မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူသည် ဉာဏ်အမြော်အမြင်ရှိစွာ ပြုမူခဲ့

သူသည် ဉာဏ်အမြော်အမြင်ရှိစွာ ပြုမူခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

သူသည် ဉာဏ်အမြော်အမြင်ရှိစွာ ပြုမူခဲ့

လုလင်သည် အထိတ်တလန့်ဖြစ်နေကြောင်း အဘိဂဲလ မြင်တွေ့နေရသည်။ သူ ထိုသို့ထိတ်လန့်နေသည်မှာ ခိုင်လုံသောအကြောင်းရင်းရှိသည်။ အန္တရာယ်ဆိုးကြီး ကျရောက်တော့မည်။ အဘိဂဲလ၏ခင်ပွန်းဖြစ်သူ နာဗလ၏အိမ်ထောင်စုမှ ယောက်ျားအားလုံးကိုသတ်ဖို့ စိတ်ပိုင်းဖြတ်ထားသော စစ်သူရဲ ၄၀၀ ခန့်သည် ယခုပင် လမ်းတွင်လာနေပြီ။ အဘယ်ကြောင့်နည်း။

ပြဿနာအားလုံးသည် နာဗလထံမှစတင်ခဲ့ခြင်းဖြစ်၏။ သူသည် ထုံးစံအတိုင်း ရက်စက်မောက်မာစွာပြုမူခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ ရိုင်းပျစွာပြောဆိုလိုက်သူမှာ သာမန်ပုဂ္ဂိုလ်တစ်ဦးမဟုတ်။ စစ်ရည်ဝနေသော သစ္စာရှိစစ်သည်တစ်စု၏ ချစ်သောတပ်မှူးဖြစ်နေသည်။ ယခု၊ နာဗလ၏သိုးထိန်းဖြစ်နိုင်သော လုလင်တစ်ဦးက အဘိဂဲလသည် သူတို့ကိုကယ်တင်ဖို့ စီစဉ်နိုင်လိမ့်မည်ဟုယုံကြည်လျက် အဘိဂဲလထံရောက်လာသည်။ သို့သော် အမျိုးသမီးတစ်ဦးသည် လက်နက်ကိုင်လူစုတစ်စုကို မည်သို့ဆန့်ကျင်တွန်းလှန်နိုင်ပါမည်နည်း။

ဦးစွာ၊ ထူးခြားသောထိုအမျိုးသမီးအကြောင်း အနည်းငယ်ပို၍ လေ့လာကြည့်ကြစို့။ အဘိဂဲလကား မည်သူနည်း။ ထိုဘေးကျပ်နံကျပ်အခြေအနေ မည်သို့ပေါ်ပေါက်ခဲ့သနည်း။ သူ၏ယုံကြည်ခြင်းပုံသက်သေမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

“ဉာဏ်ကောင်း၍ အဆင်းလည်းလှ၏”

အဘိဂဲလနှင့်နာဗလတို့စုံတွဲသည် လုံးဝလိုက်ဖက်မညီပေ။ နာဗလသည် အဘိဂဲလထက်သာသော ကြင်ဖော်ကို ရရှိနိုင်တော့မည်မဟုတ်သလို အဘိဂဲလအနေဖြင့်လည်း နာဗလထက်ဆိုးသွမ်းသော လင်ယောက်ျားကို ရှာတွေ့နိုင်တော့မည်မဟုတ်ပါ။ နာဗလသည် ပိုက်ဆံချမ်းသာသောကြောင့် သူ့ကိုယ်သူ အလွန်အရေးပါအရာရောက်သူအဖြစ် သွေးနားထင်ရောက်နေသည်။ သို့သော် အခြားသူများက သူ့ကိုမည်သို့ရှုမြင်သနည်း။ ဤမျှအထင်အမြင်သေးဖွယ်စကားလုံးများဖြင့် ရစရာမရှိအောင် သမုတ်ခံရသည့်ပုဂ္ဂိုလ်မျိုး ကျမ်းစာတွင်ရှာတွေ့ရန် ခက်ခဲပေမည်။ သူ၏နာမည်သည် “ဉာဏ်အမြော်အမြင်မဲ့ခြင်း” သို့မဟုတ် “မိုက်မဲခြင်း” ဟူသောအဓိပ္ပာယ်ရှိ၏။ သူဖွားမြင်ချိန်တွင် မိဘများက ထိုအမည်ကိုပေးခဲ့ခြင်းလော သို့မဟုတ် သူ၏စရိုက်နှင့်လိုက်ဖက်သော ထိုနာမည်ဆိုးကို နောက်ပိုင်းမှ ပိုင်ဆိုင်ခဲ့ခြင်းလော။ မည်သို့ပင်ဖြစ်စေ သူသည် နာမည်နှင့်လိုက်အောင် မိုက်မဲသူဖြစ်၏။ ထို့ပြင် နာဗလသည် “ခက်ထန်သောသဘောရှိ၏။ ဆိုးသောအမှုကိုလည်း ပြုတတ်၏။” လူအများက ကြောက်ရွံ့၍မျက်မုန်းကျိုးနေသော၊ အနိုင်ကျင့်ဗိုလ်ကျတတ်သော ယစ်ထုတ်ကြီးလည်းဖြစ်၏။—၁ ဓမ္မရာဇဝင် ၂၅:၂၊ ၃၊ ၁၇၊ ၂၁၊ ၂၅

