မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် ညီရင်းအစ်ကိုမေတ္တာ ထားရန် သွန်သင်ပေး

ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် ညီရင်းအစ်ကိုမေတ္တာ ထားရန် သွန်သင်ပေး

“ချစ်ခြင်းမေတ္တာ မရှိသောသူသည် ဘုရားသခင်ကို မသိချေ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” ဟု ကျမ်းစာ ဖော်ပြသည်။ (၁ ယောဟန် ၄:၈ကက်သလစ်ကျမ်းစာတော်မြတ်) ထို့ကြောင့် ကျမ်းစာစံနှုန်းများနှင့် ညီညွတ်သော ခရစ်ယာန်ဘာသာသည် ညီရင်းအစ်ကိုမေတ္တာ ထားကြရန် သွန်သင်ပေးသင့်သည်။

ဘာသာတရားများစွာသည် ဖျားနာသူများ၊ သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများကို ကြည့်ရှုစောင့်ရှောက်ရာတွင် ချီးမွမ်းဖွယ်ကောင်းလောက်အောင် လုပ်ဆောင်နေကြသည်။ သူတို့သည် တမန်တော်ယောဟန်၏ အောက်ပါအကြံဉာဏ်ကို လိုက်နာရန် အသင်းသားများကို အားပေး၏– ‘လောကစည်းစိမ်ဥစ္စာ ကြွယ်ဝသူ ဖြစ်ပါလျက် မိမိ၏ညီအစ်ကို တစ်စုံတစ်ယောက် ချို့တဲ့မှုကို မြင်သောအခါ ကရုဏာစိတ် မရှိသူတွင် အဘယ်သို့လျှင် ဘုရားသခင်၏ မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။ သားသမီးတို့၊ ငါတို့၏မေတ္တာသည် နှုတ်ဖျား၌သာတည်သော မေတ္တာ မဖြစ်သင့်။ လက်တွေ့အားဖြင့် ဖော်ပြထားသော မေတ္တာစစ်မေတ္တာမှန် ဖြစ်ရမည်။’—၁ ယောဟန် ၃:၁၇၊ ၁၈ခမ။

သို့ဆိုလျှင် တိုင်းနိုင်ငံများ စစ်တိုက်ကြသည်ကို မည်သို့ ဆိုမည်နည်း။ “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ဘုရားသခင်၏ ပညတ်ကို အေးချမ်းငြိမ်သက်ချိန်တွင်သာ လိုက်နာပြီး နိုင်ငံရေးသမားတစ်ဦး သို့မဟုတ် ဘုရင်တစ်ပါးက အိမ်နီးချင်းနိုင်ငံကို တိုက်ခိုက်ရန် ဆုံးဖြတ်ချိန်တွင် မလိုက်နာဘဲ နေသင့်သလော။—မဿဲ ၂၂:၃၉

“သင်တို့အချင်းချင်း ချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များ ဖြစ်ကြောင်းကို သိကြလိမ့်မည်” ဟု ယေရှု မိန့်ဆိုသည်။ (ယောဟန် ၁၃:၃၅ခမ) အောက်ပါမေးခွန်းများကို ဖြေဆိုစဉ် သင့်ကိုယ်သင် ဤသို့မေးပါ– ‘ဤဘာသာ၏ အသင်းသားများသည် အချိန်အခါတိုင်းတွင် လူခပ်သိမ်းကို အပြောသက်သက် မဟုတ်ဘဲ လုပ်ရပ်များဖြင့် မေတ္တာပြပါသလော။’

အကြောင်းအရာ– စစ်ပွဲ။

သမ္မာကျမ်းစာ သွန်သင်ရာ– ယေရှုသည် မိမိတပည့်များကို ဤသို့မိန့်မှာသည်– “သင်တို့အား ငါဆိုသည်မှာ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို နှိပ်စက်ညှဉ်းဆဲသောသူတို့အား မေတ္တာပို့ကြလော့။”—မဿဲ ၅:၄၄ကက်သလစ်ကျမ်းစာတော်မြတ်။

