မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂါလိလဲအိုင်မှ ငါးဖမ်းလုပ်ငန်း

ဂါလိလဲအိုင်မှ ငါးဖမ်းလုပ်ငန်း

ဂါလိလဲအိုင်မှ ငါးဖမ်းလုပ်ငန်း

ပထမရာစုတွင် ဂါလိလဲအိုင်၌ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူတစ်ဦး၏ ဘ၀ပုံစံမှာ မည်သို့ရှိသနည်း။ ယင်း၏အဖြေသည် ရှေ့ဆောင်းပါးတွင် သုံးသပ်ခဲ့ရာကဲ့သို့သော ခရစ်ဝင်ကျမ်းမှတ်တမ်းများကို နားလည်ရန် အထောက်အကူပြုသည်။

ဂါလိလဲအိုင်သည် ရေချိုအိုင်ဖြစ်ပြီး အကျယ် ၈ မိုင်၊ အရှည် ၁၃ မိုင်ရှိသည်။ တံငါသည်များသည် ယင်းအိုင်မှ ငါးများကိုဖမ်းကာ စီးပွားရှာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ ဂျေရုဆလင်မြို့ရှိ ငါးတံခါးသည် ငါးစျေးတည်ရှိရာနေရာဖြစ်ကြောင်း ထင်ရှားသည်။ (နေဟမိ ၃:၃) ဂါလိလဲအိုင်မှဖမ်းမိသော ငါးများကို ထိုနေရာတွင် ရောင်းချကြသည်။

တမန်တော်ပေတရုသည် ဂါလိလဲအိုင်အနီးရှိ ဘက်ဆိုင်းဒါမြို့မှဖြစ်ပြီး ထိုမြို့သည် “တံငါသည်အိမ်” ဟုအဓိပ္ပာယ်ရနိုင်သည်။ အိုင်အနီးရှိ နောက်မြို့တစ်မြို့မှာ မာဂဒန် သို့မဟုတ် မာဂဒလဖြစ်ပြီး ယေရှု ရေပေါ်လမ်းလျှောက်ပြီးနောက် တပည့်တော်များနှင့်အတူ သွားရောက်ခဲ့သောမြို့ဖြစ်သည်။ (မဿဲ ၁၅:၃၉) စာရေးဆရာတစ်ဦး၏အဆိုအရ ထိုမြို့၏ဂရိအမည်ကို “ငါးများစီမံထုတ်လုပ်သောမြို့” ဟူ၍ ပြန်ဆိုနိုင်သည်။ ထိုမြို့တွင် ငါးများကို အခြောက်လှန်းခြင်း၊ ဆားနယ်ခြင်း သို့မဟုတ် မြေအိုးများတွင်သိပ်ကာ ငံပြာရည်ထုတ်လုပ်ခြင်းစသည်တို့ကို လုပ်ဆောင်သော ငါးအလုပ်ရုံများစွာရှိသည့်အတွက် လူသိများသည်။ ထိုအရာများကို ထုပ်ပိုး၍ အစ္စရေးနိုင်ငံတစ်ဝန်းနှင့် အခြားနိုင်ငံများအထိပင် တင်ပို့ကြဖွယ်ရှိသည်။

ထို့ကြောင့် ငါးဖမ်းခြင်း၊ စီမံထုတ်လုပ်ခြင်းနှင့် စျေးကွက်တင်ပို့ရောင်းချခြင်းတို့သည် ယေရှုခေတ် ဂါလိလဲပြည်တွင် စီးပွားရေးလုပ်ငန်းကြီးဖြစ်ခဲ့သည်။ ယင်းကြောင့် ထိုဒေသတွင်နေထိုင်သူများစွာသည် စီးပွားရေးအကျိုးအမြတ်များ ရရှိကြမည်ဟု ကျွန်ုပ်တို့ အလွယ်တကူ ယူမှတ်ပေမည်။ သို့သော် ယင်းသို့မပြောနိုင်ချေ။ ငါးဖမ်းခြင်းသည် “‘မည်သူမဆို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည့်လုပ်ငန်း’ ဖြစ်သည်ဟု မျက်မှောက်ခေတ် ဓမ္မသစ်ကျမ်းဖတ်ရှုသူများ တွေးထင်မိနိုင်သော်လည်း အမှန်မှာ ထိုသို့မဟုတ်ပါ” ဟုကျမ်းပညာရှင်တစ်ဦးက ဆိုသည်။ ယင်းသည် “အစိုးရက စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချူပ်ထားသော၊ အထက်တန်းလွှာမှ လူတန်းစားများသာ အကျိုးခံစားရသော လုပ်ငန်းများအနက်တစ်ခု” ဖြစ်သည်။

