မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသားထု၏ အနာဂတ်အကြောင်း

လူသားထု၏ အနာဂတ်အကြောင်း

ယေရှုထံမှ ကျွန်ုပ်တို့ သင်ယူရရှိရာ

လူသားထု၏ အနာဂတ်အကြောင်း

ကောင်းကင်အသက်တာ ရမည့်သူများ ရှိမည်ဟု ယေရှု ကတိပေးခဲ့သလော

ပေးခဲ့ပါသည်။ ယေရှုကိုယ်တိုင် ရှင်ပြန်ထမြောက်လာပြီးနောက် ခမည်းတော်ရှိရာ ကောင်းကင်သို့ တက်ကြွသွားတော်မူသည်။ သို့သော် မိမိ၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း မတိုင်မီတွင် ကိုယ်တော်က “ငါ့အဖ၏ အိမ်တော်၌ နေစရာ အခန်းများစွာ ရှိ၏။ . . . သင်တို့နေစရာအရပ်ကို ပြင်ဆင်ရန် ငါသွားရမည်” ဟု သစ္စာရှိတမန်တော် ၁၁ ပါးကို မိန့်မှာခဲ့သည်။ (ယောဟန် ၁၄:၂) သို့သော် ကောင်းကင်အသက်တာ ရမည့်သူများမှာ အရေအတွက် အနည်းငယ်သာ ဖြစ်မည်။ ယေရှုက “သိုးစုငယ်၊ မကြောက်ကြနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် သင်တို့အား [ကောင်းကင်] နိုင်ငံတော်ကို ပေးရန် အလိုရှိတော်မူ၏” ဟူ၍ တပည့်များကို မိန့်ဆိုစဉ် ထိုအချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။—လုကာ ၁၂:၃၂

“သိုးစုငယ်” သည် ကောင်းကင်တွင် အဘယ်အရာ လုပ်ဆောင်မည်နည်း

ဘုရားသခင်သည် ထိုအုပ်စုငယ်ကို ယေရှုနှင့်အတူ ကောင်းကင်မှ အုပ်ချုပ်မည့်သူများအဝင် ဖြစ်စေလိုသည်။ ကျွန်ုပ်တို့ မည်သို့ သိရသနည်း။ ရှင်ပြန်ထမြောက်ပြီးနောက်တွင် ယေရှုက သစ္စာရှိသူအချို့သည် “ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုး” မည်ဖြစ်ကြောင်း တမန်တော်ယောဟန်အား ဖော်ပြခဲ့သည်။ (ဗျာ. ၁:၁။ ၅:၉၊ ၁၀) ယင်းသည် သတင်းကောင်းဖြစ်၏။ လူသားတို့ အလိုအပ်ဆုံးအရာတစ်ခုမှာ ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်သည်။ ယေရှု အုပ်ချုပ်မည့် ထိုအစိုးရသည် အဘယ်အရာ ဆောင်ကြဉ်းပေးမည်နည်း။ ယေရှုက ‘အသစ်ပြုပြင်ရာကာလ၌ လူသားသည် [စံမြန်းရာနေရာတွင်] ထိုင်တော်မူသောအခါ ငါ့နောက်လိုက်ကြသော သင်တို့သည်လည်း [စံမြန်းရာနေရာ] တစ်ဆယ့်နှစ်ခုပေါ်ထိုင် . . . ကြလိမ့်မည်’ ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၁၉:၂၈) ယေရှုနှင့် ကိုယ်တော့်နောက်လိုက်များ၏ အုပ်ချုပ်မှုသည် ပထမလူသားမောင်နှံနှစ်ဦး အပြစ်မကျူးလွန်မီတွင် မြေကြီးပေါ်၌ ခံစားခဲ့ရသည့် စုံလင်သော အခြေအနေမျိုး ပြန်ရစေရန် “အသစ်ပြုပြင်” မည် သို့မဟုတ် အသစ်တစ်ဖန် ပြုလုပ်ပေးမည်ဖြစ်သည်။

