မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်များသည် တမန်တော်များ၏သွန်သင်ချက်ကို အမှန်ထောက်ခံပါသလော

တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်များသည် တမန်တော်များ၏သွန်သင်ချက်ကို အမှန်ထောက်ခံပါသလော

တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်များသည် တမန်တော်များ၏သွန်သင်ချက်ကို အမှန်ထောက်ခံပါသလော

အေဒီဒုတိယရာစုနှစ်ဦးပိုင်းရောက်သော် ခရစ်ယာန်အမှန်တရားရေစင်သည် မှားယွင်းသောသွန်သင်ချက်များကြောင့် နောက်ကျိလာခဲ့သည်။ ကျမ်းစာပရောဖက်ပြုချက်တွင် ကြိုပြောခဲ့သည့်အတိုင်း တမန်တော်များကွယ်လွန်သည့်နောက် အချို့သူတို့သည် အမှန်တရားကိုစွန့်ခွာကာ “ဒဏ္ဍာရီပုံပြင်များကို” နားထောင်၍လမ်းလွဲသွားကြသည်။ (၂ တိမောသေ ၄:၃၊ ၄) အေဒီ ၉၈ ခန့်တွင် နောက်ဆုံးတမန်တော်တစ်ပါးဖြစ်သော ယောဟန်သည် ထိုသို့သောမှားယွင်းသည့်သွန်သင်ချက်များအကြောင်း၊ သစ္စာရှိခရစ်ယာန်တို့ကို “လှည့်ဖြားရန် ကြိုးစားနေသူတို့” အကြောင်းကို သတိပေးခဲ့သည်။—၁ ယောဟန် ၂:၂၆; ၄:၁၊

မကြာမီ၊ တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်များအဖြစ် လူသိများလာသူတို့သည် လောကဇာတ်ခုံပေါ် ရောက်လာကြ၏။ ဘာသာရေးလှည့်စားမှုကို သူတို့ မည်သို့တုံ့ပြန်ခဲ့သနည်း။ ဘုရားသခင့်လမ်းညွှန်မှုဖြင့်ရေးထားသော တမန်တော်ယောဟန်၏သတိပေးချက်များကို သူတို့နာခံခဲ့သလော။

သူတို့ကား မည်သူတို့နည်း

“တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်များ” ဟူသောအသုံးအနှုန်းသည် ဘာသာရေးစာပေရေးသားသူများကို ရည်ညွှန်းခြင်းဖြစ်သည်၊ သူတို့သည် ယေရှု၏တမန်တော်တစ်ပါးပါးကို သိကျွမ်းသူ သို့မဟုတ် တမန်တော်များထံမှသင်ယူခဲ့သည့် တပည့်များ၏သွန်သင်ပို့ချမှုကိုခံယူခဲ့သူများ ဖြစ်နိုင်သည်။ အများအားဖြင့် ထိုသူတို့သည် အေဒီပထမရာစုနှောင်းပိုင်းမှ ဒုတိယရာစုအလယ်ပိုင်းအတွင်း အသက်ရှင်ခဲ့သူများဖြစ်သည်။ * ၎င်းတို့တွင် ရောမမြို့မှ ကလီးမင့်၊ အန္တိအုတ်မြို့မှ အစ်ဂ်နေရှပ်စ်၊ ဟေရပေါလိမြို့မှ ပပိုင်ယပ်စ်၊ စမုရနမြို့မှ ပိုလီကာ့ပ်တို့ပါဝင်သည်။ ထိုကာလအတွင်းရေးသားသောစာပေများမှာ တမန်တော်ဆယ့်နှစ်ပါး၏သွန်သင်ချက် (Didache)၊ ဗာနဗ၏မှာတမ်းစာ (Epistle of Barnabas)၊ မိမိယုံကြည်ချက်အတွက် ပိုလီကာ့ပ်အသက်စွန့်ခြင်း (Martyrdom of Polycarp) နှင့် ကလီးမင့်၏ဒုတိယစာစောင်တို့ဖြစ်ပြီး အာဘော်ရှင်၏အမည်မပါပေ။

