မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကမ္ဘာ့ အစွန်အဖျား” သို့ ခရီးဆန့်ခြင်း

“ကမ္ဘာ့ အစွန်အဖျား” သို့ ခရီးဆန့်ခြင်း

ရုရှားနိုင်ငံမှစာတစ်စောင်

“ကမ္ဘာ့ အစွန်အဖျား” သို့ ခရီးဆန့်ခြင်း

ကျွန်တော်တို့စီးလာတဲ့လေယာဉ်လေးက ယာကတ်စ်မြို့တော်ကနေ တဖြည်းဖြည်းမြင့်တက်လာလိုက်တာ တူမားဒါလျှိုမြောင်ရဲ့အထက် မြင့်မားတဲ့နေရာအထိ ရောက်လာတယ်။ ပုံစံ၊ အရွယ်အစားအမျိုးမျိုးရှိတဲ့ ရေခဲကန်တွေ နောက်မှာကျန်ရစ်ခဲ့တယ်၊ တောက်ပတဲ့နေရောင်ခြည်အောက်မှာ နှင်းတွေဖုံးနေတဲ့ ဗာခိုယန်စ်တောင်ချွန်းတန်းကိုလည်း ကျော်ဖြတ်လာခဲ့တယ်။ မိုင် ၅၅၀ ပျံသန်းပြီးနောက် ဒီပူတပ်စ်ကီရွာကို ကျွန်တော်တို့ ရောက်လာတယ်။

ဒါက ယာကူရှာလို့ခေါ်တဲ့ ဆာခါပြည်သူ့သမ္မတနိုင်ငံမှာ ကျွန်တော် သွားခဲ့တဲ့ခရီးစဉ်တွေရဲ့ အစပေါ့၊ ဒီဒေသက အနောက်ဥရောပမှာ အကျယ်ပြန့်ဆုံးဖြစ်ပြီး သိပ်လှသလောက် ခက်ခဲကြမ်းတမ်းတဲ့ဒေသဖြစ်တယ်။ အပူချိန်က နွေရာသီမှာ ၄၀ ဒီဂရီစင်တီဂရိတ်လောက်ရှိတတ်ပေမဲ့ ဆောင်းရာသီမှာတော့ အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းတတ်ပြီး မျိုးသုဉ်းသွားတဲ့တိရစ္ဆာန်ကြီးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေက မြေကြီးထဲမှာ ရှိနေတုန်းပဲ။ အဲဒီကို နောက်ဆုံးအကြိမ်လည်ပတ်ခဲ့တာ ကြာပြီဆိုပေမဲ့ မြူတွေအုံ့ဆိုင်းနေတဲ့မြို့လေးတွေ၊ မြောက်ဝင်ရိုးစွန်းဒေသမှာ ဖြစ်တတ်တဲ့ အလင်းတန်းမှိန်မှိန်လေးတွေ၊ ပျော်ပျော်နေတတ်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ယာကွပ်လူမျိုးတွေကို ကျွန်တော့်စိတ်ထဲမှာ မနေ့တစ်နေ့က ဖြစ်ရပ်တွေလို အမှတ်ရနေဆဲပါပဲ။

ဒီပူတပ်စ်ကီရွာက ကျွန်တော်တို့ရဲ့ခရီးလမ်းဆုံးမဟုတ်သေးပါဘူး။ ခရီးသွားဖော်ညီအစ်ကိုတစ်ယောက်နဲ့ကျွန်တော်က တခြားရွာတွေကိုလည်း သွားရဦးမယ်။ ပထမဆုံးရောက်တဲ့ရွာကတော့ မြောက်ဘက်မိုင် ၂၀၀ ကျော်အကွာမှာရှိတဲ့ ခီယာရွာဖြစ်ပြီး ဆိုက်ဘေးရီးယားမြောက်ပိုင်းမှာရှိတဲ့ လက်ပ်တစ်ဖ်ပင်လယ်နဲ့နီးတယ်။ ဒီခရီးကို ဘာကြောင့်ထွက်ခဲ့တာလဲ။ အကြောင်းကတော့ အရင်တုန်းက ယေဟောဝါသက်သေတစ်ယောက်က ဒီရွာတွေကိုလာပြီး သက်သေခံတဲ့အခါ ကျမ်းစာအကြောင်းသိချင်တဲ့သူတွေ အများကြီးရှိခဲ့လို့ပါပဲ။ မိုင် ၆၀၀ လောက်အကွာ၊ ယာကတ်စ်မှာနေတဲ့ ကျွန်တော်တို့က သူတို့တွေနဲ့အနီးဆုံးဖြစ်နေတယ်။ ဒီလူတွေက အားပေးမှုနဲ့အကူအညီ လိုအပ်တယ်လို့ ကျွန်တော်တို့ ယူဆမိတယ်။