အဘိဂဲလမူကား နာဗလနှင့် လုံးဝကွာခြားသည်။ သူ့အမည်မှာ “ငါ့ဖခင်သည် မိမိကိုယ်မိမိဝမ်းမြောက်စေပြီ” ဟူသောအဓိပ္ပာယ်ရှိသည်။ ဖခင်တို့မည်သည် အလှပဂေးသမီးလေးတစ်ဦး ပိုင်ဆိုင်ရသည်ကို ဂုဏ်ယူတတ်သော်လည်း ပညာရှိဖခင်တို့မူကား စိတ်ထားလှသောသမီးအတွက် ပို၍ဂုဏ်ယူဝမ်းမြောက်တတ်၏။ အများအားဖြင့် အပြင်ပန်းရုပ်ရည်လှပသူသည် သတိပညာ၊ ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိ သို့မဟုတ် ယုံကြည်ခြင်းကဲ့သို့သော အရည်အသွေးများမွေးမြူဖို့လိုကြောင်း သိမြင်ရန် ပျက်ကွက်လေ့ရှိ၏။ အဘိဂဲလမူကား ထိုသို့မဟုတ်။ သူသည် “ဉာဏ်ကောင်း၍ အဆင်းလည်းလှ၏” ဟုကျမ်းစာကဆိုသည်။—၁ ဓမ္မရာဇဝင် ၂၅:၃

ထက်မြက်သောအမျိုးသမီးငယ်သည် ထိုအသုံးမကျသူနှင့် အဘယ်ကြောင့်လက်ထပ်ရကြောင်း ယနေ့ခေတ်ရှိလူအချို့ တွေးမိပေမည်။ ကျမ်းစာခေတ်တွင် အိမ်ထောင်များစွာသည် မိဘတို့၏စီစဉ်ပေးမှုကြောင့် လက်ထပ်ကြကြောင်း အမှတ်ရပါ။ ထိုသို့စီစဉ်ပေးခြင်းမဟုတ်လျှင်ပင် မိဘတို့၏ခွင့်ပြုချက်မှာ အလွန်အရေးပါဆဲဖြစ်၏။ အဘိဂဲလ၏မိဘများသည် နာဗလ၏စည်းစိမ်နှင့်ဂုဏ်ကို မက်မောသောကြောင့် သမီးဖြစ်သူကို နာဗလနှင့်အိမ်ထောင်ချပေးလိုက်ခြင်းလော။ သို့မဟုတ် ဆင်းရဲတွင်းမှ လွတ်မြောက်လိုသောကြောင့် မဖြစ်မနေပေးစားလိုက်ရခြင်းလော။ မည်သို့ပင်ဖြစ်စေ နာဗလ၏ငွေကြေးသည် သူ့ကို ခင်ပွန်းကောင်းတစ်ဦးမဖြစ်စေခဲ့ပါ။

ပညာရှိသောမိဘများသည် အိမ်ထောင်မင်္ဂလာကို ဂုဏ်တင်လေးစားရန် သားသမီးတို့အား သွန်သင်ပေးကြသည်။ သူတို့သည် သားသမီးများကို ငွေကြောင့် အိမ်ထောင်ပြုဖို့ တိုက်တွန်းမည်မဟုတ်သလို လူကြီးတာဝန်နှင့်ဝတ္တရားများကို မထမ်းဆောင်နိုင်သေးသည့် ငယ်ရွယ်စဉ်တွင် ချိန်းတွေ့ဖို့လည်း တွန်းအားပေးမည်မဟုတ်ပါ။ (၁ ကောရိန္သု ၇:၃၆) အဘိဂဲလအတွက်မူ ထိုအရာများကိုစဉ်းစားရန် အချိန်နှောင်းခဲ့လေပြီ။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ သူသည် နာဗလကိုလက်ထပ်ခဲ့ရပြီး ခက်ခဲသောအခြေအနေတွင် အကောင်းဆုံးလုပ်ဆောင်သွားမည်ဟု စိတ်ပိုင်းဖြတ်ထား၏။

“အကျွန်ုပ်တို့သခင်သည် သူတို့ကိုဆဲပါ၏”

