ယေဟောဝါသက်သေများသည် ပရိုတက်စတင့်များလော
စာရှုသူများအမေး
ယေဟောဝါသက်သေများသည် ပရိုတက်စတင့်များလော
ယေဟောဝါသက်သေများသည် မိမိတို့ကိုယ်ကိုယ် ပရိုတက်စတင့်များဖြစ်သည်ဟု မယူမှတ်ကြချေ။ အဘယ်ကြောင့်နည်း။
ရိုမန်ကက်သလစ်ချာ့ခ်ျကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းသည့်အနေနှင့် ၁၆ ရာစုတွင် ဥရောပ၌ ပရိုတက်စတင့်ဝါဒ ပေါ်ထွက်လာ၏။ “ပရိုတက်စတင့်” ဟူသောစကားလုံးကို ၁၅၂၉ ခုနှစ်၊ ရှပီးယားမြို့တွင်ကျင်းပခဲ့သော အစည်းအဝေးတစ်ခု၌ မာတင်လူသာ၏နောက်လိုက်များကို ခေါ်ဆိုရန် ဦးဆုံးအသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေး၏ မူများနှင့်ပန်းတိုင်များ လိုက်နာစောင့်ထိန်းသူအားလုံးကို ပရိုတက်စတင့်များဟု ယေဘုယျ သတ်မှတ်လာကြသည်။ ထို့ကြောင့် ပရိုတက်စတင့်ဟူသည် “ပုပ်ရဟန်းမင်းကြီးတွင် အာဏာအပြည့်အ၀ရှိကြောင်း ငြင်းပယ်သူ၊ ယုံကြည်ခြင်းအပေါ်တွင်သာ အခြေပြုသော ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေး၏ မူများကို လိုက်နာစောင့်ထိန်းကာ ယုံကြည်သူတိုင်း ခရစ်ယာန်ဘုန်းကြီးများဖြစ်ပြီး အမှန်တရားရရှိနိုင်သည့် တစ်ခုတည်းသောရင်းမြစ်မှာ သမ္မာကျမ်းစာဖြစ်ကြောင်း အခိုင်အမာယူဆသူ မည်သည့်ချာ့ခ်ျအသင်းသားမဆို” ဖြစ်သည်ဟု ၁၁ ကြိမ်မြောက်ထုတ်ဝေသည့် အဘိဓာန်တစ်အုပ်က အဓိပ္ပာယ်ဖွင့်ထားသည်။—Merriam-Webster’s Collegiate Dictionary.
ယေဟောဝါသက်သေများသည် ပုပ်ရဟန်းမင်းကြီး၏အာဏာကို ငြင်းပယ်ကာ သမ္မာကျမ်းစာ၏အဓိကကျမှုကို အပြည့်အ၀ထောက်ခံကြသည်၊ သို့သော် သူတို့သည် ပရိုတက်စတင့်များနှင့် သိသိသာသာ ကွဲပြားခြားနားသည်။ အမှန်တွင် ယေဟောဝါသက်သေများသည် “အများနှင့်မတူ တစ်မူထူးခြား” သောပုဂ္ဂိုလ်များဖြစ်ကြသည်ဟု စွယ်စုံကျမ်းတစ်ကျမ်း (The Encyclopedia of Religion) တွင်ဖော်ပြထား၏။ သူတို့အား ထူးခြားစေသော နည်းသုံးနည်းကို သုံးသပ်ကြည့်ပါ။
ပထမ၊ ပရိုတက်စတင့်ယုံကြည်ချက်များသည် ကက်သလစ်ဝတ်ပြုရေး၏ အသွင်အပြင်တချို့ကို ငြင်းပယ်သော်လည်း ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်များသည် သုံးပါးပေါင်းတစ်ဆူ၊ မီးငရဲနှင့် ဝိညာဉ်မသေနိုင်စသော ကက်သလစ်တို့၏တရားသေအယူဝါဒတချို့ကို စွဲကိုင်ထားကြသည်။ သို့သော် ထိုအယူဝါဒများသည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်ကွဲလွဲနေသည့်အပြင် ဘုရားသခင်နှင့်ပတ်သက်၍လည်း တလွဲရှုမြင်စေသည်ဟု ယေဟောဝါသက်သေများ ယုံကြည်ကြသည်။—ဤမဂ္ဂဇင်း၏ စာမျက်နှာ ၄-၇ တွင်ကြည့်ပါ။