ဒီပူတပ်စ်ကီရွာကိုရောက်တဲ့အခါ ခီယာရွာကိုသွားမယ့်လူတစ်ယောက်ကို တွေ့တယ်။ ကားခနည်းနည်းပေးပြီး ကားကြုံလိုက်နိုင်တယ်လို့ သူပြောတယ်။ သူ့ကားကိုကြည့်လိုက်တဲ့အခါ ကျွန်တော်တို့လိုက်သင့်၊ မသင့် ချီတုံချတုံဖြစ်သွားတယ်။ သူ့ကားက ဆိုဗီယက်ခေတ်မှာသုံးတဲ့ ကားဟောင်းကြီးဖြစ်ပြီး အခြေအနေ တော်တော်ဆိုးနေတာ။ ဘာပဲဖြစ်ဖြစ် သူနဲ့လိုက်ဖို့ဆုံးဖြတ်ပြီး ညတွင်းချင်း ထွက်လာခဲ့တယ်။ ရှေ့မှာဘာတွေဖြစ်လာမယ်ဆိုတာ မသိဘူး။

အပြင်ဘက်က ရေခဲပြင်ကြီးလိုပဲ အေးစက်နေတဲ့ ကားထိုင်ခုံတွေက တော်ရုံနဲ့နွေးလာမှာမဟုတ်ဘူးဆိုတာ သိပ်မကြာခင်မှာ သိလိုက်တယ်။ ဒါကြောင့် အခွင့်အရေးရတာနဲ့ ကားခဏရပ်ခိုင်းပြီး ခရီးဆောင်အိတ်ထဲမှာပါလာတဲ့ သိုးမွေးအနွေးထည်တွေကို ကမန်းကတန်းရှာပြီး ဝတ်ထားတဲ့အင်္ကျီပေါ် ပြန်ထပ်ဝတ်ကြတယ်။ ဒါပေမဲ့ ခိုက်ခိုက်တုန်အောင် ချမ်းနေတုန်းပဲ။

မြောက်ပိုင်းရဲ့ရာသီဥတုကို အသားကျနေတဲ့ ကားဒရိုင်ဘာကတော့ ပျော်ပျော်နေတတ်ပုံပဲ။ ရုတ်တရက် သူက “မြောက်ဝင်ရိုးစွန်းမှာဖြစ်တတ်တဲ့ အလင်းတန်းတွေကို မြင်ဖူးသလား” လို့မေးတယ်။ တစ်ခါမှ မမြင်ဖူးဘူးလို့ပြောတော့ သူ ကားကိုစက်ရပ်လိုက်တယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ကားထဲကနေ ထွက်ကြည့်လိုက်တယ်။ လှလိုက်တာ၊ ချမ်းတာတွေတောင် မေ့သွားသလိုပဲ။ ကောင်းကင်ကြီးက ရောင်စုံအလင်းရောင်ခန်းဆီးစတွေ ဖြန့်ချထားသလို မှိန်မှိန်လေးလင်းနေတဲ့အပြင် ကျွန်တော့်ရဲ့လက်တစ်ကမ်းလေးနားမှာ ရောက်နေသလိုဖြစ်နေတာကို တအံ့တသြမော့ကြည့်ရင်း ကျွန်တော် မှင်တက်နေမိတော့တယ်။

မနက်စောစော မှောင်နေတုန်းအချိန်၊ ရေခဲဖုံးနေတဲ့ ကွင်းပြင်ကြီးရဲ့တစ်နေရာမှာ နှင်းတွေပိတ်နေလို့ ကားက ဆက်သွားလို့မရတော့ဘူး။ ပိတ်နေတဲ့နှင်းတွေကိုရှင်းဖို့ ဒရိုင်ဘာကို အကူအညီပေးရတာ ခဏခဏပါပဲ။ လမ်းတစ်လျှောက်လုံးက နှင်းခဲတွေကို ထယ်ထိုးသလို ထိုးဖောက်ရင်းနဲ့ ခီယာရွာနား ရောက်လာကြတယ်။ ကျွန်တော်တို့ဖောက်ခဲ့တဲ့ “လမ်းတွေ” က ရေခဲမြစ်တွေဆိုတာကို မိုးလင်းမှပဲ သိတော့တယ်လေ။ ဒီပူတပ်စ်ကီရွာကနေ ၁၆ နာရီခရီးနှင်ပြီးတဲ့နောက်၊ မွန်းတည့်ချိန်လောက်မှာ ခီယာရွာကို ရောက်လာတယ်။ သိပ်အေးတဲ့ရာသီဥတုမှာ ခရီးရှည်ထွက်ခဲ့တာမို့ အဖျားဝင်လိမ့်မယ်လို့ ထင်ထားပေမဲ့ မနက်နိုးလာတဲ့အခါ လန်းဆန်းနေတာပဲ။ ကျွန်တော့်ခြေဖျားတွေကတော့ နှင်းကိုက်နာကြောင့် နည်းနည်းထုံနေတယ်။ ရွာသားတွေက ခြေဖျားတွေကို ပွတ်လိမ်းဖို့ ဝက်ဝံဆီပေးတယ်။