ယနေ့၊ တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်များ၏ သွန်သင်ချက်များသည် ယေရှု၏သွန်သင်ချက်နှင့် မည်မျှကိုက်ညီကြောင်း ပိုင်းဖြတ်ရန် မလွယ်ကူပေ။ ထိုသူတို့၏ရည်မှန်းချက်မှာ ခရစ်ယာန်ဘာသာနောက်တစ်မျိုးကို ဆက်လက်တည်တံ့စေရန် သို့မဟုတ် ထောက်ခံရန်ဖြစ်သည်။ ရုပ်ပုံကိုးကွယ်ခြင်းနှင့် ကိုယ်ကျင့်တရားပျက်ပြားခြင်းကို သူတို့ရှုတ်ချသည်။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း၊ ကိုယ်တော်ရှင်ပြန်ထမြောက်ခဲ့ကြောင်း သူတို့ယုံကြည်သည်။ သို့သော် အယူဖောက်ပြန်မှုလှိုင်းလုံးကြီးကိုမူ သူတို့မတားဆီးနိုင်ခဲ့ပေ။ ယင်းအစား အချို့သူတို့သည် အယူဖောက်ပြန်မှုလှိုင်းလုံးကို ထပ်မံအားဖြည့်ပေးခဲ့သည်။

အရေးမပါသောအပြောင်းအလဲများလော

အစောပိုင်း “ခရစ်ယာန်” များ၏ မှားယွင်းသောသွန်သင်ချက်လှိုင်းလုံးများက ခရစ်တော်နှင့်တမန်တော်တို့၏သွန်သင်ချက်များမှ အမှန်တကယ်သွေဖည်ခဲ့သည်။ ဥပမာ၊ နောက်ဆုံးညစာစားပွဲဟုလည်း လူသိများသော သခင့်ညစာစားပွဲတွင် ယေရှုအစပြုချမှတ်ခဲ့သည့်ပုံစံနှင့်ဆန့်ကျင်လျက် ဝိုင်ကို မုန့်ထက်အရင်လက်ဆင့်ကမ်းရန် တမန်တော်ဆယ့်နှစ်ပါး၏သွန်သင်ချက်စာအုပ်၏အာဘော်ရှင်က အကြံပြုခဲ့သည်။ (မဿဲ ၂၆:၂၆၊ ၂၇) ထို့ပြင် နှစ်ခြင်းပေးစဉ် နှစ်မြှုပ်ရန် ရေအလုံအလောက်မရှိပါက နှစ်ခြင်းခံမည့်သူ၏ခေါင်းပေါ် ရေလောင်းခြင်းသည် လုံလောက်ပေမည်ဟု ထိုသူဆက်ဖော်ပြသည်။ (မာကု ၁:၉၊ ၁၀; တမန်တော် ၈:၃၆၊ ၃၈) ထိုစာအုပ်တွင် တစ်ပတ်လျှင်နှစ်ကြိမ် အစာရှောင်ခြင်းကဲ့သို့သော ဓလေ့ထုံးတမ်းကို မဖြစ်မနေလုပ်ဆောင်ရန်၊ သခင့်ဆုတောင်းချက်အတိအကျကို တစ်နေ့လျှင်သုံးကြိမ် အလွတ်ရွတ်ဆိုရန် ခရစ်ယာန်များကိုတိုက်တွန်းထား၏။—မဿဲ ၆:၅-၁၃; လုကာ ၁၈:၁၂

“ဘုရားသခင်၏ကိုယ်စား” ဂိုဏ်းအုပ်တစ်ပါးတည်းက ကြီးကြပ်ခြင်းဖြင့် ခရစ်ယာန်အသင်းတော်ကို ပြန်ဖွဲ့စည်းသင့်ကြောင်း အစ်ဂ်နေရှပ်စ် သွန်သင်သည်။ ထိုဂိုဏ်းအုပ်သည် ခရစ်ယာန်ဘုန်းကြီးများစွာအပေါ် အခွင့်အာဏာရှိပေမည်။ ထိုသို့သောအသစ်တီထွင်မှုများက ကျမ်းစာနှင့်မညီသည့်သွန်သင်ချက်လှိုင်းလုံးများ ထပ်မံဝင်ရောက်လာရန် လမ်းဖွင့်ပေးခဲ့သည်။—မဿဲ ၂၃:၈၊ ၉

