‘ထာဝရဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်’
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့
‘ထာဝရဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်’
ရုပ်ဆင်းသဏ္ဌာန်သည် လှည့်ဖြားတတ်၏။ လူတစ်ဦး၏အပြင်ပန်းသဏ္ဌာန်သည် သူ၏စိတ်ရင်းသဘောထားကို အတိအကျ မဖော်ပြချေ။ လူတို့သည် ရုပ်ဆင်းသဏ္ဌာန်ကိုကြည့်၍ အကဲဖြတ်တတ်ကြသည်။ ယေဟောဝါဘုရားသခင်မူကား အပြင်ပန်းသဏ္ဌာန်ကိုကျော်၍ ကြည့်တတ်သည့်အတွက် ကျေးဇူးတင်စရာပင်။ ၎င်းနှင့်ပတ်သက်၍ ၁ ဓမ္မရာဇဝင် ၁၆:၁-၁၂ တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။
အဖြစ်အပျက်ကို မြင်ယောင်ကြည့်ပါ။ ယေဟောဝါဘုရားသခင်သည် အစ္စရေးလူမျိုးအတွက် ရှင်ဘုရင်အသစ်ကို မကြာမီ ခန့်အပ်တော့မည်။ ဘုရားသခင်သည် ပရောဖက်ရှမွေလကို ဤသို့မိန့်ဆိုသည်– “ဗက်လင် [ဘက်သလီဟင်] မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီ။” (အခန်းငယ် ၁) ယေဟောဝါဘုရားသခင်သည် အမည်ကို မဖော်ပြဘဲ ယေရှဲသားများမှ တစ်ဦးကို ရွေးကောက်မည်ဟုသာ မိန့်ဆိုတော်မူသည်။ ရှမွေလသည် ဘက်သလီဟင်မြို့သို့ သွားနေစဉ် ‘ယေရှဲသားတွေထဲက ယေဟောဝါဘုရားသခင် ရွေးကောက်မယ့်သူကို ငါဘယ်လိုသိနိုင်မလဲ’ ဟုစဉ်းစားနေပေမည်။
ဘက်သလီဟင်မြို့သို့ ရှမွေလရောက်သောအခါ ယဇ်ပွဲသို့ ယေရှဲနှင့် သူ၏သားများ လာရောက်ရန် စီစဉ်လိုက်သည်။ သားအကြီးဆုံး ဧလျာဘဝင်လာသောအခါ သူ၏ထင်ပေါ်သော ရုပ်ဆင်းသဏ္ဌာန်ကို ရှမွေလ ချက်ချင်း သတိပြုမိသွားသည်။ ဧလျာဘ၏ရုပ်ဆင်းသဏ္ဌာန်သည် ရှင်ဘုရင်ဖြစ်နိုင်သည်ဟု ရှမွေလ ယူမှတ်ကာ ‘စင်စစ် ထာဝရဘုရားသခင် အခွင့်နှင့် ဘိသိက်ခန့်အပ်ခံရသောသူသည် ငါ့ရှေ့မှာရှိ၏’ ဟုဆိုလေသည်။—အခန်းငယ် ၆။
သို့သော် ယေဟောဝါဘုရားသခင်၏ ရှုမြင်ချက်သည် ယင်းနှင့်တခြားစီပင်။ ကိုယ်တော်က “သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ” ဟု ရှမွေလကို မိန့်ဆိုသည်။ (အခန်းငယ် ၇) ယေဟောဝါဘုရားသခင်သည် ဧလျာဘ၏အရပ်အမောင်းနှင့် ရုပ်သွင်တို့ကို စိတ်မဝင်စားချေ။ ကိုယ်တော်သည် လူတစ်ဦးနှင့်ပတ်သက်၍ အရာခပ်သိမ်းကို သိမြင်တော်မူပြီး အလှစစ်ကိုတွေ့မြင်နိုင်ရန် အပြင်ပန်းသဏ္ဌာန်ကိုကျော်၍ ကြည့်ရှုတတ်သည်။
ယေဟောဝါဘုရားသခင်သည် ရှမွေလကို ဤသို့ရှင်းပြ၏– ‘ထာဝရဘုရားသခင်သည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်သည်။’ (အခန်းငယ် ၇) ၎င်းနှလုံးသည် အတွေးအခေါ်၊ စိတ်သဘောထားနှင့် ခံစားချက်တို့၏ ရင်းမြစ်ဖြစ်ပြီး ယေဟောဝါဘုရားသခင်အတွက် အလွန်အရေးကြီးသည်။ ‘စိတ်နှလုံးကို စစ်ဆေးတော်မူသောအရှင်’ သည် ဧလျာဘအပြင် ရှမွေလရှေ့မှောက်ရောက်လာသော ယေရှဲ၏ နောက်ထပ်သားခြောက်ယောက်ကိုလည်း ပယ်ချလိုက်သည်။—သု. ၁၇:၃။
ယေရှဲတွင် နောက်ထပ်သားအငယ်ဆုံး ဒါဝိဒ်ကျန်သေးသည်။ သူသည် “သိုးတို့ကို ထိန်းကျောင်းလျက်နေ” ၏။ (အခန်းငယ် ၁၁) ထို့ကြောင့် သိုးကျောင်းနေသော ဒါဝိဒ်ကို ခေါ်လိုက်ရာ ဒါဝိဒ်သည် ရှမွေလရှေ့မှောက် ရောက်ရှိလာသည်။ ထိုအခါ ယေဟောဝါဘုရားသခင်က ‘ဤသူပေတည်း။ ထ၍ ဘိသိက်ခန့်အပ်ပေးလော့’ ဟု ရှမွေလကို မိန့်တော်မူသည်။ (အခန်းငယ် ၁၂) ဒါဝိဒ်တွင် “လှသောအဆင်းနှင့် ချစ်ဖွယ်သောမျက်နှာလည်းရှိ၏။” သို့သော် ဘုရားသခင့်ရှေ့တော်တွင် အလွန်နှစ်သက်ဖွယ်ဖြစ်သောအရာမှာ သူ၏စိတ်နှလုံးဖြစ်သည်။—၁ ဓမ္မရာဇဝင် ၁၃:၁၄။
အလှအပကို အလွန်အမင်း အရေးပေးနေသည့် ဤလောကတွင် ယေဟောဝါဘုရားသခင်အတွက် အပြင်ပန်းသဏ္ဌာန်က အရေးမပါကြောင်း သိရှိရ၍ ကျွန်ုပ်တို့ စိတ်သက်သာရာရနိုင်သည်။ သင်မည်မျှအရပ်ရှည်သည်၊ ချောမောလှပသည်တို့က ဘုရားသခင်အတွက် အရေးမကြီးပေ။ သင်၏စိတ်နှလုံး အတွင်းသဘောကသာ ယေဟောဝါဘုရားသခင်အတွက် အရေးကြီးပါသည်။ ထိုအချက်ကိုသိရှိရခြင်းက သင့်ကို ဘုရားသခင့်ရှေ့တော်တွင် လှပစေမည့် အရည်အသွေးများ ပျိုးထောင်လိုစိတ် ပေါ်ပေါက်စေသည်မဟုတ်လော။