မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ခြင်းဟူသည် အဘယ်နည်း

ယုံကြည်ခြင်းဟူသည် အဘယ်နည်း

ယုံကြည်ခြင်းဟူသည် အဘယ်နည်း

ယုံကြည်ခြင်းကို သင်မည်သို့အနက်ဖွင့်မည်နည်း။ တစ်စုံတစ်ရာကို မဆန်းစစ်ဘဲ မျက်စိစုံမှိတ်လက်ခံခြင်းဖြစ်သည်ဟု လူအချို့ယူဆကြသည်။ ယုံကြည်ခြင်းဟူသည် “ဖြစ်နိုင်ခြေမရှိသောအရာများ ဖြစ်ပျက်လာမည်ဟူ၍ အခြေအမြစ်မရှိဘဲလက်ခံခြင်းဖြစ်၏” ဟုအမေရိကန်လူမျိုး နာမည်ကြီးစာရေးဆရာနှင့် သတင်းစာဆရာတစ်ဦးဖြစ်သူ အိပ်ခ်ျအဲလ်မက်ကဲန်ကဆိုခဲ့သည်။

သို့သော် ကျမ်းစာက ယုံကြည်ခြင်းသည် မျက်စိစုံမှိတ်လက်ခံခြင်း သို့မဟုတ် အခြေအမြစ်မရှိဘဲလက်ခံခြင်းဖြစ်သည်ဟူ၍ မဖော်ပြချေ။ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏” ဟုကျမ်းစာကဆိုသည်။—ဟေဗြဲ ၁၁:၁

ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ ယူဆချက်အမျိုးမျိုးရှိနေသောကြောင့် အောက်ပါမေးခွန်းများ၏အဖြေကို သေချာသုံးသပ်ကြည့်ကြစို့–

ယုံကြည်ခြင်းအကြောင်း ကျမ်းစာအနက်ဖွင့်ဆိုပုံသည် လူတို့အနက်ဖွင့်ဆိုပုံနှင့် မည်သို့ကွာခြားသနည်း။

ကျမ်းစာတွင်ဖော်ပြထားသော ယုံကြည်ခြင်းမျိုးရှိရန် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။

ယုံကြည်ခြင်းကို သင် မည်သို့ခိုင်ခံ့စေနိုင်သနည်း။

ပိုင်ဆိုင်ခွင့်စာချုပ်နှင့် ခိုင်လုံသောသက်သေ

“စိတ်ချစွာစောင့်မျှော်ခြင်း” ဟူ၍ပြန်ဆိုထားသော ဂရိအသုံးအနှုန်းသည် ဟေဗြဲကျမ်းကိုရေးသားချိန်တွင် လူသုံးများသည်။ ယင်းကို စီးပွားရေးလုပ်ငန်းဆိုင်ရာ စာချုပ်စာတမ်းများတွင်တွေ့ရပြီး အနာဂတ်တွင် တစ်စုံတစ်ရာပိုင်ဆိုင်ခွင့်ရမည်ဖြစ်ကြောင်း အာမခံသည့်သဘောသက်ရောက်သည်။ ထို့ကြောင့် “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများ၏ ပိုင်ဆိုင်ခွင့်စာချုပ်ဖြစ်၏” ဟူ၍ ဟေဗြဲ ၁၁:၁ ကိုပြန်ဆိုနိုင်ကြောင်း ကိုးကားချက်တစ်ခုတွင် ဖော်ပြသည်။