ဒုတိယ၊ ယေဟောဝါသက်သေများသည် အခြားဘာသာများကို ဆန့်ကျင်ဖို့ မကြိုးစားဘဲ တိကျပြတ်သားသောအချက်များကို သွန်သင်ပေးသော ဘာသာဖြစ်သည်။ သူတို့သည် ဤကျမ်းစာအကြံပြုချက်ကို အလေးအနက်ထားကြသည်- “သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့်ဆက်ဆံရာတွင် သိမ်မွေ့သောသူ၊ သွန်သင်နိုင်သော အရည်အချင်းနှင့်ပြည့်စုံသောသူ၊ အဆိုးကို သည်းခံနိုင်သောသူ ဖြစ်ရမည်။ ဆန့်ကျင်သူတို့ကို နူးညံ့သိမ်မွေ့သောသဘောဖြင့် သွန်သင်ပေးသူဖြစ်ရမည်။” (၂ တိမောသေ ၂:၂၄၊ ၂၅) ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာ၏သွန်သင်ချက်နှင့် ဘာသာရေးအုပ်စုများ၏ သွန်သင်ချက်တို့ ဆန့်ကျင်ကွဲလွဲနေသည်ကို ထောက်ပြကြသည်။ သို့သော် သူတို့ ထိုသို့ထောက်ပြရခြင်းမှာ အခြားဘာသာရေးအဖွဲ့များကို ပြုပြင်ပြောင်းလဲရန်မဟုတ်ချေ။ ယင်းအစား ဘုရားသခင်နှင့် သမ္မာကျမ်းစာအကြောင်းကို စိတ်နှလုံးရိုးဖြောင့်သူများ တိကျမှန်ကန်စွာ သိရှိဖို့ ကူညီပေးရန်ဖြစ်သည်။ (ကောလောသဲ ၁:၉၊ ၁၀) ယေဟောဝါသက်သေများသည် ယုံကြည်ချက်မတူသူများနှင့် သဘောထားချင်းမတိုက်ဆိုင်သည့်အခါ အကျိုးမဲ့သော ဆွေးနွေးငြင်းခုံမှုများတွင်မပါဝင်ကြချေ။—၂ တိမောသေ ၂:၂၃။
တတိယ၊ ရာနှင့်ချီသော ဂိုဏ်းဂဏများအဖြစ် ခွဲထွက်သွားစေသည့် ပရိုတက်စတင့်လှုပ်ရှားမှုနှင့်မတူဘဲ ယေဟောဝါသက်သေများသည် စည်းလုံးသော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ခုအဖြစ် ရပ်တည်နေကြသည်။ ကျမ်းစာအယူဝါဒနှင့်ပတ်သက်လာလျှင် “တစ်စိတ်တစ်သဘောတည်း ပြောဆို” ပါဟူသော တမန်တော်ပေါလု၏အကြံပြုချက်ကို နိုင်ငံပေါင်း ၂၃၀ ကျော်ရှိ ယေဟောဝါသက်သေများ လိုက်နာကြသည်။ သူတို့အချင်းချင်းစပ်ကြားတွင် စိတ်ဝမ်းကွဲပြားမှုမရှိချေ။ ယင်းအစား သူတို့သည် အမှန်ပင် “စိတ်သဘောထားတစ်မျိုးတည်းဖြင့် စည်းလုံးမှုရှိကြ” သည်။ (၁ ကောရိန္သု ၁:၁၀) သူတို့သည် အချင်းချင်းစပ်ကြားတွင် ‘ငြိမ်သက်ခြင်းအနှောင်အဖွဲ့အားဖြင့် ဘုရားသခင့်စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်၀တည်းအဖြစ်ကို စောင့်ရှောက်’ ရန်ကြိုးစားကြသည်။—ဧဖက် ၄:၃။