မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

ဆိုးညစ်တဲ့ လူ့လောကနှစ်ခုကို ရှေမ တွေ့မြင်ခဲ့

ဆိုးညစ်တဲ့ လူ့လောကနှစ်ခုကို ရှေမ တွေ့မြင်ခဲ့

နောဧရဲ့သား ရှေမက လူ့လောကတစ်ခု အဆုံးတိုင်ချိန်မှာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး နောက်လူ့လောကတစ်ခုမှာ ဆက်လက်နေထိုင်ခဲ့တယ်။ ရှေမအသက်ရှင်နေထိုင်ခဲ့တဲ့ ပထမလူ့လောက,က ဘာကြောင့် ဖျက်ဆီးခံရတယ်၊ သူနဲ့ သူ့ရဲ့မိသားစုဝင်တွေ နောက်လူ့လောကတစ်ခုမှာ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာ ကလေးတို့ သိကြသလား။— * ဒီအကြောင်း ပြောကြစို့။

ရှေမ ငယ်ငယ်တုန်းက ‘လူတွေ အလွန်ဆိုးသွမ်း’ တယ်၊ လူတွေ ကြံစည်သမျှ “အစဉ်မပြတ် ဆိုးညစ်” တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဒါကြောင့် ဘုရားသခင် ဘာလုပ်ခဲ့တယ်ဆိုတာ ကလေးတို့ သိလား။— အဲဒီဆိုးညစ်တဲ့ လူ့လောကကို ရေလွှမ်းမိုးပြီး ဖျက်ဆီးလိုက်တယ်။ ‘ထိုအချိန်က လောကသည် ရေလွှမ်းမိုးခံရ၍ ပျက်စီးခဲ့၏’ လို့ တမန်တော်ပေတရု ရေးခဲ့တယ်။—ကမ္ဘာဦး ၆:၅။ ၂ ပေတရု ၃:၆

အဲဒီလူ့လောကကို ဘုရားသခင် ဘာကြောင့် ဖျက်ဆီးတယ်ဆိုတာ ကလေးတို့ နားလည်လား။— လူတွေ သိပ်ဆိုးကြတယ်၊ “ဆိုးညစ်” တဲ့အရာတွေကိုပဲ သူတို့ ကြံစည်ကြတယ်။ သူတို့အကြောင်း ယေရှု ဒီလိုပြောခဲ့တယ်။ “ရေမလွှမ်းမိုး” ခင်မှာ လူတွေက “စားသောက်” လိုက်၊ “ထိမ်းမြားပေးစား” လိုက်နဲ့ ပျော်ပါးနေကြတယ်။ “ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်” လို့ပြောခဲ့တယ်။—မဿဲ ၂၄:၃၇-၃၉

လူတွေ ဘာကို သတိမပြုခဲ့ကြတာလဲ။— ရှေမရဲ့အဖေ နောဧက “ဖြောင့်မတ်ခြင်းတရားကို ဟော” ခဲ့တယ်၊ ဒါပေမဲ့ လူတွေက သူဟောတာကို နားမထောင်ကြဘူး။ နောဧကတော့ ဘုရားသခင့်စကားကို နားထောင်ပြီး ရေပေါ် ပေါလောပေါ်နိုင်တဲ့ သင်္ဘောတစ်စင်း ဆောက်လုပ်ခဲ့တယ်။ အဲဒီသင်္ဘောက သူနဲ့ သူ့မိသားစုကို ရေလွှမ်းမိုးဘေးတစ်လျှောက်လုံးမှာ ဘေးကင်းကင်းနဲ့ သယ်ဆောင်သွားမှာလေ။ နောဧ၊ သူ့မိန်းမ၊ ရှေမ၊ ဟာမ၊ ယာဖက်ဆိုတဲ့ သူ့သားသုံးယောက်နဲ့ ချွေးမတွေပဲ ဘုရားသခင် လုပ်စေချင်တဲ့အရာတွေကို သတိပြုကြတယ်။ ကျန်တဲ့လူတွေကတော့ သူတို့လုပ်ချင်တာကိုပဲ လုပ်ကြတယ်လေ၊ ဒါကြောင့် ရေလွှမ်းမိုးတဲ့အခါ သူတို့ ဖျက်ဆီးခံလိုက်ရတာပေါ့။—၂ ပေတရု ၂:၅။ ၁ ပေတရု ၃:၂၀

ရေလွှမ်းမိုးပြီး တစ်နှစ်လောက်အကြာမှာ ရှေမနဲ့ သူ့မိသားစုက သင်္ဘောထဲကနေ ခြောက်သွေ့နေတဲ့ ကုန်းမြေပေါ်ကို ဆင်းလာကြတယ်။ လူဆိုးတွေအားလုံး သေသွားကြပြီ၊ ဒါပေမဲ့ သိပ်မကြာခင်မှာ အခြေအနေတွေ ပြောင်းလဲကုန်တယ်။ ရှေမညီ ဟာမရဲ့သား ခါနာန်က သိပ်ဆိုးတဲ့အရာကို လုပ်ခဲ့လို့ နောဧက “ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ” လို့ပြောခဲ့တယ်။ ဟာမရဲ့မြေး နိမ်ရောဒလည်း တအားဆိုးတယ်။ သူက ယေဟောဝါဘုရားသခင်ကို ဆန့်ကျင်ပြီး လူတွေကို ဘေဘဲလ် ရဲတိုက်ကြီး ဆောက်ဖို့၊ သူတို့နာမည်ကြီးအောင်လုပ်ဖို့ ပြောတယ်။ သူ ဒီလိုလုပ်တာကို ရှေမနဲ့ သူ့အဖေ ဘယ်လို ခံစားရမယ်လို့ ကလေးတို့ ထင်သလဲ။—ကမ္ဘာဦး ၉:၂၅။ ၁၀:၆-၁၀။ ၁၁:၄၊ ၅

