မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စကားတော်ကို သူတို့ ချစ်မြတ်နိုး

ဘုရားသခင့်စကားတော်ကို သူတို့ ချစ်မြတ်နိုး

ဘုရားသခင့်စကားတော်ကို သူတို့ ချစ်မြတ်နိုး

အရေးကြီးသောသတင်းစကားများကို လူများနိုင်သမျှများများ နားလည်နိုင်စေရန် ဘာသာစကားများစွာဖြင့် ဘာသာပြန်ဆိုလေ့ရှိကြသည်။ ဘုရားသခင့်စကားတော်သမ္မာကျမ်းစာတွင် အရေးကြီးသောသတင်းစကားတစ်ခု ပါရှိ၏။ သမ္မာကျမ်းစာတွင်ပါသောအရာများသည် ရှေးအချိန်က မှတ်တမ်းတင်ခဲ့သော်လည်း “[ကျွန်ုပ်တို့]ကို ဆုံးမသွန်သင်ရန်” ဖြစ်ပြီး နှစ်သိမ့်မှုနှင့် အနာဂတ်မျှော်လင့်ချက် ရရှိစေ၏။—ရောမ ၁၅:၄

သို့ဆိုလျှင် ရေးသားခဲ့သမျှတွင် အရေးကြီးဆုံးသတင်းစကားပါရှိသည့် သမ္မာကျမ်းစာကို ဘာသာစကားများစွာဖြင့် ရရှိစေရန် စီမံခြင်းသည် ယုတ္တိရှိပါသည်။ သမိုင်းတစ်လျှောက်တွင် လူတို့သည် အကြီးအကျယ် နာမကျန်းသည့်ကြား၊ အစိုးရပိတ်ပင်သည့်ကြား၊ သတ်ပစ်မည်ဟုခြိမ်းခြောက်သည့်ကြားမှ ကျမ်းစာကိုဘာသာပြန်ရန် အသည်းအသန်ကြိုးပမ်းခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင့်တရားစကားတော်ကို သူတို့ချစ်မြတ်နိုး၍ဖြစ်သည်။ အောက်ပါမှတ်တမ်းက ကျမ်းစာဘာသာပြန်ခြင်း၏ မှတ်သားလောက်ဖွယ်သမိုင်းကြောင်းကို အရိပ်အမြွက် ဖော်ပြပါသည်။

“အင်္ဂလိပ်လူမျိုးက ခရစ်တော်ရဲ့တရားတော်ကို အင်္ဂလိပ်စကားနဲ့မှပဲ ကောင်းကောင်းနားလည်မှာပေါ့”

ဂျွန်ဝီကလစ်ဖွားမြင်သော ၁၃၃၀ ပြည့်နှစ်ခန့်တွင် အင်္ဂလန်နိုင်ငံ၌ ချာ့ခ်ျဝတ်ပြုဆုတောင်းပွဲများကို လက်တင်ဘာသာစကားဖြင့် ကျင်းပကြသည်။ ပြည်သူလူထု၏ နေ့စဉ်သုံးစကားမှာမူ အင်္ဂလိပ်စကားဖြစ်သည်။ အချင်းချင်း အင်္ဂလိပ်စကားဖြင့် ပြောဆိုကြပြီး ဘုရားသခင်ထံဆုတောင်းရာတွင်လည်း အင်္ဂလိပ်လိုပင်ဖြစ်သည်။

ကက်သလစ်ဘုန်းကြီးတစ်ဦးဖြစ်သူ ဝီကလစ်သည် လက်တင်စကားကို ကောင်းစွာတတ်ကျွမ်းသူဖြစ်၏။ သို့သော် ကျမ်းစာအကြောင်း သွန်သင်ပေးရာတွင် အထက်တန်းလွှာတို့၏စကားဟု သူယူဆသောလက်တင်စကားကို အသုံးပြုခြင်းမှာ မှားသည်ဟု သူခံစားရသည်။ “ဘုရားသခင့်ပညတ်တွေနဲ့ဆိုင်တဲ့အသိပညာကို နားလည်ရအလွယ်ဆုံးစကားနဲ့ သွန်သင်ပေးသင့်တယ်။ အကြောင်းကတော့ ဘုရားသခင်ရဲ့စကားတော်တွေကို သွန်သင်ပေးနေတဲ့အတွက်ပဲ” ဟုသူရေးခဲ့သည်။ ထို့ကြောင့် ဝီကလစ်နှင့်အပေါင်းပါများသည် ကျမ်းစာကို အင်္ဂလိပ်ဘာသာစကားဖြင့် ဘာသာပြန်ရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြသည်။ ထိုသို့ဘာသာပြန်ရန် နှစ်ပေါင်း ၂၀ ခန့်ကြာခဲ့သည်။