နာဗလသည် အဘိဂဲလ၏အခြေအနေကို ပို၍ခက်ခဲဆိုးရွားစေရန် ဖန်တီးလိုက်ပြီ။ သူစော်ကားပြောဆိုလိုက်သူမှာ အခြားသူမဟုတ်၊ ဒါဝိဒ်ဖြစ်နေသည်။ ဒါဝိဒ်သည် ယေဟောဝါ၏သစ္စာရှိကျေးကျွန်၊ ပရောဖက်ရှမွေလ၏ဘိသိက်ပေးခြင်းခံခဲ့ရသူ၊ ရှောလု၏ဘုရင်အရိုက်အရာကိုဆက်ခံရန် ဘုရားသခင်ရွေးချယ်ထားသူဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၊ ၂၊ ၁၁-၁၃) ဒါဝိဒ်သည် မနာလိုစိတ်ရှိသော၊ လူသတ်ဖို့ဝန်မလေးသော ဘုရင်ရှောလုထံမှထွက်ပြေးကာ သူ၏သစ္စာရှိစစ်သည် ၆၀၀ နှင့်အတူ တောကန္တာရတွင် ပုန်းအောင်းနေရသည်။

နာဗလသည် မောနမြို့တွင်နေထိုင်သော်လည်း ကရမေလမြို့အနီးရှိ လယ်မြေများကိုပိုင်ဆိုင်ပြီး ထိုတွင်အလုပ်လုပ်ပုံရသည်။ * ထိုမြို့များအနီးတွင် စိမ်းလန်းသောကုန်းမြင့်ဒေသရှိသောကြောင့် နာဗလ၏သိုး ၃,၀၀၀ ကိုထိန်းကျောင်းရန် စားကျက်ကောင်းဖြစ်သည်။ သို့သော် ထိုနယ်မြေ၏ပတ်ပတ်လည်မှာ တောရိုင်းဒေသဖြစ်၏။ တောင်ဘက်တွင် ပါရန်တောကန္တာရကြီး တည်ရှိသည်။ အရှေ့ဘက်တွင် ဆားငန်ပင်လယ်သို့ဦးတည်ရာလမ်းကြောင်းရှိပြီး လျှိုမြောင်နှင့်ဥမင်လိုဏ်ဂူပေါများသော လွင်တီးခေါင်ဒေသများရှိသည်။ ထိုဒေသများတွင် ဒါဝိဒ်နှင့်သူ့လူတို့သည် အစားအစာအတွက် အမဲလိုက်ခြင်း၊ အခက်အခဲများစွာကိုခါးစည်းခံခြင်းဖြင့် အသက်ဆက်ရေးအတွက် ရုန်းကန်ခဲ့ရသည်မှာသေချာသည်။ သူတို့သည် သူဌေးကြီးနာဗလ၏ သိုးထိန်းလုလင်များနှင့် မကြာခဏဆုံတွေ့လေ့ရှိသည်။

အလုပ်ကြိုးစားသော ထိုစစ်သူရဲများသည် သိုးထိန်းများကို မည်သို့ပြုမူဆက်ဆံသနည်း။ သိုးများကို မကြာခဏခိုးယူရန် အလွယ်ကလေးဖြစ်သော်လည်း သူတို့ ထိုသို့မပြုခဲ့ပါ။ ယင်းအစား၊ နာဗလ၏သိုးအုပ်နှင့်သိုးထိန်းများကို ကာကွယ်စောင့်ရှောက်ပေးကြသည်။ (၁ ဓမ္မရာဇဝင် ၂၅:၁၅၊ ၁၆) သိုးနှင့်သိုးထိန်းတို့သည် အန္တရာယ်မျိုးစုံကြုံတွေ့နိုင်သည်။ ထိုအချိန်က သားရဲတိရစ္ဆာန်များ အလွန်ပေါသည်။ ထို့ပြင် အစ္စရေးနိုင်ငံ၏တောင်ပိုင်းနယ်စပ်နှင့်နီးသောကြောင့် တိုင်းတစ်ပါးမှ သူခိုးဓားပြများ၏ လုယက်တိုက်ခိုက်မှုကို မကြာခဏကြုံရတတ်သည်။ *

