မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်စုံတစ်ဦးသည် သင့်ကို အမှန်တကယ် ဂရုစိုက်သလော

တစ်စုံတစ်ဦးသည် သင့်ကို အမှန်တကယ် ဂရုစိုက်သလော

တစ်စုံတစ်ဦးသည် သင့်ကို အမှန်တကယ် ဂရုစိုက်သလော

သင်ရင်ဆိုင်နေရသော ပြဿနာများကို အမှန်တကယ် နားလည်ပေးသူ တစ်ဦးမျှမရှိသည့်အလား အထီးကျန်ကာ ကူကယ်ရာမဲ့အဖြစ်မျိုး ခံစားဖူးပါသလော။ ထိုပြဿနာ များကို သူတို့သိလျှင်လည်း အမှန်တကယ် ဂရုမစိုက်ပါဟု သင်ခံစားနေရသလော။

ပြဿနာများ ပေါ်ပေါက်လာချိန်တွင် ကျွန်ုပ်တို့၏ဘဝသည် မစဲတော့မည့်မုန်တိုင်းနှင့် တူပေမည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ကြုံရသောပြဿနာသည် အလွန်စိတ်ပျက်ဖွယ်ကောင်းပြီး အလွန်တရားမမျှတသောကြောင့် ယင်းကို မခံရပ်နိုင်တော့ဟုပင် ယူဆမိပေမည်။ စိတ်ဒဏ်ရာရချိန်၊ စိတ်ဓာတ်ကျချိန်၊ အားအင်ချည့်နဲ့စေသော မတော်တဆမှုများကြုံရချိန်၊ နာတာရှည်ရောဂါခံစားရချိန် သို့မဟုတ် အလားတူပြဿနာများကြုံရချိန်တွင် ထိုသို့ဖြစ်တတ်သည်။ အလွန်ကူကယ်ရာမဲ့ဖြစ်နေပြီး အလွန်မျှော်လင့်ချက်မဲ့နေရာ အဘယ်နေရာတွင် နှစ်သိမ့်မှုရနိုင်ပါမည်နည်းဟု စဉ်းစားမိကြသည်။ သို့ဆိုလျှင် တစ်စုံတစ်ဦးသည် ကျွန်ုပ်တို့ကို အမှန်တကယ် ဂရုစိုက်ပါသလော။

“နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ဂရုစိုက်

ကျမ်းစာက ဘုရားသခင်ကို “သနားကြင်နာတတ်သည့်အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” အဖြစ်ဖော်ပြထားသည်။ (၂ ကောရိန္သု ၁:၃) ယေဟောဝါအမည်ရှိသော ဘုရားသခင်သည် ကျွန်ုပ်တို့ နှစ်သိမ့်မှုလိုအပ်ကြောင်း သိတော်မူ၏။ ကျမ်းစာတွင် “နှစ်သိမ့်ခြင်း” ဟူသောစကားလုံးကို အသွင်အမျိုးမျိုးဖြင့် အကြိမ်တစ်ရာကျော် အသုံးပြုထားသည်။ ယင်းက ဘုရားသခင်သည် ကျွန်ုပ်တို့ရင်ဆိုင်နေရသည့်အရာကို သိနားလည်ရုံသာမက ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးလိုကြောင်း စိတ်ချစေသည်။ ထိုအချက်ကိုသိထားခြင်းက ကျွန်ုပ်တို့၏အခြေအနေကို အခြားသူများ သတိမထားမိသည့်တိုင်၊ နားမလည်သည့်တိုင် သို့မဟုတ် ဂရုမစိုက်သည့်တိုင် ယေဟောဝါဘုရားသခင်မူကား ကျွန်ုပ်တို့၏အခြေအနေကို သတိပြုမိပြီး သိနားလည်ကာ ဂရုစိုက်တော်မူကြောင်း ယုံကြည်စိတ်ချစေသည်။

လူတစ်ဦးစီအား ယေဟောဝါ ဂရုစိုက်သည်ဟူသည့်အချက်ကို ကျမ်းစာတွင် ရှင်းလင်းစွာတွေ့ရှိရသည်။ ‘ယေဟောဝါ၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍ ကောင်းမကောင်းကိုကြည့်ရှုတော်မူ၏’ ဟုကျမ်းစာတွင်ဆို၏။ (သု. ၁၅:၃) အလားတူ “လူသွားရာလမ်းတို့ကို ဘုရားသခင်ကြည့်ရှု၍ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏” ဟု ယောဘ ၃၄:၂၁ တွင်ကျွန်ုပ်တို့ဖတ်ရသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ပြုသမျှ ကောင်းမှု၊ မကောင်းမှုများကိုမြင်ပြီး ကျွန်ုပ်တို့၏ အခြေအနေများကို သိရှိသောကြောင့် သင့်တော်သလို ကူညီပေးနိုင်တော်မူသည်။ ‘ယေဟောဝါသည် စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏’ ဟုယုဒဘုရင်အာသအားဆိုသော ပရောဖက်ဟာနန်၏စကားများက ထိုအချက်ကို ပို၍ခိုင်မာစေသည်။—၂ ရာဇဝင်ချုပ် ၁၆:၇၊