ဘာသာပြန်ကျမ်းစာအသစ် ထွက်ရှိလာမည့်အလားအလာကို ကက်သလစ်ချာ့ခ်ျက လက်မခံပါ။ ဗာတီကန်၏လျှို့ဝှက်ချက်များဟူသောစာအုပ်တွင် ချာ့ခ်ျဆန့်ကျင်ရသည့်အကြောင်းရင်းကို ဤသို့ဖော်ပြ၏– “သို့ဖြင့် သာမန်လူတန်းစားတို့သည် အစောပိုင်းခရစ်ယာန်ဘာသာတရား၏ ရိုးရှင်းမှုနှင့် လက်ရှိကက်သလစ်ဝါဒကို နှိုင်းယှဉ်လာနိုင်မည်။ . . . ခရစ်ယာန်ဘာသာတရားကို တည်ထောင်ခဲ့သူ၏ သွန်သင်ချက်များနှင့် ကိုယ်စားလှယ်ခေါင်းဆောင်[ပုပ်ရဟန်းမင်း] အဖြစ် မိမိကိုယ်မိမိခန့်အပ်ခဲ့သူ၏ သွန်သင်ချက်များ မည်မျှကွာခြားကြောင်း ထင်ရှားလာသည်။”

သို့နှင့် ပုပ်ရဟန်းမင်း ဂရယ်ဂရီ ၁၁ သည် ဝီကလစ်ကိုဆန့်ကျင်တားဆီးသော အချက်ငါးချက် ထုတ်ပြန်ခဲ့သည်။ သို့သော် သူသည် မရပ်တန့်ခဲ့ပါ။ သူဤသို့ပြန်ပြော၏– “အင်္ဂလိပ်လူမျိုးက ခရစ်တော်ရဲ့တရားတော်ကို အင်္ဂလိပ်စကားနဲ့မှပဲ ကောင်းကောင်းနားလည်မှာပေါ့။ မောရှေက ဘုရားသခင့်ပညတ်ကို သူ့ဘာသာစကားနဲ့ ကြားခဲ့ရပြီး ခရစ်တော်ရဲ့တမန်တော်တွေလည်း အဲဒီလိုပဲ။” ဝီကလစ် မသေဆုံးမီလေးဖြစ်သော ၁၃၈၂ ခုနှစ်ခန့်တွင် ဝီကလစ်၏အဖွဲ့ထုတ်ဝေလိုက်သော ဦးဆုံးအကြိမ်ထုတ် အင်္ဂလိပ်ဘာသာပြန်ကျမ်းစာတစ်အုပ်လုံး ထွက်ရှိလာသည်။ နောက်ဆယ်နှစ်ခန့် ကုန်လွန်ပြီးနောက် သူ၏အပေါင်းပါတစ်ဦးသည် ပြန်လည်တည်းဖြတ်ထားပြီး ပို၍ဖတ်ရှုရလွယ်ကူသောကျမ်းကို ထုတ်ဝေခဲ့သည်။