ဟေရုဒ် အန္တိပသည် ရောမတို့လက်အောက်တွင် နယ်စားမင်းအဖြစ် ဂါလိလဲနယ်ကို အုပ်ချုပ်သည်။ ထို့ကြောင့် သူ့ပိုင်နက်ရှိ လမ်းမကြီးများ၊ ဆိပ်ကမ်းများနှင့် သတ္တုတွင်းများ၊ သစ်တောများ၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းကဲ့သို့သော သဘာ၀သယံဇာတများကို သူထိန်းချုပ်သည်။ ထိုသယံဇာတများသည် ဟေရုဒ်အတွက် အခွန်ငွေရရှိရာ အဓိကရင်းမြစ်ဖြစ်သည်။ ပထမရာစု ဂါလိလဲနယ်ရှိ အခွန်အတုတ်ကောက်ခံခြင်း ဥပဒေအကြောင်း ကျွန်ုပ်တို့ အသေးစိတ်မသိရချေ။ သို့သော် ဟေရုဒ်၏ အခွန်ကောက်ခံပုံနည်းစနစ်မှာ ဂရိအုပ်စိုးရှင်များ၏နည်းစနစ် သို့မဟုတ် အရှေ့ဘက်ရှိ လက်အောက်ခံနိုင်ငံများတွင် ရောမတို့ အသုံးပြုသောနည်းစနစ်များနှင့် သိပ်ကွာခြားမည့်ပုံမရချေ။ ထိုဒေသရှိစီးပွားရေးလုပ်ငန်းများနှင့် ယင်း၏သဘာ၀သယံဇာတပစ္စည်းများမှရရှိသည့်အကျိုးအမြတ်များကို အလုပ်အများဆုံးလုပ်ရသော သာမန်ပြည်သူများက မခံစားရဘဲ အထက်တန်းလွှာများသာ ခံစားရကြသည်။

အခွန်ဆောင်ရခြင်း၏ဖိစီးမှု

ယေရှုခေတ်တွင် ဂါလိလဲနယ်ရှိ အကောင်းဆုံးမြေယာများကို နယ်စားမိသားစုက ပိုင်ဆိုင်ပြီး ယင်းကို မြေကွက်ကြီးများအဖြစ် အပိုင်းပိုင်းခွဲထားရာ ဟေရုဒ်အန္တိပသည် သူ၏မှူးမတ်များနှင့် အခြားသူများကို လက်ဆောင်အဖြစ် ခွဲဝေပေးခဲ့သည်။ ထို့ပြင် ဟေရုဒ်၏လက်အောက်ခံပြည်သူများသည် ၎င်း၏စည်းစိမ်ရှိရှိနေထိုင်မှု၊ ကြီးကျယ်သော ဆောက်လုပ်ရေးစီမံကိန်းများ၊ အသေးစိတ်ကျလွန်းသော စီမံအုပ်ချုပ်မှု၊ မိတ်ဆွေများနှင့်မြို့များကိုပေးသော လက်ဆောင်အမျိုးမျိုးစသည်တို့၏ ကုန်ကျစရိတ်အတွက် ဘဏ္ဍာငွေရှာပေးရသည်။ အခွန်ဆောင်ရခြင်း၏ ဝန်ထုပ်ကြောင့် သာမန်ပြည်သူများ တရားလွန်ဖိစီးမှုခံခဲ့ရသည်။

ဟေရုဒ်သည် ဂါလိလဲအိုင်မှထွက်ရှိသော အကျိုးအမြတ်များကိုလည်း လက်ဝါးကြီးအုပ်ထားသည်။ ထို့ကြောင့် ငါးဖမ်းလုပ်ငန်းအများစုကို ဟေရုဒ်ဖြစ်စေ၊ သူ၏မြေယာပိုင်ရှင်များကဖြစ်စေ ထိန်းချုပ်ထားကြသည်။ ဟေရုဒ်တိုက်ရိုက်အုပ်ချုပ်သော ဒေသများအတွက် အခွန်ကောက်ခံပိုင်ခွင့်ကို လေလံဆွဲပြီး အရယူခဲ့ကြသော ချမ်းသာသည့် အခွန်ပွဲစားများ သို့မဟုတ် အကောက်ခွန်မှူးများသည် ငါးဖမ်းပိုင်ခွင့်စာချုပ်ကို တံငါသည်များနှင့် ချုပ်ဆိုပိုင်ခွင့်ရှိသည်။ မဿဲ၏အခွန်ရုံးသည် ဂါလိလဲအိုင်အနားရှိ ငါးလုပ်ငန်းအဓိကလုပ်ကိုင်ရာ ကပေရနောင်မြို့တွင် တည်ရှိသောကြောင့် သူသည် “ငါးဖမ်းပိုင်ခွင့်အတွက် နယ်စားမင်းခန့်သော ဒေသခံကန်ထရိုက်တာ” တစ်ဦးအဖြစ် ထိုအကောက်ခွန်မှူးများအတွက် လုပ်ဆောင်ပေးခဲ့ပေမည်ဟု ကျမ်းစာအနက်ဖွင့်သူတချို့က ဆိုသည်။ *

