မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် မယားအများယူခြင်းဓလေ့ကို နှစ်သက်သလော

ဘုရားသခင်သည် မယားအများယူခြင်းဓလေ့ကို နှစ်သက်သလော

စာရှုသူများအမေး

ဘုရားသခင်သည် မယားအများယူခြင်းဓလေ့ကို နှစ်သက်သလော

မနှစ်သက်ပါ၊ ဧဒင်တွင် ဦးဆုံးအိမ်ထောင်မင်္ဂလာနှင့်ပတ်သက်၍ ဘုရားသခင်ချမှတ်ခဲ့သောစံနှုန်းမှာ တစ်လင်တစ်မယားစနစ်ဖြစ်သည်။ နောက်ပိုင်းတွင် ယေရှုခရစ်သည် မိမိနောက်လိုက်များအတွက် ထိုစံနှုန်းကိုထပ်မံအတည်ပြုခဲ့သည်။—ကမ္ဘာဦး ၂:၁၈-၂၄; မဿဲ ၁၉:၄-၆

ခရစ်ယာန်ခေတ်မတိုင်မီက အာဗြဟံ၊ ယာကုပ်၊ ဒါဝိဒ်၊ ရှောလမုန်တို့တွင် ဇနီးတစ်ဦးထက်မက ရှိခဲ့သည်မဟုတ်လော။ ရှိခဲ့သည်၊ သို့သော် ထိုဓလေ့ကို ကျမ်းစာက အဘယ်သဘောမျိုးဖြင့် ရေးထားသနည်း။ ထိုဓလေ့ကြောင့် အာဗြဟံနှင့်ယာကုပ်တို့၏မိသားစုတွင် သဘောထားကွဲလွဲမှုများ၊ ပဋိပက္ခများပေါ်ပေါက်ခဲ့ကြောင်း ကျမ်းစာဖော်ပြသည်။ (ကမ္ဘာဦး ၁၆:၁-၄; ၂၉:၁၈–၃၀:၂၄) နောက်ပိုင်း၊ ဘုရားသခင့်ပညတ်တွင် ဘုရင်တိုင်းအတွက် ဤညွှန်ကြားချက်ပါဝင်သည်– “သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း များစွာသောမယားတို့ကိုမယူရ။” (တရားဟောရာ ၁၇:၁၅၊ ၁၇) ရှောလမုန်သည် မိန်းမ ၇၀၀ ကျော်ထားရှိခြင်းဖြင့် ထိုပညတ်ကိုမခန့်လေးစားပြုခဲ့၏။ ဝမ်းနည်းစရာမှာ၊ ရှောလမုန်၏စိတ်နှလုံးသည် ထိုမယားများစွာ၏ မကောင်းသောသြဇာလွှမ်းမိုးမှုကြောင့် ယေဟောဝါထံမှ လမ်းလွဲဖောက်ပြန်သွားသည်။ (၃ ဓမ္မရာဇဝင် ၁၁:၁-၄) ကျမ်းစာတွင် မယားအများယူခြင်းဓလေ့ကို အပျက်သဘောဖြင့်ဖော်ပြသည်မှာ ရှင်းနေပါသည်။

သို့တိုင်၊ ဘုရားသခင်သည် မိမိ၏လူမျိုးကြားတွင် မယားအများယူခြင်းဓလေ့ကို အဘယ်ကြောင့်သည်းခံခွင့်ပြုရသနည်းဟု အချို့သိလိုပေမည်။ စဉ်းစားကြည့်ပါ– သင်လုံးဝမနှစ်သက်သောအလုပ်တစ်ခုမှ နုတ်ထွက်လိုသော်လည်း ချက်ချင်း နုတ်ထွက်လိုက်လျှင် သို့မဟုတ် အလုပ်သစ်တစ်ခုကိုရှာနေလျှင် သင့်မိသားစု၏စားဝတ်နေရေးထိခိုက်နိုင်သည်ဟု ဆင်ခြင်မိကာ ခေတ္တသည်းခံစောင့်ဆိုင်းဖူးပါသလော။ ဘုရားသခင်၏နည်းလမ်းတော်များနှင့် အတွေးအခေါ်များသည် ကျွန်ုပ်တို့၏နည်းလမ်းနှင့်အတွေးအခေါ်များထက် သာလွန်မြင့်မားလှ၏။ (ဟေရှာယ ၅၅:၈၊ ၉) သို့တိုင် မယားအများယူခြင်းဓလေ့ကို ကိုယ်တော်အတန်ကြာခွင့်ပြုထားရသည့် လက်တွေ့ကျအကြောင်းရင်းအချို့ကို ကျွန်ုပ်တို့သိမြင်နိုင်ပါသည်။