ထုံးစံကတော့ လူတွေရဲ့အိမ်ကိုသွားပြီး သတင်းကောင်းပြောပြရမှာ။ ဒါပေမဲ့ ရွာသားတွေက ကျွန်တော်တို့ ခီယာရွာကို ရောက်လာမှန်းလည်းသိရော လာတွေ့ကြတယ်။ နှစ်ပတ်ခွဲတိတိ ဒေသခံလူတွေနဲ့ နေ့တိုင်း ကျမ်းစာလေ့လာတယ်၊ တစ်ခါတလေ မနက်ကနေ ညနက်တဲ့အထိပဲ။ လှိုက်လှဲပျူငှာပြီး ကျမ်းစာအကြောင်း စိတ်ဝင်စားသူတွေအများကြီးနဲ့ ဆုံတွေ့ရတာ သိပ်အားရတယ်။ ယာကွပ်လူမျိုး အဒေါ်ကြီးတွေက “ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်တယ်။ ကမ္ဘာ့အစွန်အဖျား ဒီဒေသကို ရှင်တို့ရောက်လာတာကိုယ်နှိုက်က ဘုရားသခင်ရှိတယ်ဆိုတဲ့သက်သေပဲ” လို့ပြောကြတယ်။

ဒေသခံဓလေ့တွေကိုလည်း ကျွန်တော်တို့ တော်တော်နှစ်သက်မိတယ်။ ဥပမာ၊ လူတွေက သူတို့အိမ်ဘေးမှာ ရေခဲတုံးတွေကို ထင်းတုံးတွေပုံသလို ပုံထားကြတယ်။ ရေလိုရင် အဲဒီရေခဲတုံးကိုယူ၊ မီးဖိုပေါ်တင်ထားတဲ့ ခရားအိုးကြီးထဲထည့်ပြီး အရည်ပျော်သွားအောင် လုပ်ကြတယ်။ အဲဒီအပြင် ရွာသားတွေက အာတိတ်ငါးဖြူဟင်းနဲ့ ကျွန်တော်တို့ကို ဧည့်ခံတယ်။ ဒါက စတရော်ဂါနီနာလို့ခေါ်တဲ့ ဒေသခံအစားအစာပဲ။ ဒီငါးက ဖမ်းမိတာနဲ့ ချက်ချင်းအေးခဲသွားတယ်၊ ဒါကို အမြှောင်းလိုက်လှီး၊ ဆားနဲ့ငရုတ်ကောင်းမှုန့်ကိုရောပြီး အစိမ်းလိုက်စားရတာ အရသာရှိလိုက်တာ။ ပြီးတော့ ရှေးဆင်ကြီးမျိုးတွေရဲ့အစွယ်နဲ့ သစ်ပင်တွေက ကျောက်ဖြစ်ရုပ်ကြွင်းတွေဖြစ်နေတာကို ဒီဒေသမှာ တွေ့ရတဲ့အကြောင်း ရွာသားတွေက အားရပါးရပြောပြကြတယ်။

ယာကူရှာရဲ့ တခြားရွာတွေမှာရှိတဲ့ ကျမ်းစာစိတ်ဝင်စားသူဆီ လည်ပတ်ဖို့ ခီယာရွာကနေ လေယာဉ်နဲ့ မိုင်ရာချီခရီးနှင်ခဲ့တယ်။ အဲဒီဒေသကလူတွေက နွေးထွေးကြင်နာတတ်လိုက်တာ။ လေယာဉ်စီးရတာ ကျွန်တော်ကြောက်တတ်မှန်း သိသွားတဲ့လူငယ်လေးတစ်ယောက်နဲ့ တစ်ခါက ဆုံခဲ့ဖူးတယ်။ သူက ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ ပို့စကတ်တစ်ခုပေးတယ်။ စာငှက်နှစ်ကောင်ပုံနဲ့ လေယာဉ်ပျံသေးသေးလေးပုံဆွဲထားပြီး “ဆာရှာ၊ လေယာဉ်စီးတဲ့အခါ ပျက်ကျမှာ မကြောက်ပါနဲ့။ မဿဲ ၁၀:၂၉” လို့ရေးထားတယ်။ ကျမ်းပိုဒ်ကို ဖွင့်ကြည့်တဲ့အခါ ကျွန်တော့်စိတ် တော်တော်ထိမိခဲ့ရတယ်။ “ကောင်းကင်ဘုံရှိ သင်တို့၏အဖမသိဘဲ ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ” ဆိုတဲ့ ယေရှုရဲ့စကားကို ဖတ်လိုက်ရလို့ပါပဲ။

ယာကူရှာမှာနေတုန်း ကျွန်တော်ကြုံခဲ့ဖူးတဲ့ အမှတ်တရတွေအများကြီးထဲက တချို့ကို ပြန်ပြောပြနေတာပါ။ အေးစိမ့်ပြီးရာသီဥတုကြမ်းတဲ့ ဒီဒေသအကြောင်းတွေးလိုက်တိုင်း “ကမ္ဘာ့အစွန်အဖျား” မှာနေထိုင်တဲ့ လှိုက်လှဲနွေးထွေးတတ်သူတွေအကြောင်း အမြဲအမှတ်ရနေမိပါတယ်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

လှိုက်လှဲပျူငှာသော ယာကွပ်လူမျိုးများနှင့် ဆုံဆည်းခဲ့