ပုံနှိပ်စက်များ မပေါ်သေးသောကြောင့် စာမူတစ်ခုစီကို လက်ရေးဖြင့် ဂရုတစိုက်ကူးရေးရပြီး ပြီးစီးရန် ဆယ်လခန့်ကြာနိုင်သည်။ သို့သော် ချာ့ခ်ျသည် ထိုကျမ်းစာမိတ္တူများ ပြန့်ပွားသွားမည်ကို စိုးရိမ်သောကြောင့် ဂိုဏ်းချုပ်တစ်ဦးက ယင်းကိုဖတ်ရှုသူတိုင်းအား ချာ့ခ်ျမှနှင်ထုတ်မည်ဟု ခြိမ်းခြောက်သည်။ ဝီကလစ်သေဆုံးပြီး နှစ်ပေါင်း ၄၀ ကျော်အကြာတွင် ပုပ်ရဟန်းမင်းအဖွဲ့၏အမိန့်အရ ကက်သလစ်ဘုန်းကြီးများသည် ဝီကလစ်၏ရုပ်အလောင်းကို ပြန်လည်တူးဖော်ကာ အရိုးများကိုမီးရှို့ပြီး ပြာကို ဆွစ်ဖ်မြစ်ထဲ လွှင့်ပစ်ခဲ့ကြသည်။ သို့တိုင် အမှန်တရားကိုရှာဖွေနေသည့် စိတ်ရင်းမှန်သူများသည် ဝီကလစ်၏ကျမ်းစာကို မတွေ့တွေ့အောင် ရှာဖွေကြသည်။ ပါမောက္ခဝီလျံအမ်ဘလက်ဘန်းက “ဝီကလစ်ရဲ့ကျမ်းစာကို မိတ္တူအများကြီးပွား၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိပြီး လူမျိုးတစ်ဆက်ပြီးတစ်ဆက်ဆီ လက်ဆင့်ကမ်းခဲ့ကြတယ်” ဟုပြောပြသည်။

ပညာအနည်းငယ်သာတတ်သော သာမန်လူတန်းစားတို့အတွက် ကျမ်းစာ

ဝီကလစ်သုံးနှုန်းခဲ့သော အင်္ဂလိပ်စကားသည် နှစ်ပေါင်း ၂၀၀ အတွင်း ခေတ်ကုန်လာသည်။ ဘရစ္စတိုလ်မြို့အနီးရှိ လူငယ်ဓမ္မဆရာတစ်ဦးသည် ကျမ်းစာကို လူအနည်းငယ်သာ နားလည်နိုင်သောကြောင့် အလွန်စိတ်ပျက်ခဲ့သည်။ တစ်ကြိမ်တွင် ပညာတတ်တစ်ဦးက ပုပ်ရဟန်းမင်းမရှိခြင်းထက် ဘုရားသခင့်ပညတ်မရှိခြင်းက ပိုကောင်းသည်ဟု ပြောသည်ကို ထိုဓမ္မဆရာဝီလျံတင်ဒေးလ် ကြားလိုက်သည်။ ထို့ကြောင့် တင်ဒေးလ်က ဘုရားသခင်သာခွင့်ပြုလျှင် မကြာမီ မိမိသည် ပညာအနည်းငယ်သာတတ်သော သာမန်လူတစ်ဦးကို ပညာတတ်တစ်ဦးထက် ကျမ်းစာအသိပညာ ပိုကြွယ်ဝစေရန် ပြုလုပ်ပေးမည်ဟု ပြန်ပြောခဲ့သည်။

ဝီကလစ်သည် လက်တင်ဗားဂိတ်ကျမ်းမှ ဘာသာပြန်ဆိုခဲ့ပြီး ကျမ်းစာကို လက်ဖြင့်ရေးခဲ့ရသည်။ တင်ဒေးလ်သည် ၁၅၂၄ တွင် အင်္ဂလန်မှ ဂျာမနီသို့သွားပြီး ကျမ်းစာကို မူရင်းဟေဗြဲနှင့်ဂရိကျမ်းမှ တိုက်ရိုက်ဘာသာပြန်ပြီးနောက် ပုံနှိပ်ရန် ကလုံးမြို့ရှိပုံနှိပ်စက်တွင် အပ်ခဲ့သည်။ မကြာမီ တင်ဒေးလ်၏ရန်သူများသည် ဘာသာပြန်ကျမ်းအကြောင်း ကြားသွားပြီး ကလုံးမြို့ရှိလွှတ်တော်အား ကျမ်းစာအားလုံးကို သိမ်းလိုက်ဖို့ အမိန့်ထုတ်ရန် ဖြားယောင်းခဲ့သည်။