ချဲ့ကားခြင်း၊ မိမိယုံကြည်ချက်အတွက် အသက်စွန့်ခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်း

ချဲ့ကားခြင်းရေစီးကြောင်းက တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်အချို့ကို မျောပါသွားစေသည်။ ပပိုင်ယပ်စ်သည် အမှန်တရားရေကိုဆာငတ်သူဖြစ်ပြီး သူ၏အရေးအသားတွင် ခရစ်ယာန်ဂရိကျမ်းစာစောင်များကို ကိုးကားခဲ့သည်။ တစ်ချိန်တည်းတွင်၊ ကြိုပြောထားသည့် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးချိန်အတွင်း စပျစ်နွယ်ပင်များမှ အကိုင်း ၁၀,၀၀၀ ပေါ်ထွက်မည်၊ အကိုင်းတစ်ကိုင်းစီတွင် အခက် ၁၀,၀၀၀ ရှိမည်၊ အခက်တစ်ခက်စီတွင် အညွန့်အတက် ၁၀,၀၀၀ ရှိမည်၊ အညွန့်အတက်တစ်ခုစီတွင် အပြွတ် ၁၀,၀၀၀ ရှိမည်၊ တစ်ပြွတ်စီတွင် စပျစ်သီး ၁၀,၀၀၀ ရှိမည်၊ စပျစ်သီးတစ်လုံးစီမှ ဝိုင်လီတာ ၁,၀၀၀ ရရှိမည်ဟု သူယုံကြည်သည်။

ပိုလီကာ့ပ်သည် သူ၏ခရစ်ယာန်ယုံကြည်ချက်ကိုစွန့်ပယ်မည့်အစား အသက်စွန့်ရန် အဆင်သင့်ရှိသူဖြစ်၏။ သူသည် ယေရှုကိုသိကျွမ်းသော တမန်တော်များနှင့်အခြားသူများ၏ သွန်သင်မှုခံခဲ့ရသည်ဟုဆိုကြသည်။ သူသည် သမ္မာကျမ်းစာမှကိုးကားပြီး ခရစ်ယာန်မူများနှင့်အညီနေထိုင်ရန် ကြိုးစားခဲ့ပုံရသည်။

သို့သော် ပိုလီကာ့ပ်အပေါ်ထားရှိသော အချို့သူတို့၏ကြည်ညိုကိုင်းရှိုင်းမှုသည် ရုပ်ပုံကိုးကွယ်ခြင်းဘက် တိမ်းယိမ်းခဲ့သည်။ သူသေဆုံးပြီးနောက် “သူ့ကိုယုံကြည်သူတို့သည်” သူ၏ရုပ်ကြွင်းကို အသည်းအသန်တောင်းဆိုကြသည်ဟု မိမိယုံကြည်ချက်အတွက် ပိုလီကာ့ပ်အသက်စွန့်ခြင်းစာအုပ်တွင် ဖော်ပြသည်။ ပိုလီကာ့ပ်၏အရိုးများသည် “လက်ရာအမြောက်ဆုံး ကျောက်မျက်ရတနာများထက် ပို၍အဖိုးထိုက်ပြီး ရွှေထက် သာ၍သန့်စင်သည်” ဟုသူတို့ယူဆကြ၏။ မှားယွင်းသောသွန်သင်ချက်များသည် အဆိပ်သင့်နေသောလှိုင်းလုံးကြီးပမာ တလိမ့်လိမ့်တက်လာနေသည်မှာ သေချာလေပြီ။