ယေရှုကို ဖမ်းဆီးရန် စစ်သားများ ရောက်လာချိန်တွင် တမန်တော်ပေတရုသည် ဓားကိုဆွဲ၍ ကိုယ်တော်ကို ကာကွယ်လေ၏။ သို့သော် ယေရှုက “သင်၏ဓားကို ဓားအိမ်သို့ ပြန်သွင်းလော့။ ဓားကိုစွဲကိုင်သူသည် ဓားအားဖြင့် သေကြေပျက်စီးရလိမ့်မည်” ဟုမိန့်ဆိုသည်။—မဿဲ ၂၆:၅၂ခမ။

တမန်တော်ယောဟန် ဤသို့ရေးခဲ့သည်– ‘ဤနည်းအားဖြင့် ဘုရားသခင်၏ သားသမီးများနှင့် စာတန်၏ သားသမီး ကွာခြားပုံကို သိရ၏။ အမှန်တရားကို မကျင့်သုံးသူ၊ ညီအစ်ကိုကို မချစ်သူသည် ဘုရားသခင်၏ သားသမီး မဟုတ်။ ငါတို့သည် အချင်းချင်း ချစ်ရကြမည်ဟူသော တရားတော်ကို ရှေးမဆွကပင်လျှင် သင်တို့ ကြားနာခဲ့ရကြ၏။ စာတန်၏ ဘက်သားဖြစ်၍ မိမိ၏ညီ အာဗေလကို သတ်သူ ကာဣနကဲ့သို့ ငါတို့ မဖြစ်စေကြနှင့်။’—၁ ယောဟန် ၃:၁၀-၁၂ခမ။

မေးခွန်း– ဤဘာသာသည် ၎င်း၏အသင်းသားများကို စစ်ပွဲတွင် ပါဝင်ရန် အားပေးသလော။

အကြောင်းအရာ– နိုင်ငံရေး။

သမ္မာကျမ်းစာ သွန်သင်ရာ– အံ့ဖွယ်အမှုများကို ယေရှု လုပ်ဆောင်နိုင်စွမ်းရှိကြောင်း မြင်တွေ့ပြီးနောက် အချို့က ကိုယ်တော်အား ထိုဒေသ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်စေလိုကြသည်။ ကိုယ်တော် မည်သို့ တုံ့ပြန်သနည်း။ “ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ လာ၍ အနိုင်အထက် ပြုကြမည်အကြောင်းကို ယေရှုသည် သိတော်မူလျှင် တောင်ပေါ်သို့ တစ်ယောက်တည်း ကြွတော်မူပြန်၏။”—ယောဟန် ၆:၁၅သမ္မာကျမ်း။

ယေရှုသည် အဖမ်းခံရပြီး နိုင်ငံရေး သွေးထိုးလှုံ့ဆော်သူအဖြစ် မတရားစွပ်စွဲခံရချိန်တွင် ဤသို့တုံ့ပြန်၏– “ငါ့နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်။ အကယ်၍ ငါ့နိုင်ငံသည် ဤလောကနှင့်သက်ဆိုင်ပါမူ ငါသည် ယုဒအမျိုးသားတို့လက်သို့ မရောက်ရအောင် ငါ၏တပည့်တို့သည် တိုက်ခိုက်ကြမည်။ အမှန်စင်စစ် ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်။”—ယောဟန် ၁၈:၃၆ခမ။

ယေရှုသည် တပည့်များနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းသောအခါ ဤသို့ဆို၏– “ကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်ကို သူတို့အား ပေးခဲ့ပါပြီ။ ကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြသောကြောင့် ဤလောကသည် သူတို့ကို မုန်းတီးပါ၏။”—ယောဟန် ၁၇:၁၄ကက်သလစ်ကျမ်းစာတော်မြတ်။