တောကန္တာရတွင် မိမိ၏လူတို့အတွက် အစားအစာရရှိရန်မှာ တာဝန်ကြီးတစ်ရပ်ဖြစ်၏။ ထို့ကြောင့် တစ်နေ့တွင် ဒါဝိဒ်သည် မိမိ၏လူဆယ်ဦးကို နာဗလထံစေလွှတ်၍ အကူအညီတောင်းစေသည်။ ဒါဝိဒ်သည် အချိန်အခါကောင်းကို ပညာသတိရှိရှိရွေးချယ်ခဲ့သည်။ ယင်းသည် သိုးမွေးညှပ်ပွဲခံချိန်ဖြစ်၍ စားသောက်ပွဲကြီးတည်ခင်းကာ အလျှံပယ်ကျွေးမွေးလေ့ရှိသော အခါသမယဖြစ်၏။ ယဉ်ယဉ်ကျေးကျေးပြောဆိုသုံးနှုန်းဖို့လည်း ဒါဝိဒ်သင်ပေးသည်။ နာဗလ၏အသက်အရွယ်ကို ထောက်ထား၍ မိမိကိုယ်ကို “ကိုယ်တော်၏သား ဒါဝိဒ်” ဟုပင် ရိုသေစွာသုံးနှုန်းခဲ့သည်။ နာဗလ မည်သို့တုံ့ပြန်သနည်း။—၁ ဓမ္မရာဇဝင် ၂၅:၅-၈

နာဗလ ဒေါသပေါက်ကွဲလေ၏။ ဆောင်းပါးအစတွင်ဖော်ပြထားသောလုလင်က အဘိဂဲလကို အကြောင်းစုံရှင်းပြရာတွင် “အကျွန်ုပ်တို့သခင်သည် သူတို့ကိုဆဲပါ၏” ဟူ၍ပြောသည်။ နှမြောတွန့်တိုသောနာဗလသည် သူ၏အဖိုးတန်လှသော ပေါင်မုန့်၊ ရေ၊ အမဲသားတို့ကို သူမသိသောလူတို့အား ပေးရမည်လောဟူ၍ အော်ကြီးဟစ်ကျယ်ပြောဆိုလေသည်။ သူသည် ဒါဝိဒ်ကို အရေးမပါသူ၊ သခင်ကိုပုန်ကန်သောကျွန်ဟု သရော်ခဲ့သည်။ သူ၏ရှုမြင်ပုံသည် ဒါဝိဒ်ကိုမုန်းတီးသော ရှောလု၏ရှုမြင်ပုံနှင့်ဆင်တူပေမည်။ ထိုသူနှစ်ဦးစလုံးသည် ယေဟောဝါနည်းတူ မရှုမြင်ပေ။ ဘုရားသခင်သည် ဒါဝိဒ်ကိုချစ်မြတ်နိုးပြီး ပုန်ကန်သောကျွန်အဖြစ်မဟုတ်ဘဲ အစ္စရေးတို့၏မင်းလောင်းအဖြစ် ရှုမြင်သည်။—၁ ဓမ္မရာဇဝင် ၂၅:၁၀၊ ၁၁၊ ၁၄

ဒါဝိဒ်၏လူတို့က အကြောင်းစုံကိုပြန်ပြောပြသောအခါ ဒါဝိဒ်၏ဒေါသဆူပွက်သွားသည်။ “လူတိုင်း မိမိဓားကိုခါး၌စည်းစေ” ဟုမိမိလူတို့ကိုဆိုလျက် သူကိုယ်တိုင်လည်း ဓားကိုစည်း၍ သူ၏လူ ၄၀၀ ကိုဦးဆောင်ကာ တိုက်ခိုက်ရန် ထွက်ခွာလာ၏။ နာဗလ၏အိမ်ထောင်စုမှ ယောက်ျားအပေါင်းကို သုတ်သင်ပစ်မည်ဟု သူကျိန်ဆိုသည်။ (၁ ဓမ္မရာဇဝင် ၂၅:၁၂၊ ၁၃၊ ၂၁၊ ၂၂) ဒါဝိဒ် ဒေါသထွက်မည်ဆိုလည်း ထွက်လောက်ပါသည်၊ သို့သော် သူ၏ဒေါသကိုထုတ်ဖော်သည့်နည်းမှာ မှား၏။ “လူတစ်ဦး၏အမျက်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေ” ဟုကျမ်းစာကဆိုသည်။ (ယာကုပ် ၁:၂၀) ယခု၊ အဘိဂဲလသည် သူ၏အိမ်သားများကို မည်သို့ကယ်တင်နိုင်မည်နည်း။

“သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း”

အဘိဂဲလသည် ထိုကြီးလေးသောအမှားကိုတည့်မတ်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိခဲ့ပြီ။ သူသည် ခင်ပွန်းနာဗလနှင့်မတူဘဲ နားထောင်ရန် အဆင်သင့်ရှိသည်။ လုလင်က နာဗလနှင့်ပတ်သက်၍ ‘သခင်သည် လူယုတ်မာဖြစ်သောကြောင့် အဘယ်သူမျှမပြောမလျှောက်ဝံ့ပါ’ ဟုဆိုသည်။ * (၁ ဓမ္မရာဇဝင် ၂၅:၁၇) နာဗလသည် မိမိကိုယ်ကိုအဟုတ်ကြီးမှတ်နေသောကြောင့် သူတစ်ပါး၏စကားကို အရေးတယူနားထောင်ခြင်းမရှိ။ ဤသို့သွေးနားထင်ရောက်ခြင်းမျိုးကို ယနေ့ခေတ်တွင် တွေ့မြင်နေကျဖြစ်၏။ အဘိဂဲလမူကား ထိုသို့မဟုတ်သည်ကို လုလင်သိရှိထားသောကြောင့် သူ့ထံချဉ်းကပ်၍ ပြဿနာကိုပြောပြရဲခြင်းဖြစ်သည်။