ဧဒင်တွင် ယေဟောဝါသည် စာတန်ကိုအစတုံးချေမှုန်းမည့် “အမျိုးအနွယ်” အကြောင်း ကတိပြုခဲ့သည်ကို အမှတ်ရပါ။ အာဗြဟံသည် လူမျိုးကြီး၏ဖခင်ဖြစ်လာမည်၊ ကြိုဟောထားသောအမျိုးအနွယ်သည် သူ၏ဆွေစဉ်မျိုးဆက်မှ ပေါ်ထွန်းလာမည်ဟု နောက်ပိုင်းတွင် ဘုရားသခင်မိန့်တော်မူသည်။ (ကမ္ဘာဦး ၃:၁၅; ၂၂:၁၈) စာတန်သည် ထိုအမျိုးအနွယ်မပေါ်ထွန်းရန် တားဆီးဖို့ စိတ်ပိုင်းဖြတ်ထားသည်။ ထို့ကြောင့် ရှေးအစ္စရေးလူမျိုးကို ဖျက်ဆီးရန် သူကြိုးစားခဲ့သည်။ အစ္စရေးလူမျိုးကို ဘုရားသခင့်မျက်နှာသာနှင့်ကာကွယ်မှု ဆုံးရှုံးသွားစေရန် အပြစ်ကျူးလွန်ဖို့ မကြာခဏသွေးဆောင်ခဲ့သည်။

စာတန်၏တိုက်ခိုက်မှုများကို မိမိလူမျိုးတွန်းလှန်နိုင်ရန် ကူညီသည့်အနေဖြင့် ယေဟောဝါသည် ဖြောင့်မတ်သောစံနှုန်းများမှ သူတို့သွေဖည်စပြုသောအခါ ပရောဖက်များကို အထပ်ထပ်စေလွှတ်ကာ သတိပေးစေသည်။ သို့သော် မိမိလူမျိုးသည် ရုပ်ပုံမကိုးကွယ်ရဟူသည့်ပညတ်ကဲ့သို့သော အခြေခံအကျဆုံးပညတ်များကိုပင် နာခံဖို့ မကြာခဏပျက်ကွက်မည်ကို ကိုယ်တော်ကြိုသိတော်မူသည်။ (ထွက်မြောက်ရာ ၃၂:၉) အခြေခံကျသောထိုပညတ်ကိုနာခံဖို့ပင် ခက်ခဲနေမည်ဆိုလျှင် မယားအများယူခြင်းကိုတားမြစ်သောပညတ်ကို သူတို့မည်သို့လေးစားပါမည်နည်း။ လူ့သဘောသဘာဝကို ကောင်းစွာသိရှိသောကြောင့် ယေဟောဝါသည် ထိုခေတ်တွင် အခိုင်အမာအမြစ်စွဲလျက်ရှိသော ထိုဓလေ့ကိုတားမြစ်ရန် အချိန်မတန်သေးကြောင်း သိမြင်ခဲ့သည်။ ကိုယ်တော် ထိုသို့တားမြစ်ခဲ့လျှင် စာတန်သည် ထိုနည်းလမ်းကိုသုံး၍ အစ္စရေးလူတို့ကို အပြစ်ကျူးလွန်စေရန် အလွယ်တကူသွေးဆောင်နိုင်ပေလိမ့်မည်။

ဘုရားသခင်သည် မယားအများယူခြင်းဓလေ့ကို ခေတ္တသည်းခံခွင့်ပြုသည့်အတွက် နောက်ထပ်အကျိုးကျေးဇူးများ ပေါ်ထွက်လာသည်။ ယင်းက မိမိလူမျိုးကို အလျင်အမြန် လူဦးရေတိုးပွားစေသည်။ လူဦးရေများပြားခြင်းက မေရှိယပေါ်ထွန်းချိန်တိုင် မိမိလူမျိုးကို ဆက်၍တည်တံ့စေသည်။ ထို့ပြင် မယားအများယူခြင်းဓလေ့ကြောင့် အမျိုးသမီးအချို့သည် ခိုကိုးရာနေအိမ်နှင့်မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြရာ အန္တရာယ်ထူပြောသည့်ကာလတွင် သူတို့အတွက် အကာအကွယ်ရရှိစေနိုင်သည်။

သို့သော် ထိုဓလေ့ကို ယေဟောဝါအစပြုခဲ့ခြင်းမဟုတ်ကြောင်း စိတ်စွဲမှတ်ထားပါ။ ကိုယ်တော်သည် ယင်းဓလေ့ကို အချိန်အတိုင်းအတာတစ်ခုအထိ ခွင့်ပြုသော်လည်း ယင်းကိုအလွဲသုံးစားမပြုနိုင်ရန် ပညတ်များကို တင်းကျပ်စွာပြဋ္ဌာန်းခဲ့သည်။ (ထွက်မြောက်ရာ ၂၁:၁၀၊ ၁၁; တရားဟောရာ ၂၁:၁၅-၁၇) ယေဟောဝါသည် မိမိအားဝတ်ပြုသူများကြားတွင် ယင်းဓလေ့ကို လုံးဝတားမြစ်ဖို့ ဆုံးဖြတ်လိုက်သောအခါ ဧဒင်တွင်ချမှတ်ခဲ့သည့် အိမ်ထောင်ရေးဆိုင်ရာစံနှုန်းကို ထပ်မံအတည်ပြုရန် မိမိသားတော်ကို အသုံးပြုခဲ့သည်။ ယင်းကြောင့် ယေရှုသည် မိမိ၏နောက်လိုက်များကို မယားအများယူခြင်းမပြုရန် တားမြစ်ရခြင်းဖြစ်သည်။ (မာကု ၁၀:၈) မောရှေ၏ပညတ်သည် သူ့ခေတ်နှင့်သူ ကောင်းမွန်သော်လည်း “ခရစ်တော်၏တရား” သည် သာလွန်ကောင်းမွန်သည်ဟူသော အမှန်တရားမှာ ပို၍ပင်ရှင်းလင်းလာသည်။—ဂလာတိ ၆:၂