တင်ဒေးလ်သည် ဂျာမနီနိုင်ငံ၊ ဝေါမ်စ်မြို့သို့ ထွက်ပြေးသွားပြီး သူ၏လုပ်ငန်းကို ဆက်လုပ်ခဲ့သည်။ မကြာမီ တင်ဒေးလ်ပြန်ဆိုထားသော အင်္ဂလိပ်ဘာသာဖြင့် ဂရိကျမ်းစောင်များကို အင်္ဂလန်နိုင်ငံသို့ လျှို့ဝှက်စွာတင်ပို့ခဲ့သည်။ ခြောက်လအတွင်း များစွာရောင်းချရသောကြောင့် ကက်သလစ်ဂိုဏ်းအုပ်များသည် အရေးပေါ်အစည်းအဝေးကျင်းပပြီး ကျမ်းစာများကို မီးရှို့ပစ်ရန် အမိန့်ထုတ်ခဲ့သည်။

ထိုကျမ်းစာကို ဆက်မဖတ်ရှုစေရန်နှင့် တင်ဒေးလ်၏ ဟုတ်မှန်သည်ဟုဆိုသော မိစ္ဆာအယူများ မပျံ့နှံ့သွားစေရန် လန်ဒန်မြို့ရှိဂိုဏ်းအုပ်သည် ဆာသောမတ်စ်မိုးအား တင်ဒေးလ်ကို ကလောင်အစွမ်းဖြင့် ဝေဖန်တိုက်ခိုက်ရန် စေခိုင်းခဲ့သည်။ မိုးသည် အထူးသဖြင့် “ချာ့ခ်ျ” အစား “အသင်းတော်၊” “ဘုန်းကြီး” အစား “အသက်ကြီးသူ” သို့မဟုတ် “အကြီးအကဲ” ဟု တင်ဒေးလ်သုံးနှုန်းထားခြင်းကို စိတ်ပျက်မိသည်။ ထိုစကားလုံးများသည် ပုပ်ရဟန်းမင်း၏အခွင့်အာဏာကိုသာမက ဓမ္မဆရာအတန်းအစားနှင့် သာမန်လူတန်းစားကြား ကွာခြားချက်ကိုပါ သံသယဝင်စေသည်။ သောမတ်စ်မိုးသည် ဂရိစကားလုံး အဂါးပေးအား “စွန့်ကြဲပေးကမ်းခြင်း” အစား “မေတ္တာ” ဟု တင်ဒေးလ်ဘာသာပြန်ခြင်းကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။ ဘုရားသခင်သာ ကျွန်တော့်အသက်ကို သနားလျှင်ဟူသောစာအုပ်က ဤသို့ဆိုသည်– “ယင်းသည်လည်း ချာ့ခ်ျအတွက် အန္တရာယ်ရှိသော အယူဝါဒဖြစ်သည်။ အကြောင်းမှာ စွန့်ကြဲပေးကမ်းခြင်းဟူသောစကားလုံးကို မသုံးတော့ခြင်းကြောင့် ကောင်းကင်ရောက်ရန် လုပ်ဆောင်ရမည်ဟု သစ္စာရှိသူများအား ဖြားယောင်းထားသည့် မြောက်မြားလှသောအလှူငွေများပေးခြင်း၊ ငရဲကလေးတွင်နေရမည့်အချိန်ကို လျှော့ပေါ့ပေးသည့် အပြစ်ဖြေပေးသောထုံးစံများပြုလုပ်ခြင်းနှင့် သေတမ်းစာဖြင့်အမွေပေးခြင်းတို့ တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်သည်။”

သောမတ်စ်မိုးသည် “မိစ္ဆာအယူကိုယုံကြည်သူများ” အား မီးရှို့ခြင်းကို အားပေးအားမြှောက်ပြုခဲ့ရာ ၁၅၃၆၊ အောက်တိုဘာတွင် တင်ဒေးလ်သည် လည်မျိုညှစ်သတ်ခံရပြီး သစ်တိုင်ပေါ်တွင် မီးရှို့ခံခဲ့ရသည်။ သောမတ်စ်မိုးသည်လည်း နောက်ပိုင်းတွင် ဘုရင့်မျက်နှာသာမရရှိတော့ဘဲ ခေါင်းဖြတ်ခံခဲ့ရသည်။ သို့သော် ၁၉၃၅ တွင် ရိုမန်ကက်သလစ်ချာ့ခ်ျက သူ့ကို သန့်ရှင်းသူအဖြစ်အသိအမှတ်ပြုပြီး ၂၀၀၀ ပြည့်နှစ်တွင် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ် ၂ က သူ့ကို နိုင်ငံရေးသမားတို့၏ ကျေးဇူးရှင်သူတော်စင်အဖြစ် ဂုဏ်ပြုခဲ့သည်။