ကျမ်းပိုများ

တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်အချို့သည် ကျမ်းပိုများကို ဘုရားသခင့်လမ်းညွှန်မှုဖြင့် ရေးသားသောကျမ်းများအလား လက်ခံခဲ့ကြသည်။ သူတို့အနက်တစ်ဦးမှာ ရောမမြို့မှကလီးမင့်ဖြစ်ပြီး သူသည် ဉာဏ်ပညာနှင့်ဂျူးဒစ်ဟူသောကျမ်းပိုများကို ကိုးကားခဲ့သည်။ ပိုလီကာ့ပ်၏မှာတမ်းစာကို ရေးသားသူသည် လှူဒါန်းပေးကမ်းခြင်းက လှူဒါန်းသူအား သေခြင်းမှကယ်နုတ်နိုင်သည်ဟူသောအယူအဆကို ထောက်ခံရန် တိုးဘိကျမ်းကိုရည်ညွှန်းခဲ့သည်။

အေဒီဒုတိယရာစုတွင် ကျမ်းစစ်ကျမ်းမှန်မဟုတ်သောခရစ်ဝင်ကျမ်းများသည် ယေရှု၏ဘဝနှင့်ပတ်သက်သော မဟုတ်မမှန်သည့်မှတ်တမ်းများကို ပျံ့နှံ့စေပြီး ချာ့ခ်ျခေါင်းဆောင်များကလည်း ယင်းတို့ကို ကျမ်းစစ်ကျမ်းမှန်အဖြစ်လက်ခံကာ မကြာခဏကိုးကားကြသည်။ ဥပမာ၊ အစ်ဂ်နေရှပ်စ်သည် ဟေဗြဲခရစ်ဝင်ကျမ်းဟုခေါ်သည့်ကျမ်းမှ ကိုးကားခဲ့သည်။ ရောမမြို့မှကလီးမင့်နှင့်ပတ်သက်၍ စာအုပ်တစ်အုပ်က “ကလီးမင့်သည် ခရစ်တော်၏အကြောင်းကို ခရစ်ဝင်ကျမ်းများမှမဟုတ်ဘဲ ကျမ်းရင်းဝင်မဟုတ်သည့်ကျမ်းပိုများမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ်ပုံရသည်” ဟုဆိုသည်။

မှားယွင်းသောသွန်သင်ချက်လှိုင်းလုံးကြီး

ထိုသူတို့သည် ခရစ်ယာန်ယုံကြည်ချက်ကိုရှင်းပြရာတွင် ဒဏ္ဍာရီ၊ ဆန်းကြယ်သောအယူအဆများ၊ လူ့အတွေးအခေါ်များကို အားထားခြင်းဖြင့် မှားယွင်းသောသွန်သင်ချက်လှိုင်းလုံး ဝင်ရောက်လာရန် လမ်းဖွင့်ပေးခဲ့သည်။ ဥပမာ၊ ကလီးမင့်သည် ရှင်ပြန်ထမြောက်ခြင်းရှိကြောင်း သက်သေပြရန် ဖီးနစ်ဒဏ္ဍာရီပုံပြင်ကို ကိုးကားခဲ့သည်။ မီးလောင်ကျွမ်းရာပြာထဲမှ ပြန်ရှင်လာသည်ဟုဆိုသော ဒဏ္ဍာရီမှဖီးနစ်ငှက်သည် အီဂျစ်ဒဏ္ဍာရီမှ နေကိုးကွယ်မှုနှင့်ဆက်နွှယ်နေသည်။

ကျမ်းစာအမှန်တရားကိုမလိမ့်တပတ်လုပ်၍ တန်ဖိုးယုတ်လျော့စေသော နောက်ပုဂ္ဂိုလ်တစ်ဦးမှာ ဗာနဗ၏မှာတမ်းစာကိုရေးသားသူဖြစ်၏။ မောရှေပညတ်သည် တင်စားချက်မျှသာဖြစ်သည်ဟု သူသွန်သင်၏။ သူ၏အဆိုအရ စားမြုံ့ပြန်၍ခွာကွဲသည့် သန့်ရှင်းသောတိရစ္ဆာန်များဟူသည် ဘုရားသခင့်တရားစကားတော်ကို စားမြုံ့ပြန်သည့်အလား အထပ်ထပ်တွေးတောဆင်ခြင်သူများကို ပုံဆောင်သည်။ ခွာကွဲသောတိရစ္ဆာန်ဟူသည် “ဤလောကတွင် အသက်ရှင်နေစဉ်” တစ်ချိန်တည်းတွင် ကောင်းကင်အသက်တာကိုမျှော်လင့်သော ဖြောင့်မတ်သူကို ပုံဆောင်သည်ဟု စာရေးသူကဆိုသည်။ ထိုအနက်ဖွင့်ဆိုချက်များသည် ကျမ်းစာကိုအခြေမခံပါ။—ဝတ်ပြုရာ ၁၁:၁-၃

