နိကောဒင်ဆိုသူ ဖာရိရှဲတစ်ဦးရှိ၏။ သူသည် ညအခါ ယေရှုထံ လာ၍ ‘ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို ကျွန်ုပ်တို့သိပါ၏။ အကြောင်းမူကား ဘုရားသခင်ပါရှိတော်မမူလျှင် ကိုယ်တော်ပြသောနိမိတ်လက္ခဏာများကို မည်သူမျှ မပြနိုင်ပါ’ ဟုဆိုသော် ယေရှုက ‘ငါအမှန်အကန်ဆိုသည်ကား၊ မည်သူမဆို တစ်ဖန်မွေးဖွားခြင်းကို မခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ’ ဟုဖြေဆိုလေ၏။ နိကောဒင်ကလည်း ‘အသက်ကြီးသောသူသည် မွေးဖွားခြင်းကို မည်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ ပြန်ဝင်ပြီးလျှင် ဒုတိယအကြိမ်မွေးဖွားခြင်းကို ခံနိုင်ပါမည်လော’ ဟုလျှောက်၏။ ယေရှုက ‘ငါအမှန်အကန်ဆိုသည်ကား ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံလျှင် မည်သူမျှ ဘုရားသခင့်နိုင်ငံတော်သို့ မဝင်ရ။ အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားနှင့်ဆိုင်၏။ ဘုရားသခင်၏စွမ်းအားတော်ဖြင့် မွေးဖွားသောအရာသည် ကောင်းကင်နှင့်ဆိုင်၏။ သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်ဟု ငါပြောသည့်အတွက် အံ့သြခြင်းမရှိနှင့်။ လေသည် တိုက်လိုရာသို့ တိုက်တတ်၏။ လေ၏အသံကို ကြားရသော်လည်း အဘယ်အရပ်က တိုက်လာသည်၊ အဘယ်အရပ်သို့ တိုက်လိမ့်မည်ကို သင်မသိ။ စွမ်းအားတော်ဖြင့် မွေးဖွားသူတိုင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏’ ဟုဖြေကြားတော်မူ၏။ နိကောဒင်ကလည်း ‘ဤအမှုအရာများသည် မည်သို့ဖြစ်နိုင်ပါမည်နည်း’ ဟုမေးလျှောက်ပြန်လျှင် ယေရှု ဤသို့မိန့်တော်မူ၏။ ‘သင်သည် အစ္စရေးလူတို့တွင် ဆရာဖြစ်လျက်ပင် ဤအမှုအရာကို မသိသလော။ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကို ပြောကြ၏။ ကိုယ်မြင်သောအရာကို သက်သေခံကြ၏။ သို့သော်လည်း ငါတို့၏သက်သေခံချက်ကို သင်တို့သည် မခံယူကြ။ မြေကြီးနှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့မယုံလျှင် ကောင်းကင်နှင့်ဆိုင်သောအရာများကို ငါပြောသောအခါ မည်သို့ယုံကြလိမ့်မည်နည်း။’”—ယောဟန် ၃:၁-၁၂