တင်ဒေးလ်မူကား ထိုသို့အသိအမှတ်ပြုခြင်း မခံခဲ့ရပါ။ သို့သော် တင်ဒေးလ်မသေဆုံးမီ သူ၏မိတ်ဆွေ မိုင်းလ်စ်ကာဗာဒေးလ်သည် တင်ဒေးလ်၏ဘာသာပြန်ကျမ်းအပိုင်းအစများကို ကျမ်းတစ်အုပ်အဖြစ် စုစည်းလိုက်ရာ မူရင်းဘာသာစကားများမှ ပြန်ဆိုထားသော ပထမဆုံးအင်္ဂလိပ်ဘာသာပြန်ကျမ်း ဖြစ်လာသည်။ ပညာအနည်းငယ်သာတတ်သော သာမန်လူတိုင်း ဘုရားသခင့်တရားစကားတော်ကို ဖတ်ရှုနိုင်လေပြီ။ သို့သော် အင်္ဂလိပ်အပြင် အခြားဘာသာစကားများနှင့် ကျမ်းစာများကော မည်သို့နည်း။

“လုံးဝမဖြစ်နိုင်ပုံပဲ”

ဗြိတိသျှလူမျိုး ခရစ်ယာန်သာသနာပြု ရောဘတ်မော်ရစ်စန်သည် တရုတ်ဘာသာစကားဖြင့် ကျမ်းစာတစ်အုပ်ထုတ်ဝေမည်ဟူသော ဆန္ဒကိုသာ လုံးလုံးအာရုံစိုက်ကာ မိသားစုနှင့်မိတ်ဆွေများ၏ ဆန့်ကျင်မှုများကြားမှ ၁၈၀၇ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ သူ၏ဘာသာပြန်လုပ်ငန်းမှာ မလွယ်ကူပေ။ “အခက်အခဲတွေများလွန်းလို့ ဒီလုပ်ငန်းက လုံးဝမဖြစ်နိုင်ပုံပဲ” ဟုထိုအချိန်မှ အရှေ့အိန္ဒိယကုမ္ပဏီဒါရိုက်တာ ချားလ်စ်ဂရန့်တ် ပြောခဲ့သည်။

နိုင်ငံခြားသားများကို တရုတ်စကားသင်ပေးသည့် တရုတ်လူမျိုးများအား သေဒဏ်ချမှတ်မည်ဟု အမိန့်ထုတ်ထားသည့်ကြားမှ မော်ရစ်စန်သည် ရောက်ရောက်ချင်း တရုတ်စကားသင်ယူခဲ့သည်။ မိမိကိုယ်ကိုနှင့် မိမိအား တရုတ်စကားသင်ပေးသူတို့ကို ကာကွယ်ရန် မော်ရစ်စန်သည် အတော်ကြာကြာ အိမ်တွင်းအောင်းခဲ့ရသည်။ မှတ်တမ်းတစ်ခုက “နှစ်နှစ်ခန့်သင်ယူပြီးနောက် သူသည် တရုတ်နိုင်ငံ၏ရုံးသုံးဘာသာစကား မန်ဒရင်းနှင့် ရပ်ရွာသုံးစကားတစ်မျိုးမကကို ပြောတတ်လာသည့်အပြင် ရေးတတ်၊ ဖတ်တတ်လာသည်” ဟုဆိုသည်။ ထိုအတောအတွင်း ဧကရာဇ်က ခရစ်ယာန်စာအုပ်များကို ပုံနှိပ်ခြင်းသည် သေပြစ်ထိုက်သော ရာဇဝတ်မှုဖြစ်သည်ဟု အမိန့်ထုတ်ပြန်လိုက်သည်။ ထိုခြိမ်းခြောက်မှုကြားမှ ၁၈၁၉၊ နိုဝင်ဘာ ၂၅ ရက်တွင် မော်ရစ်စန်သည် ကျမ်းစာတစ်အုပ်လုံးကို တရုတ်ဘာသာစကားဖြင့် ပြန်ဆိုပြီးစီးခဲ့သည်။