တမန်တော်ယောဟန်၏သက်သေခံချက်

ပထမရာစုတွင် တမန်တော်ယောဟန် ဤသို့သတိပေးခဲ့၏– “ချစ်ရသောသူတို့၊ ဘုရားသခင်ထံမှလာသည်ဟုထင်ရသော သတင်းစကားတိုင်းကို မယုံကြနှင့်။ ဘုရားသခင်၏သတင်းစကားဟုတ်မဟုတ် သိမြင်ခြင်းငှာ စစ်ဆေးကြလော့။ အကြောင်းမှာ ပရောဖက်အတုအယောင်များစွာတို့သည် လောကတွင် ပေါ်လာကြပြီ။” (၁ ယောဟန် ၄:၁) ထိုစကားများသည် အလွန်သင့်လျော်လှသည်တကား။

ပထမရာစုအဆုံးပိုင်းရောက်သော် အမည်ခံခရစ်ယာန်များစွာသည် ယေရှုနှင့်တမန်တော်များ၏သွန်သင်ချက်များကို စွန့်ပယ်ခဲ့ကြပြီးဖြစ်၏။ တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်များသည် အယူဖောက်ပြန်မှုလှိုင်းလုံးကြီးကို ခုခံတွန်းလှန်မည့်အစား ယင်းကို ပို၍အရှိန်မြှင့်တွန်းပို့ပေးခဲ့သည်။ သူတို့သည် အမှန်တရားရေစင်ကို မှားယွင်းသောသွန်သင်ချက်အဆိပ်ရေဖြင့် ညစ်ညမ်းစေခဲ့ပြီ။ ထိုသူတို့နှင့်ပတ်သက်၍ တမန်တော်ယောဟန် ဤသို့ဆိုသည်– “ခရစ်တော်၏သွန်သင်ချက်တွင် မတည်မနေဘဲ လွန်၍သွားသူတိုင်း၌ ဘုရားသခင်မရှိ။” (၂ ယောဟန် ၉) ကျမ်းစာအမှန်တရားကို စိတ်ရင်းမှန်နှင့်ရှာဖွေနေသူတိုင်းအတွက် ထိုကျမ်းစာသတိပေးချက်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်သန့်စင်နေဆဲပင်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ချာ့ခ်ျခေါင်းဆောင်များအဖြစ် ရည်ညွှန်းလေ့ရှိသည့် စာရေးသူများ၊ ဓမ္မပညာရှင်များနှင့် အတွေးအခေါ်ပညာရှင်များသည် အေဒီဒုတိယနှင့်ပဉ္စမရာစုအတွင်း အသက်ရှင်ခဲ့သူများဖြစ်သည်။

[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]

ကလီးမင့်အပါအဝင် တမန်တော်များနောက်ပိုင်း ချာ့ခ်ျခေါင်းဆောင်အချို့သည် သူတို့၏စာပေများတွင် ဒဏ္ဍာရီ၊ ဆန်းကြယ်သောအယူအဆများနှင့် လူ့အတွေးအခေါ်များကို ထည့်သွင်းခဲ့

[စာမျက်နှာ ၂၈ ပါ ပုံစာ]

ပိုလီကာ့ပ်သည် မိမိယုံကြည်ချက်အတွက် အသက်စွန့်ရန် အသင့်ရှိ

[Credit Line]

The Granger Collection, New York