နောက်အကြောင်းရင်းတစ်ခုကြောင့်လည်း ယေဟောဝါသည် ကျွန်ုပ်တို့ကို ဆက်၍ကြည့်ရှုနေတော်မူ၏။ ယင်းနှင့်ပတ်သက်၍ ယေရှုက “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်” ဟုဆို၏။ (ယောဟန် ၆:၄၄) လူတစ်ဦး၏စိတ်နှလုံးသည် မိမိဘက်တိမ်းညွတ်မှုရှိမရှိ သိနိုင်ရန် သူ၏နှလုံးသားကို ယေဟောဝါဂရုစိုက်စစ်ဆေးတော်မူ၏။ စိတ်တိမ်းညွတ်မှုရှိသည်ကို တွေ့ပါက အမှန်အံ့သြဖွယ်ကောင်းသောနည်းများဖြင့် သူ့ကို ကိုယ်တော်ကူညီပေးနိုင်သည်။ ဥပမာ၊ ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ကင်ဆာရောဂါအတွက် ခွဲစိတ်ကုသမှုခံရန် ဆေးရုံပေါ်ရောက်နေ၏။ စစ်မှန်သောဘာသာကို တွေ့ရှိနိုင်ရန် ကူညီပေးပါဟု ဘုရားသခင်ထံ သူတောင်းလျှောက်ခဲ့သည်။ ထိုအချိန်တွင်ပင် သူ၏ခင်ပွန်းသည် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း * ဟုအမည်ရှိသောဘရိုရှာတစ်စောင် ယူလာသည်။ ထိုမနက်ခင်းတွင် သူတို့အိမ်သို့ရောက်လာသော ယေဟောဝါသက်သေတစ်ဦးထံမှ သူရရှိခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် ဘရိုရှာကိုဖတ်ရှုပြီးနောက် ယင်းသည် မိမိဆုတောင်းချက်ကို ဘုရားသခင်ဖြေကြားခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သက်သေခံများနှင့် ကျမ်းစာသင်အံရန် လက်ခံလိုက်ပြီး ခြောက်လမပြည့်မီတွင် သူ၏အသက်တာကို ဘုရားသခင်ထံ အပ်နှံကာ နှစ်ခြင်းခံခဲ့လေသည်။

ဆာလံကျမ်းတွင် ဘုရင်ဒါဝိဒ်ကဲ့သို့သော ရှေးခေတ်ဟေဗြဲဆာလံဆရာများ၏ စိတ်ထိမိဖွယ် သီကျူးချက်များစွာ ပါရှိသည်။ ယင်းတို့က ယေဟောဝါသည် မိမိကျေးကျွန်များကို မေတ္တာပါစွာ ဂရုစိုက်တော်မူကြောင်း ဖော်ပြသည်။ ဆာလံ ၅၆:၈ တွင် ဘုရင်ဒါဝိဒ်က “အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ ရှိပါသည်မဟုတ်လော” ဟုဘုရားသခင်ထံ အသနားခံခဲ့သည်။ ထိုနှိုင်းယှဉ်ချက်က ဖော်ပြသည့်အတိုင်း ယေဟောဝါသည် မိမိ၏ဆင်းရဲဒုက္ခကိုသာမက ယင်းကြောင့်ခံစားရသော စိတ်ဒဏ်ရာကိုပါ သိနားလည်တော်မူကြောင်း ဒါဝိဒ်သိသည်။ ယေဟောဝါသည် ဒါဝိဒ်၏ နာကျင်မှုဝေဒနာကို သိနားလည်သည့်အပြင် မျက်ရည်ကျရလောက်သည့်အထိ အဘယ်စိတ်ဒဏ်ရာများ ခံစားနေရကြောင်းလည်း အမှတ်ရတော်မူသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မိမိအလိုတော်ကို ထမ်းဆောင်ရန် ကြိုးစားနေသူ၊ မိမိအတွက် “စုံလင်သောစေတနာစိတ်ရှိသောသူ” အားလုံးကို ဂရုစိုက်ကြည့်ရှုနေတော်မူသည်။