၁၈၃၆ တွင် တရုတ်ဘာသာစကားဖြင့် ကျမ်းစာလုံးချင်း ၂,၀၀၀ ခန့်၊ ဂရိကျမ်းစာစောင် ၁၀,၀၀၀ နှင့် ကျမ်းစာအပိုင်း ၃၁,၀၀၀ ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘုရားသခင့်တရားစကားတော်ကို ချစ်မြတ်နိုးစိတ်က “လုံးဝမဖြစ်နိုင်ပုံ” ရသောအရာကို အမှန်ဖြစ်လာစေခဲ့သည်။

ခေါင်းအုံးအတွင်းမှ ကျမ်းစာ

အမေရိကန်နိုင်ငံမှ ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်သော အဒိုနိုင်ရမ်ဂျပ်စင်နှင့် သူ၏ဇနီးအဲန်သည် လက်ထပ်ပြီးနှစ်ပတ်အကြာ ၁၈၁၂၊ ဖေဖော်ဝါရီတွင် မြန်မာနိုင်ငံသို့ ခရီးရှည်နှင်လာခဲ့သည်။ နောက်ဆုံး၊ ၁၈၁၃ တွင် မြန်မာပြည်၌ အခြေချနေထိုင်ခဲ့ကြသည်။ သူတို့သည် ကမ္ဘာ့အခက်ခဲဆုံးဘာသာစကားတစ်ခုဖြစ်သည့် မြန်မာစကားကို ချက်ချင်းသင်ယူခဲ့ကြသည်။ နှစ်အနည်းငယ်ကြာ သင်ယူပြီးနောက် ဂျပ်စင် ဤသို့ရေး၏– “ကမ္ဘာ့တစ်ဘက်ခြမ်းမှာရှိတဲ့လူတွေ ပြောတဲ့စကားကို ကျွန်တော်တို့ စသင်ယူခဲ့ကြတယ်။ သူတို့ရဲ့တွေးခေါ်ပုံက ကျွန်တော်တို့တွေးခေါ်ပုံနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ . . . ကျွန်တော်တို့မှာ အဘိဓာန်လည်းမရှိ၊ ဘယ်စကားလုံးတစ်လုံးကိုမှ ရှင်းပြပေးမယ့် စကားပြန်လည်းမရှိဘူး။”

ဘာသာစကားအခက်အခဲက ဂျပ်စင်အား လက်မလျှော့စေခဲ့ပါ။ သူသည် ခရစ်ယာန်ဂရိကျမ်းစာစောင်များကို မြန်မာဘာသာစကားဖြင့် ၁၈၂၃၊ ဇွန်လတွင် ပြန်ဆိုပြီးစီးခဲ့သည်။ နောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ဖြစ်လာသည်။ ဂျပ်စင်ကို သံသယဖြစ်ဖွယ်သူလျှိုဟု ယူဆကာ ထောင်ချလိုက်သည်။ မလှုပ်ရှားနိုင်အောင် သူ့ကိုသံခြေချင်းသုံးစုံခတ်ထားပြီး ယင်းကို ရှည်လျားသောတိုင်တစ်ခုတွင် ခိုင်မြဲစွာချည်ထားသည်။ ဂျပ်စင်၏ဘဝအကြောင်းရေးသားထားသော ၁၈၅၃ ခုနှစ်ထုတ်စာအုပ်တစ်အုပ်တွင် “ဂျပ်စင်က သူ့ဇနီးနဲ့တွေ့ခွင့်ရပြီး အင်္ဂလိပ်လိုစကားပြောခွင့်ရရချင်း ဦးဆုံးမေးတာက ဓမ္မသစ်ကျမ်းကို ဘာသာပြန်ထားတဲ့ စာမူတွေပဲ” ဟုဖရန်စစ်ဝေးလန်း ရေးခဲ့သည်။ စာမူများကို အိမ်အောက်တွင် မြှုပ်ထားရာ အစိုဓာတ်နှင့်မှိုကြောင့် ပျက်စီးသွားမည်ကို စိုးရိမ်သည့်အတွက် အဲန်သည် စာမူကို ခေါင်းအုံးအတွင်း ထည့်ချုပ်ပြီး ထောင်ကျနေသောခင်ပွန်းထံ ယူသွားပေးခဲ့သည်။ သို့ဖြင့် စာမူသည် အလွန်ခက်ခဲသောအခြေအနေများကြားမှ မပျောက်မပျက်ကျန်ရစ်ခဲ့သည်။