အဘိဂဲလသည် အလျင်အမြန်စဉ်းစား၍ သွက်လက်ဖျတ်လတ်စွာလုပ်ဆောင်သည်။ ဤမှတ်တမ်းတွင် သူနှင့်ပတ်သက်၍ “အလျင်အမြန်” ဟူသောစကားလုံးကို လေးကြိမ်အသုံးပြုထားကြောင်း တွေ့ရှိရသည်။ သူသည် ဒါဝိဒ်နှင့်သူ့လူများအတွက် ရက်ရောသောလက်ဆောင်ကို ပြင်ဆင်သည်။ ယင်းတွင် ပေါင်မုန့်၊ စပျစ်ရည်၊ သိုးသား၊ ပေါက်ပေါက်၊ စပျစ်သီးခြောက်၊ သင်္ဘောသဖန်းသီးပျဉ်တို့ပါဝင်သည်။ အဘိဂဲလသည် မိမိအိမ်တွင် အဘယ်အရာများရှိကြောင်း ကောင်းစွာသိထား၍ အိမ်မှုကိစ္စအဝဝကို လုံးဝတာဝန်ယူရသူဖြစ်သည်မှာ ရှင်းနေပါသည်။ နောက်ပိုင်း၌ ကျမ်းစာတွင်ပုံဖော်ထားသော အရည်အချင်းရှိဇနီးကောင်းနှင့် အလွန်တူသည်။ (သု. ၃၁:၁၀-၃၁) ထိုလက်ဆောင်များနှင့်အတူ ကျွန်အချို့ကို ရှေ့မှစေလွှတ်၍ သူ နောက်မှလိုက်လာသည်။ သို့သော် “လင်နာဗလကို အလျှင်းမပြော” ဟုကျွန်ုပ်တို့ဖတ်ရ၏။—၁ ဓမ္မရာဇဝင် ၂၅:၁၈၊ ၁၉

အဘိဂဲလသည် ခင်ပွန်း၏ဦးစီးပိုင်ခွင့်ကို အာခံဖီဆန်နေခြင်းလော။ လုံးဝမဟုတ်ပါ။ နာဗလသည် ယေဟောဝါ၏ဘိသိက်ခံကျေးကျွန်ကို ဆိုးရွားစွာပြုမူဆက်ဆံခဲ့ရာ ယင်းကြောင့် နာဗလ၏အပြစ်မဲ့အိမ်သားများစွာ အသတ်ခံရမည့်ပုံပေါ်နေသည်။ အဘိဂဲလသာ ဘာမျှမလုပ်ဆောင်ခဲ့လျှင် ခင်ပွန်း၏အပြစ်တွင် ကြံရာပါဖြစ်သွားနိုင်သည်မဟုတ်လော။ မည်သို့ပင်ဖြစ်စေ၊ သူသည် ခင်ပွန်းကိုလက်အောက်ခံခြင်းထက် ဘုရားသခင်အား လက်အောက်ခံခြင်းကို ပိုဦးစားပေးခဲ့သည်။

မကြာပါ၊ အဘိဂဲလသည် ဒါဝိဒ်နှင့်သူ့လူတို့ကို လမ်းတွင်ဆုံတွေ့လေသည်။ သူသည် မြည်းပေါ်မှ အလျင်အမြန်ဆင်း၍ ဒါဝိဒ်ရှေ့ နှိမ့်ချစွာဦးညွှတ်၏။ (၁ ဓမ္မရာဇဝင် ၂၅:၂၀၊ ၂၃) ထို့နောက် ကရုဏာပြပါရန် ခင်ပွန်းနှင့်အိမ်သားများကိုယ်စား အသနားခံလျက် သူ၏ရင်တွင်းခံစားချက်ကို ဖွင့်ဟလေသည်။ အဘယ်အရာက သူ၏ရင်ဖွင့်စကားကို ထိရောက်စေသနည်း။