ဘုရားသခင့်မေတ္တာပါဂရုစိုက်မှုကို ဖော်ပြသည့် နောက်ကျမ်းချက်မှာ လူသိများသော ဆာလံအခန်းကြီး ၂၃ ဖြစ်သည်။ ထိုအခန်းကြီး၏ အဖွင့်စကားများက ဘုရားသခင်ကို မေတ္တာရှိသိုးထိန်းတစ်ဦးနှင့်နှိုင်းယှဉ်ကာ ‘ယေဟောဝါသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ’ ဟုစပ်ဆိုထားသည်။ အရှေ့အလယ်ပိုင်းဒေသရှိ သိုးထိန်းတစ်ဦးသည် မိမိ၏သိုးတစ်ကောင်ချင်းစီကို ဂရုစိုက်ကာ တစ်ကောင်စီကို နာမည်ပင် ပေးထားသည်။ သူသည် နေ့စဉ် သိုးတစ်ကောင်စီကို ခေါ်ကာ မေတ္တာပါစွာ ပွေ့ပိုက်ပြီး ဒဏ်ရာအနာတရများ ရှိမရှိစစ်ဆေးသည်။ ဒဏ်ရာတစ်ခုခုတွေ့ပါက အနာအမြန်ပျောက်စေသော ဆီ သို့မဟုတ် ဖယောင်းဆီလိမ်းကျံပေးသည်။ သိုးတစ်ကောင်နာနေပါက သိုးထိန်းသည် သိုး၏လည်ချောင်းအတွင်းရောက်ရှိသည့်အထိ ဆေးတိုက်ကျွေးမည်ဖြစ်ကာ ရပ်နေနိုင်ရန် ကိုင်ထားပေးပေမည်။ သို့ဖြင့် လဲလျောင်းပြီး မသေဆုံးသွားစေရန်ဖြစ်သည်။ မိမိထံလှည့်လာသူများကို ယေဟောဝါမည်သို့ဂရုစိုက်ကြောင်း ကောင်းစွာဖော်ပြသည့် ရုပ်လုံးဖော်ချက်ပင်ဖြစ်သည်။

ဆုတောင်းခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း —ဘုရားသခင် ဂရုစိုက်ကြောင်း သက်သေ

ဆာလံ ၂၃ နှင့် အခြားဆာလံကျမ်းများကို ကျွန်ုပ်တို့ဖတ်ရှုရုံသက်သက်အတွက်သာ ကျမ်းစာတွင် မှတ်တမ်းတင်ထားခြင်းမဟုတ်ပေ။ ယင်းတို့က ဘုရားသခင်၏ အတိတ်ခေတ်မှ သစ္စာရှိကျေးကျွန်များသည် ကိုယ်တော့်အကူအညီလိုအပ်ကြောင်း ဖော်ပြရန်၊ ကိုယ်တော်၏လမ်းညွှန်မှုနှင့် ကောင်းချီးများအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြရန် သူတို့၏ရင်တွင်းခံစားချက်များ ဖွင့်ချခဲ့ပုံကို လှစ်ဟပြသည်။ ထိုဖော်ပြချက်များက ဘုရားသခင်၏ ရှေးခေတ်မှကျေးကျွန်များသည် မိမိတို့အား ကိုယ်တော်ဂရုစိုက်သည်ကို အခိုင်အမာယုံကြည်ကြောင်း သိသာစေသည်။ ခံစားချက်ပြင်းပြသော ထိုစကားလုံးများကို ဖတ်ရှုကာ တွေးတောဆင်ခြင်ခြင်းက ဘုရားသခင်နှင့်ပတ်သက်၍ အလားတူခံစားရရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်ပါသည်။ ဘုရားသခင့်ပြင်ဆင်ပေးချက်ဖြစ်သော ဆုတောင်းခြင်းအခွင့်ထူးသည် ဘုရားသခင်ဂရုစိုက်ကြောင်းဖော်ပြသည့် ခိုင်လုံသောသက်သေအထောက်အထားဖြစ်သည်။