ပါလက်စတိုင်းနယ်တွင် အခွန်အတုတ်များကို ငွေဖြင့်မဆောင်ဘဲ “ကုန်ပစ္စည်းဖြင့်” ပေးဆောင်လေ့ရှိကြောင်း ဘီစီ ပထမရာစုနှင့် ဒုတိယရာစုမှ အထောက်အထားများက ဖော်ပြသည်။ ထို့ကြောင့် ငါးလုပ်ငန်းဖြင့် အသက်မွေးသော တံငါသည်တချို့သည် ငါးဖမ်းခွင့်ရရန် မိမိတို့ဖမ်းမိသော ငါးများအနက် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသည်။ ရှေးမှတ်တမ်းများအရ ရောမအုပ်ချုပ်မှုအောက်ရှိ နယ်မြေတချို့တွင် ငါးဖမ်းခြင်းသည် အခွန်စည်းကြပ်သူများ ကြီးကြပ်ကွပ်ကဲသည့် အစိုးရပိုင်လုပ်ငန်းတစ်ခု ဖြစ်သည်။ ပိသိဒိပြည်တွင် ငါးဖမ်းလုပ်ငန်းကိုစစ်ဆေးသည့် တပ်ဖွဲ့တစ်ဖွဲ့သည် ခွင့်ပြုချက်မရဘဲ မည်သူမျှ ငါးမဖမ်းရန်၊ အစိုးရ၏ကြီးကြပ်ကွပ်ကဲမှုနှင့် အကောက်ခွန်စည်းကြပ်မှုဆိုင်ရာ စည်းမျဉ်းများအတိုင်းလုပ်ဆောင်သော အခွင့်အာဏာရှိ ပွဲစားများ သို့မဟုတ် လက်ကားရောင်းသူများထံသာ ငါးများကိုရောင်းချရန် သေချာစေကြသည်။

လေ့လာဆန်းစစ်သူတစ်ဦး၏အဆိုအရ ယင်းထိန်းချုပ်မှုများနှင့် အခွန်အတုတ်များသည် နောက်ဆုံးတွင် “ဘုရင် သို့မဟုတ် မြေယာပိုင်ရှင်များကို အကျိုးအမြတ်များစွာ ရရှိစေသော်လည်း တံငါသည်များမူ အကျိုးအနည်းငယ်သာရရှိကြသည်။” အခြားစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေသူတို့ကိုလည်း အခွန်မတရားတောင်းခြင်းဖြင့် အကျိုးအမြတ်ကို ကန့်သတ်ထားသည်။ လူတို့သည် အခွန်ပေးရသည်ကို မနှစ်မြို့ကြချေ။ သို့သော် ခရစ်ဝင်ကျမ်းမှတ်တမ်းများတွင် ဖတ်ရှုရသည့်အတိုင်း သာမန်ပြည်သူတို့ထံမှ မရမကအခွန်ကောက်ခြင်းဖြင့် ကြီးပွားနေသော မရိုးသားသူများနှင့် လိုဘကြီးသူများကြောင့် အခွန်ကောက်ခံသူများအပေါ် ရန်လိုမုန်းတီးမှုမှာ အမှန်ပင် ကြီးထွားလာသည်။—လုကာ ၃:၁၃; ၁၉:၂၊

ခရစ်ဝင်ကျမ်းပါ တံငါသည်များ

ရှိမုန်ပေတရုသည် ငါးဖမ်းလုပ်ငန်းတွင် လုပ်ဖော်ဆောင်ဖက်များရှိကြောင်း ခရစ်ဝင်ကျမ်းများက ဖော်ပြသည်။ အံ့ဖွယ်နည်းဖြင့် ငါးများဖမ်းမိစဉ်က ပေတရုကို အကူအညီပေးသူတို့မှာ “အခြားသောလှေပေါ်မှ လုပ်ဖော်ဆောင်ဖက်တို့” ဖြစ်သည်။ (လုကာ ၅:၃-၇) “တံငါသည်များသည် ငါးဖမ်းစာချုပ်ရရန် ‘ဖက်စပ်လုပ်ဆောင်’ . . . နိုင်” ကြောင်း ကျမ်းပညာရှင်များကဆိုသည်။ ဇေဗေဒဲ၏သားများ၊ ပေတရု၊ အန္ဒြေနှင့် သူတို့၏လုပ်ဖော်ဆောင်ဖက်များသည် ငါးဖမ်းလုပ်ငန်းအတွက် ထိုနည်းဖြင့် ခွင့်ပြုချက်ရခဲ့ခြင်းဖြစ်နိုင်သည်။