ဥပမာ၊ သင်သည် နာမည်ကြီးကုမ္ပဏီတစ်ခုမှ ပစ္စည်းတစ်ခုကိုဝယ်ယူထားပြီး ထိုပစ္စည်းလာပို့ပေးချိန်ကို စောင့်ဆိုင်းနေစဉ် သင်၌ ထိုယုံကြည်ခြင်းမျိုးရှိသည်ဟုဆိုနိုင်၏။ ထိုကုမ္ပဏီသည် သင်ဝယ်ယူထားသည့်ပစ္စည်းကို မလွဲမသွေလာပို့ပေးမည်ဖြစ်ကြောင်း သင့်လက်ဝယ်ရှိပြေစာကြောင့် သင်ယုံကြည်နေသည်။ ထို့ကြောင့် ထိုပြေစာသည် သင်၏ပိုင်ဆိုင်ခွင့်စာချုပ်၊ ဝယ်ယူထားသည့်ပစ္စည်း ရရှိမည်ဟူသည့်အာမခံချက်ဖြစ်သည်။ ပြေစာပျောက်ဆုံးသွားပါက သို့မဟုတ် သင်လွှင့်ပစ်လိုက်ပါက ထိုပစ္စည်းကိုပိုင်ဆိုင်ကြောင်း သက်သေအထောက်အထား ပျောက်ဆုံးသွားပါလိမ့်မည်။ အလားတူ၊ ဘုရားသခင်သည် မိမိကတိတော်များကို ပြည့်စုံစေမည်ဖြစ်ကြောင်း ယုံကြည်ကြသူများသည် သူတို့မျှော်လင့်သောအရာကို ပိုင်ဆိုင်ခွင့်ရမည်ဟူသည့်အာမခံချက် ရှိထားကြသည်။ သို့သော် ယုံကြည်ခြင်းမရှိသူ သို့မဟုတ် ယုံကြည်ခြင်းပျောက်ဆုံးသွားသူများသည် ဘုရားသခင်ကတိထားရာများကို ပိုင်ဆိုင်ခွင့်ရမည်ဟူသည့်အာမခံချက် မရှိချေ။—ယာကုပ် ၁:၅-၈

ဟေဗြဲ ၁၁:၁ တွင် “ထင်ရှားသောသက်သေ” ဟုပြန်ဆိုထားသော ဒုတိယအသုံးအနှုန်းသည် သက်သေပြခြင်းဟူသည့်သဘောဆောင်ပြီး ယင်းသည် မှန်သည်ဟုထင်ရဟန်ရှိသောအရာနှင့် ဆန့်ကျင်နေတတ်သည်။ ဥပမာ၊ နေသည် အရှေ့ဘက်မှထွက်လာပြီး ကောင်းကင်ပြင်တစ်လျှောက်ရွေ့ရှားကာ အနောက်ဘက်သို့ဝင်သွားသောကြောင့် ကမ္ဘာကို လှည့်ပတ်နေသည်ဟုထင်ရသည်။ သို့သော် နေသည် ကမ္ဘာကို လှည့်ပတ်နေခြင်းမဟုတ်ဘဲ ကမ္ဘာက ဝင်ရိုးပေါ်တွင် လည်နေခြင်းဖြစ်ကြောင်း နက္ခတ္တဗေဒနှင့် သင်္ချာပညာရပ်များ၏ သက်သေအထောက်အထားများက ဖော်ပြသည်။ ထိုသက်သေအထောက်အထားကို သိရှိလာပြီးနောက် အမှန်တရားအဖြစ် သင်လက်ခံလိုက်သောအခါ မြင်တွေ့ရသည့်အရာနှင့်မကိုက်ညီသော်လည်း ယင်းအချက်ကို သင်ယုံကြည်သွားသည်။ သင်သည် မျက်စိစုံမှိတ်ကာ ယုံကြည်လိုက်ခြင်းမဟုတ်ပါ။ ယင်းအစား မှန်သည်ဟုထင်ရဟန်ရှိသောအရာများကိုမဟုတ်ဘဲ တကယ့်အဖြစ်မှန်ကို သိမြင်နားလည်နိုင်စွမ်းရှိလာခြင်းဖြစ်သည်။

ခိုင်ခံ့သောယုံကြည်ခြင်း၏အရေးကြီးပုံ

ကျွန်ုပ်တို့လက်ခံထားရာများကို ပြောင်းလဲရသည့်တိုင် ခိုင်လုံသောသက်သေအထောက်အထားပေါ် အခြေပြုသော ယုံကြည်ခြင်းသည် ကျမ်းစာတွင် တိုက်တွန်းထားသောယုံကြည်ခြင်းမျိုးဖြစ်၏။ ယင်းသည် အလွန်အရေးကြီးသည်။ အကြောင်းမှာ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော်တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်” ဟု တမန်တော်ပေါလုရေးခဲ့သောကြောင့်ဖြစ်သည်။—ဟေဗြဲ ၁၁:၆

ခိုင်ခံ့သောယုံကြည်ခြင်းတိုးပွားလာရန် သင့်ကို အတားအဆီးဖြစ်စေသည့်အရာများစွာရှိသည်။ သို့သော် နောက်စာမျက်နှာများတွင် ဆွေးနွေးထားသည့် အချက်လေးချက်ကို လိုက်လျှောက်ပါက သင်အောင်မြင်နိုင်ပါသည်။