သူသည် ပြဿနာအတွက် ခေါင်းခံလိုက်ပြီး သူ့ကိုခွင့်လွှတ်ပါရန် ဒါဝိဒ်ထံ အသနားခံသည်။ သူ့ခင်ပွန်းသည် နာမည်နှင့်လိုက်အောင် မိုက်မဲသူဖြစ်ကြောင်း အမှန်အတိုင်းဝန်ခံပြီး ထိုလူစားမျိုးကို အဖက်လုပ်၍ဆုံးမခြင်းက ဒါဝိဒ်၏ဂုဏ်သိက္ခာကိုကျဆင်းစေမည်ဟု အကြံပြုခြင်းဖြစ်နိုင်သည်။ ဒါဝိဒ်သည် ‘ယေဟောဝါဘက်မှာ စစ်တိုက်’ သည်ကို သူအသိအမှတ်ပြုလျက် ဒါဝိဒ်ကို ယေဟောဝါ၏ကိုယ်စားလှယ်အဖြစ် သူယုံကြည်စိတ်ချကြောင်း ဖော်ပြသည်။ ဒါဝိဒ်ကို ဘုရင်အရိုက်အရာပေးမည်ဟူသော ယေဟောဝါ၏ကတိတော်ကို သူသိရှိသည်ဟုလည်း ဖော်ပြသည်၊ အကြောင်းမှာ ယေဟောဝါသည် ဒါဝိဒ်အား ‘အစ္စရေးအမျိုးကိုအုပ်စိုးစေခြင်းငှာ ခန့်ထား’ သည်ဟု သူပြောဆိုသောကြောင့်ဖြစ်သည်။ ထို့ပြင် ဒါဝိဒ်အပေါ် သွေးပြစ်သင့်စေနိုင်သည့်အရာ သို့မဟုတ် နောက်ပိုင်းတွင် “စိတ်ညှိုးငယ်ခြင်း” ဖြစ်စေမည့်အရာ တစ်စုံတစ်ခုကိုမျှ မကျူးလွန်ပါရန် ဒါဝိဒ်ကိုတိုက်တွန်းသည်။ စိတ်ညှိုးငယ်ခြင်းဟူသည် ကိုယ်ကိုယ်ကိုယ်သိစိတ်ဒုက္ခပေးခြင်းကို ရည်ညွှန်းခြင်းဖြစ်နိုင်၏။ (၁ ဓမ္မရာဇဝင် ၂၅:၂၄-၃၁) အကြင်နာတရားပြည့်ဝပြီး စိတ်နှလုံးကိုထိမိစေသော စကားများပါတကား။

ဒါဝိဒ် မည်သို့တုံ့ပြန်သနည်း။ အဘိဂဲလ၏လက်ဆောင်ကိုလက်ခံပြီး ဤသို့ပြောသည်– ‘ယနေ့ ငါနှင့်တွေ့စေခြင်းငှာ သင့်ကိုစေလွှတ်တော်မူသော အစ္စရေးအမျိုး၏ဘုရားသခင်ယေဟောဝါသည် မင်္ဂလာရှိတော်မူစေသတည်း။ သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ ငါသည် လူအသက်ကိုသတ်အံ့သောငှာ မသွားရမည်အကြောင်း . . . ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။’ ဒါဝိဒ်သည် မိမိနှင့်တွေ့ဆုံနိုင်ရန် သတ္တိရှိရှိ၊ အလျင်အမြန်လုပ်ဆောင်ခဲ့သောအဘိဂဲလကို ချီးမွမ်းပြီး မိမိကိုသွေးပြစ်မသင့်စေရန် တားဆီးပေးသည်ဟု ဝန်ခံသည်။ ထို့နောက် အဘိဂဲလကို “သင်သည် နေရာအိမ်သို့ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ” ဟုနှိမ့်ချစွာဆိုလေသည်။—၁ ဓမ္မရာဇဝင် ၂၅:၃၂-၃၅

“ကျွန်မသည် . . . ကျွန်မိန်းမဖြစ်ပါစေ”

သူတို့လမ်းခွဲထွက်ခွာပြီးနောက် အဘိဂဲလသည် ထိုဆုံဆည်းမှုကို မတွေးဘဲနေနိုင်မည်မဟုတ်သလို သစ္စာရှိ၍ကြင်နာတတ်သောဒါဝိဒ်နှင့် ရက်စက်ကြမ်းတမ်းသောခင်ပွန်းနာဗလ၏ ကွာခြားချက်ကို သတိမထားမိဘဲနေမည်မဟုတ်ပေ။ သို့သော် သူသည် ထိုအတွေးရေလျဉ်ကြောတွင် မျောမနေခဲ့ပါ။ “အဘိဂဲလသည်လည်း နာဗလထံသို့ပြန်သွား” သည်ဟု ကျွန်ုပ်တို့ဖတ်ရသည်။ နာဗလ၏ဇနီးအဖြစ် မိမိ၏တာဝန်ကို အတတ်နိုင်ဆုံးကျေပွန်စေမည်ဟု စိတ်ပိုင်းဖြတ်လျက် ခင်ပွန်းရှိရာသို့ပြန်လာသည်။ ဒါဝိဒ်နှင့်သူ့လူများကို လက်ဆောင်ပေးလိုက်သည့်အကြောင်း သူပြောပြရဦးမည်။ ယင်းကို သူ့ခင်ပွန်း သိပိုင်ခွင့်ရှိသည်။ သီသီလေးကပ်လွဲသွားသော အန္တရာယ်အကြောင်းကိုလည်း ပြောပြရဦးမည်။ ထိုသတင်းကို မိမိထံမှမဟုတ်ဘဲ အခြားသူထံမှတစ်ဆင့် ပေါက်ကြားသွားလျှင် နာဗလ ပို၍အရှက်ကွဲသွားပေမည်။ သို့သော် ယခုပြော၍မဖြစ်သေး။ နာဗလသည် ရှင်ဘုရင်တစ်ပါးကဲ့သို့ ပွဲခံ၍သောက်စားမူးယစ်နေသည်။—၁ ဓမ္မရာဇဝင် ၂၅:၃၆