ယေရှုသည် ကျန်လူသားထုအတွက် အဘယ်မျှော်လင့်ချက် ပေးခဲ့သနည်း

လူသားတို့သည် ကမ္ဘာမြေပေါ် အသက်ရှင်နေထိုင်ရန် ဖန်ဆင်းခံရသော်လည်း ယေရှုမူ ကောင်းကင်တွင် နေထိုင်ရန် ဖန်ဆင်းခံခဲ့ရသည်။ (ဆာလံ ၁၁၅:၁၆) ထို့ကြောင့် ယေရှုက “သင်တို့သည် အောက်ဘုံမှ ဖြစ်ကြ၏။ ငါမူကား အထက်ဘုံမှ ဖြစ်၏” ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။ (ယောဟန် ၈:၂၃) ယေရှုသည် ကမ္ဘာမြေပေါ်နေထိုင်မည့် လူသားထုအတွက် အလွန်ကောင်းမွန်သော အနာဂတ်ရှိမည်ဟု မိန့်ဆိုခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်တော်က “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်” ဟုဆိုခဲ့သည်။ (မဿဲ ၅:၅) ကိုယ်တော်သည် စွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးထားသည့် ဆာလံကျမ်းပါ ဤစကားများကို ရည်ညွှန်းနေခြင်းဖြစ်သည်– “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ]ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ၂၉

ထို့ကြောင့် ကောင်းကင်အသက်တာရမည့် “သိုးစုငယ်” များသာ ထာဝရအသက် ရရှိမည် မဟုတ်ပါ။ ယေရှုက လူသားထုတစ်ရပ်လုံးအတွက်လည်း မျှော်လင့်ချက်ရှိကြောင်း မိန့်ဆိုခဲ့သည်။ “ဘုရားသခင်၏ သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏” ဟု ကိုယ်တော် ဆိုခဲ့သည်။—ယောဟန် ၃:၁၆

ဘုရားသခင်သည် လူသားတို့ ခံစားနေရသော ဆင်းရဲခက်ခဲမှုကို မည်သို့ ဖယ်ရှားမည်နည်း

ယေရှုက “ဤလောကသည် ယခုပင် တရားစီရင်ခြင်းကို ခံနေရ၏။ ဤလောကကို အစိုးရသော မင်းသည်လည်း ယခုပင် ပြင်သို့ နှင်ထုတ်ခြင်း ခံရလိမ့်မည်” ဟုမိန့်ဆိုကာ ဖိနှိပ်မှုဖြစ်စေသော အရာနှစ်ခုမှ လူတို့လွတ်မြောက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (ယောဟန် ၁၂:၃၁) ပထမ၊ ဆင်းရဲခက်ခဲမှုဖြစ်ပေါ်စေသော တရားမဲ့သည့် လူသားများသည် တရားစီရင်ခံရကာ ဖျက်ဆီးခံရလိမ့်မည်။ ဒုတိယ၊ စာတန်သည် ပြင်သို့နှင်ထုတ်ခြင်း ခံရမည်ဖြစ်ပြီး လူသားတို့ကို နောက်တစ်ဖန် လမ်းလွဲစေနိုင်တော့မည် မဟုတ်ပါ။

ဘုရားသခင်နှင့် ခရစ်တော်အကြောင်း လေ့လာသိရှိခွင့်၊ သူတို့နှစ်ဦးကို ယုံကြည်ကြောင်း တင်ပြခွင့် မရလိုက်ဘဲ သေဆုံးသွားကြသူများအတွက်ကော အဘယ် မျှော်လင့်ချက် ရှိသနည်း။ ယေရှုသည် မိမိဘေးတွင် သစ်တိုင်တင်ခံရသော လူဆိုးတစ်ဦးကို “သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” ဟု မိန့်တော်မူသည်။ (လုကာ ၂၃:၄၃) ထိုသူကို ကမ္ဘာ့ပရဒိသုတွင် ယေရှု ရှင်ပြန်ထမြောက်စေသောအခါ သူသည် အခြားလူသန်းပေါင်းများစွာနှင့်အတူ ဘုရားသခင်အကြောင်း သင်ယူခွင့် ရပါလိမ့်မည်။ ထိုအခါ သူသည် မြေကြီးပေါ်တွင် ထာဝရအသက်ရရှိမည့် စိတ်နှိမ့်ချသော၊ ဖြောင့်မတ်သော လူများအဝင် ဖြစ်ခွင့်ရပါလိမ့်မည်။—တမန်တော် ၂၄:၁၅

ပိုမိုသိလိုပါက သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ် အခန်း ၃ နှင့် တွင် ကြည့်ပါ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

‘ဖြောင့်မတ်သောသူတို့သည် မြေကြီးကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။’—ဆာလံ ၃၇:၂၉