သို့သော် တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ပြဿနာတစ်ခုကြောင့် အလွန်အမင်းစိတ်ဖိစီးနေရာ မည်သို့ဆုတောင်းရမည်ကိုပင် မသိဘဲဖြစ်တတ်သည်။ ယင်းက ကျွန်ုပ်တို့၏အခက်အခဲများကို ယေဟောဝါမသိစေရန် တားဆီးပါသလော။ “စွမ်းအားတော်သည်လည်း ငါတို့၏အားနည်းခြင်းကို ကူညီမစရာတွင် ပါဝင်၏။ အကြောင်းမူကား ငါတို့သည် အဘယ်အရာကို ဆုတောင်းသင့်ကြောင်း မသိကြ။ သို့ရာတွင် နှုတ်မမြွက်နိုင်သော ညည်းတွားရာများကို စွမ်းအားတော်ကိုယ်တိုင် အသနားခံပေး၏” ဟု ရောမ ၈:၂၆ ကဆိုသည်။ ထိုကျမ်းချက်က သမ္မာကျမ်းစာတွင်ပါသော အတိတ်ခေတ်မှ ဘုရားသခင့်ကျေးကျွန်များ၏ ဆုတောင်းချက်များသည် ကျွန်ုပ်တို့၏ခံစားချက်များကို ထင်ဟပ်နိုင်ပြီး ‘ဆုတောင်းစကားကိုနားထောင်တော်မူသော’ အရှင် ယေဟောဝါသည် ထိုဆုတောင်းချက်များကို ကျွန်ုပ်တို့၏ဆုတောင်းချက်များအဖြစ် လက်ခံတော်မူကြောင်း ဆိုလိုသည်။—ဆာလံ ၆၅:၂

ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် လူတစ်ဦးစီကို ဘုရားသခင်ဂရုစိုက်ကြောင်း ဖော်ပြသည့် ခိုင်လုံသောသက်သေအထောက်အထား နောက်တစ်ခုဖြစ်သည်။ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်” ဟုယေရှုခရစ်မိန့်ဆိုသည်။ (ယောဟန် ၅:၂၈၊ ၂၉) ထိုကျမ်းချက်၏ မူရင်းကျမ်းတွင် အသုံးပြုထားသောဂရိစကားလုံးမှာ “သင်္ချိုင်းများ” လောက်သာမဟုတ်ဘဲ “အမှတ်တရအုတ်ဂူများ” ဟူသောအဓိပ္ပာယ်ရှိသည်။ ယင်းက သေဆုံးသွားသူ၏ဘဝမှတ်တမ်းကို ဘုရားသခင် ပြန်အမှတ်ရမည်ဟု ဆိုလိုသည်။

လူတစ်ဦးကို ရှင်ပြန်ထမြောက်ပေးရန် ဘုရားသခင်သည် ထိုသူ၏ပုံပန်းသဏ္ဌာန်၊ ထိုသူ၏မွေးရာပါစရိုက်များ၊ ထိုသူ၏မှတ်ဉာဏ်တစ်ခုလုံးအပါအဝင် ထိုသူနှင့်ပတ်သက်သောအရာရာကို သိထားရမည်။ (မာကု ၁၀:၂၇) နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားသည့်တိုင် ဘုရားသခင့်မှတ်ဉာဏ်ထဲတွင် ထိုသူရှိနေဆဲပင်။ (ယောဘ ၁၄:၁၃-၁၅; လုကာ ၂၀:၃၈) ထို့ကြောင့် သေဆုံးသွားသော သန်းထောင်ပေါင်းများစွာသောသူတို့၏ အသေးစိတ်အချက်အလက်အားလုံး ယေဟောဝါဘုရားသခင်၏မှတ်ဉာဏ်ထဲတွင် ရှိနေသည်ဟူသောအချက်က ကျွန်ုပ်တို့တစ်ဦးစီကို ဘုရားသခင်ဂရုစိုက်ကြောင်း ဖော်ပြသည့် ခိုင်လုံသောသက်သေအထောက်အထားဖြစ်သည်။

ယေဟောဝါသည် ဆုချသောအရှင်ဖြစ်

ဘုရားသခင်၏မေတ္တာပါစိတ်ဝင်စားမှုနှင့် ဂရုစိုက်မှုကို ခံစားလိုပါက ကျွန်ုပ်တို့အဘယ်အရာ ပြုလုပ်ရမည်နည်း။ ဦးစွာ၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ကိုးစားကြောင်း၊ နာခံကြောင်း၊ ယုံကြည်ကြောင်း တင်ပြရမည်။ တမန်တော်ပေါလုက ဘုရားသခင်ကိုယုံကြည်ခြင်းနှင့် ကိုယ်တော်၏မေတ္တာပါဂရုစိုက်မှု ခံစားရခြင်းကြား ဆက်စပ်မှုကို ဖော်ပြသည်။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်” ဟုသူရေးခဲ့သည်။—ဟေဗြဲ ၁၁:၆