အဘိဂဲလသည် နာဗလအမူးပြေချိန်ဖြစ်သော နောက်တစ်နေ့နံနက်အထိ ရဲစွမ်းသတ္တိနှင့်ဉာဏ်အမြော်အမြင်ရှိရှိ စောင့်ဆိုင်းခဲ့သည်။ အမူးပြေပြီဖြစ်သောနာဗလသည် သူ၏ပြောဆိုချက်ကို နားလည်မည်ဖြစ်သော်လည်း ဒေါသပေါက်ကွဲမည့်အန္တရာယ်က ရှိနေသေးသည်။ သို့တိုင် သူသည် နာဗလထံသွား၍ အကြောင်းစုံကိုပြောပြလိုက်သည်။ နာဗလ ဒေါသပေါက်ကွဲပြီး ဝုန်းဒိုင်းကြဲမည်ဟုပင် သူမျှော်လင့်ထားသည်မှာသေချာသည်။ သို့သော် နာဗလသည် ထိုင်နေရာမှ တုတ်တုတ်ပင်မလှုပ်နိုင်တော့ပါ။—၁ ဓမ္မရာဇဝင် ၂၅:၃၇

နာဗလ ဘာဖြစ်သွားသနည်း။ “သူသည် နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။” လေဖြတ်ရောဂါတစ်မျိုးကို သူခံစားရခြင်းဖြစ်နိုင်သည်။ ဆယ်ရက်အကြာတွင် သူသေဆုံးသွားသည်။ ရောဂါကြောင့် သေဆုံးခြင်းမဟုတ်။ ‘ယေဟောဝါသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။’ (၁ ဓမ္မရာဇဝင် ၂၅:၃၈) ထိုတရားမျှတသည့်ဒဏ်ခတ်မှုကြောင့် အဘိဂဲလ၏ မလှပသောအိမ်ထောင်ရေး ဇာတ်သိမ်းသွားလေပြီ။ ယနေ့၊ ယေဟောဝါသည် အံ့ဖွယ်နည်းဖြင့်ဒဏ်ခတ်ကာ ကြားဝင်ဆောင်ရွက်ပေးတော့မည်မဟုတ်သော်လည်း အိမ်တွင်းအနိုင်ကျင့်အကြမ်းဖက်မှုမှန်သမျှကို ကိုယ်တော်သတိမပြုဘဲမနေကြောင်း ယင်းမှတ်တမ်းက အမှတ်ရစေသည်။ အချိန်တန်သော် ကိုယ်တော်သည် အမြဲပင် တရားမျှတစွာစီရင်ပေးတော်မူမည်။

အဘိဂဲလသည် မလှပသောအိမ်ထောင်ရေးမှ လွတ်မြောက်သွားသည့်အပြင် နောက်ထပ်ကောင်းချီးများ ရရှိပေဦးမည်။ နာဗလသေဆုံးကြောင်း ဒါဝိဒ်ကြားသော် မိမိလူတို့ကိုစေလွှတ်၍ အဘိဂဲလထံ လက်ထပ်ခွင့်ပန်လေသည်။ ထိုအခါ အဘိဂဲလက “ကျွန်မသည် ကျွန်မသခင်၏ကျွန်တို့ခြေကိုဆေးသော ကျွန်မိန်းမဖြစ်ပါစေ” ဟုတုံ့ပြန်လေ၏။ ဒါဝိဒ်၏ဇနီးလောင်းတစ်ဦးအနေဖြင့် သူဘဝင်မြင့်မသွားသည်မှာ သေချာသည်။ ဒါဝိဒ်၏ကျွန်တို့ကိုခြေဆေးပေးသော ကျွန်မိန်းမဖြစ်ပါစေဟုပင် တောင်းဆိုခဲ့သည်။ ထို့နောက် အဘိဂဲလ၏စိတ်မြန်လက်မြန်ရှိမှုကို ကျွန်ုပ်တို့ဖတ်ရပြန်သည်၊ သူသည် အလျင်အမြန်ထ၍ ဒါဝိဒ်ထံသွားလေ၏။—၁ ဓမ္မရာဇဝင် ၂၅:၃၉-၄၂