သူတို့ ဝမ်းနည်းခဲ့တယ်၊ ယေဟောဝါဘုရားသခင်လည်း ဝမ်းနည်းတာပေါ့။ ယေဟောဝါ ဘာလုပ်လိုက်သလဲ ကလေးတို့ သိသလား။— သူတို့အချင်းချင်း နားမလည်အောင် ဘုရားသခင်က ဘာသာစကားကို ရှုပ်ထွေးအောင် လုပ်လိုက်တယ်။ ဒါနဲ့ လူတွေက ရဲတိုက်ကြီးကို ဆက်မဆောက်နိုင်တော့ဘဲ ဘာသာစကားတူတဲ့လူတွေ အချင်းချင်း စုပေါင်းမိပြီး နေရာအနှံ့အပြားကို ကွဲလွင့်သွားကြတယ်။ (ကမ္ဘာဦး ၁၁:၆-၉) ဒါပေမဲ့ ဘုရားသခင်က ရှေမနဲ့ သူ့မိသားစုပြောတဲ့ ဘာသာစကားကိုတော့ မပြောင်းလဲခဲ့ဘူး။ ဒါကြောင့် သူ့မိသားစုက အတူတကွ ဆက်နေထိုင်နိုင်ပြီး ဘုရားသခင်ကို ဝတ်ပြုဖို့ တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်ခဲ့ကြတယ်။ ရှေမက ယေဟောဝါဘုရားသခင်ကို ဘယ်လောက်ကြာကြာ ဝတ်ပြုခဲ့တယ်ဆိုတာ ကလေးတို့ စဉ်းစားဖူးသလား။—

ရှေမက အသက် ၆၀၀ အထိ အသက်ရှင်ခဲ့တယ်။ ရေလွှမ်းမိုးဘေး မတိုင်ခင်မှာ ၉၈ နှစ်ကြာ နေထိုင်ပြီး ရေလွှမ်းမိုးပြီးတဲ့နောက်မှာ ၅၀၂ နှစ် နေထိုင်ခဲ့တယ်။ နောဧ သင်္ဘော ဆောက်တဲ့အခါ၊ ရေလွှမ်းမိုးဘေးအကြောင်း လူတွေကို သတိပေးတဲ့အခါ သူကူညီခဲ့တယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ရေလွှမ်းမိုးဘေးပြီးတဲ့နောက် နှစ်ပေါင်း ၅၀၀ ကျော် အသက်ရှင်ခဲ့တဲ့ အချိန်အတွင်းမှာ ရှေမ ဘာလုပ်ခဲ့မယ်လို့ ကလေးတို့ ထင်သလဲ။— နောဧက ယေဟောဝါကို “ရှေမ၏ ဘုရားသခင်” လို့ပြောခဲ့တယ်။ ဒါကြောင့် ရှေမက ယေဟောဝါကို ဆက်ဝတ်ပြုပြီး သူ့မိသားစုဝင်တွေလည်း ယေဟောဝါဘုရားသခင်ကို ဆက်ဝတ်ပြုနိုင်အောင် ကူညီခဲ့မှာပဲ။ နောက်ပိုင်းမှာ အာဗြဟံ၊ စာရာနဲ့ ဣဇာက်တို့က ရှေမမိသားစုဝင်တွေ ဖြစ်လာတယ်။—ကမ္ဘာဦး ၉:၂၆။ ၁၁:၁၀-၃၁။ ၂၁:၁-၃

ရှေမခေတ်ကတည်းက ဆိုးညစ်မှုတွေ ပိုများလာတဲ့ ကနေ့ခေတ်အကြောင်းကိုလည်း စဉ်းစားကြည့်ပါဦး။ တစ်နေ့ ဘာဖြစ်သွားမလဲ။— “ရွေ့သွားကွယ်ပျောက်” သွားမယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ ဒါပေမဲ့ “ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲ တည်၏” လို့ ကတိပေးထားတယ်။ ဒါကြောင့် တို့တွေ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်မယ်ဆိုရင် ဘုရားသခင့် ကမ္ဘာသစ်ထဲကို ကပ်ကျော်သွားနိုင်မယ်။ အဲဒီအချိန်ကျရင် တို့တွေ ဘုရားသခင်ရဲ့ အကူအညီနဲ့ မြေကြီးပေါ်မှာ ထာ၀စဉ် ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြမယ်။—၁ ယောဟန် ၂:၁၇။ ဆာလံ ၃၇:၂၉။ ဟေရှာယ ၆၅:၁၇

^ အပိုဒ်၊ 3 သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်း မေးရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။