ဘုရားသခင့်စိတ်တော်နှင့်တွေ့သော ယုံကြည်ခြင်းတွင် ကဏ္ဍနှစ်ရပ်ရှိကြောင်း သတိပြုပါ။ ပထမ၊ “ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရမည်။” ယင်းမှာ ဘုရားသခင်တည်ရှိကြောင်း၊ ကိုယ်တော်သာ ကျွန်ုပ်တို့၏ အကြီးမြတ်ဆုံးအုပ်စိုးရှင်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏နာခံမှုနှင့်ဝတ်ပြုမှုကို ရထိုက်ကြောင်း ယုံကြည်ခြင်းဖြစ်သည်။ ဒုတိယ၊ ကိုယ်တော်သည် “မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်း” ယုံကြည်ရမည်။ စစ်မှန်သောယုံကြည်ခြင်းတွင် ဘုရားသခင်သည် မိမိအလိုတော်ဆောင်ရန် စိတ်ထက်သန်စွာရှာဖွေသူအားလုံး၏ ကောင်းကျိုးကို စိတ်ဝင်စားပြီး သူတို့ကို ဆုချကြောင်း ယုံကြည်ခြင်းပါဝင်သည်။ ဘုရားသခင့်တရားစကားတော်ကို လေ့လာခြင်း၊ ကိုယ်တော့်ကိုနာခံသူတို့နှင့် ပေါင်းသင်းခြင်းဖြင့် သင်လည်း ဘုရားသခင့်ဆုချမှု၊ ကိုယ်တော်၏မေတ္တာပါဂရုစိုက်မှုနှင့် ထိုက်တန်သော ယုံကြည်ခြင်းမျိုး ရရှိလာနိုင်ပါသည်။

ယနေ့ ဘုရားသခင်သည် လူ့အရေးကိစ္စများကို စိတ်မဝင်စားတော့ဟု လူများစွာယုံကြည်နေသည်။ သို့သော် ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ဘုရားသခင်သည် မိမိအပေါ် စစ်မှန်သောယုံကြည်ခြင်းတင်ပြသူများကို အလွန်ဂရုစိုက်တော်မူသည်ဟု ကျမ်းစာတွင် ရှင်းလင်းစွာဖော်ပြထားသည်။ ယနေ့အချိန်တွင် ဘဝသည် စိတ်ဆင်းရဲစရာများ၊ စိုးရိမ်စရာများ၊ စိတ်ဓာတ်ကျစရာများ၊ နာကျင်မှုများနှင့် ပြည့်နှက်နေသော်လည်း ကျွန်ုပ်တို့ စိတ်ပျက်ဖို့မလိုပါ။ ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင် ဂရုစိုက်နေတော်မူသည်။ အမှန်မှာ၊ ကူညီထောက်မမှုအတွက် မိမိထံလာပါဟု ကိုယ်တော်မေတ္တာပါစွာ ဖိတ်ခေါ်တော်မူသည်။ ‘ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ’ ဟုဆာလံဆရာဆိုသည်။—ဆာလံ ၅၅:၂၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၂၉ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

သင့်ကို ဘုရားသခင် မေတ္တာပါစွာ ဂရုစိုက်သည်ဟူသော ယုံကြည်ချက်ကို ခိုင်မာလာစေသည့် ကျမ်းချက်များ

‘ယေဟောဝါသည် စုံလင်သောစေတနာစိတ်ရှိသော သူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။’ —၂ ရာဇဝင်ချုပ် ၁၆:၉

“အကျွန်ုပ်မျက်ရည်တို့ကို ဘူးတော်ထဲမှာ ထည့်တော်မူပါ။ စာရင်းတော်၌ ရှိပါသည်မဟုတ်လော။”—ဆာလံ ၅၆:၈

‘ယေဟောဝါသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။’—ဆာလံ ၂၃:၁

‘ဆုတောင်းစကားကို နားထောင်တော်မူသော ဘုရားသခင်၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။’—ဆာလံ ၆၅:၂

“အကျွန်ုပ်ကိုခေါ်တော်မူ၍ အကျွန်ုပ်ပြန်လျှောက်ပါမည်။ လက်တော်ဖြင့်ဖန်ဆင်းတော်မူရာကို တောင့်တတော်မူ ပါလိမ့်မည်။”—ယောဘ ၁၄:၁၅၊ သမ္မာ

“ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆

‘ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။’—ဆာလံ ၅၅:၂၂