ယင်းသည် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းခန်းမဟုတ်ချေ၊ ဒါဝိဒ်နှင့်လက်တွဲခဲ့သော အဘိဂဲလ၏ဘဝသည် အမြဲပင် ပန်းခင်းလမ်းဖြစ်မည်တော့မဟုတ်ပါ။ ဒါဝိဒ်သည် အဟိနောင်နှင့်လက်ထပ်ပြီးသားဖြစ်သည်၊ မယားအများယူခြင်းဓလေ့ကြောင့် ထိုခေတ်မှ သစ္စာရှိအမျိုးသမီးတို့သည် အခက်အခဲများကြုံတွေ့ခဲ့သည်မှာသေချာသည်။ * ထို့ပြင် ဒါဝိဒ်သည် ဘုရင်,မဖြစ်သေးသောကြောင့် ဘုရင်အဖြစ် ယေဟောဝါ၏အမှုတော်မဆောင်မီတွင် အဟန့်အတားနှင့်အခက်အခဲများစွာ ရှိခဲ့ပေမည်။ အဘိဂဲလသည် ဒါဝိဒ်၏ဘဝခရီးတစ်လျှောက် ကူညီထောက်မပေးပြီး ဒါဝိဒ်အတွက် သားတစ်ဦးမွေးဖွားပေးသည်။ မိမိကိုတန်ဖိုးထားပြီးကာကွယ်ပေးသော လင်ယောက်ျားကို ပိုင်ဆိုင်ထားကြောင်း သူသိရှိခဲ့ပြီ။ တစ်ကြိမ်တွင် ဒါဝိဒ်သည် အဘိဂဲလကို ပြန်ပေးဆွဲသူများလက်မှပင် ကယ်တင်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၃၀:၁-၁၉) သို့ဖြင့် ဉာဏ်အမြော်အမြင်ရှိသော၊ ရဲစွမ်းသတ္တိရှိသော၊ သစ္စာရှိသောအမျိုးသမီးများကို ချစ်မြတ်နိုး၍တန်ဖိုးထားသည့် ယေဟောဝါဘုရားသခင်အား ဒါဝိဒ်တုပခဲ့လေသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 13 ယင်းသည် မြောက်ဘက်ရှိ လူသိများသောကရမေလတောင် မဟုတ်ပါ၊ တောင်ဘက်ရှိ ပါရန်တောကန္တာရ၏အထက်ပိုင်း၊ နယ်စွန်တွင်တည်ရှိသောမြို့ဖြစ်သည်။

^ အပိုဒ်၊ 14 ထိုဒေသရှိမြေပိုင်ရှင်များနှင့် သူတို့၏တိရစ္ဆာန်အုပ်များကို ကာကွယ်ခြင်းသည် ယေဟောဝါဘုရားသခင်၏ အမှုတော်ဆောင်ခြင်းဖြစ်သည်ဟု ဒါဝိဒ်ခံစားရဟန်တူသည်။ ထိုစဉ်က ယေဟောဝါ၏ရည်ရွယ်ချက်မှာ ယင်းနယ်မြေတွင် အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ သားစဉ်မြေးဆက်များနေထိုင်ရန်ဖြစ်၏။ ထို့ကြောင့် တိုင်းတစ်ပါးသားဝင်ရောက်ကျူးကျော်သူတို့၏ရန်မှ ထိုနယ်မြေကိုကာကွယ်ခြင်းသည် မြင့်မြတ်သောအမှုတော်ဆောင်ခြင်းတစ်ရပ်ဖြစ်၏။

^ အပိုဒ်၊ 19 လုလင်၏ စကားအသုံးအနှုန်းသည် “ဗေလျာလ(အသုံးမကျသောသူ)၏သား” ဟူသောအဓိပ္ပာယ်ရှိသည်။ အခြားဘာသာပြန်ကျမ်းများ၌ ထိုဝါကျတွင် နာဗလကို “မည်သူ့စကားကိုမျှ နားမထောင်သူ၊” “ပြော၍ဆို၍မကောင်းသူ” အဖြစ် ပုံဖော်ထားသည်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အဘိဂဲလသည် သူ့ခင်ပွန်းနှင့်မတူဘဲ ကောင်းစွာနားထောင်ပေးသူဖြစ်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အဘိဂဲလသည် ဒါဝိဒ်နှင့်စကားပြောဆိုရာတွင် နှိမ့်ချစွာ၊ ရဲစွမ်းသတ္တိရှိစွာ၊ ဉာဏ် အမြော်အမြင်ရှိစွာ ပြောဆိုခဲ့