လပေါင်းများစွာ ထောင်ကျပြီးနောက် ဂျပ်စင် လွတ်လာသည်။ သို့သော် သူ၏ပျော်ရွှင်မှုမှာ သက်ဆိုးမရှည်ပေ။ ထိုနှစ်နှောင်းပိုင်းတွင် အဲန်သည် အပြင်းဖျားပြီး သီတင်းပတ်အနည်းငယ်အကြာတွင် ဆုံးပါးသွား၏။ ခြောက်လမျှကြာပြီးနောက် နှစ်နှစ်အရွယ်သာရှိသေးသော သူ၏သမီးမာရီယာသည် ကုသ၍မရနိုင်သောရောဂါကြောင့် သေဆုံးခဲ့ရသည်။ ဂျပ်စင်သည် အလွန်ဝမ်းနည်းကြေကွဲသော်လည်း သူ၏အလုပ်ကို ဆက်လုပ်ခဲ့သည်။ နောက်ဆုံး ၁၈၃၅ ခုနှစ်တွင် ကျမ်းစာတစ်အုပ်လုံး ပြီးစီးခဲ့သည်။

ဘုရားသခင့်တရားစကားတော်ကို သင်ချစ်မြတ်နိုးပါသလော

ထိုဘာသာပြန်သူများ တင်ပြသည့် ဘုရားသခင့်တရားစကားတော်ကို ချစ်မြတ်နိုးစိတ်သည် အသစ်အဆန်းမဟုတ်ပါ။ ရှေးခေတ်အစ္စရေးနိုင်ငံတွင် ဆာလံဆရာက ယေဟောဝါဘုရားသခင်အား “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏” ဟုသီကျူးခဲ့သည်။ (ဆာလံ ၁၁၉:၉၇) သမ္မာကျမ်းစာသည် အထင်ကြီးလေးစားဖွယ် စာကောင်းပေမွန်တစ်အုပ်မျှသာမဟုတ်ပါ။ ယင်းတွင် အရေးကြီးသတင်းစကားပါရှိ၏။ ဘုရားသခင့်တရားစကားတော်ကို မှန်မှန်ဖတ်ရှုခြင်းဖြင့် ယင်းကိုချစ်မြတ်နိုးကြောင်း သင်တင်ပြနေပါသလော။ သင်ထိုသို့ပြုလုပ်နေပြီး သိရှိလာရာများကို လက်တွေ့ကျင့်သုံးရန် ကြိုးစားနေပါက “ထိုသို့ပြုသောကြောင့် ပျော်ရွှင်လိမ့်မည်” ကိုယုံကြည်စိတ်ချနိုင်ပါသည်။—ယာကုပ် ၁:၂၅

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

“အင်္ဂလိပ်လူမျိုးက ခရစ်တော်ရဲ့တရားတော်ကို အင်္ဂလိပ် စကားနဲ့မှပဲ ကောင်းကောင်းနားလည်မှာပေါ့။”—ဂျွန်ဝီကလစ်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဝီလျံတင်ဒေးလ်နှင့် တင်ဒေးလ်ကျမ်းစာမှ စာတစ်မျက်နှာ

[Credit Line]

Tyndale: From the book The Evolution of the English Bible

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

ရောဘတ်မော်ရစ်စန်နှင့် သူဘာသာပြန်ထားသော တရုတ်ကျမ်းစာ

[Credit Lines]

In the custody of the Asian Division of the Library of Congress

Robert Morrison, engraved by W. Holl, from The National Portrait Gallery Volume IV, published c.1820 (litho), Chinnery, George (1774-1852) (after)/Private Collection/Ken Welsh/The Bridgeman Art Library International

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

အဒိုနိုင်ရမ်ဂျပ်စင်နှင့် သူ၏ မြန်မာဘာသာပြန်ကျမ်းစာ

[Credit Line]

Judson: Engraving by John C. Buttre/Dictionary of American Portraits/Dover

[Picture Credit Lines on page 8]

ဝီကလစ်– From the book The History of Protestantism (Vol. I); Bible: Courtesy of the American Bible Society Library, New York