မေးခွန်း– ဤဘာသာသည် ယေရှု၏ပုံနမူနာကို လိုက်လျှောက်ကာ နိုင်ငံရေးတွင် ပါဝင်ခြင်းကို ရှောင်ကြဉ်ပါသလော။ ယင်းကြောင့် နိုင်ငံရေးသမားအချို့၏ မုန်းတီးခြင်းခံရမည်ဆိုလျှင်ပင် နိုင်ငံရေးနှင့်မပတ်သက်ရန် ၎င်း၏အသင်းသားများကို သွန်သင်ပါသလော။

အကြောင်းအရာ– ဘက်လိုက်ခြင်း။

သမ္မာကျမ်းစာ သွန်သင်ရာ– အရေဖျားမလှီးသော ဂျူးမဟုတ်သူများ ခရစ်ယာန်ဖြစ်လာသည့် ဦးဆုံးဖြစ်ရပ်တွင် တမန်တော်ပေတရု ဤသို့ပြောသည်– “ဘုရားသခင်သည် မျက်နှာမလိုက် . . . ။ လူမျိုးတိုင်းတွင် မည်သူမဆို ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ၍ ဖြောင့်မှန်သောအရာကို လိုက်နာကျင့်ကြံသောသူသည် ကိုယ်တော် နှစ်သက်လက်ခံဖွယ် ဖြစ်၏။”—တမန်တော် ၁၀:၃၄၊ ၃၅ကက်သလစ်ကျမ်းစာတော်မြတ်။

ပထမရာစုမှ ခရစ်ယာန်များကို ယာကုပ် ဤသို့ရေးခဲ့သည်– “ငါ့ညီအစ်ကိုတို့၊ သင်တို့သည် ငါတို့၏ . . . သခင်ယေရှုခရစ်ကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြသည့်အလျောက် လူတို့အား မျက်နှာကြီးငယ်လိုက်၍ မဆက်ဆံကြနှင့်။ အကယ်၍ သင်တို့စည်းဝေးရာသို့ ဝင်လာသော လူနှစ်ယောက်အနက် လူတစ်ယောက်က ရွှေလက်စွပ်နှင့် ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထား၍ အခြားတစ်ယောက်ကမူ ဆင်းရဲနွမ်းပါးသူ ဖြစ်သဖြင့် စုတ်ပြတ်သော အဝတ်ကို ဝတ်ဆင်ထားသည်ဆိုအံ့။ သင်တို့သည် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူအား အရေးပေးလျက် ‘ဤနေရာတွင် ထိုင်ပါ’ ဟူ၍လည်းကောင်း၊ ဆင်းရဲသူအား ‘ထိုနေရာတွင် ရပ်နေလော့’ ဟူ၍လည်းကောင်း ဆိုပါမူ အချင်းချင်း လူတန်းစားခွဲခြား၍ မကောင်းသောအကြံအစည်နှင့် အကဲဖြတ်ရာရောက်သည် မဟုတ်ပါလော။”—ယာကုပ် ၂:၁-၄ခမ။

မေးခွန်း– ဤဘာသာသည် ဘုရားသခင်ရှေ့တွင် လူခပ်သိမ်း တန်းတူဖြစ်ကြောင်း၊ လူမျိုးရေး သို့မဟုတ် စီးပွားရေး အခြေအနေကြောင့် အခြားသူတို့ကို နှိမ်၍ မဆက်ဆံသင့်ကြောင်း အသင်းသားများအား သွန်သင်ပါသလော။

လူတို့ကို စိတ်ဝမ်းကွဲစေသော နိုင်ငံရေး၊ လူမျိုးရေးနှင့် စီးပွားရေး အတားအဆီးများကို အောင်မြင်ကျော်လွှားရန် မည်သည့်ဘာသာက ၎င်း၏အသင်းသားများအား သွန်သင်ပေးသနည်း