ထိုဂါလိလဲနယ်သား တံငါသည်များသည် လှေနှင့် သူတို့အသုံးပြုသည့် ပစ္စည်းကိရိယာများ ပိုင်ဆိုင်သည်၊ မပိုင်ဆိုင်သည်ကို သမ္မာကျမ်းစာတွင် သတ်သတ်မှတ်မှတ် မဖော်ပြထားချေ။ တချို့က သူတို့ပိုင်ဆိုင်သည်ဟု ယူမှတ်ကြသည်။ ယေရှုသည် “ရှိမုန်၏လှေ” ပေါ်တက်သည်ဟု ဆိုထား၏။ (လုကာ ၅:၃) သို့သော် “အဖြစ်နိုင်ဆုံးမှာ လှေများကို ပွဲစားများက ပိုင်ဆိုင်ပြီး စပ်တူအသုံးပြုခြင်းဖြစ်သည်” ဟု အထူးဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာက ယာကုပ်နှင့်ယောဟန်တို့သည် ၎င်းတို့၏ပိုက်ကွန်များကို ပြုပြင်ဖာထေးနေသည်ဟု ဖော်ပြသည်။ ဖြစ်နိုင်ခြေရှိသည်မှာ တံငါသည်များသည် ဖမ်းမိသောငါးများကိုရောင်းချရန် စျေးညှိရပြီး လိုအပ်လျှင် နေ့စားအလုပ်သမားများကို ငှားရမ်းရသည်။

ထို့ကြောင့် ပထမရာစုမှ ဂါလိလဲနယ်သား တံငါသည်များ၏ လုပ်ဆောင်မှုသည် သင်တွေးထင်ထားသည်ထက် ပို၍များလှသည်။ သူတို့၏ငါးဖမ်းလုပ်ငန်းသည် ရှုပ်ထွေးသော စီးပွားရေးဆက်ဆံမှုစနစ်နှင့် ပတ်သက်နေသည်။ ယင်းကိုစိတ်စွဲမှတ်ထားခြင်းက ခရစ်ဝင်ကျမ်းမှတ်တမ်းများ၊ ငါးဖမ်းခြင်းနှင့်တံငါသည်များအကြောင်း ယေရှုမိန့်ဆိုရာများ၏ အဓိပ္ပာယ်ကို ပို၍နားလည်စေသည်။ ထို့ပြင် ယင်းအချက်အလက်များက ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်တို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့ ပို၍လေးမြတ်စေရန်လည်း ထောက်ကူပေးသည်။ ငါးဖမ်းခြင်းသည် သူတို့၏အသက်မွေးလုပ်ငန်းဖြစ်သည်။ “လူဖမ်းသောတံငါသည်များ” ဖြစ်လာရန် ယေရှု ဖိတ်ခေါ်စဉ် သူတို့၏စီးပွားရေးအခြေအနေ မည်သို့ပင်ရှိပါစေ သူတို့အကျွမ်းတဝင်ရှိသော၊ ဝင်ငွေရစေသော ယုံကြည်အားထားရသည့် ထိုလုပ်ငန်းကို သူတို့တလိုတလား စွန့်လွှတ်ခဲ့ကြသည်။—မဿဲ ၄:၁၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 တမန်တော်ပေတရုသည် ဘက်ဆိုင်းဒါမြို့မှ ကပေရနောင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်မှာ ထင်ရှားသည်၊ ထိုတွင် သူသည် ညီဖြစ်သူ အန္ဒြေ၊ ဇေဗေဒဲ၏သားများနှင့်အတူ ငါးဖမ်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ယေရှုသည်လည်း ကပေရနောင်မြို့တွင် အတန်ကြာ နေထိုင်ခဲ့သည်။—မဿဲ ၄:၁၃-၁၆

[စာမျက်နှာ ၂၅ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဟူးလားအိုင်

ဘက်ဆိုင်းဒါ

ကပေရနောင်

မာဂဒန်

ဂါလိလဲအိုင်

ဂျေရုဆလင်

ပင်လယ်သေ

[Credit Line]

Todd Bolen/Bible Places.com

[Picture Credit Line on page 26]

Todd Bolen/​Bible Places.com